Thursday, April 29, 2010

မည်သူ့ကိုမှ …

မမေဓာဝီ
သူများပြောတာနဲ့ ကျမကို ရည်ရွယ်ပြီး ဆုံးမထားတဲ့ post လေး လာဖတ်ပါတယ်..။ ကျေးဇူးတင်ပါတယ်ရှင်..။ ဘုရားတရားနဲ့ နေတဲ့ မမေဓာဝီက ဆိုရေးရှိက ဆိုအပ်လှဆိုသလို ဆုံးမတာမို့ ကျမအတွက် တကယ်ပဲ အရှက်ရစေပါတယ်။ မမေဓာဝီက မှန်တာကို ရေးတာမို့ ကျမလိုပဲ နာမည်တပ်ပြီးရေးလည်း ရပါတယ်ရှင်..။ မမေဓာဝီလို စိတ်နှလုံးထားနိုင်အောင်ကြိုးစားပါဦးမယ်..။ လောလောဆယ်တော့ ကျမရဲ့ ဒေါသရှေ့ထားတတ်တဲ့ စိတ်ကလေးကို ထိန်းဖို့ ကြိုးစားရင်း မှန်တယ်ထင်တာလေးတွေတော့ ရေးနေဦးမှာပါ။ မမေဓာဝီလည်း အမြဲတမ်း အဲလို နှလုံးသွင်းနိုင်ပါစေလို့ ဆန္ဒပြုပါတယ်ရှင်..
လေးစားလျက်
မေငြိမ်း
***
ဧပြီ ၂၅ရက် နေ့က တင်ခဲ့တဲ့ “တူညီသော်ငြား … ခြားနားသည်” ပို့စ်မှာ အထက်ပါ ကွန်မန့်ဝင်လာတာနဲ့ စာမေးပွဲနီးလို့ ဘလော့ခဏရပ်ထားမယ် စိတ်ကူးလေးကို ခဏနောက်ရွှေ့ပြီး ဒီကွန်မန့်ကို ပြန်ရေးလိုက်ပါတယ်။

အပေါ်က ကွန်မန့်ရတော့ ကျမ အံ့သြမိတယ်၊ ပြန်ရှင်းပြမှ ဖြစ်မယ်လို့လည်း တွေးမိတယ်။ ပြောရရင် အဲဒီပို့စ်ရေးတာဟာ ကျမ ဘယ်သူ့ကိုမှ ဆုံးမလိုတဲ့ စိတ်နဲ့ ရေးခဲ့တာ မဟုတ်ပါဘူး။ အဲဒီအဖြစ်အပျက် နှစ်ခုကို ကြုံခဲ့ရတာလည်း အမှန်ပါပဲ။ ကြုံခဲ့ပြီးတော့ ကျမကိုယ်ကျမ ပြန်ဆင်ခြင်မိပါတယ်။

ဘာကြောင့် ဆင်ခြင်မိတာလဲ ဆိုတော့ …. ကျမက မိသားစုထဲမှာဆိုရင် အဆိုးဆုံး မိန်းကလေး တယောက်ပါ။ မာနလည်း ကြီး၊ ဒေါသလည်း ကြီး၊ အညှိုးအတေးနဲ့ အာဃာတလည်း အလွန်ကြီးပါတယ်။ ကျမကြောင့် မိဘနှစ်ပါး မကြာခဏ စိတ်အနှောက်အယှက် ဖြစ်ရတယ်။ ကျမ အထက်က အမနှစ်ယောက်ကိုလည်း ခဏခဏ စိတ်ကောက်ပြီး မခေါ်ဘူး။ အဲဒီလို ကျမ မကောင်းတာတွေကို ဘလော့မှာလည်း ရေးဖူးပါတယ်။ ကျမနဲ့ ရင်းနှီးသူတိုင်းလည်း သိနေကြပါတယ်။ မိသားစုက ဘယ်လို ကောင်းအောင် စီစဉ်ပေးပေး မကျေနပ်နိုင်ဘူး။ မိသားစုကို ဂျီတိုက်တယ်၊ စောဒကတက်တယ် ဆိုတာတွေကတော့ ကျမအတွက် လုပ်ရိုးလုပ်စဉ် ဖြစ်နေပါပြီ။ အဲဒီလို လုပ်တဲ့အတွက် ကျမ ဘာပြန်ရလဲ … စိတ်ချမ်းသာမှုနဲ့ စိတ်ဆင်းရဲမှု … ယှဉ်ကြည့်ရင် စိတ်ဆင်းရဲမှုတွေသာ ကျမပြန်ရခဲ့ပါတယ်။

လမ်းမှာ အဲဒီအဖြစ်အပျက်နဲ့ ကြုံရတော့ အဲဒီနေ့မှာတွင်ပဲ ကျမအမကို ဖုန်းဆက်ပြီး ပြောပြမိတယ်။ ကျမအမကတော့ ရယ်ပဲ နေပါတယ်။ ကျမက သင်ခန်းစာရလည်း ခဏပဲ ဆိုတာ သူသိနေတာကိုး။ ဒါပေမဲ့ ကျမစိတ်ထဲ မြင်လွယ်ထင်လွယ်အောင် ဒီချာတိတ်လေးတွေက ကိုယ့်ရှေ့မှာ သင်ခန်းစာပေးသလို ဖြစ်သွားတာမို့ ဒီအဖြစ်အပျက်ကလေးကို တော်တော်လေး စွဲသွားပြီး ဘလော့မှာ တင်လိုက်ရခြင်းပါ။

ဆိုတော့ … ပြောချင်တာက ကျမ ဘယ်သူ့ကိုမှ ဆုံးမတာလည်း မဟုတ်သလို ဘယ်သူ့ကိုမှလည်း မရည်ရွယ်ပါဘူး။ ကိုယ်ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကလေးကို ရိုးရှင်းစွာ ပြန်လည် တင်ပြရုံသက်သက် မျှသာပါ။ ကိုယ့်ထက် အသက်ကြီး ၀ါကြီးတဲ့ ပုဂ္ဂိုလ်မျိုးကို ဆုံးမနိုင်လောက်တဲ့ အရည်အချင်း ကျမမှာ မရှိသေးပါဘူး။ အကယ်၍ အဲဒီလို ရည်ရွယ်သလို ဖြစ်သွားလို့ တဖက်သား အရှက်ရသွားခဲ့ရင် ကျမ အရေးအသား ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါလိမ့်မယ်။

မှန်တာကိုရေးတာမို့ နာမည်တပ်ပြီး ရေးရမယ်ဆိုပေမဲ့ ကျမ အဲဒီချာတိတ်တွေ နာမည်လည်း မသိတော့ ကိုယ်အဆင်ပြေသလို ကတုံးလေး၊ ဦးထုပ်လေး ဆိုပြီး ရေးလိုက်တာပါ။ တခုတော့ရှိပါတယ်။ အဲဒီပို့စ်ထဲမှာ တိုက်ရိုက် ထည့်မရေးခဲ့ပေမဲ့ အခုတော့ မထူးတော့ပြီမို့ ပြောလိုက်ပါတော့မယ်။ ပထမလူက အင်္ဂလိပ် (သို့) ဥရောပသား လူဖြူ တယောက်ပါ။ ကားအနီပေါ်က ဆံပင်တွေ အုပ်ထားကြတဲ့ မိန်းကလေးတွေ ဆိုတာက ပါကစ္စတန်နိ မိန်းကလေးတွေပါ။ သူတို့ ဘာသာရေး ထုံးတမ်းစဉ်လာအရ ဆံပင် အုပ်ထားကြတာပါ။ ဦးထုပ်လေးက အာဖရိကန်သားပါ၊ ကားပေါ်က အမျိုးသမီးကြီး ဆိုတာကတော့ အင်္ဂလိပ်အမျိုးသမီးကြီး ဖြစ်ဟန်တူပါတယ်။ ကျမက အဲဒီလို ဘာလူမျိုးတွေဆိုတာ တိုက်ရိုက် မရေးချင်လို့ အသားရောင်ရယ် ၀တ်စားဆင်ယင်ပုံရယ်နဲ့ပဲ မသိမသာ ရေးပြခဲ့တယ်။ ကျမ ဆိုလိုချင်တာက အင်္ဂလိပ်လူမျိုးတွေဟာ ယဉ်ကျေးတယ်ဆိုပေမဲ့ ရိုင်းပျတဲ့လူတွေလည်း ရှိတယ်။ (ရိုင်းတဲ့လူနဲ့တွေ့လို့ ပြန်ရိုင်းလိုက်တာလည်း ဖြစ်နိုင်ပါတယ်။) အာဖရိကန်တွေ ရိုင်းတယ်ဆိုပေမဲ့ ယဉ်ကျေးတဲ့လူတွေလည်း ရှိတယ် … ဆိုတာကိုပါ။ ကျမရဲ့ စာက အဲဒီ အချက်ကို ရည်ညွှန်းချင်တာလည်း ပါပါတယ်။ (စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်း မြင်လိုက်ရတာမို့ သူတို့နာမည်တွေလည်း တခုမှ ကျမ မသိပါဘူး။)

“တနေ့ထဲမှာ တူညီပေမဲ့ ကွဲပြားတဲ့ အဖြစ်အပျက် နှစ်ခုကို မိနစ်ပိုင်းလေးပဲ ခြားပြီး ကြုံလိုက်ရတာ ကျမကို သင်ခန်းစာ ပေးလိုက်သလိုပါပဲ။ တလမ်းလုံး အဲဒီအဖြစ်အပျက် နှစ်ခုကို တစိမ့်စိမ့်နဲ့ တွေးနေမိတယ်။”

ကျမကို သင်ခန်းစာပေးသလိုပဲ ဆိုတာက ကျမက သင်ခန်းစာယူရမယ့် လူဖြစ်နေလို့ပေါ့။ ကျမက ဘယ်သူ့ကိုမှ ဆိုရေးရှိလို့ ဆိုတဲ့အနေနဲ့ သင်ခန်းစာပေးနေတာ မဟုတ်ပါဘူး။ ကျမကိုယ်တိုင် သင်ခန်းစာ ရခဲ့တာပါ။ နဂိုတုန်းက ကျမဟာ ဒီအချက်ကို ကိုယ့်ဟာကိုယ် မမြင်မတွေးမိဘူး။ ဒါကြောင့် ကျမမှားခဲ့ဖူးတယ်၊ ဒေါသတွေနဲ့ ပူလောင်ခဲ့ဖူးတယ်၊ အတေးအမှတ် အာဃာတတွေ ထားခဲ့ဖူးတယ်၊ ငါ့ကို ဒီလိုပြောရင် ဒီလို တုန့်ပြန်မှ ဆိုတဲ့ ဆတ်ဆတ်ထိမခံတဲ့ မာန်မာနတွေ ထားခဲ့ဖူးတယ် … အဲဒီ ကျမအမှားတွေအတွက် ကျမရှေ့မှာ ဖြစ်ပွါးခဲ့တဲ့ ဒီအဖြစ်အပျက် နှစ်ခုဟာ ကျမကို သင်ခန်းစာ ပေးသလို ဖြစ်သွားတယ်။ ဒါပါပဲ။

တခြားသူ တဦးတယောက် ကိုယ်မှန်တယ်ထင်တာပဲ ရေးရေး ဘာပဲရေးရေး ကျမ စိတ်မ၀င်စားပါက ဘာမှ မဝေဖန်လိုပါ။ ကိုယ့်အခွင့်အရေးနဲ့ ကိုယ် အလကားရတဲ့ ဘလော့မှာ စိတ်ကြိုက်ရေးနိုင်ပါတယ်။ ကျမကိုယ်တိုင်လည်း ကိုယ်ကြိုက်တာ ကိုယ်ရေးပြီး ကိုယ်ကြိုက်တာ ကိုယ် လက်လှမ်းမီသလောက် ဖတ်နေတာပါပဲ။ ကိုယ်မကြိုက်ရင်တော့ မဖတ်ပါဘူး။

ကျမမိဘတွေက ဘာသာရေး ကိုင်းရှိုင်းကြသူတွေမို့ ကျမလည်း ဘာသာရေးကို စိတ်ဝင်စားပါတယ်။ ကိုယ်တတ်နိုင်သလောက် လုပ်ပါတယ်။ ဒါပေမဲ့ ကျမသည်လည်း ပုထုဇဉ်တယောက် ဖြစ်တာမို့ ပုထုဇဉ်များနည်းတူ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန ကတော့ ရှိပါတယ်။ ဘုရားအမြဲရှိခိုး၊ တရားအမြဲနာနေပေမဲ့ ပုထုဇဉ်ပီပီ အမှားမကင်းနိုင်ပါဘူး။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အတိတ်က အမှားတွေကို ပစ္စုပ္ပန်မှာ သင်ခန်းစာအနေနဲ့ သတ်မှတ်ပြီး အနာဂတ်မှာ အမှားကင်းဖို့သာ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်လို့ ပြောရင်း ….
ကျမရဲ့ စာဟာ မည်သူ့ကိုမှ မရည်ရွယ်ပါ … တိုက်ဆိုင်ပါက တိုက်ဆိုင်မှုဟူ၍သာ သတ်မှတ်ပါလို့ပဲ ပြောချင်ပါတယ်။
***
မေတ္တာဖြင့်
မေဓာဝီ
၂၉၊ ဧပြီ၊ ၂၀၁၀
၂၀း၀၀ နာရီ

Read More...

Tuesday, April 27, 2010

ဂုဏ်တော်များ … ပွါးများဖို့

ဒီကနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ အစက စဉ်းစားထားတာကတော့ အခါတော်နေ့နဲ့ ပတ်သက်ပြီး ပို့စ်တင်မလို့ပါပဲ။ အဓိက ဘုရားအနေကဇာတင်နဲ့ ပတ်သက်ပြီး ညီမတယောက်က မေးထားလို့ပါ။ သူမေးတာကို ရှည်ရှည်ဝေးဝေး ဖြေပေးချင်တာကြောင့် အဖေ့ကို မေးထားပြီးပေမဲ့ ပြန်ရေးဖို့က စာမေးပွဲနီးနေလို့ အချိန်မရတာက တကြောင်း၊ လွန်ခဲ့တဲ့ ၃-နှစ်လောက်က ဒီနေရာမှာ အနည်းအကျဉ်း ရေးထားပြီးသား ဖြစ်တာက တကြောင်းကြောင့် ဗုဒ္ဓနေ့နဲ့ အနေကဇာတင် အကြောင်း မတင်ဖြစ်တော့ပါဘူး။

ကျောင်းမှာ ဒီနေ့ အတန်းချိန် မရှိတာမို့ ကိုးပါးသီလယူပါတယ်။ ဗုဒ္ဓနေ့မို့ ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို စိတ်ထဲမှာ ဆင်ခြင်နေမိတယ်။ တဆက်တည်းမှာပဲ ဂုဏ်တော်ကိုးပါးကို အနက်အဓိပ္ပါယ်တွေ အလွယ်မှတ်မိအောင် အဖေရေးပေးဖူးတဲ့ ကဗျာလေးကို သတိရမိတယ်။ ကျမတို့ ငယ်ငယ်တုန်းက ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော် တွေကို အလွယ်မှတ်မိအောင် အဖေရေးပြီး သင်ပေးခဲ့တဲ့ ကဗျာလေးတွေပါ။ များသောအားဖြင့် ကျမတို့က ဣတိပိသောတို့ သမ္ဗုဒ္ဓေတို့ကို ငယ်ငယ်ထဲက ပါဠိလို အလွတ်ရွတ်နိုင်ကြပေမဲ့ မြန်မာလို အဓိပ္ပါယ်မေးရင် ကမောက်ကမ ဖြစ်တတ် ကြပါတယ်။ ဒါကြောင့် အဖေက ပါဠိကို ရွတ်ရင်း မြန်မာလိုလဲ တပါတည်း နားလည်အောင် ဘယ်တော့မှလဲ မမေ့အောင် အဓိပ္ပါယ် တချက်စီနဲ့ ခပ်တိုတို ရေးခဲ့တာလို့ ဆိုပါတယ်။

“အရဟံ ဆိုတဲ့ ပါဠိမှာတွင်ပဲ အဓိပ္ပါယ်က အများကြီးရှိတာမို့ အဓိပ္ပါယ် ကွဲလွဲချက်တွေတော့ ရှိနိုင်တယ် … ဒီကဗျာလေးတွေဟာ ကလေးတွေအတွက် မှတ်လွယ် ဆိုလွယ် နားလည်လွယ်စေဖို့နဲ့ အနက်အဓိပ္ပါယ်ကို သိပြီး ရွတ်ဖတ်ပူဇော်ရင် သဒ္ဓါတရား ပိုထက်သန် တိုးပွါးစေဖို့ ရည်ရွယ်ပြီးရေးထားတာ … ပြီးပြည့်စုံတယ်လို့ မဆိုနိုင်ဘူး” လို့ အဖေက ပြောခဲ့ဖူးပါတယ်။ မတန်ခူးရဲ့ သားသားအတွက်ဆိုရင် နည်းနည်းများ ခက်နေမလားတော့ မပြောတတ်ဘူး။ ဒါပေမဲ့လည်း ခုခေတ်ကလေးတွေက ကျမတို့တုန်းကထက် ဉာဏ်ရည်မြင့်ကြတာမို့ အဆင်ပြေရင်လည်း ပြေနိုင်ပါတယ်။ ကလေးရော လူကြီးရော ဂုဏ်တော်ပွါးများချင်သူ အားလုံးအတွက် ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဓမ္မဒါန ပြုလိုက်ပါတယ်ရှင်။
***
ဘုရားဂုဏ်တော်

သုံးဦးပူဇော်
ကိုယ်တော်သိမြင်
မှန်မြင်ကျင့်ပွါး
မြတ်စကားနှင့်
သုံးပါးလောက
ဟောပြထိုက်သူ
နတ်လူဆရာ
သစ္စာသိမြင်
ဘုန်းခြောက်ရှင်
ကိုးအင် ဘုရားဂုဏ်။

အနက်
(၁) သုံးဦးပူဇော် - လူနတ်ဗြဟ္မာ သတ္တ၀ါ သုံးပါးတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား။ (အရဟံ)
(၂) ကိုယ်တော်သိမြင် - တရားအလုံးစုံကို ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။ (သမ္မာသမ္ဗုဒ္ဓေါ)
(၃) မှန်မြင်ကျင့်ပွါး - အသိဝိဇ္ဇာ၊ အကျင့်စရဏတို့ကို မှန်ကန်စွာ မြင်တော်မူ၍ ကောင်းစွာ ကျင့်ကြံတော်မူသော မြတ်စွာဘုရား။ (၀ိဇ္ဇာစရဏ သမ္ပန္နော)
(၄) မြတ်စကားနှင့် - ကောင်းသောစကားကိုသာ ပြောကြားတော်မူသော မြတ်စွာဘုရား။ (သုဂတော)၊
(၅) သုံးပါးလောက - လောကသုံးပါးကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။ (လောက၀ိဒူ)
(၆) ဆုံးမထိုက်သူ - ဆုံးမထိုက်သူ (ကျွတ်ထိုက်သူ) နတ်လူဗြဟ္မာတို့အား ဟောကြားဆုံးမတော်မူသော မြတ်စွာဘုရား။ (အနုတ္တရောပုရိသ ဓမ္မသာရထိ)
(၇) နတ်လူဆရာ - လူအပေါင်း နတ်အပေါင်း ဗြဟ္မာအပေါင်းတို့၏ ဆရာတဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။ (သတ္ထာဒေ၀ မနုဿာနံ)
(၈) သစ္စာသိမြင် - သစ္စာလေးပါးကို သိမြင်တော်မူသော မြတ်စွာဘုရား။ (ဗုဒ္ဓေါ)
(၉) ဘုန်းခြောက်ရှင် - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ (ဘဂ၀ါ)

ဤသို့ ကိုးပါးသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားရှင်အား ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏။
***
တရားဂုဏ်တော်

မဂ်ဖိုလ် နိဗ်ယတ်
ရှုအပ် ကိုယ်တိုင်
ကျိုးဖြိုင်မလင့်
ထိုက်သင့်ဖိတ်ခေါ်
ဆောင်သော် ကပ်ထား
ခံစားကိုယ်စီ
ဤခြောက်လီ
ခေါ်သည် တရားဂုဏ်။

အနက်
(၁) မဂ်ဖိုလ် နိဗ်ယတ် - မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ် အားဖြင့် ဆယ်ပါးသော တရားတော်၊ (သွာက္ခာတော ဘဂ၀တာ ဓမ္မော)
(၂) ရှုအပ် ကိုယ်တိုင် - သူများပြောစကားဖြင့် မဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ ရှုအပ် သိအပ်သော တရားတော်၊ (သန္ဒိဋ္ဌိကော)
(၃) ကျိုးဖြိုင်မလင့် - အချိန်အခါ မလင့် အကျိုးပေးတတ်သော တရားတော်၊ (အ-ကာလိကော)
(၄) ထိုက်သင့်ဖိတ်ခေါ် - လာလှည့် ရှုလည့်ပါဟု ဖိတ်ခေါ်ထိုက်သော တရားတော်၊ (ဧဟိပဿိကော)
(၅) ဆောင်သော် ကပ်ထား - မိမိနှလုံးသားထဲရောက်အောင် ကပ်ဆောင်ထားသင့်သော တရားတော်၊ (သြပနေယျိကော)
(၆) ခံစားကိုယ်စီ - တရား ကျင့်ကြံ အားထုတ်သူအားလုံး ကိုယ်စီကိုယ်ငှ ကောင်းကျိုး သိမြင်ခံစားရသော တရားတော်၊ (ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ)

ဤသို့ ဂုဏ်တော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော တရားတော်မြတ်အား ရိုသေလေးမြတ်စွာ ရှိခိုး ကန်တော့ပါ၏။
***
သံဃာ့ဂုဏ်တော်

ကျင့်ကောင်းရှစ်ပါး
ဖြောင့်ငြားတသွယ်
ရည်ရွယ်နိဗ္ဗာန်
ရိုသေရန်နှင့်
လှူခံဆောင်ဝေး
ထိုက်သေးဧည့်ကောင်း
မြတ်လှူလောင်း၍
အပေါင်းလက်ချီ
လယ်ကောင်းမည်
ကိုးလီ သံဃာ့ဂုဏ်။

အနက်
(၁) ကျင့်ကောင်း ၈ ပါး - သမ္မာဒိဋ္ဌိ အစရှိသော အကျင့်ကောင်း အကျင့်မြတ် ၈ ပါးကို ကျင့်တော်မူသော သံဃာတော် အရှင်မြတ်များ။ (သုပ္ပဋိပန္နော)
(၂) ဖြောင့်ငြား တသွယ် - ဖြောင့်မတ် မှန်ကန်စွာ ကျင့်တော်မူသော သံဃာတော် အရှင်မြတ်များ။ (ဥဇုပ္ပဋိပန္နော)
(၃) ရည်ရွယ် နိဗ္ဗာန် - နိဗ္ဗာန်သို့ ရည်ရွယ်၍ ကျင့်တော်မူသော သံဃာတော် အရှင်မြတ်များ။ (ဉာယပ္ပတိပန္နော)
(၄) ရိုသေရန်နှင့် - ကောင်းမွန် ရိုသေစွာ ကျင့်တော်မူသော သံဃာတော် အရှင်မြတ်များ။ (သာမိစိပ္ပဋိပန္နော)
(၅) လှူခံဆောင်ဝေး - အဝေးမှ ဆောင်ယူလာသော ပစ္စည်းများကို အလှူခံ ထိုက်ပါပေသော သံဃာတော် အရှင်မြတ်များ။ (အာဟုနေယျော)
(၆) ထိုက်သေး ဧည့်ကောင်း - ဧည့်ကောင်း ဆောာင်ကောင်းတို့အတွက် ရည်ရွယ်ထားသော ပစ္စည်းများကိုပင် အလှူခံ ထိုက်ပါပေသော သံဃာတော် အရှင်မြတ်များ။ (ပါဟုနေယျော)
(၇) မြတ်လှူ လောင်း၍ - မြင့်မြတ်သော ပစ္စည်းများကိုပင် အလှူခံ ထိုက်ပါပေသော သံဃာတော် အရှင်မြတ်များ။ (ဒက္ခိဏေယျော)
(၈) အပေါင်း လက်ချီ - လူ၊ နတ်၊ ဗြဟ္မာအပေါင်းတို့ လက်အုပ်ချီမိုး ရှိခိုးခြင်းငှာ ထိုက်ပါပေသော သံဃာတော် အရှင်မြတ်များ။ (အဉ္စလိကရဏီယျော)
(၉) လယ်ကောင်းမည် - ကုသိုလ်ကောင်းမှု မျိုးစေ့တို့ စိုက်ပျိုး ကြဲဖြန့်ရာ လယ်တာ မြေကောင်းသဖွယ် ဖြစ်ပါသော သံဃာတော် အရှင်မြတ်များ။ (အနုတ္တရံ ပုညက္ခေတ္တံ လောကဿ)

ဤသို့ ကြောင်းလေး, ကျိုးငါး*၊ ကိုးပါးအစ၊ ဂုဏ်တော် အနန္တတို့နှင့် ပြည့်စုံတော် မူပါပေသော သံဃာတော်မြတ် အပေါင်းအား ရိုသေ လေးမြတ်စွာ ရှိခိုး ကန်တော့ပါ၏ ဘုရား။
***
*ကြောင်းလေး, ကျိုးငါးဆိုတာ အပေါ်က ၄-ပါးက အကြောင်းပါ၊ သံဃာတော်တွေဟာ အဲဒီ အကြောင်း ၄-ပါးကို ပြုကျင့်တာကြောင့် ကျန်တဲ့ အကျိုးတရား ၅-ပါးကို ခံစားရတာ ဖြစ်ပါတယ်။

ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဘုရား၊ တရား၊ သံဃာ့ဂုဏ်တော်များ ပွါးများခြင်းဖြင့် ကိုယ်စိတ် နှစ်ပါး ချမ်းမြေ့ကြပါစေကြောင်း … ။
***
မေဓာဝီ
၂၇၊ ဧပြီ၊ ၂၀၁၀
၀၈း၂၀ နာရီ

မှတ်ချက်။ ။
စာမေးပွဲနီးနေလို့ ဘလော့ဂင်းတာ ခဏနားပါအုံးမယ်။ စာမေးပွဲပြီးမှ ပြန်ရေး/ပြန်ဖတ်ပါမယ်။ ကျမဘလော့လေးကို မတော်တဆ ရောက်လာသူများ၊ တကူးတက လာရောက် ဖတ်ရှုကြသူများ၊ မှတ်ချက်ဖြင့် အားပေးကြသူများ၊ မှတ်ချက်မပေးသော်လည်း အမြဲဖတ်ရှုကြသူများ၊ ကျမရေးတာကို ကြိုက်သော … မကြိုက်သော … ထိုထိုသူများ အားလုံးကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ရင်း ခဏ နှုတ်ဆက်လိုက်ပါတယ်။
***

Read More...

Sunday, April 25, 2010

တူညီသော်ငြား ... ခြားနားသည်

ပြီးခဲ့တဲ့ ကြာသာပတေးနေ့။
နေ့တ၀က် အတန်းပြီးလို့ အိမ်ကိုစောစော ပြန်ခဲ့တယ်။ ရာသီဥတုက သာသာယာယာ၊ နေရောင်က တောက်တောက်ပပ၊ ဒါပေမဲ့ လေကတော့ အေးအေးမြမြ တိုက်လို့နေတယ်။ ဘိလပ်သူ ဘိလပ်သားများဟာ နေရောင်ဖြိုးဖြ ပွင့်လာပြီဆိုတာနဲ့ ၀တ်စားဆင်ယင်မှုက ချက်ချင်း ပြောင်းသွားကြတော့တာပဲ။ လေအေး ဘယ်လောက်တိုက်တိုက် သူတို့ပဲ မအေးသလို အတိုတွေ အဟိုက်တွေ အကပ်တွေ ၀တ်လို့၊ နေကာမျက်မှန်ကြီးတွေကိုလည်း မျက်နှာတ၀က် ဖုံးအောင်တပ်လို့ ဂိုက်ထုတ်ကြပါတော့တယ်။ အင်းလေ သူတို့မလဲ ဒီအချိန်လေးပဲ ရာသီဥတုက ကောင်းရှာတာကိုး။ ကျမတို့အနေနဲ့တော့ အေးသေးတာမို့ အင်္ကျီထူကို မချွတ်ရဲသေးပါဘူး။

ကျောင်းနဲ့ အိမ်က လမ်းလျှောက်ရင် (ကျမခြေလှမ်းနဲ့ဆို) ၄၅ မိနစ်လောက် ကြာပါတယ်။ အိမ်အပြန်လမ်းမို့ လောစရာမလိုတာကြောင့် ခပ်ဖြည်းဖြည်းပဲ လျှောက်နေလိုက်ပါတယ်။ လူတကာက ကျမနောက်က ကျော်ဖြတ်သွားကြတာပေါ့။ (မြန်မြန်လျှောက်လဲ လူတိုင်း ကျော်တက်ကြတာပါပဲ။) ကျမကလည်းကိုယ့်နောက်က ဖြတ်ကျော်သွားတဲ့ လူတွေရဲ့ နောက်ပိုင်းကို ကြည့်ရင်း ဒီလူကတော့ လမ်းလျှောက်ပုံကတမျိုးပါလား၊ ဒီကောင်မလေးတော့ ၀တ်ထားတာ ဟော့ရှော့ပဲ … လှလိုက်တာ၊ ဟော … သူတို့ စုံတွဲကတော့ သိပ်ချစ်ကြမယ့်ပုံ၊ ဒီလူကြီးကတော့ တကိုယ်တည်း ကလေး လက်တွန်းလှည်းလေး တွန်းလို့ပါလား ဆင်ဂဲလ် ဖားသား ထင်ပါရဲ့ ... စသဖြင့် စိတ်ကူးထဲ ထင်မြင်ချက်တွေ ပေးနေမိတယ်။

တနေရာအရောက် ကျမနောက်က လူတယောက် ကျော်တက်သွားလို့ သူ့ကို လှမ်းကြည့်တော့ တီရှပ်လက်တိုနဲ့ ဘောင်းဘီဖင်ရှောနဲ့ လက်ကို ကွထားပြီး မြောက်ကြွမြောက်ကြွ လျှောက်သွားတာ တွေ့ရတယ်။ ဆံပင်ကတော့ တိုတိုကပ်ကပ် နားသယ်စပ်နားမှာ လိုင်းဖော်ထားသေးတယ်။ အဲဒီလိုနဲ့ ကျမ မီးပွိုင့်ရောက်ခါနီးမှာ အဲဒီလူက မီးပွိုင့်ဆီ ရောက်နေပြီ။ မီးပွိုင့်က လူအတွက် နီထားပါတယ်၊ ဒါပေမဲ့ သူက ခပ်တည်တည်ပဲ လမ်းဖြတ်ကူးသွားတယ်၊ တဖက်က ကားတွေက မီးစိမ်းလို့ လွှတ်လိုက်ပြီ။ သူက ခြေလှမ်းမှန်မှန် လှမ်းရင်း လမ်းဖြတ်ကူးနေတယ်။ ကျမက လှမ်းကြည့်ရင်း အသည်းယားနေတယ်၊ မတော်တဆ တိုက်မိရင် ဒုက္ခပေါ့။

အဲဒီအခိုက် လာနေတဲ့ ကားတွေထဲက ကားနီလေးတစီးက ပွမ်ပွမ်ဆိုပြီး ဟွန်းအကျယ်ကြီး တီးထည့်လိုက်တယ်။ အဲဒီလူက လှမ်းကြည့်တော့ ကားမောင်းသူက အရှိန်ကိုလျှော့ပြီး လက်ခလယ် ထောင်ပြပါလေရော။ အဲဒီလူက ဘာရမလဲ ဟိုက တချောင်းထောင်တော့ သူက လက်သုံးချောင်း ပြန်ထောင်ပြတာပေါ့။ ကားမှန်က တ၀က်ချထားပြီး ကားမောင်းသူက အဲဒီလူနားက ကားကို အဖြတ်မှာ ဘာမှန်းမသိဘူး လှမ်းအော်ပြောတယ်။ ဖြစ်နိုင်တာကတော့ ဆဲတဲ့စကားလုံးပဲ လို့ ယူဆမိပါတယ်။ ဟိုလူက ပလက်ဖောင်းပေါ် ရောက်နေပေမဲ့ သူလည်း အဆဲခံရရောာ နောက်ပြန်လှည့်ပြီး ပြစ်ပြစ်နှစ်နှစ် ဆဲထည့်လိုက်ပြန်တယ်။ လည်ချောင်းကျောကို ထောင်နေတာပဲ။ ဖြူဆွတ်နေတဲ့ သူ့မျက်နှာကြီးတခုလုံးက နီရဲလို့။ ကားမောင်းသူက လူငယ် အမျိုးသမီးပါ။ ကားထဲမှာလဲ လူအပြည့်နီးပါး ပါတယ်။ မောင်းသူရော ကားပေါ်က ကောင်မလေးတွေရော ဆံပင်တွေ မပေါ်အောင် ပုဝါအနက်တွေနဲ့ လုံအောင် ထုပ်ထားကြတယ်။ သူတို့ ဒေါသတွေက ကိုယ့်ကိုပါ အရှိန် လာဟပ်သလား မသိဘူး၊ သူတို့ကို ကြည့်ပြီး စိတ်ထဲ ညစ်ကျုကျု ဖြစ်သွားမိတယ်။

ဒါနဲ့ ကိုယ့်အလှည့်ကျတော့ ဖြတ်ခွင့်ပေးတဲ့ မီးစိမ်းပြတဲ့ထိ စိတ်ရှည်ရှည်စောင့်ပြီးမှ ဖြတ်ကူးလိုက်ပါတယ်။ ဒီလိုနဲ့ ဆက်သွားနေရင်း ၃ မိနစ်သာသာလောက် သွားအပြီးမှာ ကျမ နောက်ကနေ ကောင်လေး နှစ်ယောက် ကျော်တက်ကြပြန်ပါတယ်။ တယောက်က ကတုံးပေါက်စ၊ နောက်တယောက် နားရွက်ဖတ်လပ် ပါတဲ့ ဦးထုပ်ဆောင်းထားတယ်။ ဦးထုပ်နဲ့ ကောင်လေးက အသားခပ်ညိုညို၊ ဖလန်နယ်အကွက် ရှပ်အင်္ကျီ ၀တ်ထားတယ်။ သူတို့နှစ်ယောက် လူငယ်သဘာဝ အာပေါင်အာရင်းသန်သန် စကားပြောရင်း သွားနေကြရာက ကတုံးလေးက ရုတ်တရက် လမ်းတဖက်ကို ဖြတ်ကူးလိုက်တယ်။ အဲဒီနေရာကတော့ မီးပွိုင့်တွေ ဘာတွေ မရှိပါဘူး။

ကတုံးလေး ဖြတ်ကူးတော့ ဦးထုပ်လေးကလည်း ကမန်းကတန်း လိုက်ကူးတယ်။ အဲဒီအချိန်မှာ သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ ကားတစီး လာနေပြန်တယ်။ ကတုံးလေးက အရှိန်မြှင့်ပြီး ပြေးလိုက်တော့ လွတ်သွားရော။ ဦးထုပ်လေးကတော့ လမ်းခလယ်က မျဉ်းဖြူကြောင်းပေါ် ရောက်နေပြီ။ ရှေ့ဆက်သွားရမလို ရပ်နေရမလို ဒွိဟဖြစ်နေတယ်။ ကားကလည်း သူတို့ကို မြင်တော့ အရှိန်လျှော့ပြီး မောင်းလာတယ်။ သူ ကူးမယ်ဆိုရင် လွတ်တဲ့ အနေအထားပါပဲ။ ဒါပေမဲ့ သူက ရပ်လိုက်ပြီး ကားကို ဖြတ်ဖို့ လက်ပြတယ်။ ကားကလည်း အရှိန်ကို အတော်လေး နှေးလိုက်ပြီး ဘီးလှိမ့်တယ်ဆိုရုံပဲ မောင်းသွားတယ်။ ကောင်လေးရှေ့က အဖြတ်မှာ ကောင်လေးက ကားမှန်ပြတင်းကတဆင့် မောင်းသူကို ဆောရီးလို့ တောင်းပန်လိုက်တယ်။ မောင်းတဲ့သူက အသက် ၆၀ လောက်ရှိပြီလို့ ယူဆရတဲ့ မျက်နှာဖြူ အမျိုးသမီးကြီး တဦးပါ။ သူက ပြုံးပြီး ခေါင်းညိတ်ပြတယ်။ ကားဖြတ်သွားတော့မှ ကောင်လေးက လမ်းဆက်ကူးပြီး အေးအေးဆေးဆေး သူ့လမ်းသူ ဆက်သွားတယ်။

ကျမလည်း သူတို့ကို ကြည့်ရင်း သဘောကျလို့ တယောက်ထဲ လမ်းလျှောက်ရင်း ပြုံးနေမိပါရဲ့။
***
တနေ့ထဲမှာ တူညီပေမဲ့ ကွဲပြားတဲ့ အဖြစ်အပျက် နှစ်ခုကို မိနစ်ပိုင်းလေးပဲ ခြားပြီး ကြုံလိုက်ရတာ ကျမကို သင်ခန်းစာ ပေးလိုက်သလိုပါပဲ။ တလမ်းလုံး အဲဒီအဖြစ်အပျက် နှစ်ခုကို တစိမ့်စိမ့်နဲ့ တွေးနေမိတယ်။

ပထမလူဟာ သူ့အတွက် မီးနီနေတာကို ဖြတ်တဲ့အတွက် သူမှားတယ်။ ဒါပေမဲ့ ဒါကို ကားနီက စပြီး မဆဲဘဲ လစ်လျူရှုလိုက်ရင် … နှစ်ယောက်လုံး လမ်းလယ်ခေါင် လူမြင်ကွင်းမှာ ဒေါသတွေနဲ့ ပူလောင်စရာ မလိုဘူး။ ဒုတိယလူလည်း ပြောမယ်ဆိုရင် မှားတာပါပဲ။ သူလမ်းကူးမယ်ဆိုရင် ကားရှင်းမရှင်း ကြည့်ပြီးမှ ကူးသင့်တယ်။ သူက စကားပြောရင်း သူ့သူငယ်ချင်းကူးလို့ မကြည့်ဘဲ ပြေးကူးလိုက်တယ်၊ ကားနဲ့တိုးတယ်၊ ဒါပေမဲ့ ကားမောင်းသူကလည်း နားလည်စွာ အရှိန်လျှော့ ပေးတယ်၊ ဒီလူငယ်ကလည်း သူ့အမှားသူသိလို့ တောင်းပန်တယ်။ ဒီတော့ နှစ်ဦးနှစ်ဖက် ပြေလည်သွားတယ်။ ဒေါသတွေ အမုန်းတွေ ဆဲတာတွေ ခနဲ့တာ ရိတာ ရန်တွေ့တာတွေ အညှိုးအတေးနဲ့ အာဃာတတွေ ဘာမှ မရှိတော့ဘူး။ အဲဒါတွေက တကယ်တမ်း ကိုယ့်အထုပ် ကိုယ်ဖြည်ပြနေသလိုပဲ။ ဘေးကကြည့်ရင် ရှက်ဖို့လဲ ကောင်းပါတယ်။

တကယ်တော့ … ဘယ်နေရာမဆို လူတွေဟာ ကိုယ်ပေးတဲ့အတိုင်း ကိုယ်တိုင် ပြန်ရကြတာချည်းပဲမဟုတ်လား။
***
မေဓာဝီ
၂၄၊ ဧပြီ၊ ၂၀၁၀
၁၈း၀၉ နာရီ

Read More...

Friday, April 16, 2010

ကွဲကြေသွားတဲ့ ကြေကွဲသင်္ကြန်

မွှေးလို့မှ မဝ
လှလို့မှ မဆုံးခင်
ပျက်သုဉ်းခဲ့ရတဲ့ ပိတောက်တွေရယ် …
... … … … … … …
... … … … … … …
... … … … … … …

ပျော်လို့မှ မဆုံး
ပြုံးလို့မှ မ၀ခင်
နေ၀င်သွားရတဲ့ ဘ၀တွေရယ် …
... … … … … … …
... … … … … … …
... … … … … … …

မျက်ရည်စတွေရောယှက်
သင်္ကြန်ကတော့ နှုတ်ဆက်သွားခဲ့ပြီ …
ဒီနှစ်ကူးမှာ …
တေးသံတွေလဲ မသာတော့ဘူး …
ပိတောက်တွေလဲ မ၀ါတော့ဘူး … တဲ့ …
ငှက်ကလေးတွေတောင် နှုတ်ဆိတ်လို့
တိတ်တိတ်ကလေး ပူဆွေးနေကြတယ်… ။

ဒီနှစ်ဆန်းမှာ …
ရွှင်လန်းကြစေသားလို့
ဘယ်နှလုံးသားနဲ့ ဆုတောင်းရမလဲ …
မတည်မြဲခြင်းတွေအတွက်
ကြေကွဲခြင်းများသာ ကြွင်းကျန်ရစ် …
မင်္ဂလာနှစ်သစ် …
မင်္ဂလာနှစ်သစ် …
မင်္ဂလာနှစ်သစ် ….
... … … … … … …
... … … … … … …
... … … … … … …
အမှန်စင်စစ် …
ဖြစ် …. ရ …. ပါ …. လို …. ၏ …. ။
***
မေဓာဝီ
၁၆ ဧပြီ၊ ၂၀၁၀
မဟာသင်္ကြန်အတက်နေ့
၁၅း၁၄ နာရီ။

စောင့်လေမျိုးနွယ်

Read More...

Wednesday, April 14, 2010

ပါရမီထူးတဲ့ သားသားအတွက် ...

မတန်ခူးရေးတဲ့ “သားနဲ့ ဘာသာရေး”ပို့စ်မှာ အသက် ၅ နှစ်ကျော်အရွယ် သားသားက ဘာသာရေးကို တော်တော်လေး စိတ်ဝင်စားတဲ့အကြောင်း ဖတ်ရလို့ ၀မ်းသာမိတယ်။ ကလေးတွေ မြန်မာ့ယဉ်ကျေးမှုနဲ့ ဘာသာရေး စိတ်ဝင်စားဖို့က မိဘဆွေမျိုး အသိုင်းအ၀ိုင်းနဲ့ ပတ်ဝန်းကျင်ပေါ်မှာ အများကြီး မူတည်သလို သူတို့ရဲ့ ပါရမီ ဓာတ်ခံပေါ်မှာလည်း မူတည်ပါတယ်။ ဘေးက ပံ့ပိုးပေးတဲ့သူ ဘယ်လောက်ရှိရှိ ပါရမီ မရှိရင် မဖြစ်နိုင်ဘူး၊ အဲဒီလိုပဲ ဘေးပတ်ဝန်းကျင်က မထောက်ပံ့ပေးပေမဲ့ ပါရမီပါလာရင်လဲ ဘယ်လိုမှ တားဆီးလို့မရဘူး။ ဒါပေမဲ့လဲ ပါရမီဆိုတာ ဖြည့်ကျင့်ခြင်းဆိုတဲ့ အဓိပ္ပါယ်မို့ ပါရမီ မရှိရင် ရှိအောင် လုပ်ယူလို့ ရပါတယ်။ ကလေးဆိုတာမျိုးဟာ ဘယ်အကြောင်းအရာမျိုးမဆို မိဘနဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ပြောပါများရင် နားယဉ်ပြီး သူတို့လေးတွေရဲ့ နှလုံးသားထဲ တဖြည်းဖြည်း စိမ့်ဝင်သွားမှာပါပဲ။ အဲဒါဟာလဲ ပါရမီဖြည့်ခြင်း တမျိုးလို့ ကျမကတော့ ယူဆပါတယ်။

ကျမတို့ ငယ်ငယ်တုန်းက အဖေက ကျမတို့ကို ကျောင်းစာပဲသင်သင် ဘာသာရေး စာပေတွေပဲ သင်သင် မှတ်မိလွယ်စေဖို့ ကဗျာလေးတွေ စပ်ပြီး သင်ပေးခဲ့ပါတယ်။ အဲဒီထဲက ဇာတ်ကြီးဆယ်ဘွဲ့ ကဗျာလေးကိုတော့ အဖေ့မိတ်ဆွေကြီးက သံစဉ်ထည့်ပေးခဲ့ပြီး ကလေးတွေကို သီဆိုစေကာ မြန်မာ့အသံ ရေဒီယိုမှာ ဓာတ်ပြားရခဲ့ဖူးတယ်။ ဟိုတုန်းကတော့ အခါကြီးရက်ကြီးမျိုးမှာ မြန်မာ့အသံ ကလေးအစီအစဉ် ကနေ လွှင့်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ မတန်ခူးရဲ့ သားသားက ဇာတ်နိပါတ်တော်တွေ စိတ်ဝင်စားတယ်ဆိုတော့ မှတ်ရလွယ်တဲ့ အဲဒီ ကဗျာလေးကို ဘလော့မှာ ပို့စ်အနေနဲ့ တင်ပေးမယ်လို့ ကွန်မန့်ထဲ ပြောခဲ့တဲ့အတိုင်း တင်လိုက်ပါပြီ။ သားသားနဲ့တကွ ပါရမီရှင် ကလေးများ အားလုံးအတွက် ဆိုပါတော့။

ကဗျာကို မပြောခင် အမှတ်မှားတတ်တာလေး နည်းနည်း ပြောချင်ပါသေးတယ်။ ဇာတ်ကြီးဆယ်ဘွဲ့ရဲ့ အတိုက တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ၀ိ၊ ဝေ … ပါ။ ဂူဂဲလ်မှာ ရှာကြည့်တော့ တချို့က အမှတ်မှားပြီး ဘူ - စန် - ဒါ (စန္ဒာ) လို့ ရေးထားကြတာ တွေ့ရတယ်။ အမှန်က စန်-နာ ပါ။ စန် = စန္ဒကုမာရ၊ နာ = နာရဒ ရသေ့ကို ပြောတာပါ။ နောက်ပြီး “ဝေ” ဆိုတဲ့ ဝေဿန္တရာကလည်း အသံထွက်အမှန်က ၀စ်သန်တရာ ဖြစ်ပါတယ်။ ဝေသန်တရာ မဟုတ်ပါဘူး။ ဿ (သကြီး)က သနှစ်လုံးဆင့်ထားတာမို့ ဖြန့်လိုက်ရင် ဝေသ်သန်တရာ (ဝေသ် = ၀စ်) လို့ အသံထွက်ရမှာပါ။ အတိုကောက်မှတ်တော့သာ “ဝေ”လို့ပဲ ဆိုကြပေမဲ့ တကယ်တမ်း အရှည်ရွတ်ရင် “၀စ်သန်တရာ”လို့ ဖတ်ရမယ် ဆိုတာလေးလဲ ကလေးတွေ သိစေချင်ပါတယ်။

မတန်ခူးရဲ့ သားသားနဲ့ တကွ ပါရမီရှင် … သားငယ် သမီးငယ်လေးတွေအတွက် “ဇာတ်ကြီးဆယ်ဘွဲ့ ထူးတဲ့ပါရမီ” … ပါ။

ဇာတ်ကြီးဆယ်ဘွဲ့ ထူးတဲ့ပါရမီ

(တေ-ဇ-သု-နေ-မ၊ ဘူ-စန်-နာ-၀ိ-ဝေ)
တေမိမင်းက တည်ကြည်လှ၊
ခြောက်လှန့်ချော့မရ။
ဇနကရဲ့ ဇွဲလုံ့လ
ပင်လယ်ကူးနိုင်စွ။
သုဝဏ္ဏသာမ သားလိမ္မာ
မိဘလုပ်ကျွေးရှာ။
နတ်ရွာငရဲလမ်း သူလျှောက်လှမ်း
နေမိမင်းအစွမ်း။
တဖက်ကမ်းခတ် ဉာဏ်ပညာ
က၀ိမဟော်သဓာ။
မြဲစွာသီလ စောင့်နိုင်အား
ဘူရိဒတ်နဂါး။
စကားသစ္စာ အောင်ကြောင်းဖြာ
မင်းစန္ဒကုမ္မာ။
မိစ္ဆာကွယ်ပ ဟောဖော်ပြ
ရသေ့နာရဒ။
ဝိဓူရရဲ့ တရားတော်
ဇမ္ဗူအနှံ့ကျော်။
အလှူတော် တုဘက်ကင်း
ဝေဿန္တရာမင်း။ ... ။
***
အဲဒီကဗျာကို ဒီနေရာမှာလဲ တင်ခဲ့ဖူးပါတယ်။

ဒါကတော့ ကလေးတွေကို သီချင်းလို ဆိုပြလို့ရအောင်။ တီးလုံးတော့ မပါဘူး။ သံစဉ် သိရရုံ သက်သက်ပေါ့။


Read More...

Sunday, April 11, 2010

သင်္ကြန်နာ

နက်ဖြန်ဆို သင်္ကြန်ကို ကြိုကြတော့မယ်။ ကျမအတွက်ကတော့ သင်္ကြန်အိပ်မက်လည်း ပျောက်၊ ပိတောက်နတ်သမီးရဲ့ အဝေးမှာ အတိတ်က သင်္ကြန်တွေကိုသာ တမ်းတရင်း မကြာခင် ရောက်လာတော့မယ့် စာမေးပွဲတစ္ဆေကြီးအတွက် stress တွေများနေပါတယ်။ ဒါပေမဲ့လည်း ဒီအချိန် ဒီရာသီနဲ့ ဒီပွဲတော်ဟာ လူတွေကို ဖမ်းစားတတ်လေတော့ စိတ်မခိုင်တဲ့ ကျမမှာ အတွေးထဲ သင်္ကြန်သာ အမြဲကြီးစိုးနေပြီး စားလည်း သင်္ကြန်၊ အိပ်လည်း သင်္ကြန်၊ ကျောင်းစာကို မှန်မှန်မဖတ်နိုင်ဘဲ လူက ထိုင်မရ ထမရ သင်္ကြန်နာ ကျလို့နေတာကြောင့် ဒီကဗျာလေး ရေးလိုက်မိပါတယ်။ ဏီလင်းတက်ဂ်တဲ့ အတွေးကို ဖြေတယ်လို့လည်း သဘောထားပေးပါ။ ကျမဘလော့ရဲ့ ပို့စ် ၅၀၀ ပြည့် "သင်္ကြန်နာ" လေးကို ဖတ်ကြည့်ကြပါအုံး။

အားလုံးပဲ ... မင်္ဂလာရှိသော သင်္ကြန်နဲ့ မင်္ဂလာရှိသော နှစ်သစ် ဖြစ်ကြပါစေ .... လို့။
***
"သင်္ကြန်နာ"

မပြန်သာ
သင်္ကြန်အခါသမယ
ကြံရာမရပါလို့
ဗျို့ဟစ်ကာ အော်လိုက်ချင်ပါသည် …
ဂျီတော့ခ်တွင် တလီ၊
ထိုထိုဤ ဘလော့ဂ်ထဲ၊
အတာရေ စိုကာရွှဲလို့
သင်္ကြန်ပွဲ နွှဲနေကြပြီ။

ပွဲတော်ကစည်
မအီမသာ မျှော်ငေး
သြော် … မတွေးချင်ဘု
ဖော်ဝေး ဒီသင်္ကြန်မှာဖြင့်
ရယ်သံတောင် မကြားပါရစေနဲ့
နားဝမှာ ဂွမ်းကို ဆို့လို့
တူးပို့သံ သပိတ်မှောက်
ပိတောက်ကို ဝေရာမဏိပေမဲ့
ဖြေစရာလဲ မရှိတာမို့
ဝေဒနာလဲ မချိတော့ပါပြီ။

သဘောအတည်
အပြောမပလီပါဘု
ချောမဒီ ဟောသည်နှစ်မှာတော့
ယောဂီဝတ်ကာ ရိပ်သာဝင်လို့
သိက္ခာရှင် ထေရီအလား
တရားလဲ မကျင့်နိုင်ရှာပြီ … ။

(အဲဒါကြောင့် … နောက်ဆုံးမတော့)
စကားနည်းစွာ
တရားပဲ အခါခါနာရင်း
အားခဲကာ စာတွေစီလို့
ဟောဒီ နွေရာသီမှာ …
ရွှေဌာနီ မပြန်သာသမျှ
မေဓာဝီ သင်္ကြန်နာကျလေတော့သည်။ … ။ !_!
***
မေဓာဝီ
၁၀၊ ဧပြီ၊ ၂၀၁၀
၁၄း၄၀ နာရီ

သင်္ကြန်နဲ့ပတ်သက်ပြီး ရေးခဲ့သမျှ ...
ဒီနေရာမှာ

Read More...

Wednesday, April 07, 2010

ကြိုက်မိကြိုက်ရာ

သင်္ကြန် ရောက်တော့မယ်၊ မြန်မာနှစ်သစ်တခါ ကူးပြန်တော့မယ်ဆိုတော့ နှစ်သစ်ကို အကြွေးတွေ သယ်မသွားချင်ဘူး။ ဆပ်စရာ အကြွေးက ၂ ပုဒ်ရှိပါတယ်။ ဟိုတလောက အမျိုးသမီး ဘလော့ဂါတွေ လုံချည်တွေ ထုတ်ကြွားကြတုန်းက မစုချစ် တဂ်ထားတဲ့ “ကိုယ့်အကြိုက်”ဆိုတာ မရေးဘဲ မသိချင်ယောင် ဆောင်နေခဲ့သေးတယ်။ အဲဒီအကြိုက်ကိုပဲ ကိုအောင် (ပျူ)က ထပ်တဂ်ပြန်ရော။ ဒါလဲ မအားဘူး ဘာညာနဲ့ နေနေသေးတာပဲ။ နောက်တခါ ဏီလင်း က အတွေးများ ဆိုပြီး တဂ်ပြန်တယ်။ အကြွေးပေါ် အကြွေးဆင့်လာတော့ မဖြစ်တော့ဘူးဆိုပြီး ရေးဖို့ ပြင်ရပါပြီ။ လောလောဆယ်တော့ ပထမလူကိုပဲ ဦးစားပေးတဲ့အနေနဲ့ ကိုယ့်အကြိုက်တဂ်ကို အထုတ် အရင်ဖြည်ပါပြီ။
***
ကိုယ့်အကြိုက်ဆိုပြီး သူများတကာတွေလို လုံချည်တွေ ဖြန့်ခင်းပြရမှာလဲ လုံချည်ဆိုလို့ ရေလဲလုံချည်တောင် မပါဘူး။ (ဦးရီးတော်အိမ်မှာ ကျန်ခဲ့လို့ပါ။) ရှိတာကလဲ ကောင်းကောင်းကန်းကန်းရယ် မဟုတ်ပါဘူး။ ဒါကြောင့် ကြွားစရာမရှိဘူး ဆိုပါတော့။ ရွှေရတု စွယ်စုံ ဘကျောက်ကတော့ တညင်းသီးပုလင်းကြီးနဲ့ တက်စာ ရေးတယ်။ လူကြမ်းကြီး ကလူသစ် ကတော့ ဘာမှမကြိုက်ဘူး ဆိုပဲ။ ရာဇ၀င်ထဲက ကိုအောင် ရဲ့ အကြိုက်က သမိုင်းတွေတဲ့။ ကျမကရော … ဘာကြိုက်သလဲ … ကိုယ့်ဟာကိုယ် ပြန်စဉ်းစားနေမိတယ်။

တကယ်တမ်း ကိုယ်ဘာကြိုက်သလဲ သေချာ စဉ်းစားကြည့်တော့မှ ကျမငယ်ငယ်က အတော် ဂျီး(ကြေး) များတာ ပြန်သတိရတယ်၊ (ရေချိုးရင် ဆပ်ပြာ သေချာမတိုက်တာလဲ ပါမှာပေါ့။) အစားအသောက်မှာဆိုရင် ကြက်သားဆိုပါတော့၊ အရေခွံပါရင် မစားဘူး။ (ကြက်သီးထ နေသလိုချည်းမို့။) ၀က်သားဆိုရင် အဆီနဲ့ အခေါက်ကို မစားဘူး။ (စားပြီးရင် လည်ချောင်းဝကို ပြန်ပြန်ထွက်လာလို့။) တောက်တောက်စင်းပြီး ၀က်သားလုံးလုပ်ထားရင် မကြိုက်ဘူး။ (စဉ်းတီတုံးစော် နံသလိုဘဲမို့။) ဟင်းတွေထဲ ဆနွင်းတွေ အများကြီး ထည့်ရင်လဲ မကြိုက်ဘူး။ (မီးနေသည်နံ့ နံလို့။) ငါးဆိုရင် ငါးမြစ်ချင်းက ဒိုက်စော်နံလို့ မကြိုက်ဘူး။ ငါးပုတ်သင်၊ ငါးပြေမ၊ ငါးမြွေထိုး … နာမည်မကြိုက်လို့ မစားဘူး။ ငါးရှဥ့်က မြွေနဲ့တူလို့ မစားဘူး။ ငါးကျည်း ငါးခူ … မဲမဲ ချွဲချွဲနဲ့ မချက်ခင် မီးဖိုထဲက ပြာနဲ့တိုက်တာ တခါမြင်ဖူးလို့ မစားဘူး။ ပုစွန် … ခေါင်းတွေ အခွံတွေ ထည့်ချက်ရင် ခွါနေရတာ အလုပ်ရှုပ်လို့ မစားဘူး။ ကြက်ဥ … ပြုတ်ထားရင် အနှစ်မကြိုက်ဘူး။

အသီးအရွက်ကျပြန်တော့လဲ တမျိုး၊ ဂေါ်ရခါးသီး ကြက်ဟင်းခါးသီး … နာမည်ထဲမှာ ခါးဆိုတာ ပါနေလို့ မစားဘူး။ ခရမ်းချဉ်သီး၊ ခရမ်းသီး မကြိုက်ဘူး။ ကန်စွန်းရွက်ကြော်တာ နွမ်းနေရင် မကြိုက်ဘူး။ ပဲပင်ပေါက် … စိမ်းစော်နံလို့ မစားဘူး။ မုန်လာဥဖြူ … ချဉ်ရည်ဟင်း ချက်ထားရင် အနံ့ကြီးဆိုးလို့ မကြိုက်ဘူး။ မုန့်ဆိုလဲ ပေါင်မုန့် ဘေးသားမစားဘူး သပ်သပ်ကို လှီးထုတ်ပစ်တာ၊ ပေါက်စီကို အပေါ်က အရေခွံခွါပြီးမှ စားတယ်။ ဗူးသီးကြော်ကျပြန်တော့ အထဲက ဗူးသီးမစားဘူး အပြင်က အခွံပဲစားတယ်။ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲကို အကြော်မပါရင် လုံးဝမစားဘူး။ အဲဒီလို အကြောင်းပြချက် မျိုးစုံနဲ့ ဂျီးများခဲ့တာ။ မစားချင်တဲ့ အစာက များနေတယ်။ လူကလဲ အဲဒီတုန်းကဆို ပိန်ညှောင်နေတာပဲ၊ အဟုတ်။

အမေကဆို ကျမ ပိန်လွန်းလို့ ကျမကိုကြည့်ပြီး စိတ်မကောင်း ဖြစ်ရသတဲ့။ မြန်မာဆေး အင်္ဂလိပ်ဆေး တရုတ်ဆေး အားဆေးမျိုးစုံ တိုက်တယ်။ မထူးပါဘူး၊ မစားဘူး ဆိုတာချည်းပဲ။ ဒါနဲ့ အိမ်မှာ ကူဖော်လောင်ဖက် ခေါ်ထားတဲ့ ကရင်အမကြီးလက်ထဲ ကျမကို ၀ကွက် အပ်လိုက်တယ်။ သူက ညညဆို ငပိရည်နဲ့ ဂေါ်ဖီထုတ် သုပ်တွေနဲ့ ငရုတ်သီးစပ်စပ် ရှူးရှဲရှူးရှဲ ကျမကို ခွံ့တော့ အဲဒါတွေစားပြီး ၀လာတာတဲ့။ (အိမ်ကတော့ အဲဒီလို ပြောကြတာပဲ) စားမယ့် စားတော့လဲ ငပိရည်နဲ့ ဂေါ်ဖီထုတ်သုပ်နော်။ ကျမက အဲဒီလိုပါ။

အစားအသောက်တွင် ဂျီးများတာလား ဆိုတော့ မဟုတ်သေးဘူး။ အ၀တ်အစားလဲ ဂျီးများသေးတယ်။ အင်္ကျီ အ၀တ်အစားကို မကြိုက်ရင် လုံးဝမ၀တ်ဘူး။ မရှိရင် စောင်ခြုံနေမယ်ဆိုတဲ့ အစားထဲကပါ။ ကျောင်းနေတော့ လသာ-၂ မှာ သူငယ်တန်းကနေ ခုနစ်တန်းထိက စကပ်ပဲ ၀တ်ရတာမို့ လုံချည်ကို လုံးဝ မ၀တ်တတ်ဘူး။ အိမ်မှာလဲ ၀တ်မှ မ၀တ်ဘဲ။ ရှစ်တန်းရောက်တော့ ကျောင်းမှာ လုံချည်စ၀တ်ရပြီ။ အဲဒီမှာ ဒုက္ခရောက်တော့တာပဲ။ လုံချည်ကို အောက်ဖျား အ၀န်းအ၀ိုင်း ညီနေမှ ကြိုက်တယ်။ ကျောင်းသွားခါနီးဆို ကိုယ်လုံးပေါ်မှန်ရှေ့မှာ အောက်ဖျားမညီမချင်း ၀တ်နေတော့တာ။ ကျောင်းကားက ရောက်နေပြီ ကျမက လုံချည် ၀တ်လို့ မပြီးသေးဘူး။ အဖေက ကျမကို နောက်တယ်။ ကပ်ကြေးတလက်နဲ့ အဖျားညီအောင် ညှပ်ပေးမယ်တဲ့။ ဘယ်လိုပဲ ညီအောင်ဝတ်လဲ ကျောင်းကားပေါ်တက်လိုက်ရင် ပြန်စောင်းတာပဲ။ ကျောင်းကားက ဒတ်ဆန်းပစ်ကပ် ကားဆိုတော့ ခွကျော်တက်ရတာကိုး။ မတက်ခင်တခါ တက်ပြီးတခါ လုံချည်ပြင်ဝတ်ရတယ်။ အတန်းထဲမှာလဲ ၄၅ မိနစ် တချိန်ပြီးတိုင်း လုံချည်ပြင်ပြင် ၀တ်ရသေးတာ။ မလွယ်ဘူး။ ကျမ အဲဒီတုန်းက လုံချည်ဝတ်ရတာကို လုံးဝမကြိုက်ပါဘူး။

လုံချည်အမျိုးအစားဆိုလဲ ပါတိတ်ဆိုရင် ကြေလွယ်လို့ မကြိုက်။ ဘီဘဲလ် ဖုတုတုနဲ့ဟာက လေးလွန်းလို့ မကြိုက်။ ဘရိုကိတ်တို့ ကီမိုနိုတို့က ၀တ်လိုက်ရင် တောသူကြီးသမီးပုံ ပေါက်နေလို့ မကြိုက်။ ရှောရှီးစလို့ ခေါ်တဲ့ အစတွေတော့ အမုန်းဆုံးပဲ။ လုံးဝ မ၀တ်တတ်လို့ပါ။ အထက်ဆင် ရှည်ရှည်ထုတ်ပြီး ပတ်တာတို့ buckle နဲ့ ချိတ်တာတို့ လုပ်မှ ကျွတ်မကျတာ။ အဲဒီလို ပတ်နေရမှတော့ လုံချည်ဘယ်ဟုတ်တော့မလဲ စကတ် ဖြစ်ပြီပေါ့။ လုံချည်ဆိုတာ လုံချည်လို ၀တ်မှ သဘာဝကျတယ်လို့ ထင်ပါတယ်။ ဒေါက်တွေထည့်တာတောင် မကြိုက်လှဘူး။ တနေရာထဲကြီး မလှည့်သာ မပြောင်းသာအောင် fix လုပ်ပေးထားတာမို့ သဘောမကျဘူး။ လုံချည်ဆိုကတည်းက လုံအောင် ချည်ထားတဲ့ အ၀တ်ပဲ မဟုတ်လား။ ဒါကို ခုခေတ်လုံချည်တွေက အောက်ကခွဲ အထက်က ချုပ်နဲ့ လှည့်မရ လှုပ်မရဆိုတော့ ဒါဟာ လုံချည် မဟုတ်တော့ဘူးလို့ ကျမကတော့ ယူဆတယ်။

ဘွဲ့ယူတော့ ထုံးစံအရ ချိတ်လုံချည်ဝတ်ရတယ်။ ကြိုးကြီးချိတ်လား လွန်းဘယ်နှစ်ရာချိတ်လဲ အမျိုးအစား နားမလည်ပါဘူး။ အရပ်ကပုပြီး လုံချည်ကြီးက ရှည်နေလို့ အောက်ကနေ တော်တော်လေး ဖြတ်ထုတ်ပစ်ရတယ်။ ဒါပေမဲ့ ၀တ်ရတာ အဆင်မပြေပါဘူး။ ခါးနေရာမှာ ဖုဖောင်းနေတာပဲ။ တော်သေးတယ် ဘွဲ့ဝတ်စုံကြီး ခြုံထားလို့ အထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေတာ လူမသိဘူး။ အဲဒီလို ချိတ်လုံချည်တွေလဲ မကြိုက်ပါဘူး။ ကိုယ်နဲ့ မလိုက်ဖက်လို့သာ မကြိုက်တာပါ၊ သူများဝတ်ထားရင်တော့ လှတပတ ဆိုရင် ကြိုက်ပါတယ်။ ယောလုံချည်၊ ချည်ထိုးလုံချည်လေးတွေတော့ ၀တ်ရတာ အဆင်ပြေလို့ သဘောအကျသား။

လုံချည်က မြန်မာပြည် ရာသီဥတုနဲ့ သင့်တော်တယ်၊ ကွင်းလုံချည်ဆိုရင် လှည့်ဝတ်လို့ရတော့ အစုတ်အပြဲ အညစ်အပေ သက်သာတယ်။ ဒါပေမဲ့ အဆင်မပြေတဲ့ နေရာတွေလဲ ရှိပါတယ်။ လုံချည်မခိုင်လို့ ခဏခဏ ပြင်ဝတ်ရတာတို့၊ ဘတ်စ်ကားပေါ်က အတက်အဆင်းတွေ ဆိုလဲ လုံချည်က တုပ်တာတို့ ဖြစ်တတ်တယ်။ ညအိပ်တဲ့အခါလဲ လုံချည်ဝတ်အိပ်တာ မကောင်းဘူး ထင်တာပဲ။ ကျမကတော့ မြန်မာပြည်မှာကတည်းက ညအိပ်ရင် လုံချည်မပါဘဲ အိပ်ပါတယ်။ တမျိုးမထင်ပါနဲ့၊ ည၀တ် ဘောင်းဘီနဲ့ ပြောတာပါ။ ဘာပဲဖြစ်ဖြစ် သူ့ဟာနဲ့သူ အားနည်းချက် အားသာချက်တော့ ရှိတာပဲ။ ခရီးသွားရင် ဘောင်းဘီဝတ်တာ ပေါ့ပေါ့ပါးပါးမို့ ကောင်းတယ်ဆိုပေမဲ့ မြန်မာပြည်ခရီးမှာတော့ သိပ်မကောင်းပါဘူး။ ဘာကြောင့်လဲ ဆိုတော့ လမ်းခုလတ် ပေါက်တော ဆင်းရင် လုံချည်လေးနဲ့ကတော့ အသာလေး မ-ပြီး ထိုင်လိုက်ရုံပဲကိုး။ (မရွှေစင် ပိုသိမယ်ထင်ပါတယ်။) ဘောင်းဘီနဲ့ဆိုရင်တော့ လမ်းဘေး ပေါက်တောမှာ သိပ်မလွယ်လှဘူး။

ဒီကိုလာတော့ ကြီးတော်ကြီးက လုံချည်တထည် လက်ဆောင်ပေးတယ်။ နောက် ၀တ်နေကျ ချည်ထိုးလုံချည်တထည် ယူခဲ့တယ်။ လုံချည်ဆိုလို့ အဲဒီ နှစ်ထည်ပဲ ပါပါတယ်။ လိုလိုမယ်မယ်သာ ပင်နီအင်္ကျီလေး ဘာလေး ယူလာခဲ့ပါတယ်။ ဒီတိုင်းပြည်မှာတော့ လုံချည်ဝတ်ဖို့လဲ မလိုဘူး ထင်တာကိုး။ ဒါပေမဲ့ ရောက်ခါစ ဘုန်းကြီးကျောင်းသွားတော့ ဘောင်းဘီဝတ် သွားမိတာ ဦးရီးတော်က ငါ့တူမက ဘုန်းကြီးကျောင်းသွားတာ ဘောင်းဘီကြီး တကားကားနဲ့လို့ ပြောတာနဲ့ ရှက်သွားပြီး နောက်ပိုင်းတော့ လုံချည်ပဲ ၀တ်ပါတော့တယ်။ (ကျမကိုသာ ပြောတာ သူကတော့ ဘုန်းကြီးကျောင်းသွားရင် ပုဆိုးတခါမှ မ၀တ်ပါဘူး။) ဒါပေမဲ့ ရာသီဥတုက အေးလွန်းတော့ အောက်ကနေ အသားကပ် ဘောင်းဘီမျိုး ခံဝတ်ရတာပဲ။ ဒီမှာလုံချည်ချည်းသက်သက် ၀တ်လို့ သိပ်အဆင်မပြေဘူး။ သိပ်ပူတဲ့ နွေရာသီမျိုးက လွဲလို့ပေါ့လေ။ အမေနဲ့ ကြီးတော်ကြီး ဒီကိုလာလည်တုန်းက နေ့လည်နေ့ခင်း အားနေကြတော့ ကျမအမရဲ့ ချိတ်လုံချည် နှစ်ထည် မချုပ်ရသေးတဲ့ဟာတွေကို လက်ချုပ် ထိုင်ချုပ်ကြတယ်၊ ကျမ၀တ်ဖို့တဲ့။ သူတို့ပြန်သွားတာ ၂ နှစ်ပြည့်တော့မယ်၊ အဲဒီချိတ်လုံချည်တွေ ခုထိ မ၀တ်ဖြစ်သေးပါဘူး။
***
ကြိုက်တာတွေ ရေးခိုင်းတာကို ကျမရေးနေမိတာ မကြိုက်တာတွေချည်းပဲ ဖြစ်နေပြီလား မသိဘူး။ အစားအသောက် ငယ်ငယ်က ဂျီးများပေမဲ့ ခုတော့ လာထား အကုန်စားတယ် ဆိုတာမျိုး ဖြစ်နေပါပြီ။ ပေါင်မုန့်လဲ ဘေးသားရော ဘာရော ဖယ်မနေအားတော့ပါဘူး။ “ဤသည့်စားဖွယ် အမယ်မယ်ကို လှပရေဆင်း ပြည့်ဖြိုးခြင်းငှာ” … ဘာညာဆိုပြီး ရိပ်သာဝင်တုန်းက ထမင်း မစားခင် ဆိုရတာ ပြန်သတိရပြီး စားလို့ရတာ အကုန်စားနေပါပြီ။ ကြက်သား ၀က်သား ငါး ပုစွန်လဲ အရိုးများသော ချေးခါးသော ဇံရွေးမနေတော့ဘူး။ အကုန်စားတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရဖြစ်ဖို့က အဓိကပါပဲ။

အ၀တ်အထည်လဲ ထိုနည်းလည်းကောင်းပါပဲ။ အချမ်းလုံ အရှက်လုံဖို့က အဓိကပဲ။ ဘရန်းဒက်တွေ ဘာတွေ မလုပ်နိုင်ပါဘူး။ ဒီခရီး ဒီထီးနဲ့၊ ဒီအရပ် ဒီဖိနပ်နဲ့ ဆိုသလို သူ့နေရာနဲ့သူ သင့်တင့်လျောက်ပတ်အောင် ရွေးချယ် ၀တ်ဆင်ဖို့ပဲ လိုအပ်ပါတယ်။ နေနေရတာက အမေ့အိမ်လဲ မဟုတ်ဘူး၊ ကိုယ့်တိုင်းပြည်လဲ မဟုတ်ဘူး။ သူများတိုင်းပြည်မှာ အလုပ်မလုပ် ဘာမလုပ် ဇိမ်နဲ့ ကျောင်းတက်နေပြီး ဟိုဟာမ၀တ် ဒီဟာမစားနဲ့ သိပ်လူဝါးဝလို့ မဖြစ်ဘူး မဟုတ်လား။ လူဝါးဝလို့ရတဲ့အချိန် ရောက်တော့မှ ၀ပါတော့မယ်။ လောလောဆယ်တော့ နေနှင့်အုံးပေါ့။ (ဟုတ်သည်ရှိ မဟုတ်သည်ရှိ အဲလိုပဲ လေခပ်ထွားထွားနဲ့ ကြုံးဝါးထားရတာ)
***
အီစတာပိတ်ရက် ဦးရီးတော်အိမ်ပြန်တော့ အဖေပို့ပေးထားတဲ့ စာအုပ်လေးတွေ ရောက်နေပါတယ်။ ဘုရားစာအုပ်က လေးငါးအုပ်နဲ့ ကဗျာစာအုပ်လေး ၂ အုပ်ပါ။ ဘုရားစာအုပ်တွေကိုတော့ ဦးရီးတော်အိမ်မှာ (သူဖတ်ပါစေလို့) ချန်ထားခဲ့ပြီး ကဗျာစာအုပ် ၂ အုပ်ကို သယ်ခဲ့လာတယ်။ ဆရာကြီး မင်းသုဝဏ်ရဲ့ ပျဉ်းမငုတ်တိုနဲ့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းပါ။


အီးဘွတ်တွေ ဘယ်လိုရှိရှိ စာအုပ်ကလေးကိုင်ပြီး ဖတ်ရတဲ့ အရသာကိုတော့ ဘာနဲ့မှ မလဲနိုင်ပါဘူး။ အိပ်ရာပေါ်မှာလှဲပြီး စာအုပ်လေးဖွင့်ဖတ်၊ ဖတ်နေရင်းနဲ့ ခဏရပ် စာအုပ်လေးကို ရင်ဘတ်ပေါ်ချပြီး တွေး၊ တခါတလေ စာအုပ်နံ့လေးကို ရှူမိသေးတယ်။ တခေါက်ဖတ်ပြီးလဲ အားရင်အားသလို ထပ်ဖတ်ချင်မိတယ်။ မဖတ်အားရင်တောင် စာအုပ်လေးတွေကို မြင်သာတဲ့နေရာမှာ ထားပြီး လှမ်းလှမ်းကြည့်နေရရင် ကျေနပ်နေမိတယ်။ ငယ်ငယ်ထဲက ဖတ်လာတဲ့ စာအုပ်တွေ ခုချိန်ထိ မရိုးဘူး။ ဖတ်လို့မ၀ဘူး။ စာမြင်ရင် ဖတ်ချင်နေတုန်း။ စာအုပ်ဆိုရင် ဘယ်ကရရ လိုချင်တုန်း။

ဆိုတော့ … ကျမ စဉ်းစားမိတယ်။ အစားအသောက် အ၀တ်အထည်တွေမှာ ငယ်ငယ်တုန်းက ဂျီးများခဲ့တယ်၊ ဇီဇာကြောင်ခဲ့တယ်၊ ဒါပေမဲ့ အခုတော့ စိတ်ပြောင်းသွားပြီး အကုန်ကြိုက်နေပါပြီ။ စာအုပ်စာပေ အပေါ်ထားတဲ့ သဘောထားကတော့ ငယ်စဉ်ကတည်းက ခုထိ တသမတ်ထဲပဲ။ ဘယ်တော့မှ မပြောင်းလဲဘူး။ နှစ်ပေါင်းများစွာ ကြာလို့ စုတ်ပြတ်သတ်နေတဲ့ စာအုပ်ကလေးလဲ ကျမ အမြတ်တနိုးထားတာပဲ။ ပိုးကိုက်လို့ တပိုင်းတစ ပျက်နေလဲ ရသလောက်ကလေး ဖတ်ဖို့ သိမ်းထားသေးတာပဲ။ စာအုပ်လေးတွေကို ကျမ ချစ်ပါတယ်၊ ကြိုက်ပါတယ်၊ နှစ်သက်ပါတယ်။ ဒါကြောင့် စာအုပ် စာပေတွေကတော့ ကျမရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ အာဟာရဖြစ်ဖို့အတွက် အထောက်အကူ အများကြီးပေးတာမို့ ကျမရဲ့ အကြိုက်ဆုံး … ဆိုပါတော့ရှင်။
***
မေဓာဝီ
၇၊ ဧပြီ၊ ၂၀၁၀
၁၂း၀၃ နာရီ

(ရှည်ရှည်လျားလျား ရေးပေးလိုက်တယ်။ မစုချစ်နဲ့ ကိုအောင် ကျေနပ်ကြမယ်ထင်ပါရဲ့)

Read More...