Thursday, February 25, 2010

အဖြေ

စောင့်ခဲ့ရတာ ကြာလှပြီ။
ဟုတ်တယ်။
လွန်ခဲ့တဲ့ ၂ လ ကျော်လောက်ကတည်းက ဆိုပါတော့။
တိတိကျကျ ပြောရရင် စောင့်ခဲ့ရတာ ရက်ပေါင်း ၁၁၀ ရှိပြီ။
ဒီထက်ပို တိတိကျကျ ပြောရအုံးမလား … ။
နာရီပေါင်း နှစ်ထောင့် ခြောက်ရာ လေးဆယ် နာရီ …
မိနစ်ပေါင်း တသိန်း ငါးသောင်း ရှစ်ထောင်လေးရာ မိနစ် …
စက္ကန့်နဲ့ဆို ကိုးသန်း ငါးသိန်းနဲ့ လေးထောင် စက္ကန့်။
စိတ္တက္ခဏတွေနဲ့တော့ မတွက်တော့ပါဘူး။ လက်ဖျစ်တတွက်မှာ ကုဋေတသိန်းဆို အနားက ဂဏန်းပေါင်းစက်က တွက်တတ်မှာ မဟုတ်ဘူး။ ကိန်းဂဏန်းတွေနဲ့ ကျင်လည် ယဉ်ပါးနေရတာများလို့ အကျင့်ပါပြီး တွက်ပြလိုက်တာပါ။ တကယ်တမ်း ပြောချင်တဲ့ လိုရင်းကတော့ ဒီအဖြေ ရဖို့အတွက် အချိန်တွေ အကြာကြီး စောင့်ခဲ့ရတယ် ဆိုတာပါပဲ။

အချိန်ဆိုတဲ့ အရာကလဲ တော်တော်လေး စိတ်ကုန်ဖို့ ကောင်းတယ်။ မသိလိုက် မသိဖာသာနေရင် ကုန်တာ အရမ်းမြန်သလို စောင့်နေပြီလားဟေ့ ဆိုရင်တော့ အရမ်းကြာတယ် ထင်ရတယ်။ အမှန်တော့ အချိန်က သူ့ဟာသူ နေတာပါ လူ့စိတ်က အဲဒီလို ထင်နေတာ။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ချင်တော့ အချိန်ကို ကြံဖန် အပြစ်တင်ရတာလေ။ ကိုယ်က စောင့်နေရတဲ့အခါ အချိန်တွေက ကုန်ခဲလွန်းလှတယ်။ စက္ကန့် မိနစ် နာရီတွေ နှေးနေသလိုပဲ။ သိချင်လေ ပိုကြာလေ … ။ ဒီလိုနဲ့စောင့်စားရင်း တရွေ့ရွေ့ အချိန်ကုန်လာလိုက်တာ မျှော်နေခဲ့ရတဲ့ နေ့ကို ရောက်လာပါရော။

ရောက်လာပြန်တော့လည်း စိတ်က လှုပ်ရှားပြန်တယ်။ ညဦးပိုင်းကတည်းက လူက ဂနာမငြိမ်ဘူး။ ကျောင်းစာကို အာရုံစိုက်ပြီး ဖတ်လို့လည်း မရဘူး။ စိတ်တွေလှုပ်ရှားပြီး ထိုင်မရ ထမရ တကြွကြွ ဖြစ်နေမိတယ်။ ဒါနဲ့ပဲ ဘုရားမှ တပါး အားကိုးစရာ မရှိဘူး ဆိုပြီး မြတ်စွာဘုရား ရှေ့တော်မှောက်မှာ ဘုရားရှိခိုး သီလယူပြီး ၀တ်ရွတ်စဉ် စာအုပ်လေးကိုဖွင့်၊ နမောတဿ ရွတ်ပြီးတဲ့ သကာလ ပရိတ်ကြီး ၁၁-သုတ်လုံးကို သမန္တာက စလို့ ပုဗ္ဗဏှသုတ္တံ နိဋ္ဌိတံ အထိ အစအဆုံး ပုဒ်ထီး ပုဒ်မ မကျန် အကုန်ရွတ်လိုက်တယ်။ ပရိတ်ကြီး ၁၁-သုတ် အဆုံးမှာ စိတ်က အတန်အသင့် တည်ငြိမ်လာပါရဲ့။ ဒါပေမဲ့ ရွတ်စရှိရင် ဆက်ရွတ်ချင်နေတုန်းပဲမို့ ဓမ္မစကြာပါ ဆက်ရွတ်တယ်။ ဓမ္မစကြာ အဆုံးပိုင်းမှာ နတ်ပြည် ခြောက်ထပ်နဲ့ ဗြဟ္မာ့ပြည်က နတ်ဗြဟ္မာတွေ ကောင်းချီးပေးတာကိုလည်း ခါတိုင်းလို ပေယျာလ မထိုးဘဲ တလုံးမကျန် အကုန်ရွတ်ပြီးတဲ့နောက် နည်းနည်း မောသွားတယ်။

ဘုရားရှိခိုးရင်ပဲ ဖြစ်ဖြစ် ပရိတ် ပဋ္ဌာန်း ရွတ်ဖတ်သရဇ္ဈာယ်ရင်ပဲ ဖြစ်ဖြစ် အသံထွက်ပြီး ရွတ်မှ အားရကျေနပ်တာမို့ အဲဒီလို ရွတ်ရင်း ဓမ္မစကြာ အဆုံးမှာ မောလည်းမော အာလည်း တော်တော်ခြောက်သွားလို့ ရေထသောက်ရ ပါသေးတယ်။ ဓမ္မစကြာပြီးတော့ အနတ္တ လက္ခဏသုတ် ဆက်ရွတ်တယ်။ အနတ္တလက္ခဏသုတ် ရွတ်နေရင်း သညာ အနတ္တာ ဆိုတဲ့နေရာမှာ အင်း တယ်မှန်ပါလားလို့ တွေးမိသေးတယ်။ သင်ထားတဲ့ စာတွေ ဘယ်နှစ်ခေါက် ဖတ်ဖတ် အမြဲ ပြန်ပြန်မေ့နေတတ်လို့ပါ။

အနတ္တလက္ခဏသုတ် အဆုံးမှာတော့ စိတ်က အတော်လေး တည်ငြိမ်နေပါပြီ။ ဒါပေမဲ့ နေ့စဉ် ရွတ်နေကျ ပဋ္ဌာန်း ပစ္စယနိဒ္ဒေသကို ဆက်ရွတ်လိုက်ပါတယ်။ ပဋ္ဌာန်းရွတ်ပြီးတဲ့အခါ ခါတိုင်းလိုပဲ ၁၅ မိနစ် တရားမှတ်၊ (အဲဒီထက် ပိုမမှတ်နိုင်ပါဘူး၊ အများဆုံး နာရီဝက်ပဲ) တရားဖြုတ်အပြီးမှာတော့ စိတ်က အေးချမ်းငြိမ်သက် သွားပြီလို့ ဆိုရမယ်။ ညလည်း ၁၁ နာရီ ထိုးခါနီးပြီမို့ ဗုဒ္ဓအက်ဖ်အမ် အစီအစဉ်မှာ တရားလွှင့်ပေးဖို့ အချိန်ကျပါပြီ။ ဗုဒ္ဓအက်ဖ်အမ်ကို ဒေသစံတော်ချိန် ည ၁၁ နာရီကနေ မနက် ၆ နာရီထိ လွှင့်ပေးဖို့ တာဝန်ယူထားတာမို့ အဲဒီအချိန်ကတော့ ပုန်းလျှိုးကွယ်လျှိုးပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် အွန်လိုင်းမှာ အွန်ဂျူတီ ရှိနေရပါတယ်။ တကယ်က တရားလွှင့်ထားပြီး အိပ်နေရုံပါပဲ။ စိတ်မချလို့ ခဏခဏ ထကြည့်မှသာ အိပ်ရေးပျက်တာပါ။ ခါတိုင်းဆိုရင်တော့ မအိပ်ခင် ဟိုဘလော့ ဒီဘလော့ အလည်ထွက် စာတွေလိုက်ဖတ်ပြီး မျက်စိညောင်းလောက်ပြီ ဆိုတော့မှ အိပ်တယ်။ အဲဒီနေ့ကတော့ စာတွေဖတ်လည်း မျက်စိက မညောင်းဘူး။ အချိန်က ၁၂ နာရီ ထိုးလုပြီ။ မျှော်နေတဲ့ အဖြေကို မနက် ၅ နာရီ သိရမယ်တဲ့။ နာရီနှိုးစက်ကို ၅ နာရီ ထိုးဖို့ ၅ မိနစ်မှာ ပေးပြီး အတင်း ကြိုးစားအိပ်လိုက်တော့ မကြာခင် အိပ်ပျော်သွားတယ်။
***
အိပ်မက်တွေ မက်ပြီး ပြန်နိုးလာတဲ့အချိန် နာရီက 00:30 တဲ့။ ဟင် … ဒါဆို အိပ်တာ ဘယ်လောက်မှ မကြာသေးပါလား။ ခုမှ ည ၁၂ နာရီခွဲပဲ ရှိသေးတာ။ ပြန်အိပ်အုံးမှပါပဲ … လို့ တွေးပြီး ပြန်အိပ်။ နောက်ထပ် ၁ နာရီလောက်ကြာတော့ တခါပြန်နိုး။ အဲဒီလို အိပ်တခါ နိုးတလှည့်နဲ့ တညဥ့်တာ ကုန်ဆုံးခဲ့ပြီး မနက် ၄ နာရီခွဲမှာ နောက်ဆုံး နိုးခဲ့ပြီးနောက် ပြန်မအိပ်တော့ပါဘူး။ ၅ နာရီအထိုးကို စိတ်လှုပ်ရှားစွာ ထိုင်စောင့်ရပြန်ပါတယ်။ အဲဒီနာရီဝက် အတောအတွင်းမှာတော့ ဘလော့ပေါ်က စာတွေလည်း မဖတ်နိုင်တော့ဘူး။ ဘုရားစာလည်း ကပေါက်တိ ကပေါက်ချာတွေ ဖြစ်နေပြီ။ ဂျီမေးလ်ထဲမှာ ကိုယ်ဖျောက်ပြီး ၀င်ထားတာမို့ အွန်လိုင်းမှာ ရှိနေတဲ့သူတွေကို မြင်နေရတယ်။ စိတ်ပြေလက်ပျောက် နှုတ်ဆက်ဖို့လည်း အာရုံမရဘူး။

ဒီလိုနဲ့ ….
ဒီလိုနဲ့ ….
၅ နာရီ ထိုးသွားရော။

မေးလ်ဘောက်စ်လေးကို မမှိတ်မသုန်တဲ့ မျက်လုံးတွေနဲ့ စူးစိုက်ကြည့်နေမိတယ်။
ဘာမေးလ်မှလည်း မလာသေးဘူး။
တမိနစ် … … …
နှစ်မိနစ် … … …
သုံးမိနစ် … … …
သုံးမိနစ်ခွဲ ... ... ...
ရင်တွေက တဒိန်းဒိန်းခုန်စပြုနေပြန်ပါပြီ။ ဘယ့်နှယ့်လုပ်ရမလဲ။
အဖြေ … အဖြေ …
ဒီအဖြေက အကောင်းလည်း ဖြစ်နိုင်သလို အဆိုးလည်း ဖြစ်နိုင်တယ်။
အကောင်းတ၀က် အဆိုးတ၀က်လည်း ဖြစ်နိုင်တယ်။ ဒီအဖြေပေါ်မူတည်ပြီး စိတ်ဓာတ် အတက်အကျကလည်း နောက်ဆက်တွဲ ဖြစ်လာအုံးမှာ။ ရင်မောလိုက်ရပါဘိတော့။

လေးမိနစ် … … …
ငါးမိနစ် … … …
ငါးမိနစ်နဲ့ နှစ်ဆယ့်ငါး စက္ကန့်ခွဲ … …
မေးလ်က ၀င်မလာသေး။
နမောတဿရွတ်လိုက် ဣတိပိသော ရွတ်လိုက်၊ အိပ်ရာပေါ် ပက်လက်လှန်လိုက်၊ ဘေးတစောင်းနေလိုက်၊

ခြောက်မိနစ် … … …
ခုနစ်မိနစ် … … …
သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ … ဇယစက္ကော ဇယန္တောယော … ငုတ်တုတ်ထိုင်လိုက်၊ မတ်တပ်ရပ်လိုက်၊ ကွန်ပျူတာ မျက်နှာပြင်ကြီးကို ပြန်ကြည့်လိုက်၊

ရှစ် မိနစ် … … …
ကိုး … အိုး … အိုး … ....

မေးလ်ဘောက်စ်ထဲမှာ ResultsOnline ဆိုတဲ့ မေးလ်တစောင်။
ဒိန်းခနဲ … ရင်ဘတ်ကြီးက ထိန်းမရ သိမ်းမရ ခုန်သွားတယ်။
အသက်ကို မှန်မှန်ရှူ … မှန်မှန်ရှူ ….စိတ်ကို ငြိမ်ငြိမ်ထား ...
ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း လက်ညှိုးကို အသာလေးဖွဖွ touchpad ပေါ်မှာ ရွေ့လျားလိုက်တယ်။ ၀င်လာတဲ့ မေးလ်အသစ်နေရာမှာ မောက်စ်ပွိုင်တာကို တင်ထားပြီး မဖွင့်သေးခင် နမောတဿ သုံးကြိမ် ဆိုလိုက်ပါသေးတယ်။ ပြီးတော့မှ touchpad ပေါ်မှာ လက်ညှိုးကို ဆတ်ခနဲ တချက်နှိပ်လိုက်တယ်။

အသက်ကို မရှူဝံ့လောက်အောင် ဖြစ်နေပြီး မကြည့်ရဲ ကြည့်ရဲနဲ့ ကြည့်လိုက်တော့ …
…. …. ….
…. …. ….
…. …. ….
Your examination results for the December 2009 session issued on 22-FEB-10 are:
Paper Details: xxxx
Result: Pass
Mark: xx
Paper Details: xxxx
Result: Pass
Mark: xx

YES!!! လို့ ခပ်တိုးတိုး ရွတ်လိုက်မိတယ်။
အဲဒီအခါကျမှ ရင်ထဲက အပူလုံးကြီး ဗြုန်းဆို ကျသွားသလို …. ၀ှူးးးးး ခနဲ သက်ပြင်းအကြီးကြီးကို ကစဥ့်ကလျား ချလိုက်မိပါတော့တယ်။
***
မေဓာဝီ
၂၅၊ ဖေဖော်ဝါရီ၊ ၂၀၁၀
၂၀း၄၅ နာရီ

ဆက်စပ်ပို့စ်
ပွဲတော်ချိန်

(ဒီဇင်ဘာမှာ ဖြေခဲ့ရတဲ့ စာမေးပွဲ အောင်စာရင်း ထွက်တဲ့နေ့ အမှတ်တရ)

29 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ဝမ်းသာစရာပဲ၊ မျှော်လင့်ချက်တွေနဲ့ ပြည့်စုံပါစေ။

ရေတမာ said...

ဝမ်းသာတယ်ဗျို့........... စဖတ်ကတည်းက စာမေးပွဲအဖြေလို့တော့ သိတယ်။ ဖတ်ရင်း ကျနော်လည်း ရင်တဒိတ်ဒိတ်နဲ့။ ရှေ့ဆက်ပြီးလည်း အောင်မြင်ပါစေ အမရေ။

Anonymous said...

အမရယ်.. ပင်ပန်းလိုက်တာ..

အချိန်တန်ရင်သိရမှာပဲဟာကို... အောင်မဲ့သူကအောင်မှာပဲ။ အမစိတ်ပင်ပန်းတာပေါ့.. ဖတ်သူတွေလဲ တထိတ်ထိတ်နဲ့ဖတ်တာ..နောက်ဆုံးအောင်သွားလို့..နို့မို့ အမ စိတ်တွေတအား ဒီပရက်စ်ဖြစ်မှာ။ အဲလိုစိတ်ထဲသိပ်မထားပါနဲ့..အမရနော်.။

ကွန်ဂရက်ကျူလေးရှင်းပါ။ ဟီး အဲဒါကို မြန်မာမှုပြုတာ မလုပ်တတ်လို့။
ကွန်ဂရက်ကျူလေးရှင်းအမ..
အမ အတွက် ဂုဏ်ပြုပီး.. နွားနို့တခွက် ချီးယားစ်လုပ်ခဲ့တယ်။ဟီး

Thant said...

ဖတ်နေရင်းနဲ့ ကိုယ်တောင်ရင်တွေတုန်လာတယ်..... ဝှူးးးးးးးးး....
Congratulations.... :)))

ရွက်လွင့်ခြင်း said...

ဝမ်းသာစရာ ပါပဲဗျာ
ဒါပေမယ့် ဖတ်ရတာ အရမ်းစိတ်လှုပ်ရှားစရာ ကောင်းအောင် ရေးတက်တယ်
နောက်ပိုစ့်တွေလည်း စောင့်မျှော်နေမယ်

မျက်မှန်လေး said...

congratulation !!
မမမေ....

စာမေးပွဲအောင်တယ်ဆိုလို့ ၀မ်းသာပါတယ်။
ဘ၀စာမေးပွဲတွေလည်း အောင်မြင်ပါစေလို့ ဆုတောင်းခဲ့တယ်နော်။

ရွှေရတုမှတ်တမ်း said...

ဖတ်ပြီးမှ..ဟင်း...
ဝမ်းသာပါ့ဗျာ...

khin oo may said...

Congratulation!

ကလူသစ် said...

အဲ့ဂလောက်ကြောက်ရသလား။ မအောင်ရင် ပြန်ဖြေပေါ့ဗျာ။ :)

မေဓာဝီ said...

အားလုံးပဲ ကျေးဇူးတင်ပါတယ်ရှင်။
အောင်လို့သာ ဒီပို့စ်ရေးဖြစ်တာ မအောင်ရင် အသာလေး ငြိမ်ကုပ်နေမှာ။ :D

မအောင်ရင် ပြန်ဖြေလို့ရပေမဲ့ အချိန်ရယ် ငွေရယ် (ပြီးတော့ ဦးရီးတော်ရယ်) ကို ကြည့်ရပါသေးတယ်။ ဖတ်ပြီးသားစာကို ပြန်မဖတ်ချင်တာက အဆိုးဆုံးပါပဲ။

ကြောက်တာကတော့ ပြောမနေနဲ့ .. မဖြေခင်လည်း ကြောက်၊ ဖြေနေတုန်းလည်း ကြောက် ဖြေပြီးသွားလည်း ကြောက်၊ ကြောက်ကြီးကိုးလုံး ဂါထာ နောက်ကို ရွတ်ရမယ်။ :P

မှတ်ချက်များဖြင့်လည်းကောင်း၊ မေးလ်ပို့၍လည်းကောင်း အားပေးဂုဏ်ပြုကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်တခါ ဖြေရမယ့် စာမေးပွဲအတွက် စတင်၍ စာဖတ်နေပါပြီ။ :)

~ဏီလင်းညို~ said...

မမေဓါဝီရေ...
ကျွန်တော်လည်း...ဖတ်ပြီးမှ သက်ပြင်းချလိုက်မိတယ်....ဒုန်း....။ ကဲ...မှတ်ကရော...း))
နောက်ထပ်စာမေးပွဲတွေလည်း...အောင်မြင်ပါစေဗျားးး
ခင်မင်တဲ့
ဏီလင်းညို

ရွှန်းမီ said...

သိရတာ ဝမ်းသာပါတယ် အစ်မမေဓာဝီ.. နောက်ဆက်တွဲ ဘာသာတွေလည်း အဆင်ပြေပြေ ဖြေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကိုလူထွေး said...

ပီအေအက်စ်အက်စ် ရဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရသလဲ...

အဖြေအတွက် ဒီလောက် စိတ်သောကရောက်ရတယ် ဆိုတော့ ဧကန္တ ဝတ်လည်တာ ဖြစ်ရမယ်...

းဝ)

Kay said...

မခင်ဦးမေ ဆီက နဲ့.. ကလူသစ်ဆီက..တ၀က် ကော်ပီလုပ်သွားတယ်။း)

Congratulation
အဲလောက် မကြောက်နဲ့လေ..

ဂျူနို said...

ညီမရေ ၀မ်းသာတယ်။ ကိုယ်ချင်းလည်း စာ တယ်။
ရင်းနှီးရတာ အချိန်ရယ် ငွေရယ် စိတ်ခွန်အားတွေရယ် နောက် တခါအတွက်ဆိုတာ မစဉ်းစားရဲလောက်တာမို့ တကယ့်ကို ကိုယ်ချင်းစာတယ် ညီမရေ။

မအယ်လည်း စာမေးပွဲတွေ အများကြီး ဖြေဖူးတယ်။ ဒီမှာ ပြန်ဖြေရတဲ့ စာမေးပွဲလောက် စိတ်သောက ရောက်ခဲ့တာ မရှိဘူး။ စာမေးပွဲ မဖြေခင်လည်း ဂုဏ်တော်ကိုးပါး ရွတ်နေတယ်။ မေးခွန်း တခုနဲ့ တခု အကြားလည်း ဂုဏ်တော် ရွတ်နေတယ်။
နုတ်ဖြေ ဖြေပြီး အပြင်မှာ ထွက်စောင့်ရတဲ့ အချိန်ဟာ ကမ္ဘာမှာ အဆိုးရွားဆုံး စောင့်ရတဲ့ အချိန်ပဲ။

ကိုယ့်နာမည်လည်း ခေါ်ရော ဆရာတွေရှေ့ ဂုဏ်တော်ပဲ ရွတ်နေတာ။ နင် အောင်တယ် ပြောလိုက်တာ မကြားလိုက်ဘူး။ ထပ်မေးရတယ်။

အောင်တယ်လည်း ဆိုရော ငိုချမိရော။ ဒီလို စာမေးပွဲတော့ တသက် မဖြေချင်တော့ဘူး။:(

မအယ်

pandora said...

မမေရေ
ရှေ့ဆက်ရမယ့် စာမေးပွဲတိုင်းမှာလည်း
အဆင်ပြေအောင်မြင်ပါစေ
ဝမ်းသာဂုဏ်ယူလျက်

ကြည်ဖြူပိုင် said...

ကြည်ဖြူပိုင် said...
ဖြိုသလစ်နည်းကတော့ နာမည်နဲ့လိုက်အောင်
အရမ်းလွယ်တယ်
ဝက်ကလီစာတွေ
ဝက်သားတွေကိုယ်ကြိုက်ရာဝယ်ပြီး
ရေစင်အောင်ဆေး (နဂိုထဲကသန့်ပြီးသားပါ။ မသိလ္လာစိုးစတိုင်လ်လေးလုပ်ကြည့်တာ ;) )
ပြီးရင်ရှာလကာရည်နဲ့ညှီနံ့ပျောက်အောင်
နယ်ပြီးထပ်ဆေး (အနော်ကတော့အချဉ်မကြိုက်လို့ ပြီးရင်အဲဒိရှာလကာရည်တွေကို ပြန်ဆေးချတယ်။)
ဆေးပြီးသားဝက်သားကို ခရုဆီ (ဟင်းရည်သောက်ဇွန်း) ၂ဇွန်းခွဲလောက်။ ပဲငံပြာရည်ကိုယ်ကြိုက်သလောက်။ ဆားအသင့်တင့်။ အချိုမှုန့်ပါတယ်ဆိုရုံ။ သကြားနည်းနည်းများ။ ငရုတ်ကောင်းလေးဖြူး။ ပြီးတော့ဂျင်း။ကြက်သွန်နီ။ကြက်သွန်ဖြူ ရောထောင်းထားတာလေးနဲ့နယ်။ ပြီးတာနဲ့ ဆီလေးပိစိကွေးနဲ့ ရေမြုပ်ရုံထည့်ပြီးထမင်းပေါင်းအိုးထဲထည့်ပြီး ပစ်ထားလိုက်တော့တာပဲ။ ၄၅မိနစ်လောက်ကြာရင်တော့အဲဒိ
ဝက်သားကနူးအိမွှေးကြိုင်နေပြီ။ လုံးဝကိုအလုပ်မရှုပ်တာ။ ကြက်သွန်နီဖြူဂျင်းကိုလဲ အလုပ်ရှုပ်မှာစိုးလို့ ကြိတ်စက်နဲ့ပဲကြိတ်လိုက်တယ်။
လုပ်စားကြည့်နော်။ ပြီးရင်လဲဖိတ်ကျွေးဦးနော်။
ဝက်သားဆိုအရမ်းကြိုက်တာ။ ဟားဟား

ကြည်ဖြူပိုင် said...

ရင်တထိတ်ထိတ်နဲ့ဖတ်လာတာ
အမလေး တကယ်ကိုရင်တုန်ပန်းတုန်နဲ့ဖတ်တာ
မျက်လုံးကြီးက ပြူးထွက်ပြီး ကွန်ပျူတာစခရင်ပေါ်တောင် ဘတ်ဆိုပြေးကပ်မလားထင်ရတယ်
အဲလိုမျိုးရင်ခုန်ရတာ တကယ်ရင်မောတယ်
တော်လိုက်တာ။ အနော်ကကိုယ်သာငပျင်း သူများတွေစာလုပ်ရင်ကျတော့သိပ်သဘောကျတာ
ခုလဲနောက်ဖြေဖို့စာကျက်နေပြီဆိုတော့
ကြည့်စမ်းဘယ်လောက်တော်တဲ့မမလဲလို့ (အနော့်ထက်ငယ်ရင်လဲစိတ်ဆိုးသွားနဲ့နော်။ အသက်မသိလို့ :) ) မိဘတွေအတွက်မွေးရကျိုးနပ်တဲ့သမီးလေး။
အဲလိုလူတွေမြင်တော့အနော်ကိုယ့်ကိုယ်ကိုတော်တော်ဆိုးမှန်းသိလာတယ် :(
ကွန်ကရက်ကျူလေးရှင်းမမရေ ..............:)
စာမေးပွဲအောင်လို့ ဂုဏ်ပြုလက်ဆောင်
ဝက်သားနှပ်ကျွေးတယ်ကွ အနော်က ..ဟားဟား :D

အိမ့်ချမ်းမြေ့ said...

မမေရေ...

မလေး လာတယ်နော်..
ရောက်ကြောင်း ပြောတာပါ..

ပြန်လိုက်ဦးမယ်။
သိတဲ့အတိုင်းပဲ ၀မ်းနည်းနေလို့..
အဘွားဆုံးသွားပြီမမေ။

SHWE ZIN U said...

Congratulations မမေဓါဝီ

ကျနော်တောင် ဖတ်ရင်းနဲ့ ရင်တွေခုန်လာတယ် ကျနော့် ဘ၀မှာ result အတွက်ရင်မခုန်ရတာကြာပြီးကိုး

ထာဝရ အောင်မြင်မူ့နဲ့သာ ကြုံတွေ့နိုင်ပါစေနော်

ခင်တဲ့
ရွှေစင်

Harry said...

Congrats!!!!!
တို့ကတော့ အဲဒီ ဝဋ်က ကျွတ်ပြီ ... လွတ်ပြီ ... ဟီဟိ..

ကိုပေါက်စ said...

ဘုရားစာ ရွတ်တာထက်တရားမှတ်နေတာက...ပိုပြီးစိတ်ကိုငြိမ်စေမှာပါ။
ဘာဖြစ်လို့ တရားကို(၁၅)မိနစ်လောက်ပဲ အားထုတ်နိုင်တာလဲ...(၁)နာရီလောက်တော့ကြိုးစားကြည့်ပါလား...

ချစ်ကြည်အေး said...

ညီမမေ...စာလာဖတ်တာ ကျေးဇူးတင်တယ်၊ တကယ်ဆို တလောက မီဒီယာ တခုနဲ့ ညီမမေ အမေးအဖြေလိုမျိုး ကြားမိကတည်းက သွားလည်အုံးမှ ဆိုပြီး မရောက်ဖြစ်ခဲ့တာ...။ ညီမ စာမေးပွဲ အောင်တာ ဝမ်းသာတယ်နော် ၊ အမကတော့ စာ ဆို ခေါင်မိုးပေါ် လက်ညှိုးထိုးပြဖို့ပဲ တတ်တော့တယ်။ စာမေးပွဲဖြေရမဲ့ဟာ မှန်သမျှ မလုပ်ချင်တော့တာ...:))

Anonymous said...

မမေ.. ခုမှ မြန်မာပြည်က ပြန်ရောက်တယ်.. မြန်မာပြည်က ပြန်လာတာ ရင်တုံ ပန်းတုံနဲ့ပါဆိုမှ.. မမေ့ ပို့စ်က ရင်ကို ခုံအောင်လုပ်နေလို့ မောလိုက်တာ ဘာပါလိမ့်လို့.. တော်သေးတယ်... စာမေးပွဲ ဂေဇက်.. အောင်တာများ အောင်တယ်ပေါ့.. ဟဲဟဲ.. ကိုယ်လက်စွမ်းထက်တိုင်း အဲလို ပို့တွေနဲ့ သူများတွေကိုလဲ ရင်တုံပန်းတုံ ဖြစ်အောင် မနှိပ်စက်နဲ့နော်..

မောင်ကြီး

မေ့သမီး said...

အမ Congratulations! နောက်ကျသွားပေမယ့် စိတ်မဆိုးနဲ့နော်။

Thet Oo said...

အောင်တယ်လို့ပဲ ပြောတယ်။ အမှတ်စာရင်း မပြောဘူးဆိုတော့... ဂုဏ်ထူးတွေ ပါလို့နဲ့တူတယ်။

မြစ်ကျိုးအင်း said...

အတူတူရင်ထိတ်ပေးရတဲ့အတွက် မုန့်ဝယ်ကျွေးပါ

ဒူကဘာ said...

ကော်ပီတွေ ခေတ်စားနေတော့ မကေရယ်၊ ပန်ဒိုရာစံရယ် မေ့သမီးတို့ မန့်တာတွေ ယူပြီး ပြန်မန့်သွားတယ်။ Congratulation
အဲလောက် မကြောက်နဲ့လေ..ဝမ်းသာဂုဏ်ယူလျက်...နောက်ကျသွားပေမယ့် စိတ်မဆိုးနဲ့နော်။

Anonymous said...

ACCA?