Tuesday, March 30, 2010

ပါးစပ်ချွန်တဲ့နေ့ …

ပါးစပ်ချွန်တယ်ဆိုလို့ မေဓာဝီတယောက် နှုတ်ခမ်းကို ချွန်နေအောင် စူပြီး စိတ်ကောက်နေတာ မဟုတ်ပါဘူး။ နှုတ်ခမ်းတလန် ပန်းတလန်နဲ့ ရန်ဖြစ်နေတာလဲ မဟုတ်ရပါဘူး။ တရွှီရွှီနဲ့ လေချွန်လို့ ပါးစပ်ချွန်နေတာလဲ မဟုတ်ပါဘူး။ ပါးစပ်ချွန်တဲ့နေ့ ဆိုတာ ပုစွန်ချက်တဲ့နေ့ကို ပြောတာပါ။ :)

ကျမမှာ ညည အိပ်ခါနီး ဗိုက်ဆာတိုင်း ဟင်းချက်တဲ့ ဘလော့တွေ လျှောက်လည်ပြီး သွားရည်တမြားမြားကျ၊ ဗိုက်က တဂြီဂြီပိုဆာ၊ တံတွေးမြိုလိုက် ရေထသောက်လိုက်နဲ့ နောက်ဆုံး မီးပိတ် စောင်ခြုံ အိပ်ရပေါင်းက များပြီ။ ဘလော့တကာက ဟင်းအမယ်တွေ လိုက်ဖတ်ပြီး ကိုယ်လဲ ဒီလိုလေး ချက်အုံးမှလို့ စိတ်ကူးမိပေမဲ့ တခါမှ ဟုတ်ဟုတ်ငြားငြား ချက်မစားဖြစ်ပါဘူး။ တယောက်ထဲ နေတာဆိုတော့ ဖြစ်သလိုစားတာက များပါတယ်။ တခါတလေ ကျောင်းစာ ဖတ်ရတာ ငြီးငွေ့လွန်းမှသာ အပြောင်းအလဲ သဘောမျိုး စိတ်လိုလက်ရ ချက်စားဖြစ်တယ်။

တရက်တော့ ကျမ အွန်လိုင်းမှာ အမြဲပုန်းနေတာကို လှမ်းလှမ်းခေါ်တတ်တဲ့ အကြောင်းသိ ညီမလေးတယောက်က အမ ဘလော့မှာ ဟင်းလေးဘာလေး ချက်ပါအုံးလို့ မြှောက်ပေးပါတယ်။ ဒါနဲ့ပဲ ကျမလည်း ဘာဟင်းချက်ရမလဲ လို့ စဉ်းစားတော့ အလကားရထားတဲ့ ပုစွန် ၂ ဗူး ရေခဲသေတ္တာထဲမှာ ရှိနေတာနဲ့ ပုစွန်ပဲ ချက်မယ်လို့ စိတ်ကူးလိုက်ပါတယ်။ ပုစွန်က ဒီမှာ ဈေးလဲကြီး၊ အရသာလဲ မြန်မာပြည်က ပုစွန်လို မဟုတ်တော့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဆို ၀ယ်မစားဖြစ်ပါဘူး။ အလကားရလို့သာ စားတယ်မှတ်ပါ။ ကျမက ကိုယ့်ပြည်တွင်းဖြစ် ပုစွန်တွေ ငါးတွေစားရတာကို ပိုအရသာတွေ့တယ်။ ဘိလပ်ပုစွန်ကို သိပ်မကြိုက်လှပါဘူး။

အဲဒီပုစွန်တွေပေါ့ ၂ ဗူးကို ၅ ပေါင်တဲ့။ ပါလေကာလေးရယ်။ ဒါတောင် ဈေးလျှော့ထားလို့ ဆိုပဲ။ မတန်ရေစာနော်။

ချက်ဖို့ ပြင်တော့ မျက်ရည်တောက်တောက် ကျရသေးတယ်။ ကြက်သွန်နီ လှီးရတာကိုး။ ကြက်သွန်ဖတ်ကြီးတွေ ကြီးတယ်လို့ မပြောပါနဲ့။ ဓားကသေးလဲသေး တုံးလဲတုံးနေလို့ ကောင်းကောင်း လှီးလို့မရဘူး။ (အဲဒီလိုပဲ ကိုယ်မစွမ်းတော့ ဓားကို လွှဲချပါတယ်။) ဂျင်း ကြက်သွန်ဖြူ ထောင်းစရာ ငရုတ်ဆုံမရှိဘူး၊ ဒါကြောင့် လှီးပဲလှီးလိုက်တယ်။ ငရုတ်သီးစိမ်းလား … ဟိုတလောက ဦးရီးတော်အိမ်ပြန်တုန်းက နည်းနည်းယူလာတာ။ တက်စ်ကိုမှာဝယ်ရင် လေးငါးဆယ်တောင့်ကို ၈၉ ပြားဆိုလို့။


ဒါတွေက လက်နက်ကိရိယာတွေ ပြင်ဆင်ထားတာပါ။ ငံပြာရည်က တပုလင်းကို ၉၉ ပြား၊ ကွာလတီ သိပ်မကောင်းဘူး။ ခါတိုင်းသုံးနေကျ တံဆိပ်က ဈေးတက်သွားလို့။ ငံပြာရည် မသုံးဘဲလဲ မနေနိုင်တော့ မရှိသုံးလေး သုံးရအောင် ရသေ့စိတ်ဖြေ ၀ယ်ထားရတာ။ ဆနွင်းမှုန့်လဲ ဦးရီးတော်အိမ်က မ-လာတာပဲ။ ကိုယ့်ဟာကိုယ်ဝယ်ရင် ဆနွင်းမှုန့် တထုတ် ဘယ်ကုန်မှာလဲ။ နေ့တိုင်း ဟင်းချက်တာမှ မဟုတ်တာ။ ဆနွင်းလဲ သိပ်မကြိုက်ပါဘူး၊ ထုံးစံအရသာ ထည့်နေရတာ။ ငရုတ်သီးမှုန့် … အရမ်းစပ်ပါတယ်။ နည်းနည်းပဲ ထည့်မယ်။
***
(((အပ်ချလောင်း)))

ကျက်သွားပြီ။ မြန်တယ်နော် … မထင်ရဘူး။
ဆီနည်းတယ်လို့ ပြောချင်နေသေးလား။ ဆီကို တမင် နည်းနည်းပဲထည့်တာ။ ဆီများများ စားပြီးရင် လည်ချောင်းထဲ ကပ်လွန်းလို့ပါ၊ ချွေတာတာလဲ ပါတာပေါ့။ ကျန်းမာရေးနဲ့ ညီညွတ်တယ်။ အကုန်အကျ သက်သာတယ်။ စားလို့လဲ … ကောင်းပါတယ်။ (ကိုယ်ချက်တာဆိုတော့ ဒီလိုပဲ ပြောရတာပေါ့။)

ကျမကို သွားရည်ယိုအောင် အမြဲနှိပ်စက်လေ့ရှိသော ဘလော့ရှင်များအား အားကျမခံ ပါးစပ်ချွန်လိုက်ပြီး သကာလ ဘလော့ဖတ်သူအပေါင်းတို့အား ကျမရဲ့ ပုစွန်ချက်လေးကို စေတနာရှေ့ထား ကျွေးပါတယ်။ အ၀ စားကြပါ၊ ကုန်တော့ မကုန်စေနဲ့ပေါ့။
***
မေဓာဝီ
၃၀၊ မတ်၊ ၂၀၁၀
၁၉း၅၁ နာရီ

20 comments:

Anonymous said...

ပါးစပ်ချွန်ကို ပါးစပ်ချွန်ပြီးစားသွားတယ် ဘယ်နယ့် ကျွေးလည်းကျွေးသေး ကုန်တော့ မကုန်စေနဲ့ဆိုတော့ ကြီးမေက ဟုတ်သေးပါဘူး စားရင်တော့ ကုန်သွားမှာပေါ့ အကုန်အကျတွေ အဲဒီလောက်မခံနဲ့နော် ကြီးမေ
ပါးစပ်ချွန်လည်း တတ်နိုင်ပေါင်။။

ကြီးမေကို ခင်တဲ့
seesein

ကိုရေတမာ said...

ဂလု ဂလု ဂလု အမ ပါးစပ်ချွန်ထားတာ လှတယ်။ စားချင်စဖွယ်လေး။ လူနောက်းP

ဏီလင်းညို said...

မမေရေ......
ပါးစပ်ချွန်တဲ့နေ့ဆိုလို့ ပြေးလာပြီးဖတ်တာ.....အပေါ်ဆုံးအပိုဒ်ကိုဖတ်ပြီး.....ကျွန်တော်တော့ အော်ရယ်မိလိုက်တာပဲ....။
ပုစွန်က ဒီမှာတော့ပေါတယ်ဆိုရမယ်...။ အဲ့ဒီထက်ကြီးတဲ့ အကောင်အရွယ်တွေ....(တော်တော်ကြီးပါတယ်) ဆိုရင် ဒီမှာ ၁ကီလိုမှ ရင်းဂစ် ၁၅ကျပ်၊ ၁၆ကျပ်လောက်ပဲပေးရတာဗျ...။
(ရင်းဂစ်က အခု မြန်မာငွေနဲ့ ရင်းဂစ်တစ်ကျပ်ကို ၂၉၀နဲ့ ၃၀၀ကျပ်ကြားမှာလားမသိဘူးလေ...း))
လာလည် ကျွန်တော်တို့ဆီ...။ အများကြီးဝယ်ချက်ကျွေးမယ်ဗျ...ဟား...ဟား..း))
အခုလောလောဆယ်တော့ ဟင်းတွေမြင်ပြီး ဗိုက်ဆာသွားဘီ...လျှော်ပေး.....း))
ခင်မင်တဲ့
ဏီလင်းညို

Anonymous said...

ဒီဘလောဂ့်တခါမှလာဖူးဘူးရယ်
ပထမဆုံးလာတာ ပုဇွန်ဟင်းတဲ့
ဟိ ဟီ မိုက်စားတယ် အကုန်စားတယ်တိလား

ရုံလေး

Anonymous said...

ပါးစပ်ချွန် ဆို ပုဇွန်ချပ် လို့ ဖြစ်နေမှာပေါ့နော် ..
casually နောက်ပြောင်ရေးလိုက်တာလား။
ကပ်-ကက် တွေကို အသံထွက် မကွဲတာလားဟင်

ကိုအောင် said...

ကောင်း၏ ....း)

စန္ဒကူး said...

စားချင်စရာလေး...
ပဇွန်ချက်.. ပါးစပ်ချွန်တာထက် မျက်ရည်ထွက်ရတာလဲအဆစ်ပါသေးတယ်။။း)

မိုးဦးစံပယ် said...

မမေ....ပုဇွန်ဟင်းချက်တာတောင် စိတ်ဝင်စားဖို့ကောင်းအောင်ရေးတတ်လိုက်တာ။ ချက်ထားတဲ့ဟင်းကလဲ လှတယ်။ (ပုံပဲမြင်ရတော့ လှတယ်လို့ပဲ ပြောရတာပေါ့..တကယ်စားကြည့်ရမှပဲ အရသာရှိတယ်လို့ထောက်ခံလို့ရမှာ) :)

မိုးဦးစံပယ် said...

မမေ....ပုဇွန်ဟင်းချက်တာတောင် စိတ်ဝင်စားဖို့ကောင်းအောင်ရေးတတ်လိုက်တာ။ ချက်ထားတဲ့ဟင်းကလဲ လှတယ်။ (ပုံပဲမြင်ရတော့ လှတယ်လို့ပဲ ပြောရတာပေါ့..တကယ်စားကြည့်ရမှပဲ အရသာရှိတယ်လို့ထောက်ခံလို့ရမှာ) :)

သက်ဝေ said...

ရေးထားတာ ချစ်စရာ...
ချက်ထားတာ စားချင်စရာ...

ကောင်းပါတယ် ညီမရဲ့...
တခါတခါတော့လဲ ပေါ့ပေါ့ပါးပါး အပျင်းပြေ ဟင်းချက်စားတာလေးတွေ ရေးပြပေါ့...
အမကတော့ ပေါ့ပေါ့ပါးပါးတွေ ပေါက်ကရတွေ ရေးလွန်းလို့ ပေါက်ကရ သက်ဝေ လို့တောင် နာမည်ပေးခံနေရတယ်...။
အတည်တွေရေးရင် ဖတ်မကောင်းတော့ဘူးတဲ့...း((

Anonymous said...

ငရုပ်သီးဝါးမိပြီးစပ်သွားလို့ တကယ်ပါးစပ်ချွန်သွားပါပြီ။

sdl

SHWE ZIN U said...

ညီမ မေဓါဝီ ရေ

ညီမက ပါးစပ်ချွန်တော့ ဒို့လည်း.. လျှာချွန်သွားတယ်..
စားချင်လို့..
အပြောကောင်းသလို ပုဇွန်ချက် လေးလည်း ကောင်းမယ့် ပုံလေးပါ
ညီမ က ပုဇွန်ချက်ထဲ ဂျင်းထည့်သလား..

ကျေးဇူးနော်

ခင်တဲ့
ရွှေစင်

SHWE ZIN U said...

မမေဒါဝီ

လမ်းလွဲသွားတယ်ထင်တယ်.. ပို့အသစ်လေး လာဖတ်တာ.. ခရီးထွက်မယ်ဆိုလို့ ပျော်ရွှင်စရာ ခရီးလေး ဖြစ်ပါစေလို့ ဆုမွန်ကောင်းလာတောင်းပေးပါတယ်..
ချစ်ညီမ စည်းစိမ် လည်း ဒီနေ့ ရိပ်သာဝင် မှာဖြစ်တဲ့ အတွက် သူ့အတွက် နှုတ်ဆက်ပို့စ်လေး တင်ထားပါတယ်..

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ShwunMi- said...

မမေဓာဝီတောင် ဟင်းချက်နေပြီကိုး..
ပုစွန်ဟင်းလေး ကြည့်ရတာ အရမ်းလှပါတယ်..
အစစအရာရာ အဆင်ပြေပါစေနော်။

Anonymous said...

အမရေ..

ကျနော်က အဲ့ပုစွန်ဝယ်မစားဘူး မကြိုက်လို့
ရေခဲရိုက်ထားတာ..အဲဒါက။
ပုစွန်ဆိုအခွံပါတာပဲ ၀ယ်စားတယ်။ ဟဲဟဲ..

တိုကျိုရောက်ရင်တော့ ခေါင်းပါတာပါ ၀ယ်စားတယ်။
ဘာပဲဖြစ်ဖြစ် အမက အကုန်မစားနဲ့ဆိုလို့ အကုန်မစားဘူး
ငရုတ်သီးစိမ်းတွေချန်ထားခဲ့တယ်။

ညီမ

Flower said...

အိုး
ချက်ထားပုံလေးက စားချင်စရာလေးမို့
မရေးဘဲ မနေနိုင်လို့ ရေးသွားပါတယ်.
ငရုပ်သီးလေးတွေနဲ့မို့ ပိုပြီး စားချင်စဖွယ်ဖြစ်သွားတယ်
ကိုယ်တိုင်က ပုဇွန်ကြိုက်သူမို့လေ...
ဒီတစ်ပန်းကန်တော့ တစ်ယောက်တည်းတောင် စားလို့လောက်ပါ့မလားမသိ...

သိင်္ဂါကျော် said...

စားချင်စရာလေးပါပဲ.. :)
တို့ကတော့ အပတ်တိုင်းလို ပုစွန်တော့ ပါနေကျပဲ ကြိုက်လွန်းလို့တော့ မဟုတ်ဘူး.. ချက်ရတာ လွယ်လို့၊ မြန်လို့လေ..။

မြစ်ကျိုးအင်း said...

အကောင်းကြိုက်တယ်များ ပြောမလား မသိဘူး ပုဇွန်တော့ ကြိုက်တယ်း)

sosegado said...

ပုဇွန် ဈေးကြီးလိုက်တာ ၅ ပေါင်တောင် ပေးရတာ၊ ဒါတောင်ခေါင်းမပါဘူး၊ ဂျပန်ပို့တာတွေဆို ကြည်မြင့်တိုင်မှာကျန်ခဲ့တာ၊ ဘိလပ်ပို့လားတော့မသိဘူး၊
စားလို့ကောင်းတယ်ဆိုလို့ ဗိုက်ဆာလာပြီ.

Anonymous said...

စားကောင်းမယ့်ပုံပါပဲ...တို့လည်း ဒီကပုစွန်တွေ သိပ်မကြိုက်ဘူး..မရှိတော့လည်း စားဖြစ်နေတာပါပဲ

စူးနွယ်လေး