Friday, February 12, 2010

ရှင်သန်နေဆဲ ကိုးဆယ့်ငါး

တပေါင်းလဆန်း တရက်
နွေဦးနံနက်စောစော
ငှက်ဥသြတွေ တေးသံဝေ
အဲဒီ စနေနေ့မှာပေါ့ …

လောကကြီးကို အံတုပြီး
လက်သီးကို ကျစ်ကျစ်ဆုပ်ကာ
သူပုန်လောင်းဇာတာနဲ့
“သူ” မွေးဖွားလာခဲ့တယ်။

ငယ်စဉ်ကတည်းက
မယဉ်ကျေးလှတဲ့
ဘုကျကျ ခွကျကျ
လူ့ဂွစာ လူဆိုးလေးဟာ
ရိုးသားမှုကို တပ်မက်
လွတ်လပ်ခြင်းကို မြတ်နိုး
အမှန်တရားကို တန်ဖိုးထားတတ်သတဲ့။

ပြတ်သားတဲ့ စိတ်ဓာတ်နဲ့
မြင့်မြတ်တဲ့စိတ်ထားကြောင့်
အားလုံးက သူ့ကိုလေးစားကြတယ်။
သူတပ်မက်တဲ့ ရိုးသားမှုနဲ့
သူတန်ဖိုးထားတဲ့ အမှန်တရားကို အားကိုးပြီး
သူမြတ်နိုးတဲ့ လွတ်လပ်ခြင်းကိုလည်း
မရ အရ ယူပြခဲ့တယ်။

အချိန်မတိုင်မီ ခွဲခဲ့ရပေမဲ့
သူချစ်တဲ့တိုင်းပြည်ကို စောင့်ရှောက်ဖို့
သမီးတယောက်ကိုလည်း
သူ့ကိုယ်စား ချန်ထားခဲ့သေးတယ်။

…. …. …. ….
…. …. …. ….
…. …. …. ….

ကြာခဲ့ပြီလေ …
အချိန်တွေ တရွေ့ရွေ့ပြောင်း
နှစ်တွေလည်း ဟောင်းခဲ့ပြီ …
ဖေဖော်ဝါရီ ဆယ့်သုံးရက်
ဒီစနေ နံနက်မှာ
သူသာရှိရင် အသက် ကိုးဆယ့်ငါး ပေါ့
မေ့လျော့များနေကြမလား …
ဖျောက်ဖျက်များထားကြမလား …
ထားကြစမ်းပါစေ …
သမိုင်းဆိုတာ လူကမရေးရင်တောင်
သွေးတွေနဲ့ ရဲရဲနီကာ
ထာဝရရှင်သန်နေမှာ
သေချာပါတယ်လေ … ။
***
မေဓာဝီ
၇၊ ဖေဖော်ဝါရီ၊ ၂၀၁၀
၁၃း၁၈ နာရီ

တချိန်ကရေးခဲ့ဖူးသော ...
ဒို့အရေး
ဖေဖော်ဝါရီ ၁၃-မှာ
သတိရမိသော သီချင်းနှစ်ပုဒ်

သီချင်းနားထောင်ဖို့

13 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ကဗျာကို ဖတ်ရူခံစားသွားပါတယ် မမေဓါဝီ၊ အားပေးလျက်ပါ။

ရေတမာ said...

မေ့လျော့များနေကြမလား …
ဖျောက်ဖျက်များထားကြမလား …
ထားကြစမ်းပါစေ …
သမိုင်းဆိုတာ လူကမရေးရင်တောင်
သွေးတွေနဲ့ ရဲရဲနီကာ
ထာဝရရှင်သန်နေမှာ
သေချာပါတယ်လေ

ဒီမနက်အတွက် ဝမ်းနည်းမှုကိုဖြစ်စေတဲ့ ကဗျာလေးပါ အမရေ။ ချယ်မှုန်းထားပုံက တခြားသူတွေထက် ထူးခြားတယ်။

ကိုလူထွေး said...

လူကမရေးရင်တောင်
သွေးတွေနဲ့ ရဲရဲနီကာ
ထာဝရရှင်သန်နေမှာ
သေချာပါတယ်လေ...

Harry said...

အရမ်းခံစားရပါတယ် မမေ ...
မမေ့ပါဘူး ... ကျနော်တို့ နှလုံးသားထဲမှာ ဗိုလ်ချုပ်ဟာ ထာဝရ ရှင်သန်နေမှာပါ

seesein said...

ကြီးကြီးမေ

ကဗျာလေး လာပြီး ဖတ်ရှုခံစားသွားပါတယ်
ကြီးမေရေ တူမတို့ဆီမှာတော့......

ချစ်တူမ

seesein

ကိုပေါက်စ said...

ဘယ်လိုပဲဖျောက်ဖျောက်မပျောက်နိုင်ပါဘူး...
(၀မ်းတော့နည်းမိတယ်..)

မေ့သမီး said...

အမ
ကဗျာလေးလာဖတ်သွားတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

မမေဓါဝီရေ အားရင် ကြိုက်နှစ်သက်တဲ့ အကြောင်းအရာ
များရှိရင် ရေးပေးပါ တဂ်ထားလို့ ...း)

shwezinu said...

မမေဓါဝီ

ကောင်းလိုက်တဲ့ ကဗျာလေး
တော်လိုက်တာနော်
ကျနော်က ကဗျာတွေ သိပ်မခံစားတတ်တဲ့ ခပ်တုံးတုံးပါ
ဒါပေမဲ့ မမေဓါဝီ ရေးတဲ့ ကဗျာလေးတွေကတော့ တကယ်ကိုဘဲ ရင်ကို ထိခတ်ပါတယ်

ကျေးဇူးပါဗျာ

ကျနော့်ကို ရွှေစင် (သ) မရွှစင် လို့ ခေါ်လို့ရပါတယ် နံမည် အရှည်ကြီးရေးရတာ ပင်ပန်းမှာ ဆိုးလို့ပါ
ကျနော်နဲ့ မမေဓါဝီနဲ့ တူတာတွေများတဲ့ အတွက် ကျနော်လည်း ဝမ်းသာပါတယ်.. နောက်ပြီး ခေါင်ရည် မူးတာက ထန်းရည်မူးတာထက် ပိုပြင်းပါတယ် လေတိုက်ရင်တော့ အတူတူ မူးတာပါဘဲ

ကောင်းတာတွေ လာသင်ပေးနေတယ်နော်

ရွှေစင်ဦး
.

မျက်မှန်လေး said...

အနှစ်သာရ ပြည့် ၀လိုက်တဲ့ကဗျာလေး


နောက်ထပ်အသစ်တင်တာဖတ်ချင်လို့ လင့်ခ်ယူသွားတယ်နော်။

~ဏီလင်းညို~ said...

မမေဓါဝီရေ...
ကဗျာလေးကို အခုမှ ဖတ်ဖြစ်ရပေမယ့် ရင်ထဲမှာခံစားမိတယ်ဗျာ...။
သူများတော့ မသိပါဘူးခင်ဗျာ...။
ကျွန်တော့်ရင်ထဲမှာတော့ ဖခင်ကြီးကို သတိရမိနေဆဲပါပဲ...။
(စီဘောက် မတွေ့မိလို့ ဒီမှာပြောသွားပါတယ်...။ လင့်ခ်ယူသွားတယ်နော်ဗျ....း))
ခင်မင်တဲ့
ဏီလင်းညို

myakhin said...

မမေကတော့ ကဗျာအားကောင်းတယ်။

လာလည်အားပေးတဲ့အတွက် ၀မ်းသာပါတယ်။

ကိုယ့်စာလာဖတ်သူမှန်သမျှ ကျန်းမာပျော်ရွှင်ပါစေ။ မဖတ်တဲ့သူတွေကတော့

သဗ္ဗေသတ္တာ ကာမသကာ...ပေါ့လေ...

တန်ခူး said...

မေရေ… ခုမှ လာဖြစ်တော့တယ်ညီမရယ်… လွမ်းပေမယ့် အလုပ်တွေ အရမ်းများနေလို့ လေ… အရမ်းကောင်းတဲ့ ကဗျာလေးပါမေ… အမသားကို ဖတ်ပြဦးမယ်… အမကတော့ သားမသိပေမယ့် သားသိအောင်ပြောပြမိတယ်မေရေ… မေလဲကျောင်းစာတွေနဲ့  အလုပ်များနေပြီထင်တယ်… အစစအဆင်ပြေပါစေ