Wednesday, March 24, 2010

အကွဲအပြဲများနှင့် ကြုံရခြင်း ...

ခုတလော ကျမ လုံးဝ မအားပါဘူး။ အရင်က မအားဘူးဆိုရင်တောင် ဘလော့တကာလည်ပြီး စာဖတ် ကွန်မန့်ရေး လုပ်နိုင်သေးတယ်။ ခု မအားတာကတော့ ကွန်မန့်ရေးဖို့ဝေးစွ ဘလော့လည်တောင် မထွက်နိုင်ပါဘူး။ (ကျမရဲ့ ပျက်ကွက်မှုတွေအတွက် ခွင့်လွှတ်တော်မူကြပါ။) မအားဘူးသာဆိုတယ်၊ ဘာလုပ်နေသလဲ မေးရင် ဟုတ္တိပတ္တိလည်း ပြောပြစရာက မရှိဘူး။ အပြင်အလုပ်လည်း လုပ်နေတာမဟုတ်တော့ ကိုယ့်ကျောင်းစာနဲ့ကိုယ်၊ ကိုယ့်ဝေယျာဝစ္စနဲ့ကိုယ် မအားဘူးလို့ ဆိုရင် လှောင်ပြောင် ရယ်မောကြလေမလား၊ ပြစ်တင် ကဲ့ရဲ့ကြလေမလား။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ … ကျမ တကယ် မအားပါဘူး။

အဲဒီလို လူလည်း မအား၊ စိတ်လည်း မအားတာ တခုတော့ ကောင်းတယ်၊ ထွေလီကာလီ တွေးဖို့အချိန်မရှိ၊ ငေးဖို့အချိန်မရှိ၊ ဆွေးဖို့ အချိန်မရှိဘူး ဆိုပါတော့။ အတင်းပြောဖို့လည်း အချိန်မရှိ၊ သတင်းနှောဖို့လည်း အချိန်မရှိ၊ အဖျင်းသောဖို့လည်း အချိန်မရှိဘူး။ (ပြိန်ဖျင်းစကားတွေနဲ့ ရယ်မော သောသွမ်းနေဖို့ အချိန်မရှိတာကို ဆိုလိုတာပါ၊ ကြုံလို့ နဘေထပ်ကြည့်လိုက်တာ။) မနေ့ညက အွန်လိုင်းမှာ ညီမလေးတယောက်နဲ့ ဆုံတော့ သတင်းလေး ပလင်းလေး လာမျှတယ်၊ အမ သိလား ... တဲ့ မေးသေးတယ်။ ဟင့်အင်း ... ကျမ မသိဘူး။ အဟုတ်။ ဘာမှကို မသိတာ။
***
ဒီနေ့တော့ ရာသီဥတုလေးက သာသာယာယာရှိနေတာနဲ့ ဈေးသွားဖို့ ကြံစည်ပါတယ်။ မနက်ခင်းမှာ ခေါင်းအုံးစွပ်နဲ့ အ၀တ်ဟောင်းတွေကို လျှော်စက်ထဲထည့်ပြီး အိမ်နဲ့ မနီးမဝေးက (မိနစ် ၂၀ လောက် လမ်းလျှောက်ရင် ရောက်တဲ့) Tesco ကို စားသောက်စရာ ၀ယ်ဖို့ ကျောပိုးအိတ် တလုံးလွယ်ပြီး သွားပါတယ်။ ကျမနေတဲ့ မြို့က သေးသေးလေးပေမဲ့ ဒီတက်စ်ကိုက သိပ်မသေးလှပါဘူး။ အခြေခံအားဖြင့် လိုချင်တာ အကုန်ရနိုင်တော့ ကြည့်လေရာရာမှာ ၀ယ်ချင်စရာတွေက တပုံတပင်ပါပဲ။ ဒါပေမဲ့ ဟိုဒီ ငေးမနေအားဘူး၊ လိုအပ်တဲ့ စားသောက်စရာ ပေါင်မုန့်၊ နွားနို့၊ ကြက်ဥ၊ လိမ္မော်သီးနဲ့ အသားလေး ငါးလေး၊ အသီးအရွက်လေးတွေကို အမြန်အဆန်ပဲ ၀ယ်ခဲ့လိုက်တယ်။

ကိုယ်တိုင်အိတ်ထဲထည့် ကိုယ်တိုင်ပိုက်ဆံရှင်း ဖြတ်ပိုင်းယူတဲ့ စနစ်ကို ရွေးတာကြောင့် ငွေရှင်းကောင်တာမှာ တန်းစီစောင့်ဖို့ မလိုဘူး။ အဲဒီစနစ်က မြန်တယ်၊ မှန်တယ်၊ ၀န်ထမ်းအင်အားလည်း ချွေတာရာ ရောက်တယ်။ ဒါပေမဲ့ တဘက်ကကြည့်ရင် လူအင်အား ချွေတာတော့ လူတွေမလိုဘူး၊ မလိုတော့ အလုပ်သမားတွေ လျှော့ရော၊ လျှော့တော့ အလုပ်လက်မဲ့တွေ များရော၊ များတော့ .... အင်း ... မီးခိုးကြွက်လျှောက် စဉ်းစားရင် မဆုံးတော့ဘူး။ အတွေးကို ခဏရပ်၊ အပြင်ပြန်အထွက်မှာ ကောင်းကင်ကြီးက ခဲရောင်ပြောင်းနေပြီ။ မနက်စောစောက မြင်ရတဲ့ နေရောင်ခြည်က တိမ်ကြို တိမ်ကြားရောက်သွားလား မသိဘူး။ မမြင်ရတော့ဘူး။ တက်စ်ကိုက ထွက်ပြီး ခြေလှမ်း နှစ်ဆယ်လောက် လှမ်းအပြီးမှာ မိုးစက်တွေ တဖြောက်ဖြောက်ကျလာတယ်။ ဒီလိုပဲ ဒီနိုင်ငံက မိုးက အစိုးမရဘူး။ မိုးတွင်မဟုတ်ပါဘူး၊ အကုန်လုံး အစိုးမရဘူး။ ခုတမျိုး တော်ကြာတမျိုးတွေချည်းပဲ။ ဒီနိုင်ငံတွင်ပဲလား ... ဘယ်ဟုတ်မလဲ ... ဘယ်နိုင်ငံမဆို ထူးမခြားနား၊ ထူးမခြားနားတဲ့အပြင် သူ့ထက်ကဲ ရွှေပြည်စိုးနဲ့ ညီပုလေးတွေတောင် ဖြစ်နေသေးတယ်။ အကြောင်းသိမို့ အိတ်ထဲမှာ ထီးထည့်လာခဲ့တယ်။ ဒါပေမဲ့ ထီးက ကျောပိုးအိတ်ရဲ့ ဟိုးအောက်ထဲ ရောက်နေပြီ၊ အပေါ်မှာ ပစ္စည်းတွေ ထည့်ထားတော့ ထီးကို ထုတ်ဖို့ သိပ်မလွယ်တော့ဘူး။

မိုးဖွဲက ခပ်စိပ်စိပ်ကျလာတယ်၊ အမိုးအကာနဲ့ ဘတ်စ်ကားမှတ်တိုင်ရှိတဲ့ လမ်းတဘက်ကို သွက်သွက်ကလေး ကူးလိုက်တယ်။ မှတ်တိုင်ထဲမှာ လူတယောက်မှ မရှိဘူး။ ဘတ်စ်ကားစီးရင်ကောင်းမလား စဉ်းစားပြီး ကားလာမယ့်အချိန်ကို မော့ကြည့်တော့ ၁၅ မိနစ်လောက်လိုသေးတယ်၊ မထူးဘူး။ ပိုက်ဆံကုန်ခံ အချိန်ကုန်ခံပြီး စောင့်မနေချင်တော့ဘူး၊ အပြင်မှာတော့ မိုးက တဖြည်းဖြည်း သည်းလာပြီ။ ကိစ္စမရှိပါဘူး၊ အိမ်ပြန်မှာပဲ … ထီးထုတ်ပြီး လမ်းလျှောက်သွားလိုက်တာ ကောင်းတယ်ဆိုပြီး ထီးထုတ်တယ်။ ထီးက အိတ်ရဲ့ ဟိုးအောက်ထဲမှာဆိုတော့ အထဲက အထုတ်တွေ နည်းနည်း ဗြောင်းဆန်သွားတယ်။ ပြီးတော့ အိတ်ကို နေသားတကျပြန်လွယ်၊ မိုးသည်းထဲမှာ ထီးကလေးဆောင်းပြီး လျှောက်သွားလိုက်တယ်။

မိုးက သည်းတယ်၊
လေလည်း တိုက်တယ်၊
မိုးသီးတွေပါ ကြွေတယ်။
ထီးရွက်ပေါ် မိုးသီးပေါက်တွေ တဖြောက်ဖြောက်နဲ့၊ ထီးရွက်မလန်အောင် လေဆန်ကို ထီးနဲ့ကာထားရတယ်၊ လေပြင်းတော့ ထီးကိုင်းတွေ ညွှတ်ညွှတ်လာတယ်။ ထီးနဲ့ ဘယ်လောက်ကာကာ လေကဝှေ့နေတော့ မိုးမလုံဘူး။ တကိုယ်လုံးနီးပါး ရွှဲတယ်။ ဘေးက အရှိန်နဲ့ ဖြတ်သွားတဲ့ ကားတွေကလည်း ရေစင်တယ်။ မိုးရွာတဲ့အထဲ လမ်းမပေါ်က ရေတွေစင်ပြန်တော့ ကားပေါ်က လူတွေကို မကျေမနပ် ဖြစ်မိပြန်တယ်၊ ဒီလူတွေဟာ လမ်းပေါ်ကလူကို ဂရုမစိုက်ကြပါလား … ကြည့်စမ်း … အရင်ကဆို ဒီလို မတွေးမိဘူး။ ဒီနိုင်ငံကလူတွေ လူတွေအပေါ်မှာ သိပ်လေးစားမှုရှိတယ်။ လမ်းကူးရင် ရပ်ပေးတယ်၊ ကိုယ့်နိုင်ငံမှာလို မဟုတ်ဘူး၊ လူကို လူလို သိတယ်၊ ဦးစားပေးတယ်လို့ ထင်လာခဲ့တာ၊ တကယ်တမ်းတော့ အလကားပဲ။ ခုခေတ်လူငယ်တွေ စောင့်ထိန်းမှုတို့ လေးစားမှုတို့ တစတစ နည်းကုန်ကြပြီ။

ရောက်တတ်ရာရာ မကျေနပ်ချက်တွေကို တွေးရင်း ကျောပေါ်က အထုတ်လေးလေးကြီးနဲ့ မိုးသည်းထဲမှာ ထီးကို ငိုက်စိုက်ဆောင်းပြီး တရွေ့ရွေ့အိမ်ကို ပြန်ရောက်ခဲ့တယ်။ အိမ်ရောက်တော့ အထုတ်ကို ချ၊ ထီးကိုလှန်း၊ ပစ္စည်းတွေထုတ်၊ ရေခဲသေတ္တာထဲ ထည့်စရာရှိတာ ထည့်၊ အပြင်မှာ တင်စရာရှိတာ တင် …
"ဟင် …"
ကြက်ဥကဒ်ကို ထုတ်လိုက်ချိန်မှာ ကြက်ဥတချို့ကွဲနေလေရဲ့။

တက်စ်ကို ကြက်ဥ … အဲလိုချည်းပဲ။
ရုတ်တရက် တက်စ်ကို ကို အပြစ်တင်လိုက်မိတယ်။
သူတို့ ထုတ်ပိုးမှု နည်းစနစ်ညံ့လို့။
ဟုတ်တယ်လေ … ကြက်ဥ ဆယ့်ငါးလုံး ထည့်ထားတဲ့ ကဒ်က ယိုင်တိယိုင်ဖတ် ပလတ်စတစ်ကဒ်လေး။ မ-လိုက်တာနဲ့ ပြုတ်ကျချင်စရာ။ ကြက်ဥကိုလည်း ကြည့်ဦး Tesco value ကြက်ဥမို့လားတော့မသိဘူး၊ ဈေးတော့သက်သာပါရဲ့ အခွံက ပါးပါးလေး၊ ဒါလောက် အခွံပါးတဲ့ ကြက်ဥကို ဘယ်လိုကြက်မက အုတာပါလိမ့်၊ အစာ၀၀ မစားရတဲ့ ကြက်မပဲ ဖြစ်ရမယ်။

စိတ်ထဲမှာ တက်စ်ကို ကို အပြစ်တင်ရင်းကနေ ဥအုတဲ့ ကြက်မကိုပါ ရောသောပြီး အပြစ်တင်မိတယ်။ ကြက်ဥအကွဲတွေကို မဖယ်ခင် အ၀တ်လျှော်စက်ဆီ မျက်စိက ရောက်သွားပြန်တယ်။ သြော် အ၀တ်တွေတောင် ရနေပြီပဲ၊ အရင် လှန်းထားအုံးမှ … စက်ထဲက အ၀တ်တွေကိုထုတ်ပြီး လှန်းတယ်။ (စက်မှာက အခြောက်ခံတာ မပါဘူး၊ ခြောက်အောင် ကိုယ့်ဟာကိုယ် လှန်းရပါတယ်။) ခေါင်းအုံးစွပ်ကို လှန်းတော့ ခေါင်းအုံးစွပ်ဘေးက ချုပ်ထားတဲ့ချုပ်ရိုးပြေပြီး လက်သုံးလုံးလောက် ပြဲနေတာ တွေ့လိုက်တယ်။ ဖြစ်ပြန်ပြီ။ ချုပ်ရိုးက ခိုင်မှမခိုင်တာ … ဆိုင်တွေကိုက ရောင်းတမ်းတွေဆိုတော့ သေချာချုပ်မှာ မဟုတ်ဘူး။ တကယ်ပဲ လူတွေများ … ဘာမဟုတ်တာလေးနဲ့ လုပ်စားချင်ကြတယ်၊ ခေတ်ကိုက မကောင်းတော့ပါဘူး။

အဲဒီလို ဗြစ်တောက် ဗြစ်တောက်တွေးနေရင်းနဲ့မှ … တစုံတရာကို သတိရပြီး ကျမတယောက်ထဲ ခပ်ရှက်ရှက် ရယ်လိုက်မိတယ်။ တခုခုဆို ဟိုလူ့အပြစ်ပုံချ ဒီလူ့အပြစ်ပုံချတတ်တဲ့ အကျင့်က အရိုးစွဲနေလေတော့ ကြက်ဥကွဲလည်း ကြက်မကို အပြစ်တင်မိ၊ အခု ခေါင်းအုံးစွပ်ပြဲတာကိုလည်း ဆိုင်ကို အပြစ်တင်မိနဲ့ကိုး။ ဒီအကွဲနဲ့ အပြဲကို မြင်ရာက လူတွေတွင်မက ခေတ်ကိုပါ ပုံချပြီး အပြစ်ဆိုနေမိတဲ့ ကိုယ့်အဖြစ်ကိုယ် စဉ်းစားရင်း ရယ်ချင်သွားလို့ပါ။

တကယ်တော့ ဒီခေါင်းအုံးစွပ်နဲ့ duvet cover က ဒီကိုရောက်ခါစကတည်းက ၀ယ်ထားတာ။ ၂ နှစ်ကျော်ပြီ။ အလဲအလှယ်နဲ့ သုံးပေမဲ့ ခဏခဏ လျှော်ဖန်များတော့ ပြဲတာပေါ့။ ရောင်းတမ်း ခေါင်းအုံးစွပ်တခုအနေနဲ့ သက်တမ်းက ဒီလောက်ပဲ ရှိမှာမဟုတ်လား။ ဘယ်လောက်ခိုင်တယ်ပဲ ထားအုံး မကြာခဏ လျှော်စက်ထဲမှာ လှည့်လိုက် မွှေလိုက် ခါလိုက် လိမ်လိုက် ညှစ်လိုက်တော့ ရေရှည်မှာ ဒီဒဏ်ကို ဘယ်ခံနိုင်မှာလဲ အ၀တ်ပဲဟာကို၊ သံမဏိမှ မဟုတ်ဘဲ ပြဲမှာပေါ့။ ဒါသဘာဝကျပါတယ်။

ဒီလိုပဲလေ … ကြက်ဥတွေဟာလည်း ဘယ်လို ကြက်မက အုအု သူ့သဘာဝကိုက အခွံက ကွဲလွယ်တယ်၊ အမာတခုခုနဲ့ ထိရင် ခိုက်ရင် ရိုက်ရင် ခတ်ရင် ဒါမှမဟုတ် ပြုတ်ကျရင် ကွဲတတ်တဲ့ သဘောရှိတာပဲ။ ဒါကို သေချာမကိုင်ဘဲ အထုတ်ထဲ ထိုးထည့်၊ အပေါ်ကနေ တခြားပစ္စည်းတွေ တင်လိုတင်၊ ဗြောင်းဆန်အောင် ဟိုလုပ်ဒီလုပ် လုပ်လိုက်နဲ့ဆိုတော့ ဒီကြက်ဥမှ မကွဲရင် ဘယ်ဥကွဲရအုံးမလဲ … ဒါလည်း သဘာဝကျပါရဲ့။

ဘာပဲဖြစ်ဖြစ် … ဒီအကွဲအပြဲတွေအတွက် စိတ်ရှုပ်နေမိတဲ့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်ဆိုချင်ပါတော့တယ်။ ဘယ်သူမပြု မိမိအမှုတွေချည်းပဲ မဟုတ်လား။ ကိုယ်တိုင်က ဘာမှ အသုံးမကျဘဲ ခေတ်ကို စနစ်ကို အပြစ်တင်လို့လည်း မဖြစ်ဘူး။ ခေတ်ထဲ စနစ်ထဲမှာ ရစ်ဝဲနေတဲ့ သူလို ကိုယ်လို လူတွေကိုလည်း အပြစ်မဆိုသာဘူး။ ဘယ်အရာမဆို ပုံသေကားချပ် တွက်မရနိုင်တဲ့ အခြေအနေနဲ့ ကွဲတတ်ပြဲတတ်တဲ့ သဘော သဘာဝတွေကို ကိုယ်က နားလည်ပေးနိုင်ရင် ပြီးတာပဲ။ အဲလိုမှ မဟုတ်ရင် ကိုယ်ပဲ အဘိဇ္ဈာ၊ ဗျာပါဒ၊ သောကတွေပိုပြီး အကုသိုလ်တွေ ဖိတ်ခေါ်နေသလိုပဲမို့ … နောက်ဆုံးမှာတော့ ကြက်ဥအကွဲတွေကို အမှိုက်ပုံးထဲထည့် သန့်ရှင်းရေးလုပ်ပြီး ကိုယ်တိုင်လည်း ရေမိုးချိုးကာ စိတ်ရော လူပါ အနားယူလိုက်မိပါတော့တယ်။
***
မေဓာဝီ
၂၄၊ မတ်၊ ၂၀၁၀
၁၈း၂၈ နာရီ

14 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ပစ္စည်းအသစ်တွေ အရာဝတ္တုအသစ်တွေလည်း
ကွဲတတ် ပြဲတတ်ပါတယ်၊ ပို့စ်အသစ်တွေ
အားတဲ့ အခါ များများရေးနိုင်ပါစေဗျာ ...း)

Ko Paw said...

ကြက်ဥခွံဟူသည်ကား ကွဲတတ်သော သဘာဝရှိသည်။
ကွဲရင် ကွဲတယ်လို့မှတ်။

ခေါင်းအုံးစွပ်ဟူသည်ကား ပြဲတတ်သော သဘာဝရှိသည်။ ပြဲရင် ပြဲတယ်လို့မှတ်။

တရားသဘောတွေ၊ တရားသဘောတွေ။.....း-)

ရွှေရတုမှတ်တမ်း said...

တကမ္ဘာလုံး အတူတူပါပဲ..စိတ်လျှော့..စိတ်လျှော့..

Anonymous said...

ကွဲသလား မေပျို
ကြော်စားလိုက်ပေါ့
လွယ်လွယ်လေးများ
စိတ်ရှုပ်ခံမနေပါနဲ့
ပြဲသလား မေပျို
သဘာဝဟာ သဘာဝပါ
စိတ်ရှုပ်ခံမနေပါနဲ့

ခင်တဲ့
seesein

shwezinu said...

မမေဓါဝီ

ဘဝ ဆိုတာ ဒီလိုပါဘဲ.. ကွဲလိုက် ပြဲလိုက်..

မအားမှန်းတော့ အခုပြောလို့ သိပါပြီ မမန့်နိုင်လည်း စာလေးတော့ လာဖတ်ပါအုန်းဗျာ...

လာနေကြမလာတော့ တမျိုးကြီးဘဲ..


ခင်တဲ့
ရွှေစင်

shwezinu said...

http://shwezinu.blogspot.com/2010/03/blog-post_18.html

မမေဓါဝီ အားတဲ့ အချိန်လေး လာဖတ်ပါအုန်း

~ဏီလင်းညို~ said...

မမေရေ.....
စာလေးဖတ်ရင်း ကြက်မကိုအပြစ်တင်မိတာလေးတွေ၊ ချုပ်ရိုးပြဲလို့ အပြစ်တင်တာလေးတွေဖတ်ရတော့ ပြုံးမိသွားတယ်.......။
အနော်လည်း တစ်ခါတစ်ခါ အဲ့သလိုပဲကိုးးးးးးးး
အားချိန်လေးတွေရပြီး စာလေးတွေရေးနိုင်ပါစေဗျိုး......
(အိမ်မလည်နိုင်တာ ကိုယ်ချင်းစာလို့ရတယ်......။ အနော်လည်း အဲ့ဂလိုဖြစ်တတ်လွန်းလို့.ဟိဟိ........း))
ခင်မင်တဲ့
ဏီလင်းညို

မေ့သမီး said...

အကွဲအပြဲများနဲ့တွေ့ကြုံရပေမယ့် စိတ်ကို ပြန်ပြီး လျှော့လိုက်နိုင်တာကောင်းတာပေါ့ အမရယ်။

ကိုလူထွေး said...

အလုပ်လက်မဲ့တွေများတော့ ပိုက်ဆံတတ်နိုင်သူတွေ ရှားလာရော။ ပိုက်ဆံတတ်နိုင်သူတွေရှားလာတော့ ဈေးဝယ်မယ့်သူတွေ ရှားလာရော။ ဈေးဝယ်မယ့်သူတွေရှားလာတော့ ဈေးဆိုင်တွေလည်း ဘာလုပ်လို့လုပ်ရမှန်းမသိ ပိတ်ကုန်ကြရော။ ဈေးဆိုင်တွေ ပိတ်ကုန်ကြတော့ စောစောတုန်းက ခန့်ထားတဲ့ တယောက်နှစ်ယောက်ကလည်း အလုပ်လက်မဲ့တွေ ဖြစ်ပြန်ရော။ အလုပ်လက်မဲ့ တွေများလာတော့...

(အစက ပြန်ဖတ်ရန်)

းဝ)

sosegado said...

ကွဲတာပြဲတာတွေက သဘာဝပါ၊ ဒါပေမဲ့ တစ်ချို့ ကွဲပြဲတာတွေ ပြန်သုံးလို့မရတော့ဘူး၊ လွင့်ပစ်မဲ့အစား ဘာမှသုံးမလဲ ဘာမှအသုံးဝင်မလဲ ဆိုတာ ရှာကြည့်ကြတာပေါ့၊ တစ်ချို့ ကွဲပြဲတာတွေ ကသိရင်ကြိုတင်ကာကွယ်မလားလို့၊ တစ်ချို့ ကွဲပြဲတာတွေ ကပြန်ဆက်လို့ရတယ်မဟုတ်လား၊ ဘာရယ်လို့မှ မဟုတ် ဒီနေ့ ကမ္ဘာနေ့ ဆိုလား၊ ဘာမှ အလာကား မဖြစ်စေနဲ့တဲ့၊ အိမ်မီးတောင်မှ ည ၈နာရီပိတ်ပေးပါဆိုပြီး၊ စည်းရုံးနေလို့၊

ဏီလင်းညို said...

မမေရေ....
အနော် တက်ဂ်ထားဒယ်နော်....
ရေးပေးဘာဦးခင်ည....း))
ခင်မင်တဲ့
ဏီလင်းညို

မြစ်ကျိုးအင်း said...

ဒီခေတ်မှာတော့ ကိုယ့်စိတ်နဲ့ ကိုယ့်ကို အဆင်ပြေ အောင် အလိုက်သင့်မတွေးတတ်ရင် လူရော စိတ်ရော ပင်ပန်းတာပါပဲ။ အရာရာကို အကောင်းမြင်နိင်ရင်တော့ အကောင်းဆုံးပဲပေါ့
တကယ်လုပ်ရတာတော့ ခက်တယ် ။

Anonymous said...

ကွဲချင်သလောက်ကွဲ
ပြဲချင်သလောက်ပြဲ

အခုတော့ ကိုယ်နဲ့မဆိုင်တော့ဘူးလို့ သတ်မှတ်လိုက်တော့ သိပ်အေးချမ်းသွားတယ်

မီးငယ် said...

ကောင်းပါတယ် အမရယ်
ထပ်ရေးပါဦး