Sunday, March 28, 2010

အလင်းလေး တပွင့် ...

အလင်းရောင်ကို လူတိုင်းနှစ်သက်ကြတယ်။ မက်မောကြတယ်၊ လိုချင်ကြတယ်။ ကမ္ဘာဦးလူသားတွေဟာ နွေးထွေးမှုနဲ့ အလင်းရောင်လိုချင်လို့ မီးကို ရှာဖွေခဲ့ကြတယ်။ သိပ္ပံပညာရှင်ကြီး သောမတ် အက်ဒီဆင်ဟာ လျှပ်စစ်မီးကို တီထွင်ပေးခဲ့တယ်။ ဒီလိုနဲ့ လျှပ်စစ်မီးဟာ လူတွေအတွက် မရှိမဖြစ် လိုအပ်ချက်တခု ဖြစ်လာခဲ့တယ်။ အသုံးအဆောင် စက်ပစ္စည်းတွေဟာ လျှပ်စစ်မီးရှိမှသာ လည်ပတ် နိုင်တာမို့ မီးဟာ လူ့ဘ၀အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာခဲ့တယ်။

အမှောင်ကို မနှစ်သက်တဲ့ လူသားတွေဟာ လိုအပ်ချက်အရ မီးကို သုံးစွဲရင်း တစတစ မလိုအပ်ဘဲလည်း သုံးစွဲလာကြတယ်။ နီယွန်မီးတွေနဲ့ ထိန်ထိန်လင်းနေတဲ့ နိုင်ငံကြီးတခုရဲ့ မြို့ပြ ညတညကို မြင်ယောင်ကြည့်လိုက်ပါ။ နံရံတွေပေါ်က ကြော်ငြာမီးရောင်စုံတွေ။ ဟိုတယ်၊ စားသောက်ဆိုင်တွေရဲ့ ဆိုင်းဘုတ်မှာ ပြိုးပြက်နေတဲ့ မီးလုံးတွေ၊ ရုပ်ရှင်ရုံ, ပြဇာတ်ရုံ သီရေတာတွေက မီးရောင်တွေ။ လမ်းမထက်မှာ ချိတ်ဆွဲထားတဲ့ မီးဆိုင်းတွေ၊ အထင်ကရ အဆောက်အဦတွေ၊ တံတားတွေ၊ မျှော်စင်တွေမှာ အလှအပ တန်ဆာဆင် ထွန်းညှိထားတဲ့ မီးတွေ … ။ မနည်းမနောပဲ မဟုတ်လား။ ဒါတွေဟာ တကယ်လိုအပ်လို့လား ဆိုပြီး စဉ်းစားမိတာ ခဏခဏ။

သူ့ပြည် သူ့ရွာမှာ အလင်းတွေဖြာနေပေမဲ့ အဲဒီလို အလင်းမဖြာနိုင်တဲ့ ကမ္ဘာတဘက်ခြမ်းက မြို့ပြည မှောင်မှောင်တွေလဲ ရှိသေးတာကို ဘယ်လိုမှ မေ့ထားလို့ မရနိုင်ဘူး။ ခုတလော ပိုပြီး မေ့လို့မရ ဖြစ်နေခဲ့တယ်။

“ရာသီဥတု ပူရတဲ့အထဲ မီးပျက်တော့ လှောင်အိုက်နေတာပဲ”

“အ၀တ်လျှော်စက်လှည့်နေတုန်း မီးပျက်တာ အ၀တ်တခါလျှော်ရင် တနေကုန်ကြာတယ်”

“မီးလာရင်လည်း မီးအားကျတော့ ကွန်ပျူတာတွေ ဖွင့်လို့တောင် မရဘူး ယူပီအက်စ်က တချိန်လုံး ထထအော်တာ”


“မီးစက်အမြဲမောင်းနေရတော့ ဒီဇယ်တွေ ဓာတ်ဆီတွေလည်း ဈေးတက်တယ်”


မကြာခဏ ကြားနေရတဲ့ ဒီစကားတွေက ကိုယ့်ဒေသရဲ့ အမှောင်ညတွေကို မမေ့လျော့အောင် သတိပေးနေသလိုပဲ။ မီးတပွင့်ဟာ ပိုလျှံနေတဲ့သူအတွက် အရေးမကြီးပေမဲ့ လိုအပ်တဲ့သူအတွက်တော့ အရေးပါလွန်းပါတယ်။

အိမ်မှာမီးမရှိလို့ ဓာတ်တိုင်အောက်မှာ စာဖတ်ရတဲ့ ဘ၀တွေလည်း ရှိတယ်။
ဓာတ်တိုင်အလင်းတောင် မရှိလို့ မီးခွက်, မှန်အိမ်, ဖယောင်းတိုင် မီးမှိန်မှိန်လေးတွေနဲ့ စာဖတ်ကြရတဲ့ ဘ၀တွေလည်း ရှိတယ်။
မီးခွက်, မှန်အိမ်, ဖယောင်းတိုင်တောင် မတတ်နိုင်လို့ ကြယ်ရောင် လရောင်အောက်မှာ စာဖတ်ကြရတဲ့ ဘ၀တွေလည်း ရှိတယ်။
သူတို့တွေအတွက် လမိုက်တဲ့ညတွေဟာ မျှော်လင့်ချက်ကင်းမဲ့ဖွယ် ညတွေပေါ့။

ပိုတဲ့နေရာက ပိုနေကြသလို … လိုတဲ့နေရာကျတော့လည်း လုံလောက်အောင်တောင် မရကြပါလား။ ကွာခြားလိုက်တဲ့ ဘ၀တွေ … ။
***
မနေ့ညက သတင်းနားထောင်တော့ သတင်းထဲမှာ earth hour 2010 ဟာ ဒီကနေ့ည (မတ်လ ၂၇ ရက်) လို့ ကြားလိုက်ရတယ်။ ည ၈ နာရီ ခွဲတဲ့။ နာရီကြည့်တော့ ၈း၂၉။ ရင်ထဲ ထိတ်ခနဲ ခုန်သွားတယ်။ ဒါနဲ့ WWF earth hour ၀က်ဘ်ဆိုက်ကို သွားတော့ count down လုပ်နေပါတယ်။ စက္ကန့်ပိုင်းပဲ လိုတော့တယ်။ စာပွဲပေါ်က စာကြည့်မီးကို အရင်ပိတ်လိုက်တယ်။ ပြီးတော့ အခန်းမီးကို ပိတ်လိုက်တယ်။ ၈း၃၀ နာရီ တိတိ။ တခန်းလုံး မှောင်သွားပြီ။ လက်ပ်တော့က ဖြာထွက်နေတဲ့ အလင်းရောင်ကလွဲလို့ပေါ့။ လက်ပ်တော့မပိတ်ဘဲ သတင်း ဆက်ကြည့်နေလိုက်တယ်။ တကယ်တမ်း လက်ပ်တော့ရဲ့ လျှပ်စစ်သုံးအားနဲ့ အခန်းမီးလုံးရဲ့ သုံးအားဆိုရင် လက်ပ်တော့က ပိုသုံးမှာပါပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့ အတ္တနဲ့ လိုအပ်ချက်အရ (ဆိုပါတော့) လက်ပ်တော့ပ်ကို မပိတ်ဘဲ အခန်းမီးကိုသာ ပိတ်ခဲ့တယ်။ အဲဒီညက ကမ္ဘာ့နိုင်ငံ အတော်များများမှာ တနာရီတိတိ လျှပ်စစ်မီးတွေ ပိတ်ကြသတဲ့။

လက်ပ်တော့လေးလည်း အမှောင်ထဲမှာ

အလင်းရှိဘ၀တွေက တနှစ်ကို တနာရီ အလင်းမဲ့ပေးခြင်းနဲ့ ကမ္ဘာကြီးနဲ့ သတ္တ၀ါတွေကို ကူညီတယ်။ အလင်းမလောက်ငှတဲ့ ဘ၀တွေကတော့ မကြာခဏလိုလို အလင်းမဲ့နေတော့ မကြာခဏ ကမ္ဘာကြီးကို ကူညီတယ် ဆိုရလေမလား … ။
***
ဒီမနက် အိပ်ရာက နိုးတော့ နာရီတနာရီ ရှေ့တိုးနေပါပြီ။
မနက် ၆ နာရီ … ။ အပြင်မှာ အလင်းရောင် မသဲမကွဲ။
ကမ္ဘာကြီးက ပုံမှန်လည်ပတ်နေတယ်။ ပုံမှန် သဘာဝ ဖြစ်ပျက်မှုတွေကို လိုက်ပြီး နေ့တွေ ညတွေ အချိန်တွေ နာရီတွေ ရာသီတွေ ဥတုတွေ စသဖြင့် လူတွေက သတ်မှတ်ကြတယ်။ ဆောင်းရာသီဆို နာရီတွေကို နောက်ဆုတ် နွေရာသီဆို ရှေ့တိုး၊ အလင်းရောင်နဲ့ လိုက်ဖက်ညီဖို့ လူတွေက ပြုပြင် ချိန်ထိုးကြတယ်။ အလင်းရောင်ဟာ လူတွေအတွက် ကမ္ဘာကြီးအတွက် သက်ရှိလောကသားတွေအတွက် သိပ်အရေးကြီးတယ်။

ဒါဟာ လောကရဲ့ အလင်းရောင် … ။
လောကရဲ့ အလင်းရောင် အရေးကြီးတာကို လူတိုင်းလိုလို သိကြတယ်။ သတိပြုမိကြတယ်။ ဂရုစိုက်ကြတယ်။
ဒါဆို … ဓမ္မ အလင်းရောင်ကိုရော … လို့ တွေးမိရင်းနဲ့ …

စက္ခုံ ဥဒပါဒိ၊ ပညာမျက်စိသည် ထင်ရှားဖြစ်၏။
ဉာဏံ ဥဒပါဒိ၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏။
ပညာဥဒပါဒိ၊ အပြားအားဖြင့် သိတတ်သောဉာဏ် (ပညာ) သည် ထင်ရှားဖြစ်၏။
ဝိဇ္ဇာဥဒပါဒိ၊ ထိုးထွင်း၍ သိတတ်သောဉာဏ် (၀ိဇ္ဇာ) သည် ထင်ရှားဖြစ်၏။
အာလောကော ဥဒပါဒိ၊ ဉာဏ်အလင်းသည် ထင်ရှားဖြစ်၏။

ဆိုတဲ့ ဓမ္မစကြာထဲက စာပိုဒ်လေးကို ရွတ်ဆိုနေမိတယ်။

မြတ်စွာဘုရားဟာ သစ္စာလေးပါးတရားကို သိမြင်ပြီး ဉာဏ်အလင်း ရခဲ့တယ်။ သူရခဲ့သလို ၃၁ ဘုံသားတွေ အလင်းရောင်ရဲ့ အရသာကို ခံစားနိုင်အောင် ညွှန်ပြပေးခဲ့တယ်။ မြတ်စွာဘုရားရဲ့ တပည့်သား သံဃာတော်တွေက ဒီအလင်းရောင်ကို တဆင့် ဖြန့်ဖြူးပေးခဲ့တယ်။

ဒါပေမဲ့ … မှောင်တဲ့နေရာမှာ မှောင်နေတုန်းပဲ။
တချို့ကျတော့လည်း … လင်းတခါ မှောင်တလှည့်။
တချို့ကျတော့လည်း … အမှောင်ထဲကနေ အလင်းရောင်ရဖို့ ကြိုးစားအားထုတ်နေလေရဲ့။
တချို့ကျတော့လည်း … အမှောင်ထုထဲ စုန်းစုန်းမြုပ်လို့ … ။

အလင်းရောင်တွေ ဘယ်လိုရှိနေပေမဲ့ ...
အလင်းမသိတဲ့လူတွေရဲ့ ဘ၀မှာတော့ အမှောင်တိုက်ကြီး ထာဝရ ဖုံးလွှမ်းနေဦးမှာမဟုတ်လား … ။
***
မေဓာဝီ
၂၈၊ မတ်၊ ၂၀၁၀
၁၇း၁၈ နာရီ

နာရီတွေရှေ့တိုးတိုင်း ရေးဖြစ်ခဲ့တဲ့ စာတွေ …
၁) နေ့တာ
၂) ဟောင်းနွမ်းသွားသော မနက်ခင်း

11 comments:

pandora said...

ကျောင်းတုန်းက ဖတ်ခဲ့ဖူးတဲ့ မီးခတ်မှော် လို့ထင်ပါတယ်.. ကဗျာစာအုပ်ကလေးတစ်အုပ်ရဲ့ မျက်နှာဖုံးမှာ ရေးထားတဲ့ စာသားလေးကို သတိရနေတယ်။
ခင်ဗျားတို့ဘက်ခြမ်းလင်းစေဖို့ ကျုပ်တို့ဘက်ခြမ်းကမှောင်ပါစေ။ (ကမ္ဘာမြေပေါ်နေသူများ) တဲ့

(စကားလုံးအတိအကျတော့မဟုတ်ဘူး)

အဲဒီလိုပါပဲ အလင်းမရသူတွေရှိနေရလို့ အလင်းပိုလျှံနေသူတွေ ရှိနေရသလား။
မှောင်တာတွေရှိမှ လင်းတယ်ဆိုတာကို သဘောပေါက်မယ် မဟုတ်လား။ သဘာဝကိုက တချို့အရာတွေ ထင်ရှားစေဖို့ မမျှတမှုနဲ့ မျှတထားရတယ်ထင်ပါရဲ့။

ဓမ္မအလင်းရောင်ကတော့ ကိုယ်တိုင်လည်း မျက်စိနဲ့မြင်နိုင်တဲ့အလင်းအဆင့်ပဲ မြင်သေးတယ် ထင်ပါရဲ့လေ။

ကိုအောင်(ပျူနိုင်ငံ) said...

မှောင်တဲ့နေရာတွေအားလုံး အလင်းရကြပါစေ။

Anonymous said...

ကြီးမေတစ်ယောက်လည်း
ဥာဏ်အလင်းရပါစေ
ရွှေပြည်ကြီးကတော့ နွေရောက်လာလို့ ရေမရှိတော့ အလင်းတွေ ပိုပိုပျောက်လာပြီ ရွှေပြည်ကြီးကလူတွေ ဥာဏ်အလင်း သဘာဝအလင်း ရေအားအလင်း အားလုံး ရစေဖို့ဆုတောင်းပေးတော်မူပါ....


ခင်တဲ့
seesein

shwezinu said...

ညီမ မေဓါဝီ ရေ

အလင်း မရတာ အဆိုးဆုံးပေါ့...

အဲဒီ အထဲမှာမှ ယခုထက်ထိတိုင် အလင်း မရ/မသိ တဲ့ လူတစုကြောင့် အလင်းပျောက်နေရတဲ့ ကိုယ်တို့ ဘဝ တွေကိုတော့....

ဒီနှစ်သင်္ကြန်မှာ ဓမ္မအလင်း တွေ များများ ရအောင် ကျင့် နိုင်ပါစေဗျာ...

ခင်တဲ့
မရွှေစင်

ရွှေရတုမှတ်တမ်း said...

ငပုတ်တွေ ကြောင့်မှောင်နေတဲ့ ကမ္ဘာမြေတနေရာ..
အလင်းအမြန်ရပါစေ....

~ဏီလင်းညို~ said...

မမေရေ......
ဒီစာလေးကိုဖတ်ရတာ ကောင်းလိုက်တာဗျာ.......။
ပြီးတော့ ဆယ်တန်းကျောင်းသားဘ၀က မီးမလာလို့ ဖယောင်းတိုင်ခပ်ကြီးကြီးလေးတွေထွန်းပြီး စာကျက်ခဲ့ရတဲ့ဘ၀လေးကိုလည်း ပြန်သတိရမိလိုက်သေးတယ်....။ စာကျက်ရင်း အရည်ပျော်ကျလာနေတဲ့ ဖယောင်းစလေးတွေကိုလိုက်ဆော့နေမိတာတွေကိုရော....း))
နေရာတိုင်းမှာ အလင်းစက်တွေဖျာရင်း ကိုယ်စီလည်း အလင်းရရှိစေချင်မိတယ်ဗျာ....။
ခင်မင်တဲ့
ဏီလင်းညို

မြစ်ကျိုးအင်း said...

အဲဒီညက အကိုတစ်ယောက်ပြောလို့ မီးတွေ လိုက်ပိတ်လိုက်သေးတယ်။ အတူတူပဲ ကွန်ပြူတာတော့ မပိတ်လိုက်နိင်ဘူး။ အတ္တက ကျန်နေသေးတာကိုးး။

ပညာအလင်းတွေ အမှောင်ချ ခံထားရတာ ပိုဆိုးတယ် ။ ဘယ်လောင်စာနဲ့မှ ထွန်းညှိလို့ မရနိင်ဘူး...။

ကိုယ်အပါအဝင် အလင်းရောင်တွေ ရကြပါစေ..။

သိင်္ဂါကျော် said...

လျှပ်စစ်မီး မတီထွင်ခင်က လူတွေ ဘယ်လိုနေခဲ့ကြတယ် မသိဘူးနော်..
ခုတော့ မီးပျက်တဲ့ အချိန်တွေဆို နေလို့ကို မရဘူး.. အရမ်းမုန်းတယ်..။

မေ့သမီး said...

အမရေ မီးအလင်းတင်မဟုတ်ဘူး။ ဥာဏ်အလင်းတွေလည်း ဖွင့်ဖို့လိုသေးတယ်နော်။

kiki said...

အဝိဇ္ဇာအမှောင်တွေဖုံးလွှမ်းနေကြတဲ့ လူတစုက ၊
သူတို့ ကြောင့် အမှောင်ထုထဲ မှာနေ နေကြရသူတွေကို ကြောက်လို့  ၊
နန်းတော်ကြီးမှာ မီးတွေ ရေတွေလျှံအောင် ဖန်တီး နေထိုင် နေကြပေမဲ့ ၊ သူတို့ရင်ထဲ အပူမီးတွေ ဘယ်လောက်တောင်
တောက်လောင်နေကြပေလိမ့်မလည်း နော် ။

ဂျေဂျူဝိုင် said...

တရားဓမ္မဘက်ကို ခေါ်ယူသွားတယ် ကောင်းပါတယ်ဗျာ