Tuesday, October 16, 2012

ပြောပါရစေ …

***
ကျမနဲ့ မြန်မာပြည်ခရီး (အပိုင်း - ၁) ရေးပြီး အပိုင်း ၂ ကို မဆက်ခင် ပြောချင်တာလေးတွေရှိလို့ ဒီစာကို ချက်ချင်း ရေးခဲ့ပေမယ့် မအားတာနဲ့ အဆုံးမသတ်နိုင်ခဲ့ဘူး။ အခုမှ ပြန်ဖတ် ပြန်ပြင် ပြန်ဖြည့်ပြီး တင်လိုက်ပါတယ်။

ပြောချင်တာက ပထမပို့စ်ရဲ့ ကွန်မန့်လေးတွေနဲ့ ပတ်သက်လို့ပါပဲ။ အဲဒီပို့စ်မှာ Anonymous တယောက်က ခုလို လာရေးခဲ့ပါတယ်။
***
Anonymous said...
ဘာတွေဘယ်လို ဘယ်လောက်ဆိုးဆိုး ကိုယ့်နိုင်ငံကဆို သစ်ရွက်၊ သစ်မြစ်လေးတွေကအစ နှစ်သက်မြတ်နိုးပါတယ်။

မြန်မာပြည်က ဆီတွေက မသန့်တာတွေ၊ ဆေးဆိုးထားတဲ့ အစားအစာတွေ၊ ပိုးသတ်ဆေးဖြန်းထားတဲ့ အသီးအနှံတွေ၊ တာရှည်ခံအောင် စီမံထားတာတွေ၊ အတိုင်းအဆမရှိ သုံးစွဲတဲ့ ဓာတုပစ္စည်းတွေ စတဲ့ စားသောက်ကုန်တွေ စားပြီးရှင်သန်နေရတဲ့ အဖွား အသက် ၈၆နှစ် ရှည်ပြီး ကျန်းမာနေတုန်းပါပဲ။
10/01/2012 2:58 PM
***
ဟုတ်ကဲ့ … အဖွား အသက်ရှည် ကျန်းမာတာ ၀မ်းသာပါတယ်။ တခုရှိတာက လူတယောက် ကျန်းမာ အသက်ရှည်ဖို့ရာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ အကြောင်းတရား လေးပါးကြောင့်လို့ မှတ်သားခဲ့ဖူးပါတယ်။ ဒါကြောင့် လူတွေအတွက် အာဟာရဖြစ်စေတဲ့ အစားအသောက်ဟာ အရေးကြီးတဲ့ ကဏ္ဍက ပါဝင်တာပေါ့။ ဒါပေမဲ့လဲ အာဟာရတခုထဲလား ဆိုတော့ ဟုတ်မှ မဟုတ်ဘဲ။ တခြား အကြောင်းသုံးပါးကိုလည်း မေ့ထားလို့မှ မရတာလေ။ ဒါကြောင့် healthy food တွေချည်း ဘယ်လိုစားနေနေ ကိုယ့်ကံပါလာသလောက်ပဲ နေရမှာပဲ၊ ကံကုန်ရင် သေမှာပဲ။ တွေ့ကရာ ရှစ်သောင်း စားနေလဲ ကိုယ့်ကံ အကျိုးပေးက ကောင်းနေရင် အသက်ရှည်မှာပဲ။ ဒါကြောင့် အသက်ရှည်ခြင်း တိုခြင်း ကျန်းမာရေး ကောင်းခြင်း ဆိုးခြင်းဟာ အစားအသောက်နဲ့ သက်ဆိုင်ပေမဲ့လဲ အစားအသောက် တခုထဲပေါ်မှာတော့ မူတည် မနေပါဘူး။

ကြုံလို့ပြောရရင် ကျမအဘိုး (ဘုန်းကြီး) ဟာ အသက် ၈၄ နှစ်မှာ ပျံလွန်တော်မူခဲ့တယ်။ သူ အသက် ၁၃ နှစ်သားကတည်းက ဆေးလိပ်ကို စွဲစွဲမြဲမြဲ သောက်ခဲ့တာ ပျံတော်မူတဲ့ အထိပဲ။ ဆေးပေါ့လိပ်၊ စီးကရက်၊ ဆေးတံ၊ ဆေးပြင်းလိပ် … အကုန်သောက်ခဲ့ဖူးပါသတဲ့။ ကြိုကြားကြိုကြား ကွမ်းလဲ စားသေးတယ်။ အဘိုးသောက်ပြီး ချထားတဲ့ ဆေးလိပ်တိုလေးတွေ ယူယူဖွာရင်း အသက်ကြီးမှ ဆေးလိပ် သောက်တတ်သွားတဲ့ ကျမအဘွားကတော့ အသက် ၅၀ ကျော်မှာပဲ ကင်ဆာ ရောဂါနဲ့ ဆုံးပါးသွားခဲ့တယ်။ (အဘွားဆုံးပြီးမှ အဘိုးက ဘုန်းကြီးဝတ် လိုက်တာပါ။) ဆိုတော့ … ဆေးလိပ်သောက်ရင် ရောဂါဖြစ်မယ်၊ အသက်ငယ်ငယ်နဲ့ သေမယ်လို့ ဒီ့ပြင်လူတွေက ပြောပေမဲ့ အဘိုးက ငါ ၁၃ နှစ်သားကတည်းက သောက်လာတာကွ … ဘာမှမဖြစ်ဘူးလို့ ပြန်ပြောတတ်တယ်။

ဒါကြောင့် လူတယောက်နဲ့ တယောက်က နေထိုင်တဲ့ ဒေသချင်း၊ စားသောက်တဲ့ အစားချင်း တူရင်တောင် (တနည်း - ဥတုနဲ့ အာဟာရချင်း တူရင်တောင်) ကံချင်း မတူညီတာကြောင့် အကျိုးပေးချင်းလဲ ကွာခြားနိုင်ပါတယ်။ သူမသေတိုင်း ငါမသေတော့ဘူးလား။ ဆေးလိပ်ကို တလိပ်နဲ့ တလိပ် မီးကူးပြီး အငွေ့ထောင်းထောင်း ထအောင် သောက်လာတဲ့ အဘိုးက တော်တော်နဲ့ မသေတာနဲ့ ၁၃ နှစ်သားမှာ ဆေးလိပ်သောက်သူသည် ၈၄ နှစ်ထိ နေရ၏ လို့ အဆိုတင်သွင်းလို့ မရနိုင်ပါဘူး။ အများအတွက် မှန်ကန်တဲ့ အဆိုကတော့ “ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်” မဟုတ်လား။ ပြောချင်တာကတော့ … အချက်အလက်တခုကို အကျိုးအကြောင်းသင့် ပြောမယ်ဆိုရင် တဦးတယောက်ကို မကြည့်ဘဲ ယေဘုယျသဘောနဲ့ အများအတွက်ကို ကြည့်ပြီးမှ ပြောဖို့ လိုအပ်တယ် ဆိုတာပါ။
***
မြန်မာပြည်သူ ပြည်သားတွေအနေနဲ့ မြန်မာပြည်ကို မချစ်တဲ့သူ ရှိမယ်မထင်ပါဘူး။ ကျမသည်လဲ ဒီထဲမှာ တယောက်အပါအ၀င် ဆိုပါတော့ … ။ မြန်မာပြည်ကို ချစ်လွန်းလို့ မြန်မာပြည်က အရွက်၊ အမြစ် မဆိုထားနဲ့ အစေ့အဆံရော၊ ပင်စည် အကိုင်းရော မြေကြီးထဲက ကျောက်တုံး ကျောက်ခဲလေးတွေပါ ကျမက ဘိလပ်အထိကို ယူလာပါတယ်။ ဟုတ်တယ် … ကျမ ယူလာတာတွေက … မြန်မာပြည်ဖြစ် ပရီးမီးယား လက်ဖျော်ကော်ဖီမှုန့်ထုတ် .. အဲဒါက အစေ့ပေါ့ … ကော်ဖီစေ့ကို ကြိတ်တာကိုး။ အရွက်ထဲမှာဆိုရင် ဆူးပုတ်ရွက်ခြောက်, ခွေးတောက်ရွက်ခြောက်။ အမြစ်က … ဂျူးမြစ် … ဟုတ်တယ် ပဲပုပ်နဲ့ ကြော်ထားတာ စားလို့အလွန်ကောင်း။ ပင်စည်ကတော့ ငှက်ပျောအူ အခြောက်တွေ .. မုန့်ဟင်းခါးထဲ ထည့်ချက်ရအောင်လို့ပါ။ အကိုင်းကတော့ သနပ်ခါးတုံးလေ … ဆောင်းတွင်း မလိမ်းနိုင်ပေမဲ့ နွေဆိုလိမ်းရသေးတာ။ ကျောက်တုံးကျောက်ခဲကလား … စိန်ကြောင် နီလာ လက်ဝတ်ရတနာတွေ ဘာတွေပေါ့ … ဟဲဟဲ။ အဲဒီလောက်ထိ ကိုယ့်ပြည်ကို ချစ်တတ်လွန်းတဲ့ ကျမပါ … ။


ကျမယူလာတဲ့ အခြောက်များ :)
 
အမှုန့် ... အစေ့ ..  အမြစ် ... အားလုံးကိုချစ်၏။
သို့ပေသိ … ရှိရှိသမျှ အစေ့အဆံ သီး ပွင့် ရွက် မြစ် အားလုံးကိုတော့ ကျမ မချစ်နိုင်ပေါင်ရှင်။ ဆိုကြပါစို့ … အုတ်တံတိုင်းနဲ့ အုတ်နံရံတွေမှာ ရေညှိတက်နေရင် ကြည့်လို့အင်မတန် ဆိုးတာမို့ အဲဒီရေညှိပင်တွေကို ကျမ မုန်းတယ်။ နောက်ပြီး “စေတီဘုရား၊ တည်ထားကောင်းလျက်၊ ညောင်ပင်ဖျက်” ဆိုတဲ့စကား ရှိတယ်မဟုတ်လား … ဘုရားစေတီတွေမှာ တွယ်ကပ်ပေါက်နေပြီး တစစ ၀ါးမြိုသွားမယ့် ညောင်ပင်အမြစ်တွေ … ကျမ မကြိုက်ပါဘူး။ အဲဒီလို အပင်တွေ အမြစ်တွေကို ကျမလက်နဲ့ ကိုယ်တိုင် ဆွဲမနှုတ်နိုင်သည့်တိုင် နှုတ်နိုင်သူတွေ သတိမူစေဖို့ တတ်နိုင်သလောက် ညွှန်ပြပေးချင်စိတ်တော့ အရှိသားလား … ။ ကိုယ်တတ်နိုင်သလောက်ပေါ့။

ကျမ ပြောချင်တာ အဲဒီသဘောပါ။ ချစ်တာတော့ ချစ်တာပဲ … ချစ်တယ်ဆိုပြီး မျက်စိမှိတ် မချစ်ပါရစေနဲ့။ ခုလို ကိုယ်မြင်တာလေးတွေ အပြုသဘောနဲ့ ပြောတာမို့ ဒါကို ချစ်လို့ပြောတယ် မှတ်ပါ လို့သာ ဆိုပါရစေ … ။
***
နောက်တယောက်ကလဲ ခုလို ရေးထားပြန်ပါသေးတယ်။ သူကလဲ Myanmar Lover ပါတဲ့။

Anonymous said...
It depends. When I went back to visit Myanmar last three years ago, my intention was to enjoy street food in the city. As we all know that there are varieties of street food that we cannot buy or make it at home or elsewhere. If you are afraid of eating food in Myanmar, I will suggest you to not go. When we travel the city or country we have lived for our most of the life, our expectation should not be so high because Myanmar is not the first world country. In fact, it is one of the poorest nations in the world. So always keep in mind that "what you see is what you get." So if you think you can deal wth it, then you go. If you are not able to handle it, please just don't go. How simple is that!
Myanmar Lover
10/01/2012 8:57 PM
***
“ရှင်းရှင်းလေးပါ … ။ မြန်မာပြည်က အစားအသောက်တွေ စားရမှာကြောက်ရင် မသွားနဲ့ပေါ့ …” တဲ့။ အဲဒါဟာ ကျမတို့အတွက် အကောင်းဆုံး အဖြေလား … ။ ကျမတို့တွေ အများကြီး မျှော်လင့်လို့ မရဘူးတဲ့လား … ။

ကျမ မိတ်ဆွေအပေါင်းအသင်းနဲ့ စကားကြုံလို့ ပြောဖြစ်တိုင်း အမြဲ တမ်းတမ်းတတ ပြောမိတဲ့ စကားလေးတွေ ရှိတယ် … ။ မြန်မာပြည်က အရင်တုန်းကဆို နိုင်ငံတကာထက် ခေတ်ရှေ့ပြေးခဲ့တယ်၊ ခုမှ ခေတ်နောက်ကျသွားတာ ... လို့ပါ။ ဘာကြောင့်လဲ ဆိုတော့ ဥပမာ … စိုက်ပျိုးရေးကို ကြည့်မယ်ဆိုရင် အရင်တုန်းက သီးနှံတွေ စိုက်ပျိုးတဲ့အခါမှာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေက ဓာတ်မြေသြဇာတွေ သုံးနေကြပေမဲ့ မြန်မာပြည်ကတော့ နွားချေးလို သဘာဝ မြေသြဇာမျိုးနဲ့သာ စိုက်ပျိုးခဲ့တာမို့ အော်ဂဲန်းနစ် သီးနှံတွေ ကျမတို့ စားခဲ့ရတယ်။ မွေးမြူရေးဆိုလဲ သူများနိုင်ငံတွေ လှောင်အိမ်ထဲ ပိတ်မွေးထားတဲ့ မွေးမြူရေးကြက်တွေ ဖောဖောသီသီ စားနေစဉ်မှာ မြန်မာပြည်မှာ ဗမာကြက်မျိုး/ ကြက်ဥမျိုးပဲ စားခဲ့ရတာ။ အခု တခြားနိုင်ငံတွေက free-range ကြက်/ကြက်ဥဆိုပြီး တွင်တွင်ကျယ်ကျယ် ဖြစ်လာတဲ့အချိန်ကျတော့ ကျမတို့ဆီမှာ မွေးမြူရေးကြက် (စီပီကြက် စီပီကြက်ဥ) ဆိုတာတွေ ပေါများလာပါတော့တယ်။ အဲ … မွေးမြူရေးဆိုလို့ အမျိုးသမီးတွေ ကလေးမွေးရင်လဲ အရင်က ရိုးရိုးပဲ ညှစ်မွေးကြတာပါ၊ သူများနိုင်ငံတွေ ခွဲမွေးနေတုန်းက မြန်မာအမျိုးသမီးတွေ ခေတ်မီစွာ သဘာဝအတိုင်း မွေးကြတယ်။ နောက်ပိုင်းမှ မြန်မာပြည်မှာ ခွဲမွေးတာတွေ ခေတ်စားလာတာ မဟုတ်လား။

နိုင်ငံတကာမှာက မကောင်းမှန်းသိရင် ဆက်မလုပ်ဘူး၊ နောက်ပြန်လှည့်ကြတယ်။ မြန်မာပြည်ကတော့ သူများတွေ နောက်ပြန်လှည့်ချိန်မှာ သူက ရှေ့တိုးလို့ကောင်းတုန်း … အဲဒါကိုမှ ခေတ်မီတယ် ထင်တုန်း။ ဒီနိုင်ငံတွေမှာ နောက်ပိုင်း ကလေးမွေးရင် ရိုးရိုးသဘာဝ အလျှောက်ပဲ မွေးဖို့ ဆရာဝန်တွေက ပညာပေးတယ်၊ ဆွဲဆောင်တယ်။ လိုအပ်မှသာ ခွဲမွေးကြတာ … တဲ့။ ကျန်းမာရေးကို ဂရုပြုသူတွေက ဓာတုဆေးဝါးတွေ မသုံးတဲ့ အော်ဂဲန်းနစ် သီးနှံတွေကိုသာ စားသုံးကြတယ်။ ဓာတ်မြေသြဇာသုံးရင်လဲ စားသုံးသူအတွက် အန္တရာယ်ဖြစ်နိုင်တဲ့ အတိုင်းအတာထိ မသုံးစွဲကြဘူး။ လမ်းဘေးဆိုင်တွေကလဲ ဆိုင်ရာက သတ်မှတ်ချက်တွေနဲ့အညီ သန့်သန့်ရှင်းရှင်းရောင်းကြတယ်။

ဘာများခက်လို့လဲ … အဲဒီလောက်တော့ ကျမတို့ မျှော်လင့်ခွင့် ရှိမယ်လို့ ထင်တာပါပဲ။ မြန်မာပြည်ကို ချစ်တယ်ဆိုတာ အရွက်တွေ အမြစ်တွေ ထိုင်ချစ်နေရုံနဲ့ မဖြစ်ပါဘူး။ မျက်စိမှိတ်ပြီး ချစ်နေလို့က … နှစ်ရာ ရောက်ပါတယ်။ “ဒီမှာကတော့ ဒီလိုပဲအေ့ … ညည်း မကြိုက်ရင် မလာနဲ့ အေ … ဒါပဲ” ဆိုတာကလဲ မှန်ကန်တဲ့ အဖြေမဖြစ်နိုင်ပါဘူး။ လုပ်ရမယ့် နည်းလမ်းတွေ၊ လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိနေတာပါပဲ။ လုပ်ချင်ဖို့နဲ့ လိုက်လုပ်ဖို့ပဲ လိုနေတာ မဟုတ်လား။
***
စာလဲ ရှည်သွားပါပြီ။ ဒီစာနဲ့ ပတ်သက်ပြီးလဲ လွတ်လပ်စွာ အမြင်ကွဲပြားနိုင်ပါတယ်။ ကျမစာဖတ်ပြီး မှတ်ချက်ပေးသူ အမည်ပါပါ မပါပါ ကျမ လေးစားပါတယ်။ အမည်မပါပေမဲ့ ကိုယ့်အမြင် ကိုယ့်အတွေးကို ချရေးသွားတာပဲလေ။ တခုတော့ တောင်းပန်ပါရစေ … ကျမ စာအရေးအသားနဲ့ တင်ပြပုံ ညံ့ဖျင်းရင်တော့ ခွင့်လွှတ်ကြပါရှင်။
***
အားလုံးကို ကျေးဇူးတင်ပါတယ်။

မေဓာဝီ
၁၆၊ အောက်တိုဘာ၊ ၂၀၁၂
၁၂း၃၁ နာရီ

15 comments:

မမိုး said...

မမေဓါ ပြန်ရှင်းပြထားတာလေး ကောင်းတယ်။



သန်းထွန်းလတ် said...

အသိခေါက်ခက်အဝင်နက်သူများအားတုန်ပြန်ချင်မပြုပဲစေတနာမှန်နှင်.ပြောစ၇ာေ၇းစ၇ာ၇ှိ့တာကိုေ၇းစေလိုပါကြောင်း။

ညီလင်းသစ် said...

ပြီးခဲ့တဲ့ ပို့စ်မှာလာပေးသွားတဲ့ အဲဒီကွန်မန့်တွေကို ကျနော်လည်း သတိထားမိခဲ့တယ် မမေ..၊ ကျနော် ခန့်မှန်းကြည့်ရသလောက် အဲဒီကွန်မန့် ပိုင်ရှင်တွေက ‘အမလေး.. ကိုယ်မွေးပြီး တသက်လုံး ကြီးလာခဲ့တဲ့ တိုင်းပြည်ကိုများ အခုမှ လာပြီး ကျန်းမာရေးနဲ့ မညီညွတ်ဘူး ဘာဘူးနဲ့ ဖြစ်နေလိုက်တာ’ ဆိုတဲ့ စိတ်အခြေခံနဲ့ ရေးခဲ့ကြပုံ ပါပဲ၊

မမေ.. ပြန်ရှင်းပြထားတာ အင်မတန် ပြည့်စုံပါတယ်၊ နိုင်ငံတကာနဲ့ ယှဉ်ပြီး ကိုယ်သိလာတဲ့ ကျန်းမာရေး အသိကို ကိုယ့်တိုင်းပြည်လေးအတွက် အသုံးချ၊ ပြုပြင်၊ ထောက်ပြဖို့ လိုပါတယ်၊ အဲဒါကမှ အပြုသဘောဆောင်တဲ့ ချစ်ခြင်းလို့ ကျနော်တို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ရိုးရာကို ဘဝမေ့တဲ့စိတ်နဲ့ ပုတ်ခတ်စော်ကားတာ မဟုတ်ဘဲ ကိုယ့်ပြည်သူတွေရဲ့ ကျန်းမာရေး ရေချိန်ကို မြှင့်တင်ဖို့က ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်..။

Anonymous said...

နိုင်ငံတကာနဲ့ ယှဉ်ပြီး ကိုယ်သိလာတဲ့ ကျန်းမာရေး အသိကို ကိုယ့်တိုင်းပြည်လေးအတွက် အသုံးချ၊ ပြုပြင်၊ ထောက်ပြဖို့ လိုပါတယ်၊ အဲဒါကမှ အပြုသဘောဆောင်တဲ့ ချစ်ခြင်း။

ကိုယ့်ပြည်သူတွေရဲ့ ကျန်းမာရေး ရေချိန်ကို မြှင့်တင်ဖို့က ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်..။

absolutely agree..

San San Htun said...

လွတ်လပ်စွာ အမြင်ကွဲပြားနိုင်ပေမယ့် မမမေ စေတနာတွေကို တွေ့ မြင်ရတယ်..မြန်မာပြည်ရဲ့  အစားအသောက်၊ သန့် ရှင်းမှု တိုးတက်စေချင်တယ်..အစိုးရပိုင်းကလည်း အစားအသောက် ရှောင်တခင် ဝင်စစ်ဆေးတာတို့ ၊ ဆိုးဆေးတွေကို စစ်ဆေးသင့်တယ်..စိုက်ပျိုးထုတ်လုပ်သူတွေကို ကျယ်ကျယ်ပြန့် ပြန့်  ပညာပေးနိုင်ဖို့ လဲ လိုတယ်..

ဧပရယ်လ်ပူး@ပူးတေ said...

မမမေ တကယ်တော့ ဒီလို အစားသောက်တွေအန္တရာယ်ရှိကြောင်း ပြောနေကြတာတွေဟာ တိုင်းပြည်မချစ်လို့ ဘဝမေ့လို့ပြောနေကြတာမဟုတ်ပဲ ကိုယ့်နိုင်ငံမှာရှိတဲ့ ကိုယ့် မိဘဆွေမျိုးသားချင်းများအပါအဝင် လူတိုင်းကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှု ရှိစေချင်လို့ဆိုတာ အများစုက သဘောပေါက်ကြမှာပါ.. ပူးတေတို့ဆိုလဲ မြန်မာပြည်ပြန်ရင် အရင်က လမ်းဘေးအသုတ်ဆိုင်က အသုတ်ကို မက်မက်မောမောစားခဲ့ပေမယ့် အခုကြည့်တော့ စားရမှာ မရဲဘူးဖြစ်နေတာတွေဟာ ဘဝင်မြင့်လို့ ဘဝမေ့လို့ ဖြစ်သွားခဲ့ကြတာတွေမှ မဟုတ်တာ.... အပြုသဘောနဲ့ မြင်တဲ့လူရှိသလို အပြုသဘောမဆောင်တဲ့ လူတွေလဲရှိနေကြတာ လောက သဘာဝပဲထင်ပါရဲ့မမရယ်... မမပို့စ်ကို ကိုညီလင်းသစ်ရဲ့ အစားမတော်ပို့စ်ကနေဖတ်ပြီးရောက်လာပြီး အဲတုန်းထဲက မန့်ခဲ့မလို့ပါပဲ..... အချိန်မရတာနဲ့ စာအမြန်ဖတ်ပြီး ပြေးရတာနဲ့ မမန့်ခဲ့မိဘူး... မမဆက်ရေးပါ... ကောင်းပါတယ်... ဗဟုသုတရော ပညာရော ရပါတယ်
ခင်မင်စွာ
ညီမ ပူးတေ

seesein said...

ပြောပြ ရှင်းပြတဲ့အတွက် ကြီးမေကို ကျေးဇူး အကြီးကြီးတင်ပါတယ်ဗျာ....
နောင်အမြင်မတော်တာရော တော်တာရော
ချရေးပြဖို့အတွက် တောင်းဆိုပါတယ်....
တိုင်းပြည်အတွက် ထာဝရချစ်ခြင်းနဲ့
တိုင်းပြည်အတွင်းမှာပဲ အမြဲနေထိုင်နေတဲ့

ခင်မင်တဲ့
seesein

စကားမစပ် ဆူးပုတ်ကို အခြောက်ခံစားရတယ်ဆိုတာ တခါမှ မသိဘူးဗျာ...း))

Anonymous said...

မမေရေ

ညီမ ရှင်းတာလေးတွေကတော်တော်ကောင်းတယ် ...

ကလေးမွေးတာကအစ ကိုယ်ဘာသာ မညှစ်ချင်ဘဲ ခွဲမွေးတာ ဂုဏ်လုပ်ပြီး ခွဲချင်ကြတာတွေ ကို တော်တော် အမြင်ကပ်တယ် ... အကြောင်းတခုခု ရှိလို့ ခွဲမွေးတယ် ဆိုလဲထားပါတယ်.. အခုတော့ ဆရာဝန် တွေက စပြီးမလိုအပ်လည်း အားလုံး သူတို့စီပြရင် ခွဲမွေးပေးတော့တာပဲ.

သြ ဒါနဲ့ ညီမ ပြောတဲ့ ရေညှိစိမ်းတွေ အပြင် ဟိုအစိမ်း တွေပါ လုံးဝပျောက်သွားရင် ပိုပို ချစ်စရာ ကောင်းလာမဲ့ ချစ်သော အမိမြန်မာပြည် ပါ

ချစ်အမကြီး
ရွှေစင်ဦး
.

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျန်းမာရေးအတွက် ထိခိုက်စေတဲ့ အစားမျိုးတွေကို မသိခင်ကတော့ မသိသလို စားမိပါတယ်
သိပြီးတဲ့အခါမှာတော့ သိသိကြီးနဲ့ ဆက်မစားနိုင်တော့ပါဘူး မစားဖြစ်တော့ပါဘူး..
သိသိကြီးနဲ့ ဆက်စားနေတာမျိုးကျတော့ မိမိကိုယ်ကို ဂရုမစိုက်တာ ။ မိမိရဲ့ ကျန်းမာရေးကို တန်ဖိုးမထားတာ ဖြစ်သွားပါပြီ။
ဆင်ခြင်ပြီး နေထိုင် စားသောက်တာဟာ မိမိကိုယ်ကို စောင့်ရှောက်တာမို့ မှားတဲ့လုပ်ရပ်လို့ မထင်ပါဘူး။မိမိကိုယ်ကို ဂရုမစိုက်ရင် ကိုယ်ဘဲ ခံရတာဘဲ မဟုတ်လား မမေ..
ကိုယ့်နိုင်ငံကို ချစ်ပေမဲ့ ကိုယ့်ကျန်းမာရေးကို ထိခိုက်စေမဲ့ အစားအသောက်မျိုးကျတော့ ချစ်လို့ဆိုပြီး စားလို့မှ မဖြစ်တာဘဲနော်။

ညိမ်းနိုင် said...

ဟူး..ခက်ထှာ......နော်....နိုင်ငံတစ်နိုင်ငံရဲ့ ကျမ်းမာရေး
ပဲဖြစ်ဖြစ်၊ပညာရေးပဲဖြစ်ဖြစ်၊စီးပွားရေးပဲဖြစ်ဖြစ်ပြောတော့
မယ်ဆိုရင် တစ်ဦးတစ်ယောက်ကို ပဲကြည့်ပြီးပြောလို့ရ
မလားဗျာ....၊ပျမ်းမျှခြင်းတွေ၊ယျေဘုယျတွေနဲ့ပဲပြောရမှာ
ပဲ....၊အရှေ့တောင်အာရှမှာ လူတစ်ဦးချင်းဆီရဲ့ မျှော်မှန်း
နိုင်တဲ့ အသက်နှုန်းထားက မြန်မာနိုင်ငံအောက်မှာ ကမ္ဘော
ဒီးယားပဲရှိပါတော့တယ်....၊ကိုယ့်နိုင်ငံအကြောင်းမကောင်း
ပြောရတာလောက် ရင်နာစရာကောင်းတာမရှိပါဘူး...။
ကျွန်တော်ကတော့ မမေရဲ့ပို့စ်ထဲမှာ စေတနာ ကိုမြင်နေ
ရရဲ့

Anonymous said...

မမေ..
တခါတလေ လူတွေက အခံနဲ့ ကြည့်တဲ့အခါ အမြင်တွေ စောင်းသွားတတ်ပါတယ်။ နိုင်ငံရပ်ခြားမှာ အနေကြာတဲ့ မြန်မာက ပြောတော့ ကိုညီလင်းသစ် ပြောသလိုပဲ ဒီအတွေးလေး ‘အမလေး.. ကိုယ်မွေးပြီး တသက်လုံး ကြီးလာခဲ့တဲ့ တိုင်းပြည်ကိုများ အခုမှ လာပြီး ကျန်းမာရေးနဲ့ မညီညွတ်ဘူး ဘာဘူးနဲ့ ဖြစ်နေလိုက်တာ’ ၀င်သွားစေတယ် ထင်ပါတယ်။

ကျွန်မကတော့ သတ္တိမရှိဘူးပဲ ဆိုဆို.. အဲလို အထင်ခံရမှာစိုးလို့ တော်ရုံဆို မပြောရဲပါဘူး။ ကျွန်မ ဆိုလိုချင်တာကမမေတို့အနေနဲ့ စေတနာနဲ့ ရေးပေမဲ့အတိုက်အခိုက်ခံရမှာပါပဲ။ အဲ့ဒီအတွက် စိတ်ထဲ မထားပါနဲ့။ နောက်တခု အကြံပေးချင်တာက အခုလို blog မှာရေးတာထက် မြန်မာပြည်က စာစောင်တွေကို ပို့ပေးစေချင်ပါတယ်။ အပြောင်းအလဲကိုတကယ်ဖန်တီးနိုင်မှာက မြန်မာပြည်က လူတွေပါ။ အစိုးရ တာဝန်ရှိသူတွေလဲ ဒီစာစောင်တွေ အပေါ် အတိုင်းအတာတခုတော့ အလေးထားလာပြီလို့ ကျွန်မထင်မိတာပါပဲ။

ဘုန်း၂တောက် said...

အင့် ဒီပိုစ်ကို ဖတ်ပြီး ဟိုးအရင်တုန်းက ဘုန်းဘုန်းတင်ခဲ့ဖူးတဲ့ပိုစ်ကို ပြန်သတိရသွားပြီ။ ဘာလဲဆိုတော့ ရွာမှာ ရေသန့်မပြောနဲ့ ရေစစ်တောင် မပါဘဲ သောက်သုံးလာခဲ့ကြတာ အဖိုးအဖွားတွေတောင် အသက်တွေ ၈၀-ကျော်သူကကျော်၊ ၉၀-ကျော်သူကကျော်ဆိုပြီး ရေးခဲ့မိတာလေးကို ပြန်အမှတ်ရတယ်။ ကြီးမေပြောသလိုပဲ တစ်သမတ်ထဲ ပြောလို့တော့ ဘယ်ရပါ့မလဲ။ ဟုတ်တာပေါ့။ ဘုန်းဘုန်းတို့အိမ်က ရေနွေးအိုးလေ တဖြေးဖြေးနဲ့ ထူထူလာတယ်။ ရေမှာပါတဲ့ ထုံးဓာတ်တွေ ထင်ပါတယ်။ အဖြူရောင်ကြီးတွေလေ။ အခုမှ ပြန်တွေးပြီး ရှက်လိုက်တာ။ ဟိ။ ချမ်းမြေ့ပါစေ ကြီးမေရေ
ခင်မင်တဲ့

Anonymous said...

Thank you for your response. What prompted me to write the comment was all about author’s tone of voice. When we talk to each other face to face, we translate a speaker’s tone of voice through his/her intonation, facial expressions, and body language. Same thing applies to literature which can be translated through the words that the authors use in their story. Those words convey happiness and sorrow, anger and peace, frustration and facilitation, disappointment and pleasure, fear and courage, disgust and respect, love and hatred, and all kinds of human emotions to the readers. Readers who read a lot can easily catch the author’s point of view. Your intention to tell the readers about usage of fertilizer in Myanmar was vaguely described in your post. Instead the message I got from your post was the food people are eating in Myanmar is smelly, trashy, unhealthy, and dirty. That was the main reason why I left a harsh comment under your previous post. I was glad to know that there was someone who felt the same way as I did and left another not-so-nice comment of her own even though hers was not as harsh as mine. When I first read your original post, my jaw dropped because I did not expect to see such kind of writing from someone like you whom I have admired and have been respectful of your artistic work and sharp tongue on Myanmar community blogosphere. There’s no personal, because you do not know me and neither do I. We all love our country and hope for the best of the best. There’s no question asked. Only few of us are lucky enough to leave our country to study and live abroad. Many of our relatives, sisters, brothers, aunts, uncles, friends, and colleagues are still living back in Myanmar and they do not have many choices to make but to eat whatever available to them for their survival. Should we be kind enough to critique food that others are putting into their mouth? I apologize if my comment hurts your feeling.

Anonymous said...

I really agree with the above anonymous comment..that's exactly what I think & what I want to say...

အိမ့်ချမ်းမြေ့ said...

မလေးလည်း ဘလောဂ်တွေ ဒီနေ့ တစ်နေကုန်
လျှောက်ဖတ်တာ..
မမေဆီမှာ ဖတ်စရာအကြွေးတွေ အရမ်းတင်နေတာတွေ့လိုက်တယ်..

ဖြည်းဖြည်းချင်းဖတ်နေကြောင်း.......း))