(၁)
အချစ်ပျောက်ရှာပုံတော်
တနေ့သ၌ မေဓာဝီတယောက် ဦးရီးတော်၏ စီးတော်ယာဉ်သိုလှောင်ရာ ရုံထဲတွင် တစုံတရာကို အားကြိုးမာန်တက် ရှာဖွေနေသတတ်။ နံရံကပ်စင်မြင့်မှအစ၊ ဘီရိုပုလေးများ အလယ်၊ တိုလီမုတ်စ ထည့်သည့် ပလပ်စတစ်ဇကာလေးများ အဆုံး တကုံးကုံး ရှာဖွေရင်း နှုတ်မှ အချစ် အချစ် … အချစ်ဘယ်ရောက်သွားပါလိမ့်ဟု မြည်တွန်တောက်တီးကာ မော့တန်မော့ ငုံ့တန်ငုံ့ ခြေဖျားထောက်လိုက် ခါးကိုင်းလိုက်နှင့် ချောင်ကြိုချောင်ကြား မကျန် ပြူးပြဲရှာဖွေသော်လည်း အချည်းနှီးပင်။ ဘိလပ်၏ အေးချမ်းသော ဆောင်းဦးရာသီတွင်ပင် နဖူးကချွေး နသယ်စပ် ရောက်မတတ် အိုက်စပ် ပင်ပန်းကြီးစွာ အချစ်ကို ရှာဖွေရင်း နောက်ဆုံးတော့ လက်လျှော့လိုက်ရချေပြီ။
သြော် … အချစ် … အချစ် … မည်သို့ပင် ရှာရှာ … သင့်အား ရှာဖွေ၍ မတွေ့လေတော့ပြီတကား။
သင် … ဘယ်မှာလဲ … အချစ် … ။
***
သြော် … အချစ် … အချစ် … မည်သို့ပင် ရှာရှာ … သင့်အား ရှာဖွေ၍ မတွေ့လေတော့ပြီတကား။
သင် … ဘယ်မှာလဲ … အချစ် … ။
(၂)
ရေများရာ မိုးရွာ
ဤ အချစ်ပျောက်ရှာပုံတော်သည် ဦးရီးတော်၏ ဂေဟာ ရေလွှမ်းမိုးခြင်းမှ အစပြုလေသည်။ ကျမ မြန်မာပြည်မှာရှိနေစဉ် တခုသော ကြာသပတေးနေ့၏ ညနေခင်း၌ ဘိလပ်၏ အနောက်အလယ်ပိုင်း ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းလေသည်။ ထိုရောအခါ ဦးရီးတော် ဂေဟာတည်ရှိရာ ရွာငယ်ကလေးရှိ လမ်းမကြီးပေါ်မှ ရေများသည် စနစ်တကျ ဖောက်လုပ်ထားသော ရေမြောင်းတွင်းသို့ အလျင်မီအောင် မစီးဆင်းနိုင်တော့ဘဲ မြေအနိမ့်ပိုင်းရှိရာ ဦးရီးတော် ဂေဟာသို့ ၀င်လာမစဲ တသဲသဲ ရှိလေတော့သည်။ ထိုနေ့က ကြာသပတေးနေ့တို့ ထုံးစံအတိုင်း ဦးရီးတော်က တနေကုန် အလုပ်ဆင်းရသဖြင့် အိမ်၌ မရှိ။ အိမ်မှာ အိမ်ရှင်မရှိသော်လည်း ကိုရွှေဧည့်သည် မိုးရေများသည် အိမ်ရှင်ပြန်လာသည်ကိုပင် မစောင့်နိုင်အားဘဲ ဂိုဒေါင်ထဲမှ မီးဖိုချောင်၊ မီးဖိုမှတဆင့် ဧည့်ခန်း၊ ထိုမှ အိမ်သာ ဖိနပ်ချွတ် စသဖြင့် တဆင့်ပြီးဆင့် ချဉ်းနင်း ၀င်ရောက်ရင်း အိမ်အောက်ထပ် တထပ်လုံး ဖြန့်ကျက် ပြန့်နှံ့၍ နေလေတော့၏။ ဦးရီးတော် အလုပ်ပြီး၍ အိမ်ပြန်ရောက်သော် အိမ်အောက်ထပ် တထပ်လုံးရှိ ကော်ဇောများမှာ ကျူးကျော်သူ မိုးရေများကြောင့် နင်းရက်စရာပင် မရှိတော့ချေ။ သို့ဖြင့် …. … … ။
အာမခံဌာနက ဦးရီးတော်အား ဟိုတယ်မှာ သွားနေဟု ဆိုသော်လည်း မနေ၊ အိမ်ခန်းငှားပေးမည်ဆိုလည်း လက်မခံ၊ မိုးရေလွတ်ရာ အိမ်ပေါ်ထပ်ရှိ အိပ်ခန်းတွင်း၌ပင် နေထိုင်ရင်း အောက်ထပ်မှ ပစ္စည်းများကို ရေလွတ်ရာရွှေ့၊ ပျက်စီးသည်များကို လွှင့်ပစ်ပြီး နေလာလိုက်ရာ ပစ္စည်းတွေ ဟိုရောက် ဒီရောက် ဗြောင်းဆန် ကုန်လေတော့သည်။ ထိုအခါ ကားဂိုဒေါင်ဟု သတ်မှတ်ချက်အတိုင်း ခေါ်ဆိုရသော်လည်း ကားမှလွဲ၍ အကုန်ထည့်ထားသည့် နေရာရှိ ပစ္စည်းများသည်လည်း ကျမ ပြန်လာသောအခါ ဘယ်ဆီရောက်၍ ဘယ်ဆီပေါက်ကုန်မှန်း မသိတော့ပါချေ။ ကျမ မြန်မာပြည် မသွားခင် ထားထားသည့် ခြေရာလက်ရာ ဖိနပ်ရာများသည် မိုးရေတိုက်စားခြင်းကြောင့် ပျက်ယွင်းကုန်ပါပကော။ ဂိုဒေါင်ထဲရှိ သံချောင်းတွင် ချိတ်ထားသော ကျမအချစ်သည်လည်း လွှင့်ပစ်ပစ္စည်းထဲ ပါသွားလေသလား၊ မမြင်နိုင်သည့် ချောင်ကြိုချောင်ကြားထဲပဲ ညပ်နေလေမလား … ။ စဉ်းစားရခက်ပါဘိတော့ … ။
သြော် အချစ်ကို ဂိုဒေါင်ထဲ ချိတ်သည်ဟူ၍ တမျိုးမထင်ကြပါနှင့်။ အမှန်တကယ်ကား တပေါင်ဖိုး ၃ လုံးဖြင့် ၀ယ်လာသော မုန်လာဥဖြူတွေကို ခြစ်၍ သုတ်မည်ကြံကာ ခြစ်သည့် စိန်ခလုတ် လိုက်ရှာနေခြင်းပင်။ (ဒီတခါလဲ ယပင့် (-ျ) နဲ့ ရရစ် (ြ- ) ပြောင်းဖတ်ပေးကြပါအုံးဗျို့။)
***
(၃)
အစားထိုးလိုက်ရသော အချစ်များ
အခြစ် (ခုတော့ စာလုံးပေါင်း မှန်သွားပြီ) ရှာမတွေ့သည့် နောက်ဆုံး လက်လျှော့လိုက်ရသော်လည်း ကိစ္စမရှိ၊ ကျမက အခြစ်ကို အစားထိုးတတ်ပါသည်။ ငကန်းသေ ငစွေပေါ်လိမ့်မယ် ဟူသော စကားပုံအရ … အခြစ်မရှိသည့်နောက် မုန်လာဥများကို မခြစ်ဘဲ ဓားလေးနှင့် စွေစွေကလေးလှီးကာ ဦးရီးတော်ကို သုပ်ကျွေးလိုက်သည်။ ထိုအခါ ဦးရီးတော်က တခါတုန်းက ပန်းသီးများကို ခြစ်ပြီးသုပ်ကျွေးဖူးတာ အမှတ်ရသည်ထင့် … စားရင်းသောက်ရင်း ပန်းသီးအကြောင်း စကားစ လေတော့သည်။ (ခုမှ ပန်းသီးဇာတ်လမ်းက စမှာ)
***
(၄)
မေ့လျော့ခံ ပန်းသီးများ
“သမီး ပန်းသီးအချဉ်တည်ထားတာတွေ ဂိုဒေါင်ထဲမှာ ရှိသေးတယ်နော် … မှိုလေးတွေတောင် တက်နေပြီ”
ဦးရီးတော်က ထိုသို့ပင်၊ မှိုတက်တာတောင် နူးညံ့ညင်သာစွာ မှိုလေးတွေ တက်နေပြီဟု ချစ်စဖွယ် သုံးနှုန်းပေသည်။ ဦးရီးတော်ပြောမှ ကျမလည်း ထိုပန်းသီးချဉ် ပုလင်းကြီးကို သတိရမိ၏။ စာဖတ်သူများ မှတ်မိကြလေမလားတော့ မသိ။ တချိန်က ခြစ်၍မကုန်သော ပန်းသီးများကို ပုလင်းကြီးတလုံးနှင့် ဆားရည်စိမ်ပြီး အချဉ်တည်ထားသည်မှာ တနှစ်ပင် ကျော်လုပြီ။ ကျမလည်း ထိုပန်းသီးများ ရခါစ၌သာ ခြစ်၍ သုတ်ခြင်း၊ ချက်ခြင်းများ စွမ်းစွမ်းတမံ ပြုလုပ်သော်လည်း ကြာလာသောအခါ ဆားရည်စိမ် ပန်းသီးပုလင်းကြီးအား ဂိုဒေါင်ထဲ သိမ်းထားရင်း မေ့လျော့၍ သွားလေသည်။ ဦးရီးတော်၏ ဂိုဒေါင်၌ ကုန်ပစ္စည်းအ၀င်က များ၍ အထွက်ကား နည်းလှ၏။ စားသုံးသူဟူ၍ ကျမနှင့် ဦးရီးတော်သာ ရှိသည်မို့ ပထမ ၀ယ်ထားသည့် ပစ္စည်းများ မကုန်ခင် နောက်ထပ် ရောက်ရောက်လာပြန်ရာ အလျင်မီအောင် မနည်းစားနေရသည်။ demand နည်းပြီး supply များနေသည်ဟု ဆိုရလေမလား။
ကျမက စာရင်းအင်း ပညာသည်ပီပီ ကုန်ပစ္စည်း စီမံခန့်ခွဲမှု (inventory management) အရာ၌ အလွန်ကျွမ်းကျင် လိမ္မာသည်မို့ စာထဲမှာ သင်ရသည့်အတိုင်း FIFO (First In First Out) စနစ်လဲ မသုံး LIFO (Last in First Out) စနစ်လဲ မသုံးဘဲ LTY-STK (လက်သင့်ရာ စားတော်ခေါ်) သည့်စနစ်သာ ကိုယ့်ဘာသာ တီထွင် ကျင့်သုံးနေရကား အနှီ ပန်းသီးပုလင်းကြီးသည် လက်မသင့်သည့် စာရင်းထဲ တစတစ ရောက်သွားရှာလေရာ စားတော်ခေါ်သည့် အဆင့်သို့ ရောက်မလာတော့ပေ။ ကျမ မြန်မာပြည်၌ ခြောက်လကြာနေထိုင်ပြီး ဘိလပ်သို့ ပြန်ရောက်လေသော် မေ့လျောခံ ပန်းသီးချဉ်ပုလင်းသည် မှိုများ ခ-လို့နေလေပြီတည့်။
“ဟင် … ဟုတ်လား … မှိုတက်ကုန်ပြီလား”
မအံ့သြသော်လည်း အံ့သြလေဟန် ကျမက မေးရသည်။
“အေး … မှိုတွေနဲ့ လွှင့်ပစ်လိုက်တော့”
ဂိုဒေါင်ထဲရှိ တချို့ပစ္စည်းများ ကျမ မရောက်ခင် လွှင့်ပစ်သည့် စာရင်းထဲ ပါသွားသော်လည်း ပန်းသီးချဉ် ပုလင်းကြီးကိုတော့ဖြင့် မည်သူမျှ လွှင့်မပစ်ကြဘဲ ဦးရီးတော်က ကျမကိုသာ ပစ်မိန့်ပေးလိုက်ပေ၏။ ကျမလည်း ဂိုဒေါင်ထဲ ၀င်ခလုတ် ထွက်ခလုတ် သွားနေပြီး ပန်းသီးပုလင်းကြီးကို မျက်စိဖြင့် ခဏခဏ မြင်နေရပေမယ့် တော်တော်နဲ့ လွှင့်မပစ်ဖြစ်။
***
(၅)
မှိုတက်သွားသော ပန်းသီးချဉ်များ
အချဉ်ဆိုသည်မှာ နှစ်ပေါက်အောင် တည်ရသည်ဟု ကျမက တိတ်တခိုး ဆင်ခြေပေးမိသေးသည်။ ၂၀၀၈ ခုနှစ်က ကြီးတော်ကြီး မြန်မာပြည်မှ ဘိလပ်သို့ အလည်လာခိုက် သံပုရာသီးများ အချဉ်တည်ပေးထားရာ ၁ နှစ်ခွဲ ၂ နှစ်လောက် ကြာမှ ဖွင့်စားသော် အိစက် ပျော့ပြောင်း၍ အနံ့အရသာနှင့် အလွန်တရာ ပြည့်ဝလေသည်။ သို့သော်လည်း မုန်လာချဉ် ပဲတီချဉ်များကတော့ နှစ်ပေါက်အောင် ထား၍မရ။ နေပူလျှင် တပတ်ဆို ချဉ်ပြီ။ ပိုထားလျှင် အချဉ်လည်သွားပြီး စား၍ မကောင်းတော့။ ပဲတီချဉ်ဆိုလည်း ကြာကြာထားက ရိသွားတတ်၏။ ပန်းသီးချဉ်ကတော့ တခါမှ မတည်စဖူး ဦးဆုံးအတွေ့အကြုံမို့ ဘယ်လောက် ထားရမှန်း မသိသည့်အပြင် မေ့လျော့သွားသည်က တကြောင်း၊ ခရီးထွက်သည်က တကြောင်းတို့ကြောင့် ယခုကဲ့သို့ မှိုများလာရောက် စုဝေးရခြင်း ဖြစ်ပေ၏။
ဤသို့ဖြင့် မိုးအုံ့သော နေ့တနေ့မှာ ပန်းသီးချဉ် ပုလင်းကြီးကို အိမ်ပြင်ထုတ်၍ ဖွင့်သည်။ ပုလင်းကို ပလပ်စတစ်ဖြင့် ဖုံးကာ ပိတ်ထားသဖြင့် အပေါ်ယံတွင် တက်နေသော မှိုများကို ရုတ်တရက် မမြင်ရ။ ထိုသို့ပင် လောကကြီးသည် တခါတရံ အမြင်အာရုံကို လှည့်စားတတ်ပေသေးသည်။ ပုလင်းဖုံးကို ဖွင့်၍ ပလပ်စတစ် ခွါလိုက်သော် … …
ဘိလပ်ဆောင်း၏ ဆွတ်ဆွတ်ဖြူသော နှင်းပွင့်များသဖွယ် ပန်းသီးများထက်၌ မှိုပွင့်ဖြူများ လွှမ်းခြုံထားသည်ကို မြင်တွေ့ရလေတော့သည်။ အချိန်ကာလ၏ တိုက်စားမှုကြောင့်လေလား နေရာဌာန၏ မိုက်မှားမှုကြောင့်လေလား ပန်းသီးများ မှိုတက်၍သွားလေပြီ။ (ဘာမှလဲ မဆိုင်ဘူး။)
ကျမကရော ဘာများတတ်နိုင်အုံးမည်နည်း။
လွှင့်ပစ်ရုံမှတပါး အခြားမရှိပြီလေ … ။
***
နိဂုံး
မှိုတက်သွားသော ပန်းသီးများကို ဆက်လက်သိမ်းဆည်းထားရန် ကျမ မမိုက်မဲ။
အချိန်မီ မစားလိုက်ရ လေခြင်းဟုလည်း နောင်တမရမိ။
လွှင့်မပစ်ရက် ဟူ၍လည်း နှမြောတသခြင်း ဖြစ်မနေ။
သူ့သဘောသူဆောင် သူ့သဘောင်သူဆောသည့် လောကကြီးတွင် ပန်းသီးချဉ် တပုလင်းသည် အရေးကြီးသည့် ကဏ္ဍမှာ ရှိနေမည် မဟုတ်ဟု ယုံကြည်သည့် အတိုင်း ပန်းသီးများကို ပုလင်းထဲမှ ထုတ်လိုက်သည်။ အမှိုက်ပုံးထဲ မထည့်ခင် ပုလင်းကို ဖုံးခဲ့သည့် ပလပ်စတစ် အိတ်ဖြင့် ထိုပန်းသီးများကို ထုပ်လိုက်သည်။ လက်ကျန် သံယောဇဉ် တပဲနိဖိုးလောက်ဖြင့် ပန်းသီးလေး တလုံးကို လက်သည်းနှင့် ဆိတ်ကြည့်တော့ မာနေတုန်း၊ ပျော့ရိမနေ။ သို့ပေသိ မှိုတက်နေသော ထိုအရာများကို မစားကောင်းသည့် အသီးဟု သဘောထားကာ အိတ်ထဲ အမြန်ထည့်၍ အမှိုက်ပုံးထဲ ပစ်လိုက်လေတော့သည်။ (ပန်းသီးပေးသူကိုတော့ အားနာပါ၏)
***
အားလုံးပြီးဆုံးသွားတော့ … ပန်းသီးချဉ်ပုလင်းကြီးကို ဆပ်ပြာရည်ဖြင့် ဆေးကြော၍ နေလှန်းလိုက်သည့်အခါ ပုလင်းကြီးသည် ခန့်ညားထည်ဝါစွာဖြင့် နောက်တခါ အချဉ်တည်ရန် အသင့် ဖြစ်၍ နေချေပြီတကား။
***
ပန်းသီးများ မှိုမတက်ခင် အမြန်စားသုံးနိုင်ကြပါစေ …
မေဓာဝီ
၁၉၊ အောက်တိုဘာ၊ ၂၀၁၂
၀၀း၀၁ နာရီ
12 comments:
ပို့စ်လေးက မြူးလှပါလား မမေ...၊ ဒီလိုမျိုး ခပ်သွက်သွက်၊ ခပ်မြူးမြူး ပို့စ်လေးတွေ မမေဆီမှာ မဖတ်ရတာ ကြာပြီ...၊း)
MDW က LTY-STK လုပ်နေမှတော့ PTC ပုလင်းကြီး ခမျာ WKL-TKL ဖြစ်နေခဲ့ပါရက်နဲ့ 'မှိုလေး' တွေ တက်တာ ခံလိုက်ရရှာတယ်..၊း) လက်သည်းနဲ့ ဆိတ်ကြည့်တဲ့ ပန်းသီးက မာနေတုန်းပဲ ဆိုတော့ နောက်တစ်ခါ အချဉ်ထပ်တည်ဖြစ်ရင် အခုထက် ပိုကြာအောင် ထားရမယ့် သဘောများလား..။း)
အမ..
ဒီတခါရေးတဲ့ စတိုင်..မိုက်စ်.....
ဖတ်လို့ကောင်းတယ်...
ညီမ
ကြီးမေက အချစ်ကို တော်တော်လေး နှံ့နှံ့စပ်စပ်၊ နှိုက်နှိုက်ချွတ်ချွတ်၊ ထဲထဲဝင်ဝင်၊ နက်နက်နဲနဲ၊ ပင်ပင်ပန်းပန်း ရှာဖွေထားတာပဲနော်။ တော်တော်အသည်းမာတဲ့ အချစ်ပေပဲ။ ရှောင်ပုန်းနေရက်တယ်။ (0ne goes, two come, three already, four waited လို့ ကြားဖူးသလိုပဲ) (ချစ်ကို-ခြစ်ဟု ပြင်ဖတ်ရန်)
ပန်းသီးပေးသူရဲ့မျက်နှာက ပြုံးမှာလား၊ မဲ့မှာလားဘဲနော်။ ဟိ။
ချမ်းမြေ့ပါစေ
ခင်မင်တဲ့
အဟား....ဒီတစ်ခါပို့စ်လေးဖတ်ရတာ...မြူးလှသွက်လှ
ပါလား...အစ်မမေရ...၊မမေရဲ့ အခြစ်ပျောက်ရှာပုံတော်
ခရီးအပြီးမှာ ပန်းသီးအချဉ်အိုးလည်း ပြန်ပေတော့မစဉ်းစား
နဲ့ ဖြစ်သွားရှာသပေါ့နော်......
ကိုညီလင်းပြောတဲ့ WKL TKL ကို ဘာပါလိမ့်လို့ စဉ်းစားလိုက်ရတာ တညတိတိ၊ မိုးလင်းမှ အဖြေပေါ်တော့တယ် ဟားဟား ... ကိုယ့်ဘာသာ ရေးပြီး မေ့နေတာ ၀င်ခလုတ် ထွက်ခလုတ်ကိုး :))
ညီမ .. အရင်တခါ အချစ်များစွာဖြင့်ရဲ့ အဆက်မို့ အဲဒီစတိုင်အတိုင်း လိုက်ရေးတာ။
ဘုန်းနှစ်တောက် - :P အချစ်ကို စိတ်နာစွာဖြင့် မရှာလိုတော့ပါဘုရား။ ၀မ်းလဲ ဂိုး တူးတွေ သရီးတွေလဲ အနားမသီစေလိုတော့ပါ မှိုတက်ကုန်မှာစိုး၍၊ :))
ကိုညိန်းနိုင် ... မေ့လောက်တော့မှ မကြေပွဲ ထပ်နွှဲအုံးမယ်။ :D
ဖတ်သူ မန့်သူများအား ကျေးဇူးတင်ပါ၏။
်မမမေ အချစ်..အဲ အခြစ်ပျောက်၇ှာပုံတော်ဖွင့်တာ တော်တော်လေးဖတ်လို့ ကောင်းတယ်.. တဂျီးမင်းပေးတယ့် ပန်းသီးပို့ စ်လေး ချစ်ခြင်းများစွားဖြင့် ပို့ စ်လေးတောင် တစ်နှစ်ကျော်သွားပြီ..တဂျီးမင်း နောက်ထပ် ပန်းသီးတွေ လာပေးဦးမလား မသိ..:)
တရားသဘောတွေကော မမြဲခြင်းတရားတွေကော စီးပွားရေဒ သဘောတွေပါ တစ်ပုဒ်ထဲနဲ့ရလိုက်တယ်း)))
ဦးရီးတော် က စကားပြော နုညံ့လို့တော်သေး ကျနော့်လို ဦးလေးကတော့ မဆုံးသော စကားတွေနဲ့ တူ တူမတွေကို ကောမိတော့မှာ အမှန်း)
ကျွန်ုပ်၏ Apple Mummy လေးတွေ အပစ်ပယ်ခံဘ၀ ရောက်သွားတာ သနားဖို့ ကောင်းလှတယ်။ အကျွန်ုပ်သူကြီးမင်းဆီမှာလဲ ပန်းသီးတွေ မျိုးသုဉ်းနေပြီမို့ ထပ်မပို့နိုင်တော့တာ စိတ်မကောင်းစရာပေဘဲ။
ဒီတော့ ပန်းသီးလတ်လတ် ဆတ်ဆတ်ကလေးများကို တက်စ်ကို တို့၊ မာမွတ်တွေရဲ့ လမ်းဘေးဆိုင်တန်းတို့မှာ သွားရောက်ပြီး ရှာဖွေချေလော့။
ရှာဖွေလေ တွေ့ရှိလေ ဆိုပြီး ဆိုရိုးစကား ရှိလင့်သည် မဟုတ်တုံလော။း)
မှိုတက်လဲရိုက် မှိုမတက်လဲရိုက် ဘလော်ဂါများမလွယ်ချက်တော်....
နောက်တခါ ပန်းသီအချဉ်မသိပ်နဲ့တော့ ကြီးမေ.. ပန်းသီးဝိုင်ဖောက်ဗျာ....
ခင်မင်တဲ့
seesein
အိမ်မှာ ဟိုနေ့ကပဲ ပဲတီချဉ် တစ်ပုလင်း၊ မုံလာချဉ် ပုလင်း တစ်ဝက်လောက် ပစ်လိုက်ရသေးတယ်။ မမေလိုတော့ ဖတ်ကောင်းအောင်မရေးတတ်လို့ ပို့စ်တစ်ပုဒ်တော့ ဖြစ်မလာပါချေ။း)
မမေရဲ့ ခပ်သွက်သွက် ပန်းသီးဖီလင်လေး
ခိခိ
ပန်းသီးချဉ်လေး တစ်လုံးတစ်လေများ ရဦးမလား လို့ လာချောင်းတာ သူက အကုန်ပစ်လိုက်ပြီတဲ့
မမေရဲ့ ပန်းသီးချဉ်လေးတွေက မှိုတက်နေတာတောင် ချစ်စရာလေးရယ်နော် ... မှိုလေးတွေကလည်း ဖြူဖြူဖွေးဖွေးလေးတွေ..
မနေ့က ခေါပုတ်လေး မှိုနည်းနည်းတက်နေတာ မစားဘဲ မနေနိုင်လို့ မှိုတွေကို စင်အောင်ဆေးပြီး စားပစ်လိုက်မိပြီ
မလိမ္မာလို့ တစ်ခါတော့ မိုက်လိုက်ဦးမယ် မမေရေး))
Post a Comment