Tuesday, September 11, 2012

အပြန်နဲ့ အသွား ...

“ပြန်တော့မယ် …”
“သွားတော့မယ် …”

တနေရာရာက ခွဲခွါခါနီးမှာ သုံးလေ့ရှိတဲ့ ဒီစကား နှစ်ခုရဲ့ ခြားနားခြင်းကို တွေးနေမိတယ်။ “ပြန်ခြင်း” နဲ့ “သွားခြင်း” … အဓိပ္ပါယ်ချင်းက တူမှ မတူတာ… ။ ပြန်တယ် … ဆိုတာက နေရာဟောင်းဆီကို ပြန်လည်ထွက်ခွါခြင်း၊ သွားတယ် … ဆိုတာက နေရာသစ်ဆီ ဦးတည်ထွက်ခွါခြင်း မဟုတ်လား။ အဓိပ္ပါယ်ချင်း မတူတဲ့ ဒီစကားနှစ်ခုကို အရင်ကတော့ အဆင်ပြေသလိုပဲ သုံးခဲ့မိတာ အခုချိန်မှာ သေချာစဉ်းစားနေမိပြီ။

ပြန်မှာလား …
သွားမှာလား …
…. …. …. ….
***
၇၊ စက်တင်ဘာ၊ ၂၀၁၂
မြန်မာစံတော်ချိန် ၂၁း၀၂ နာရီ

ဦးခေါင်းကို ကြမ်းပြင်နဲ့ထိလို့ ရှိခိုးဦးချအပြီး ခေါင်းပြန်အမော့မှာ မျက်လုံးတွေေ၀၀ါးနေခဲ့တယ်။ ရှေ့တူရူက မြတ်စွာဘုရား ရုပ်ပွါးဆင်းတုတော်က မြင်ကွင်းထဲမှာ နှစ်ထပ်သုံးထပ် လှိုင်းတွေလို တရိပ်ရိပ်နဲ့၊ မျက်စိကိုေ၀၀ါးစေတဲ့ အရာတွေကို ပွတ်သုတ် ဖယ်ရှားလိုက်ပြီး ထိုင်ရာက ထလိုက်တယ်။ နွမ်းနယ်ကြေကွဲခြင်းက ရင်ထဲမှာ ဖိစီးလေးလံလို့ … လှုပ်ရှားမှုတွေက နှေးတိနှေးကွေး … လေးတိလေးကန်။

ပြန်ရတော့မယ် … ။
ဟင့်အင်း … မဟုတ်ဘူး …
သွားရတော့မှာပါ … ။
***
ရန်ကုန်၊ မင်္ဂလာဒုံလေဆိပ်
၂၂း၅၃ နာရီ

လေယာဉ်ပေါ်တက်ဖို့ ထိုင်စောင့်ရင်း အိတ်ထဲမှာပါလာတဲ့ စာအုပ်တအုပ် ထုတ်ဖတ်တယ်။ ဦးသော်ဇင်ရဲ့ “မြတ်စွာဘုရား၏ ဥဒါန်းစကားများ” …

ဤလောကသည် ပူလောင်မှု ဖြစ်ခဲ့၏၊
တွေ့ထိမှုဖြင့် နှိပ်စက်၏။
… … … … … …
ဘ၀၌ ကပ်ငြိသော လောကသည် တပါးသော အခြင်းအရာအားဖြင့် ဖြစ်လေ့ရှိကာ ဘ၀ဖြင့် နှိပ်စက်အပ်သည် ဖြစ်လျက် ဘ၀ကိုပင် နှစ်သက်၏။ အကြင်ဘ၀ကို နှစ်သက်၏။ ထိုဘ၀သည် ဘေးဖြစ်၏။
… … … … … …
… … … … … …
ခပ်သိမ်းသော အရပ်၌ ခပ်သိမ်းသော အပြားအားဖြင့် ဘ၀တို့သည် ရှိကုန်၏။
မမြဲကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏။

စာအုပ်ကို ဖျတ်ခနဲပိတ်ပြီး မတ်တပ်ထရပ် … တန်းစီနေတဲ့ လူတွေနောက်မှာ ၀င်စီရင်း တရွေ့ရွေ့… ရွေ့လျား ... ။ ခြောက်လဆိုတဲ့ ကာလက ရှည်ကြာသလား … တိုတောင်းသလား … အချိန်တွေကတော့ ကုန်ဆုံးသွားခဲ့ပြီ။ မကြာခင် ပြန်လာခဲ့မယ် … လို့ အားလုံးကို နှုတ်ဆက်ခဲ့ပေမယ့် တကယ်တမ်း ကိုယ့်ကြမ္မာကိုယ် မဖန်တီးနိုင်တဲ့ ဘ၀မို့ ဘယ်နေရာ ဘယ်ဒေသမှာ ဘယ်လိုပုံစံနဲ့ ခြေချရဦးမယ် မသိ … ။ ဘ၀ဆိုတာ ဒါပဲလား … ။ ဘ၀ဆိုတာ … ဘေး … တဲ့။ ဒီဘေးတွေကိုပဲ နှစ်သက်စွာ စွဲလမ်းနေကြတာလေ …။
***
၈ စက်တင်ဘာ၊ ၂၀၁၂
၀၀း၀၀ နာရီ

Have a nice journey … ဆိုတဲ့စကားသံတွေ … မိတ်ကပ်ခြယ်သ နှုတ်ခမ်းနီမလေးတွေရဲ့ အပြုံးမျက်နှာ … ထိုင်ခုံနံပါတ် 21 A ပြတင်းပေါက်နံဘေး … အပြင်မှာ မိုးတွေ တသည်းသည်း… ပြတင်းပေါက်မှန်မှာ မိုးရေစက်တွေ ခိုလို့တွဲ … အလို … မျက်နှာမှာ ရေတွေစိုလို့ ... မိုးရေစက်တွေ မျက်နှာပေါ် ကျလာတာလား … မိုးရေစက်တွေ … မိုးရေစက်တွေ … ဟုတ်မှာပါ … ။ အဲဒါ …. မိုး …. ရေ …. စက် … တွေ … ။
***
၀၀း၂၅ နာရီ


ထိုင်ခုံခါးပတ် ပတ် …. လေယာဉ်ကြီး ထွက်တော့မယ်။ မှိတ်တုတ်မှိန်ပျ မြို့ပြကြီးက တဖြည်းဖြည်း ဝေးကွာ ပျောက်ကွယ်သွားပြီ။ မျက်စိကိုမှိတ်ထားရင်း ဘုရားကို အာရုံပြုနေလိုက်တယ်။ ညဥ့်နက် သန်းခေါင် ပျံသန်းတဲ့ လေယာဉ်မို့လားမသိ စီးတဲ့သူက ကျိုးတိုးကျဲတဲ။ စိတ်ထဲမှာ လေးလေးလံလံ မတင်မကျနဲ့ ရင်ဆိုင်ရမှာတွေကို တွေးရင်း … … … ။
***
ချန်ဂီလေဆိပ်၊ စင်္ကာပူ
စင်္ကာပူစံတော်ချိန် ၀၅း၀၀ နာရီ

သိပ်မကြာခင်မှာပဲ စင်္ကာပူ ချန်ဂီလေဆိပ်ကို ရောက်ခဲ့တယ်။ လေဆိပ်ထဲမှာ ဟိုဟိုဒီဒီ လျှောက်ကြည့်စရာတွေက အများသား၊ အင်တာနက်သုံးလို့ရတဲ့ နေရာ ခဏသွားပြီး အိမ်ကို မက်ဆေ့ခ်ျပို့တယ်။ နောက်ထပ်စီးရမယ့် လေယာဉ်ပေါ်မတက်ခင် မိနစ်ပိုင်းအလိုမှာ ဖတ်လိုက်မိတဲ့ မေးလ်တစောင်ကြောင့် စိတ်လက် ပေါ့ပါးလို့သွားတယ်။ ကျေးဇူးပဲ စင်္ကာပူ … ။
***
၀၉း၀၅ နာရီ

ဒီတခါစီးရမယ့် လေယာဉ်က ကြီးတယ်၊ ထိုင်ခုံနံပါတ် 43 K ထုံးစံအတိုင်း ပြတင်းပေါက်ဘေး။ စစချင်း လူမရှိဘူး ထင်ရပေမဲ့ တဖြည်းဖြည်း လူတွေပြည့်လာပြီး နံဘေးမှာ သြစတေးလျသူ ဇနီးမောင်နှံ လာထိုင်ကြတယ်။ သဘောကောင်းပြီး အစစ ကူညီတတ် ကြင်နာတတ်သူတွေ … ။ တလေယာဉ်ထဲစီး တခရီးထဲသွားကြသူချင်း ရိုင်းပင်းကြတယ်။ အသွားကတည်းက အစားအသောက် စာရင်းမှာ seafood ကို ရွေးထားမိလို့ သူများမစားခင် ဦးဦးဖျားဖျားချည်း စားရတာ ဘေးနားက ခရီးဖော်တွေကိုတောင် မျက်နှာပူ အားနာမိသလိုပဲ။
***

အိပ်ငိုက်လိုက်၊ ပရိတ်ကြီး ၁၁ သုတ် ရွတ်လိုက်၊ ရုပ်ရှင်ကြည့်လိုက်၊ ပဋ္ဌာန်းရွတ်လိုက်၊ ဟိုဒီငေးလိုက်၊ ဓမ္မစကြာရွတ်လိုက်နဲ့ နာရီ ၂၀ ကျော် ကြာမြင့်တဲ့ ခရီးရှည်ကြီးကို ပင်ပန်းနွမ်းလျစွာ ဖြတ်သန်းခဲ့ရတယ်။ ရန်ကုန်ကတည်းက ပါလာတဲ့ ချောင်းတဟွတ်ဟွတ်နဲ့ နှာတရှုံ့ရှုံ့က လူကိုပိုပြီး ပင်ပန်းစေပါတယ်။ ရုပ်ရှင်တွေထဲ မွှေနှောက်ရှာရင်း The Lady ကို သွားတွေ့တယ်။ အင်တာနက်မှာ တပိုင်းတစ ကြည့်ဖူးထားပေမဲ့ အစအဆုံး ထပ်ကြည့်လိုက်တယ်။ နောက်ဆုံးခန်းလေးကိုကြည့်ရင်း … ဘယ်တော့မှ မမေ့ဘူး စက်တင်ဘာ … လို့ ရေရွတ်မိတယ်။
***
လန်ဒန်၊ ဟိသရိုးလေဆိပ်
ဘိလပ်စံတော်ချိန် ၁၅း၃၀ နာရီ

လေယာဉ်ဘီးလုံး မြေပေါ်အချ သိမ့်ခနဲ … ။ သြော် ဒီမြေပေါ် ခြေချရပြန်ပြီ။ UK Border အင်မီဂရေးရှင်းမှာ လူတန်းရှည်ကြီး တရွေ့ရွေ့ … နှေးလွန်းလှတယ်။ နားချင်ပြီ၊ ပင်ပန်းလှပြီ။ ကြာလွန်းလှတယ်။ နောက်ဆုံးတော့ ကိုယ့်အလှည့် … ကောင်တာအမှတ် ၂၅ … အင်မီဂရေးရှင်း အော်ဖစ်ဆာ လူညိုထွားကြီး၊ စကားတခွန်းမှမပြောဘူး ဒုန်းဆို တံဆိပ်တုန်းထု၊ လက်ဗွေနှိပ် … ရပြီ သွားတော့ … ကျေးဇူးတင်ပါတယ်။ တကယ်လား လောက၀တ်အရလား … ။ ပြောတော့ ပြောခဲ့လိုက်တာပဲ။

ပစ္စည်းရွေး၊ ထရော်လီပေါ် မနိုင်မနင်းတင်၊ ကူမယ့်သူမရှိလို့ မောနေရင်းက ပြုံးမိရသေးတယ်။ ခြောက်လဆိုတဲ့ အချိန်က စိတ်ကို နည်းနည်းတော့ ပြောင်းလဲစေတတ်သား … ။ ကူမယ့်သူကို မျှော်လင့်နေမိသေးတာ။ ကိုယ့်အရပ်နဲ့ တူတူနီးပါးလောက်ရှိတဲ့ ခရီးဆောင် အိတ်ကြီးကို အားတင်းပြီး ထရော်လီပေါ် ကျုံးရုံးတင် တွန်းလာရင်း လာကြိုသူတွေထဲကို ဝေ့၀ိုက်ရှာရသေးတယ်။ လာကြိုသူ အမလတ်နဲ့ ယောက်ဖ ... ခုတော့ အနောက်တိုင်းထုံးစံ ပွေ့ဖက်နှုတ်ဆက် နိုင်ပါပြီ။ ဒီလိုနဲ့ … ကားပေါ်တက် အိမ်ပြန် … ဒါ အင်္ဂလန်တဲ့ … ရောက်ခဲ့ရပြန်ပေါ့ တခါ။

ညစာကို ပါလာတဲ့ အရီးတောင်း ကြက်ခြေနီလက်ဘက်ထုတ်လေး ဖောက်ပြီး သုပ်စားကြတယ်။ ငါးကြော်နဲ့ ထမင်းနဲ့ လက်ဘက်သုပ်နဲ့ ဖွယ်ဖွယ်ရာရာ မဟုတ်ပေမယ့် မြိန်တယ်။ သေတ္တာဖွင့် ပစ္စည်းတွေထုတ် … လူက နွမ်းလျလှပြီ၊ မရတော့ဘူး။ ယောက်ဖ ကမ်းပေးတဲ့ ၀ိုင်အနီတခွက်ကို ချီးယားစ်လိုက်ပြီး တရှိန်ထိုးမော့ချ … အိပ်ရာဝင်ခဲ့တယ်။ ကောင်းသောညပါ … ။

ပင်ပန်းလို့လားမသိ၊ အဲဒီညက အိပ်မက် မမက်ဘူး။
ခါတိုင်း မက်နေကျ အိပ်မက်တွေတောင် ပျောက်ဆုံးလို့ … ။
တခါတလေတော့လဲ ပြန်ခြင်း သွားခြင်းဆိုတဲ့ စကားလုံးတွေ အားလုံး မေ့ထားတာ အကောင်းဆုံးပဲ မဟုတ်လား ... ။
***
မေဓာဝီ
၁၁၊ စက်တင်ဘာ၊ ၂၀၁၂
၂၂း၀၃ နာရီ

(နက်ဖြန်ကစပြီး ကျောင်းတက်ရပါပြီ။ ဟိုမှာတုန်းက အလုပ်နဲ့၊ ဒီရောက်တော့ ကျောင်းနဲ့မို့ ဘလော့တွေနဲ့ ကင်းကွာခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြပါအုံး)

16 comments:

Nyi Linn Thit said...

မမေရဲ့ လေယာဉ်က အတော့်ကိုကြာတာပဲကိုး..၊ အပြန်နဲ့အသွား ဆိုတာလေးက တကယ်ပဲ ထိထိမိမိ ရှိလှတယ်၊ အခုခရီးက အပြန်လား၊ အသွားလား-လို့ မမေရဲ့ နေရာမှာ ဝင်ပြီး မေးကြည့်နေမိတယ်၊ ဟုတ်တယ်၊ အတိအကျ ဖြေဖို့ မလွယ်မယ့်အတူ မေ့ထားတာကပဲ အကောင်းဆုံး ဖြစ်မှာပါ..၊

သိကျွမ်း၊ ရင်းနှီးဖူးတဲ့ စာတွေ၊ လူနေမှု ပုံစံတွေကို ပြန်ပြီး ဆုံရပြန်ပြီ ဆိုတော့ အကောင်းဆုံး ဖြတ်ကျော်သွား နိုင်ဖို့ ကြိုးစားရုံပဲ ရှိတာမဟုတ်လား မမေရေ..၊ အစစ အဆင်ပြေပါစေဗျာ...။

mstint said...

ပျော်ရာမှာမနေရ တော်ရမှာနေရတာ ဘဝရဲ့ တစ်စိတ်တစ်ဒေသပဲ မမေရေ။ ၆လတာကာလ အသာထား ဘလော့လေး သက်တမ်း ၆နှစ်တာကာလတောင် ဟိုလှည့်ဒီလှည့်နဲ့ ကုန်မြန်ခဲ့တယ်လေနော်။ တစ်နေ့တစ်နေ့ တစ်ရွေ့ရွေ့နဲ့ ခရီးဆုံးကို လျှောက်လှမ်းနေတဲ့ လူသားတွေ အသက်ရှင်ခွင့်ရတဲ့ တိုတောင်းတဲ့အချိန်လေးကို တန်ဘိုးရှိရှိအသုံးချတတ်ဘို့ပဲလိုတာပေါ့ကွယ်။ အခု ကျောင်းပြန်တက်ပြီဆိုတော့ ကျန်းမာရေး ဂရုစိုက်ပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

နေ၀သန် said...

အစ်မရေ.. ပြန်ပြီလားဗျ... :).. အစစအရာရာ အဆင်ပြေပါစေဗျာ...

ခင်မင်လျက်
နေ၀သန်

Anonymous said...

ပျော်ရွှင်ပါစေ...


mimi

seesein said...

ကြီးမေ

အပြန်နဲ့အသွား...
အသွားနဲ့အပြန် ကြား...
လောကကြီးရဲ့ ကောင်းကျိုးသယ်ပိုးနိုင်ရင်...
ကောင်းတာကြီးပါ...ဘယ်မှာဘဲနေနေ ကိုယ့်ကြမ္မာ ကိုယ်မဖန်တီးနိုင်ကြပါဘူး.....သေချာပါတယ်လေ မဖန်တီးနိုင်ပါဘူး....သူ့သဘောသူဆောင်နေတဲ့လောကကြီးမှာ ကျောင်းစာတွေနဲ့ လုံးပမ်းပြန်အုံးပေါ့.....


ခင်မင်တဲ့
seesein

SHWE ZIN U said...

ညီမ မမေ ရေ

ဒါက .. သွားတာနော် အကြာကြီးမနေနဲ့ မြန်မြန်ပြန်ခဲ့ပါ မျှော်နေ ပါတယ် နောက်တခါ တဝကြီး စကားတွေ ပြောချင်သေးတယ်နော်

ချစ်အမကြီး
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောင်းသောညပါ မမေ....

မမေဆီမှာ မိုးချုပ်နေပြီထင်ပါရဲ့.. နှစ်နှစ်ခြိုက်ခြိုက် အနားယူအိပ်စက်နိုင်ပါစေ..
နေ့အသစ်မှာ စိတ်နှလုံးကြည်လင်ရွှင်လန်းစွာနဲ့ အာရုဏ်ဦးကို ကြိုဆိုနိုင်ပါစေ...
အင်္ဂလန်မြေမှာ နွေးထွေးပျော်ရွှင်နိုင်ပါစေနော်..

ခင်မင်စွာ
ချော

ဘုန်း၂တောက် said...

ကြီးမေရဲ့ထက်မြက်စူးရှတဲ့အတွေးလေးကို သိပ်......သဘောကျမိတယ်။ အဓိပ္ပါယ်ခြင်း မတူတဲ့
"ပြန်တော့မယ်"
နှင့်
"သွားတော့မယ်"။

ချန်ဂီအဲပို့(တ်)ထဲမှာ မျက်စိလည်ချင်စရာပဲ အကျယ်ကြီးပဲလေ။

အစစအရာရာ အဆင်ပြေပါစေ...

ညိမ်းနိုင် said...

အပြန်....အပြန်...အပြန်...လားဟေ့.....အသွား....အသွား.....အသွား...ပါတဲ့...ခေါက်ခါလူးလာ.....ဆိုတဲ့ သီချင်း
တစ်ပိုင်းတစ်စကိုတောင် ရွတ်လိုက်မိသေးတယ် အစ်မမေ။
အစ်မရေးထားတာလေးက အစ်မရဲ့စိတ်ခံစားချက်ကို
ကွက်ကနဲမြင်နိုင်ပါရဲ့....။

Anonymous said...

As usual, a nice post. Just a bit strange for the usage of "yout pha"

ကိုကိုမောင်(ပန်းရနံ့) said...

အသွားအပြန် သရုပ်ခွဲလို့
မဆုတ်ဇွဲနဲ့ ရေးဖွဲ့တယ်။

နှုတ်ဆက်ထွက်ခွါ လက်တွေပြတော့
မျက်ရည်စတွေ ကျခဲ့တယ်။

ယူကေအ၀င် လေယာဉ်ဆင်းတော့
ရွှေခြေကျင်းတွေ တုန်ခဲ့တယ်။

ဦးရီးတော်ထံ အရောက်မသွားဘဲ
တစ်ထောက်နားပြီး ကဲခဲ့တယ်။

ဦးရီးတော်ထံ ကသုတ်ကယက်ပြေးတော့
***ချုတ်ပြက်ရေးနဲ့ တိုးတော့တယ်။

မျက်ရည်တွေသုတ်၊ ရမ်းချက်ပြုတ်၊ ငုတ်တုတ်အိပ်ငိုက်တယ်။

အဲဒီက ချက်ရပြုတ်ရ ဘ၀ စလေတယ်။
.




***
ချုတ်ပြက်ရေး= ချက်ပြုတ်ရေး

.

မေဓာဝီ said...

ဟားဟား တော်လိုက်တဲ့ တုံးဖလားသဂျီး။
ရေးထားတဲ့ကဗျာက ကွက်တိပဲ။
ကွက်တိဖြစ်မှာပေါ့ အကုန်သိနေတာကိုးးးး ဟွန်းဟွန်းးး ။

အပေါ်က anonymous ရှင့် ... ကျမက ခဲအိုကို ခဲအို မခေါ်ချင်လို့ ယောက်ဖလို့ နောက်ပြီး ခေါ်ရင်း အဲဒီလိုပဲ သုံးဖြစ်နေတာပါ။ ဟိုအရင်ပို့စ်တခုမှာ ရေးဖူးပါတယ်။

ကိုညီလင်းသစ်က စလို့ သဂျီးမင်း အဆုံး မှတ်ချက်လေးတွေနဲ့ အားပေးကြတာ အားလုံးကို ကျေးဇူးပါ ...

သက်ဝေ said...

အပြန်နဲ့ အသွား...
ပျော်ရာ နဲ့ တော်ရာ...

အစစ အဆင်ပြေ စိတ်ချမ်းသာပါစေ မေ...း)

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

း) ကျန်းမာတော်မူပါစ
ကျွန်တော်လည်းချင်းတွင်းမြစ်ထဲမှာ သွားလိုက်ပြန်လိုက် လုံးချာလည်လိုက်နေတယ်
ပို့စ်လေးဖတ်ပြီး ၁၂နာရီစီးရတဲ့ ခန္တီးခရီးမှာ မြင်သမျှကြုံသမျှကိုပြန်တွေးမောမိတယ်ဗျာ

sosegado said...

အဆင်ပြေပါစေ၊
အသွားအပြန် ခရီးသွားလေးဖတ်သွားပါတယ်၊
လေယဉ်ပေါ်မှာ ရုပ်ရှင်တွေ ဘယ်နှစ်ကားလောက်ကြည့်ဖြစ်သွားသလဲ

အိမ့်ချမ်းမြေ့ said...

မမေ...
ပြန်ရောက်ပြီလား...
အလုပ်တွေကျောင်းတွေကြားထဲက
စာတော့ မကြာခဏ ရေးစေလိုပါတယ်..
လေယာဉ်ကွင်းနဲ့လေယာဉ်ပျံထဲကပုံတွေ မြင်လိုက်ရတာ
စိတ်ထဲမှာ လွမ်းဆွေးသွားသလိုပဲ...
ပြန်လာရတိုင်း ဆိုနင့်နင့်ခံစားချက်ကြီးကို
မခံစားနိုင်တော့ဘူးကွယ်...

နောက်... မလေးရဲ့ မြေသင်းနံ့လေးကို လာရှုသွားတာဘယ်လိုနေလဲ... :P

ချစ်တဲ့..
မလေး