Wednesday, April 07, 2010

ကြိုက်မိကြိုက်ရာ

သင်္ကြန် ရောက်တော့မယ်၊ မြန်မာနှစ်သစ်တခါ ကူးပြန်တော့မယ်ဆိုတော့ နှစ်သစ်ကို အကြွေးတွေ သယ်မသွားချင်ဘူး။ ဆပ်စရာ အကြွေးက ၂ ပုဒ်ရှိပါတယ်။ ဟိုတလောက အမျိုးသမီး ဘလော့ဂါတွေ လုံချည်တွေ ထုတ်ကြွားကြတုန်းက မစုချစ် တဂ်ထားတဲ့ “ကိုယ့်အကြိုက်”ဆိုတာ မရေးဘဲ မသိချင်ယောင် ဆောင်နေခဲ့သေးတယ်။ အဲဒီအကြိုက်ကိုပဲ ကိုအောင် (ပျူ)က ထပ်တဂ်ပြန်ရော။ ဒါလဲ မအားဘူး ဘာညာနဲ့ နေနေသေးတာပဲ။ နောက်တခါ ဏီလင်း က အတွေးများ ဆိုပြီး တဂ်ပြန်တယ်။ အကြွေးပေါ် အကြွေးဆင့်လာတော့ မဖြစ်တော့ဘူးဆိုပြီး ရေးဖို့ ပြင်ရပါပြီ။ လောလောဆယ်တော့ ပထမလူကိုပဲ ဦးစားပေးတဲ့အနေနဲ့ ကိုယ့်အကြိုက်တဂ်ကို အထုတ် အရင်ဖြည်ပါပြီ။
***
ကိုယ့်အကြိုက်ဆိုပြီး သူများတကာတွေလို လုံချည်တွေ ဖြန့်ခင်းပြရမှာလဲ လုံချည်ဆိုလို့ ရေလဲလုံချည်တောင် မပါဘူး။ (ဦးရီးတော်အိမ်မှာ ကျန်ခဲ့လို့ပါ။) ရှိတာကလဲ ကောင်းကောင်းကန်းကန်းရယ် မဟုတ်ပါဘူး။ ဒါကြောင့် ကြွားစရာမရှိဘူး ဆိုပါတော့။ ရွှေရတု စွယ်စုံ ဘကျောက်ကတော့ တညင်းသီးပုလင်းကြီးနဲ့ တက်စာ ရေးတယ်။ လူကြမ်းကြီး ကလူသစ် ကတော့ ဘာမှမကြိုက်ဘူး ဆိုပဲ။ ရာဇ၀င်ထဲက ကိုအောင် ရဲ့ အကြိုက်က သမိုင်းတွေတဲ့။ ကျမကရော … ဘာကြိုက်သလဲ … ကိုယ့်ဟာကိုယ် ပြန်စဉ်းစားနေမိတယ်။

တကယ်တမ်း ကိုယ်ဘာကြိုက်သလဲ သေချာ စဉ်းစားကြည့်တော့မှ ကျမငယ်ငယ်က အတော် ဂျီး(ကြေး) များတာ ပြန်သတိရတယ်၊ (ရေချိုးရင် ဆပ်ပြာ သေချာမတိုက်တာလဲ ပါမှာပေါ့။) အစားအသောက်မှာဆိုရင် ကြက်သားဆိုပါတော့၊ အရေခွံပါရင် မစားဘူး။ (ကြက်သီးထ နေသလိုချည်းမို့။) ၀က်သားဆိုရင် အဆီနဲ့ အခေါက်ကို မစားဘူး။ (စားပြီးရင် လည်ချောင်းဝကို ပြန်ပြန်ထွက်လာလို့။) တောက်တောက်စင်းပြီး ၀က်သားလုံးလုပ်ထားရင် မကြိုက်ဘူး။ (စဉ်းတီတုံးစော် နံသလိုဘဲမို့။) ဟင်းတွေထဲ ဆနွင်းတွေ အများကြီး ထည့်ရင်လဲ မကြိုက်ဘူး။ (မီးနေသည်နံ့ နံလို့။) ငါးဆိုရင် ငါးမြစ်ချင်းက ဒိုက်စော်နံလို့ မကြိုက်ဘူး။ ငါးပုတ်သင်၊ ငါးပြေမ၊ ငါးမြွေထိုး … နာမည်မကြိုက်လို့ မစားဘူး။ ငါးရှဥ့်က မြွေနဲ့တူလို့ မစားဘူး။ ငါးကျည်း ငါးခူ … မဲမဲ ချွဲချွဲနဲ့ မချက်ခင် မီးဖိုထဲက ပြာနဲ့တိုက်တာ တခါမြင်ဖူးလို့ မစားဘူး။ ပုစွန် … ခေါင်းတွေ အခွံတွေ ထည့်ချက်ရင် ခွါနေရတာ အလုပ်ရှုပ်လို့ မစားဘူး။ ကြက်ဥ … ပြုတ်ထားရင် အနှစ်မကြိုက်ဘူး။

အသီးအရွက်ကျပြန်တော့လဲ တမျိုး၊ ဂေါ်ရခါးသီး ကြက်ဟင်းခါးသီး … နာမည်ထဲမှာ ခါးဆိုတာ ပါနေလို့ မစားဘူး။ ခရမ်းချဉ်သီး၊ ခရမ်းသီး မကြိုက်ဘူး။ ကန်စွန်းရွက်ကြော်တာ နွမ်းနေရင် မကြိုက်ဘူး။ ပဲပင်ပေါက် … စိမ်းစော်နံလို့ မစားဘူး။ မုန်လာဥဖြူ … ချဉ်ရည်ဟင်း ချက်ထားရင် အနံ့ကြီးဆိုးလို့ မကြိုက်ဘူး။ မုန့်ဆိုလဲ ပေါင်မုန့် ဘေးသားမစားဘူး သပ်သပ်ကို လှီးထုတ်ပစ်တာ၊ ပေါက်စီကို အပေါ်က အရေခွံခွါပြီးမှ စားတယ်။ ဗူးသီးကြော်ကျပြန်တော့ အထဲက ဗူးသီးမစားဘူး အပြင်က အခွံပဲစားတယ်။ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲကို အကြော်မပါရင် လုံးဝမစားဘူး။ အဲဒီလို အကြောင်းပြချက် မျိုးစုံနဲ့ ဂျီးများခဲ့တာ။ မစားချင်တဲ့ အစာက များနေတယ်။ လူကလဲ အဲဒီတုန်းကဆို ပိန်ညှောင်နေတာပဲ၊ အဟုတ်။

အမေကဆို ကျမ ပိန်လွန်းလို့ ကျမကိုကြည့်ပြီး စိတ်မကောင်း ဖြစ်ရသတဲ့။ မြန်မာဆေး အင်္ဂလိပ်ဆေး တရုတ်ဆေး အားဆေးမျိုးစုံ တိုက်တယ်။ မထူးပါဘူး၊ မစားဘူး ဆိုတာချည်းပဲ။ ဒါနဲ့ အိမ်မှာ ကူဖော်လောင်ဖက် ခေါ်ထားတဲ့ ကရင်အမကြီးလက်ထဲ ကျမကို ၀ကွက် အပ်လိုက်တယ်။ သူက ညညဆို ငပိရည်နဲ့ ဂေါ်ဖီထုတ် သုပ်တွေနဲ့ ငရုတ်သီးစပ်စပ် ရှူးရှဲရှူးရှဲ ကျမကို ခွံ့တော့ အဲဒါတွေစားပြီး ၀လာတာတဲ့။ (အိမ်ကတော့ အဲဒီလို ပြောကြတာပဲ) စားမယ့် စားတော့လဲ ငပိရည်နဲ့ ဂေါ်ဖီထုတ်သုပ်နော်။ ကျမက အဲဒီလိုပါ။

အစားအသောက်တွင် ဂျီးများတာလား ဆိုတော့ မဟုတ်သေးဘူး။ အ၀တ်အစားလဲ ဂျီးများသေးတယ်။ အင်္ကျီ အ၀တ်အစားကို မကြိုက်ရင် လုံးဝမ၀တ်ဘူး။ မရှိရင် စောင်ခြုံနေမယ်ဆိုတဲ့ အစားထဲကပါ။ ကျောင်းနေတော့ လသာ-၂ မှာ သူငယ်တန်းကနေ ခုနစ်တန်းထိက စကပ်ပဲ ၀တ်ရတာမို့ လုံချည်ကို လုံးဝ မ၀တ်တတ်ဘူး။ အိမ်မှာလဲ ၀တ်မှ မ၀တ်ဘဲ။ ရှစ်တန်းရောက်တော့ ကျောင်းမှာ လုံချည်စ၀တ်ရပြီ။ အဲဒီမှာ ဒုက္ခရောက်တော့တာပဲ။ လုံချည်ကို အောက်ဖျား အ၀န်းအ၀ိုင်း ညီနေမှ ကြိုက်တယ်။ ကျောင်းသွားခါနီးဆို ကိုယ်လုံးပေါ်မှန်ရှေ့မှာ အောက်ဖျားမညီမချင်း ၀တ်နေတော့တာ။ ကျောင်းကားက ရောက်နေပြီ ကျမက လုံချည် ၀တ်လို့ မပြီးသေးဘူး။ အဖေက ကျမကို နောက်တယ်။ ကပ်ကြေးတလက်နဲ့ အဖျားညီအောင် ညှပ်ပေးမယ်တဲ့။ ဘယ်လိုပဲ ညီအောင်ဝတ်လဲ ကျောင်းကားပေါ်တက်လိုက်ရင် ပြန်စောင်းတာပဲ။ ကျောင်းကားက ဒတ်ဆန်းပစ်ကပ် ကားဆိုတော့ ခွကျော်တက်ရတာကိုး။ မတက်ခင်တခါ တက်ပြီးတခါ လုံချည်ပြင်ဝတ်ရတယ်။ အတန်းထဲမှာလဲ ၄၅ မိနစ် တချိန်ပြီးတိုင်း လုံချည်ပြင်ပြင် ၀တ်ရသေးတာ။ မလွယ်ဘူး။ ကျမ အဲဒီတုန်းက လုံချည်ဝတ်ရတာကို လုံးဝမကြိုက်ပါဘူး။

လုံချည်အမျိုးအစားဆိုလဲ ပါတိတ်ဆိုရင် ကြေလွယ်လို့ မကြိုက်။ ဘီဘဲလ် ဖုတုတုနဲ့ဟာက လေးလွန်းလို့ မကြိုက်။ ဘရိုကိတ်တို့ ကီမိုနိုတို့က ၀တ်လိုက်ရင် တောသူကြီးသမီးပုံ ပေါက်နေလို့ မကြိုက်။ ရှောရှီးစလို့ ခေါ်တဲ့ အစတွေတော့ အမုန်းဆုံးပဲ။ လုံးဝ မ၀တ်တတ်လို့ပါ။ အထက်ဆင် ရှည်ရှည်ထုတ်ပြီး ပတ်တာတို့ buckle နဲ့ ချိတ်တာတို့ လုပ်မှ ကျွတ်မကျတာ။ အဲဒီလို ပတ်နေရမှတော့ လုံချည်ဘယ်ဟုတ်တော့မလဲ စကတ် ဖြစ်ပြီပေါ့။ လုံချည်ဆိုတာ လုံချည်လို ၀တ်မှ သဘာဝကျတယ်လို့ ထင်ပါတယ်။ ဒေါက်တွေထည့်တာတောင် မကြိုက်လှဘူး။ တနေရာထဲကြီး မလှည့်သာ မပြောင်းသာအောင် fix လုပ်ပေးထားတာမို့ သဘောမကျဘူး။ လုံချည်ဆိုကတည်းက လုံအောင် ချည်ထားတဲ့ အ၀တ်ပဲ မဟုတ်လား။ ဒါကို ခုခေတ်လုံချည်တွေက အောက်ကခွဲ အထက်က ချုပ်နဲ့ လှည့်မရ လှုပ်မရဆိုတော့ ဒါဟာ လုံချည် မဟုတ်တော့ဘူးလို့ ကျမကတော့ ယူဆတယ်။

ဘွဲ့ယူတော့ ထုံးစံအရ ချိတ်လုံချည်ဝတ်ရတယ်။ ကြိုးကြီးချိတ်လား လွန်းဘယ်နှစ်ရာချိတ်လဲ အမျိုးအစား နားမလည်ပါဘူး။ အရပ်ကပုပြီး လုံချည်ကြီးက ရှည်နေလို့ အောက်ကနေ တော်တော်လေး ဖြတ်ထုတ်ပစ်ရတယ်။ ဒါပေမဲ့ ၀တ်ရတာ အဆင်မပြေပါဘူး။ ခါးနေရာမှာ ဖုဖောင်းနေတာပဲ။ တော်သေးတယ် ဘွဲ့ဝတ်စုံကြီး ခြုံထားလို့ အထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေတာ လူမသိဘူး။ အဲဒီလို ချိတ်လုံချည်တွေလဲ မကြိုက်ပါဘူး။ ကိုယ်နဲ့ မလိုက်ဖက်လို့သာ မကြိုက်တာပါ၊ သူများဝတ်ထားရင်တော့ လှတပတ ဆိုရင် ကြိုက်ပါတယ်။ ယောလုံချည်၊ ချည်ထိုးလုံချည်လေးတွေတော့ ၀တ်ရတာ အဆင်ပြေလို့ သဘောအကျသား။

လုံချည်က မြန်မာပြည် ရာသီဥတုနဲ့ သင့်တော်တယ်၊ ကွင်းလုံချည်ဆိုရင် လှည့်ဝတ်လို့ရတော့ အစုတ်အပြဲ အညစ်အပေ သက်သာတယ်။ ဒါပေမဲ့ အဆင်မပြေတဲ့ နေရာတွေလဲ ရှိပါတယ်။ လုံချည်မခိုင်လို့ ခဏခဏ ပြင်ဝတ်ရတာတို့၊ ဘတ်စ်ကားပေါ်က အတက်အဆင်းတွေ ဆိုလဲ လုံချည်က တုပ်တာတို့ ဖြစ်တတ်တယ်။ ညအိပ်တဲ့အခါလဲ လုံချည်ဝတ်အိပ်တာ မကောင်းဘူး ထင်တာပဲ။ ကျမကတော့ မြန်မာပြည်မှာကတည်းက ညအိပ်ရင် လုံချည်မပါဘဲ အိပ်ပါတယ်။ တမျိုးမထင်ပါနဲ့၊ ည၀တ် ဘောင်းဘီနဲ့ ပြောတာပါ။ ဘာပဲဖြစ်ဖြစ် သူ့ဟာနဲ့သူ အားနည်းချက် အားသာချက်တော့ ရှိတာပဲ။ ခရီးသွားရင် ဘောင်းဘီဝတ်တာ ပေါ့ပေါ့ပါးပါးမို့ ကောင်းတယ်ဆိုပေမဲ့ မြန်မာပြည်ခရီးမှာတော့ သိပ်မကောင်းပါဘူး။ ဘာကြောင့်လဲ ဆိုတော့ လမ်းခုလတ် ပေါက်တော ဆင်းရင် လုံချည်လေးနဲ့ကတော့ အသာလေး မ-ပြီး ထိုင်လိုက်ရုံပဲကိုး။ (မရွှေစင် ပိုသိမယ်ထင်ပါတယ်။) ဘောင်းဘီနဲ့ဆိုရင်တော့ လမ်းဘေး ပေါက်တောမှာ သိပ်မလွယ်လှဘူး။

ဒီကိုလာတော့ ကြီးတော်ကြီးက လုံချည်တထည် လက်ဆောင်ပေးတယ်။ နောက် ၀တ်နေကျ ချည်ထိုးလုံချည်တထည် ယူခဲ့တယ်။ လုံချည်ဆိုလို့ အဲဒီ နှစ်ထည်ပဲ ပါပါတယ်။ လိုလိုမယ်မယ်သာ ပင်နီအင်္ကျီလေး ဘာလေး ယူလာခဲ့ပါတယ်။ ဒီတိုင်းပြည်မှာတော့ လုံချည်ဝတ်ဖို့လဲ မလိုဘူး ထင်တာကိုး။ ဒါပေမဲ့ ရောက်ခါစ ဘုန်းကြီးကျောင်းသွားတော့ ဘောင်းဘီဝတ် သွားမိတာ ဦးရီးတော်က ငါ့တူမက ဘုန်းကြီးကျောင်းသွားတာ ဘောင်းဘီကြီး တကားကားနဲ့လို့ ပြောတာနဲ့ ရှက်သွားပြီး နောက်ပိုင်းတော့ လုံချည်ပဲ ၀တ်ပါတော့တယ်။ (ကျမကိုသာ ပြောတာ သူကတော့ ဘုန်းကြီးကျောင်းသွားရင် ပုဆိုးတခါမှ မ၀တ်ပါဘူး။) ဒါပေမဲ့ ရာသီဥတုက အေးလွန်းတော့ အောက်ကနေ အသားကပ် ဘောင်းဘီမျိုး ခံဝတ်ရတာပဲ။ ဒီမှာလုံချည်ချည်းသက်သက် ၀တ်လို့ သိပ်အဆင်မပြေဘူး။ သိပ်ပူတဲ့ နွေရာသီမျိုးက လွဲလို့ပေါ့လေ။ အမေနဲ့ ကြီးတော်ကြီး ဒီကိုလာလည်တုန်းက နေ့လည်နေ့ခင်း အားနေကြတော့ ကျမအမရဲ့ ချိတ်လုံချည် နှစ်ထည် မချုပ်ရသေးတဲ့ဟာတွေကို လက်ချုပ် ထိုင်ချုပ်ကြတယ်၊ ကျမ၀တ်ဖို့တဲ့။ သူတို့ပြန်သွားတာ ၂ နှစ်ပြည့်တော့မယ်၊ အဲဒီချိတ်လုံချည်တွေ ခုထိ မ၀တ်ဖြစ်သေးပါဘူး။
***
ကြိုက်တာတွေ ရေးခိုင်းတာကို ကျမရေးနေမိတာ မကြိုက်တာတွေချည်းပဲ ဖြစ်နေပြီလား မသိဘူး။ အစားအသောက် ငယ်ငယ်က ဂျီးများပေမဲ့ ခုတော့ လာထား အကုန်စားတယ် ဆိုတာမျိုး ဖြစ်နေပါပြီ။ ပေါင်မုန့်လဲ ဘေးသားရော ဘာရော ဖယ်မနေအားတော့ပါဘူး။ “ဤသည့်စားဖွယ် အမယ်မယ်ကို လှပရေဆင်း ပြည့်ဖြိုးခြင်းငှာ” … ဘာညာဆိုပြီး ရိပ်သာဝင်တုန်းက ထမင်း မစားခင် ဆိုရတာ ပြန်သတိရပြီး စားလို့ရတာ အကုန်စားနေပါပြီ။ ကြက်သား ၀က်သား ငါး ပုစွန်လဲ အရိုးများသော ချေးခါးသော ဇံရွေးမနေတော့ဘူး။ အကုန်စားတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရဖြစ်ဖို့က အဓိကပါပဲ။

အ၀တ်အထည်လဲ ထိုနည်းလည်းကောင်းပါပဲ။ အချမ်းလုံ အရှက်လုံဖို့က အဓိကပဲ။ ဘရန်းဒက်တွေ ဘာတွေ မလုပ်နိုင်ပါဘူး။ ဒီခရီး ဒီထီးနဲ့၊ ဒီအရပ် ဒီဖိနပ်နဲ့ ဆိုသလို သူ့နေရာနဲ့သူ သင့်တင့်လျောက်ပတ်အောင် ရွေးချယ် ၀တ်ဆင်ဖို့ပဲ လိုအပ်ပါတယ်။ နေနေရတာက အမေ့အိမ်လဲ မဟုတ်ဘူး၊ ကိုယ့်တိုင်းပြည်လဲ မဟုတ်ဘူး။ သူများတိုင်းပြည်မှာ အလုပ်မလုပ် ဘာမလုပ် ဇိမ်နဲ့ ကျောင်းတက်နေပြီး ဟိုဟာမ၀တ် ဒီဟာမစားနဲ့ သိပ်လူဝါးဝလို့ မဖြစ်ဘူး မဟုတ်လား။ လူဝါးဝလို့ရတဲ့အချိန် ရောက်တော့မှ ၀ပါတော့မယ်။ လောလောဆယ်တော့ နေနှင့်အုံးပေါ့။ (ဟုတ်သည်ရှိ မဟုတ်သည်ရှိ အဲလိုပဲ လေခပ်ထွားထွားနဲ့ ကြုံးဝါးထားရတာ)
***
အီစတာပိတ်ရက် ဦးရီးတော်အိမ်ပြန်တော့ အဖေပို့ပေးထားတဲ့ စာအုပ်လေးတွေ ရောက်နေပါတယ်။ ဘုရားစာအုပ်က လေးငါးအုပ်နဲ့ ကဗျာစာအုပ်လေး ၂ အုပ်ပါ။ ဘုရားစာအုပ်တွေကိုတော့ ဦးရီးတော်အိမ်မှာ (သူဖတ်ပါစေလို့) ချန်ထားခဲ့ပြီး ကဗျာစာအုပ် ၂ အုပ်ကို သယ်ခဲ့လာတယ်။ ဆရာကြီး မင်းသုဝဏ်ရဲ့ ပျဉ်းမငုတ်တိုနဲ့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းပါ။


အီးဘွတ်တွေ ဘယ်လိုရှိရှိ စာအုပ်ကလေးကိုင်ပြီး ဖတ်ရတဲ့ အရသာကိုတော့ ဘာနဲ့မှ မလဲနိုင်ပါဘူး။ အိပ်ရာပေါ်မှာလှဲပြီး စာအုပ်လေးဖွင့်ဖတ်၊ ဖတ်နေရင်းနဲ့ ခဏရပ် စာအုပ်လေးကို ရင်ဘတ်ပေါ်ချပြီး တွေး၊ တခါတလေ စာအုပ်နံ့လေးကို ရှူမိသေးတယ်။ တခေါက်ဖတ်ပြီးလဲ အားရင်အားသလို ထပ်ဖတ်ချင်မိတယ်။ မဖတ်အားရင်တောင် စာအုပ်လေးတွေကို မြင်သာတဲ့နေရာမှာ ထားပြီး လှမ်းလှမ်းကြည့်နေရရင် ကျေနပ်နေမိတယ်။ ငယ်ငယ်ထဲက ဖတ်လာတဲ့ စာအုပ်တွေ ခုချိန်ထိ မရိုးဘူး။ ဖတ်လို့မ၀ဘူး။ စာမြင်ရင် ဖတ်ချင်နေတုန်း။ စာအုပ်ဆိုရင် ဘယ်ကရရ လိုချင်တုန်း။

ဆိုတော့ … ကျမ စဉ်းစားမိတယ်။ အစားအသောက် အ၀တ်အထည်တွေမှာ ငယ်ငယ်တုန်းက ဂျီးများခဲ့တယ်၊ ဇီဇာကြောင်ခဲ့တယ်၊ ဒါပေမဲ့ အခုတော့ စိတ်ပြောင်းသွားပြီး အကုန်ကြိုက်နေပါပြီ။ စာအုပ်စာပေ အပေါ်ထားတဲ့ သဘောထားကတော့ ငယ်စဉ်ကတည်းက ခုထိ တသမတ်ထဲပဲ။ ဘယ်တော့မှ မပြောင်းလဲဘူး။ နှစ်ပေါင်းများစွာ ကြာလို့ စုတ်ပြတ်သတ်နေတဲ့ စာအုပ်ကလေးလဲ ကျမ အမြတ်တနိုးထားတာပဲ။ ပိုးကိုက်လို့ တပိုင်းတစ ပျက်နေလဲ ရသလောက်ကလေး ဖတ်ဖို့ သိမ်းထားသေးတာပဲ။ စာအုပ်လေးတွေကို ကျမ ချစ်ပါတယ်၊ ကြိုက်ပါတယ်၊ နှစ်သက်ပါတယ်။ ဒါကြောင့် စာအုပ် စာပေတွေကတော့ ကျမရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ အာဟာရဖြစ်ဖို့အတွက် အထောက်အကူ အများကြီးပေးတာမို့ ကျမရဲ့ အကြိုက်ဆုံး … ဆိုပါတော့ရှင်။
***
မေဓာဝီ
၇၊ ဧပြီ၊ ၂၀၁၀
၁၂း၀၃ နာရီ

(ရှည်ရှည်လျားလျား ရေးပေးလိုက်တယ်။ မစုချစ်နဲ့ ကိုအောင် ကျေနပ်ကြမယ်ထင်ပါရဲ့)

11 comments:

ကိုအောင်(ပျူနိုင်ငံ) said...

တဂ်ကို အခုလိုလို အရှည်ကြီး ရေးပေးတာ ကျေးဇူးပါ၊
လာမယ့် သင်္ကြန်မှာ ပျော်ရွှင်ပြီး နှစ်သစ်မှာ အကြိုက်တကာ အကြိုက်ဆုံးတွေကို ပိုင်ဆိုင်ပါစေဗျာ။

SHWE ZIN U said...

မမေဓါဝီ

မကြိုက်တာတွေ ဖတ်ရင်း နဲ့ ဘာတွေ များ ကြိုက်ပါလိမ့် လို့စဉ်းစားနေတာ နောက်ဆုံးတော့ အဟင်း.. အကုန် ကြိုက်သွားလို့ တော်သေးတာပေါ့နော်...

မြန်မာပြည် ခရီးသွားရင်တော့ လွတ်လပ်တယ် ဆိုပြီး ဘောင်းဘောင်း လေး ဝတ်မယ်မကြံနဲ့ .. မှားပြီသာမှတ်..

ဟိုးနှစ်ပိုင်းက ပုဂံ သွားတယ် ကားပေါ်မှာ ညီမ ၂ဝမ်းကွဲ မြန်မာတိုင်း က သတင်းထောက်လုပ်နေတဲ့ ညီမ နဲ့ နောက်တယောက် ပါလာတယ်..

ဂျင်းဘောင်းဘီလေး တွေကိုယ်စီ နဲ့ ရွှေစင်ဦး ကတော့ ပေါက်တော ရောက်တိုင်း သူတို့ကို သတိထားကြည့်နေတယ်.. ဟီး.. ဟီး မပေါက်ကြဘူးဗျ.. သနားလိုက်တာ

ညီမရေ စာအုပ်ချစ်သူ အတူတူ ဖြစ်တဲ့ အတွက် ဝမ်းသာပါတယ်နော်... နောက်တော့ စာအုတ်ထက် ချစ်ရမဲ့သူ ကြိုက်ရမဲ့သူ ရှိလာရင်လည်း သတင်း စကားလေး ကြားပရစေ

ချစ်တဲ့
ရွှေစင်ဦး

စုချစ် said...

တဂ်ပြီးတော့မှ မမေ မအားရင် အားနာစရာကြီးဖြစ်တော့မှာပဲ တွေးနေမိသား....
စာအရှည်ကြီး အားပါးတရဖတ်လိုက်ရလို့ ကျေးဇူးအထူးတင်ပါတယ် မမေရေ...

အစားအသောက်ကတော့ တို့လဲ ငယ်တုန်းက မမေအတိုင်းပဲ... တခုခုဆို မစားခင် ကျောက်ကြည့်သလိုကြည့်တယ်လို့ မေမေတို့ကပြောတယ်... လူကလဲ အဲဒီတုန်းက ပိန်ညှောင်ရိုး...
အခုတော့ တွေ့သမျှအကုန်စားလို့ စည်ပိုင်းလိမ့်လာတယ်လို့ ပြောစရာဖြစ်နေပြီ....ဟီး..

စာအုပ်ချစ်သူ မမေကို နောက်မှ စာအုပ်လက်ဆောင်လေး ပေးပါတော့မယ်...
ချစ်ခင်စွာ...
စုချစ်

ကလူသစ် said...

ငပိရည်နဲ့ ဂေါ်ဖီထုတ်သုပ်တဲ့... စဉ်းစားကြည့်လို့တောင်မရဘူး။ မဖတ်ခင်ကထဲက သိပြီးသားပါ။ စာအုပ်ကြိုက်မယ်ဆိုတာ.... :)

မြစ်ကျိုးအင်း said...

အကြိုက်ဆုံး ဘာလဲ မသိသေးပေမယ့် စာအုပ်ကိုင်ဖတ်ရတာတော့ တော်တော် သဘောကျတယ်။ ဘေးမှာ ကော်ဖီခွက်လေးနဲ့ ဆို ငြိမ့်နေတော့တာပါပဲ။

ရွှေရတုမှတ်တမ်း said...

ဗူးသီးကျော်အခွံကြိုက်သလို ဒူးရင်းသီးအခွံကြိုက်ရင် ဒွတ်ခ..မကြိုက်တာတွေဖတ်လိုက်ရတာ..ဖတ်ဖတ်မောသွားမှ...အကုန်ကြီုက်သတဲ့...မှားပါတယ် ဒေါ်လေးမေရယ်...

မြတ်နိုး said...

သြော်..အမ..အမ..ဒါကြောင့်လည်း အမတော်နေတာဖြစ်မယ်။

မကြိုက်တာအတော်များများတူနေတယ်။
ဒါပေမဲ့ ကျနော်က ငါးကျီးငါးခူကြိုက်တယ်။ အစပ်မစားနိုင်ဘူး။
အခုချိန်ထိ အခါးကို မကြိုက်ဘူး။ ဖြစ်နိုင်ရင်ရှောင်တုန်း။

စာအုပ်ကတော့ကြိုက်မှကြိုက်.. မလွတ်တမ်းကိုဖတ်နေတာ။

~ဏီလင်းညို~ said...

မမေရေ.......
စာအုပ်ကြိုက်တာတော့ အနော်နဲ့တူပါ့ဗျာ.......။
အနော်လည်း...... အဲ့သလိုပဲ...စားစရာတွေကို ငယ်ငယ်က ရွေးခဲ့တာ......။
အခုတော့လည်း....... အဆင်ပြေရာပဲပေါ့လေ..နော့်.....။
မေမေ့အိမ်မှ မဟုတ်တာ.......။
လူဘားဝလို့ မဖြစ်ဖူးလေ.......ဟိဟိ.......း))
(အနော့်တက်ဂ်ကို အေးဆေးရေးပါဗျ.....။ ကြွေးတင်ရင်လည်း...... အတိုးမတောင်းပါဘူးဗျာ........း))
ခင်မင်တဲ့
ဏီလင်းညို

Sint said...

"ဒီခရီး ဒီထီးနဲ့၊ ဒီအရပ် ဒီဖိနပ်နဲ့ ဆိုသလို သူ့နေရာနဲ့သူ သင့်တင့်လျောက်ပတ်အောင် ရွေးချယ် ၀တ်ဆင်ဖို့ပဲ လိုအပ်ပါတယ်။" I ware longgyi every time when I visit Myanmar. It's too hot to ware jean or long pant.

kiki said...

တော်သေးတာပေါ့ မမေရယ် ..ငပိရည်လေး ကယ်ပေလို့ ပဲ ...
ဟုတ်ပ နော် ။ စာအုပ်လေးကိုင်ဖတ်ရတဲ့ အရသာ ကို အီးဘုတ် ဖတ်တဲ့အရသာ နဲ့  မယှဉ်နိုင်ဘူး ။အသစ်တွေဘယ်လို ကောင်း .. အဟောင်းကိုပဲတလည်လည် ဆိုတာ မှန်လိုက်ထာလေ ..

တန်ခူး said...

မေရေးတာတွေ ဖတ်ပြီး အမက လိုက်မှတ်နေတာ… မေ ဒီလာလည်ရင် ဒါတွေ မကြိုက်ဖူးဆိုတာ မှတ်ထားမှဆိုပြီးလေ… ပြီးတော့ ဘာများကျွေးရင် ကောင်းမလဲဆို စဉ်းစားနေမိသေးတာ… အမလဲ စာအုပ်ကို စာအုပ်လို ဖတ်ရတာကို သိပ်သဘောကျတာ… ကိုယ်အရမ်းနှစ်သက်တဲ့ စာအုပ်လေးနဲ့  အေးဆေးတဲ့ အခန်းလေးထဲမှာ လဲလျောင်းပြီး ပြင်ပလောကကြီးကို မေ့နေရတာလောက် အရသာရှိတာ မရှိဘူး… စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ု အာဟာရဖြစ်ဖို့ အတွက် အထောက်အကူ အများကြီးပေးတဲ့ စာအုပ်လေးတွေတဲ့လား… ရေးတတ်လိုက်တာမေရယ်… (btw, မျက်မှန်လေးတက်ရတယ်လား… စာတွေသိပ်လုပ်ရလို့ ထင်တယ်… အရင်က အမမတွေ့ မိသလိုပဲ)