Sunday, January 17, 2010

လွဲမှားနေသော ဆိုစကားများ

(၁)
သင်ကောင်းမှ ကျွန်ုပ်ကောင်းမှာလား?

ဘယ်သူထွင်ခဲ့တာလဲ မသိ၊ ဘယ်အချိန်က စပြီး ပေါ်လာတာလဲ မသိတဲ့ အဆိုအမိန့် စကားတချို့ဟာ လူတွေ တွင်တွင်ကျယ်ကျယ် သုံးနေကြတော့ ဟုတ်သယောင် မှန်သယောင် ဖြစ်နေပါတယ်။ အဲဒီ ဆိုစကားတွေနဲ့ ပတ်သက်ပြီး အဖေနဲ့ ကျမလည်း ခဏခဏ ဆွေးနွေးခဲ့ကြဖူးတယ်။ လူတွေက သဘောကျတော့ စီးပွါးရေးသမားတွေက နံရံကပ်တဲ့ စာရွက်ကလေးတွေ လုပ်ရောင်းကြတယ်။ တချို့အိမ်တွေ ဆိုင်တွေမှာ အဟုတ်ကြီးလုပ်ပြီး ကပ်ထားကြတာလည်း မြင်ဖူးတယ်။ ဘာတဲ့ …
“သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ” တဲ့။

အဲဒါနဲ့ ခပ်ဆင်ဆင်ပါပဲ အရပ်သုံးစကား “ရောင်းသူ ၀ယ်သူ အသံတူ” ဆိုတာက ရှိသေးတယ်။ သူရိုင်းရင် ကိုယ်ရိုင်းမယ်ပေါ့။ ငယ်ငယ်ကတော့ ကျမလည်း ဒီလိုပဲ ပြောခဲ့ဖူးပါတယ်။ ပြောခဲ့ဖူးသလို အဲဒီအတိုင်းလည်း ကျင့်သုံးခဲ့ဖူးပါရဲ့။ ခုပြန်တွေးကြည့်တော့ မှားလိုက်တာလို့ နောင်တရမိတယ်။ နောက်ပိုင်းတော့ အဲဒီလို မကျင့်သုံးမိဖို့ ကိုယ့်ကိုယ့်ကိုယ် မကြာခဏ သတိပေးနေမိသလို အဖေကလည်း ကြုံရင်ကြုံသလို အမြဲသတိပေးနေဆဲပါ။

အဖေက အခုလိုပြောခဲ့ဖူးပါတယ်။
“ကိုယ့်အပြုအမူဟာ တဘက်လူ အပေါ်မှာ မူတည်နေမှတော့ ကိုယ်က အသုံးမကျသူ ဖြစ်သွားပြီပေါ့” တဲ့။

“ဘာဖြစ်လို့ ကိုယ်က ကိုယ်ရပ်တည်ချက်နဲ့ ကိုယ်မဟုတ်ဘဲ သူများကို မှီပြီး အရောင်ပြောင်းချင်ရတာလဲ။ လူဆိုတာ အိပ်၊ စား၊ ကာမ၊ သုံးခုပဲ သိတဲ့ တိရစ္ဆာန်မှ မဟုတ်တာ။ တကောင်က မာန်ဖီလို့ နောက်တကောင်က မာန်ဖီတယ်၊ တကောင်က ကိုက်လို့ နောက်တကောင်က ကိုက်တယ် ဆိုတာမျိုးဆိုတာ အသိဉာဏ် သာလွန်တဲ့ လူတွေမှာ မရှိသင့်တဲ့ အပြုအမူ၊ မလုပ်သင့်တဲ့ စရိုက်ပဲ မဟုတ်လား။ ကိုယ့်ပစ္စည်းခိုးခံရလို့ သူ့ပစ္စည်း ပြန်ခိုးစရာမှ မလိုပဲ။ ကိုယ့်ပစ္စည်း ခိုးခံရတာဟာ ကိုယ်သီလမစင်ကြယ်ခဲ့လို့၊ ဒါကြောင့် ဒီဘ၀မှာ သီလစင်ကြယ်အောင် ကြိုးစားစောင့်ထိမ်းရုံပဲ။ ကိုယ့်ဆီက ခိုးတဲ့သူကတော့ သူ့အပြစ် သူခံရမှာပဲ။ ကိုယ်က တုန့်ပြန် အပြစ်ပေးစရာ မလိုဘူး။ ဒီလိုပဲ … ကိုယ့်အပေါ် မကောင်းကြံသူ၊ မကောင်းတဲ့ အပြုအမူနဲ့ ပြုမူ ဆက်ဆံသူဟာ သူ့မကောင်းမှုနဲ့ သူသွားမှာပဲ။ သူမကောင်းလို့ ကိုယ်က လိုက်မကောင်းရင် သူမကောင်းပြုတာကို ကိုယ်က အရင်ခံရသေး၊ ကိုယ်က ပြန်ပြီး သူ့အပေါ် မကောင်းတဲ့ အပြုအမူနဲ့ တုန့်ပြန် ပြုမူလိုက်တဲ့အတွက် ဖြစ်လာမယ့် အကုသိုလ် အကျိုးဆက်ကိုလည်း တခါ ပြန်ခံရဦးမယ် … ဆိုတော့ မိအေးနှစ်ခါနာ ဖြစ်မနေဘူးလား”

ဟုတ်တာပဲ … ။ လူဆိုတာ ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ့်ခံယူချက်နဲ့ ကိုယ်သာ ဖြစ်သင့်ပါတယ်။ မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်လို့ အော်နေပြီး မိမိကိုယ်ကိုက အစပြုလို့ မိမိ ပတ်ဝန်းကျင် မိမိရပ်ရွာ တိုင်းပြည်နဲ့ မိမိနေထိုင်ရာ ကမ္ဘာကြီးကို ကောင်းအောင် ကြိုးစားကြမယ့် မဟာလူသားတွေဟာ တယောက်ယောက် ကိုယ့်အပေါ် မကောင်းလိုက်တာနဲ့ မကောင်းတဲ့ တုန့်ပြန်မှု ပြန်ပေးမယ်ဆိုရင် လူ့လောကကြီးက အငြိုးအတေးများစွာနဲ့ တုန့်ပြန်မှုများစွာနဲ့ ပြည့်နှက်နေပြီး လည်လိုက်မယ့် သံသရာတွေ၊ လည်လိုက်မယ့် ၀ိပါက်ကြမ္မာတွေ … ဘယ်မှာ အဆုံးသတ်ပါတော့မလဲ။

နိုင်ငံ့ခေါင်းဆောင်ကြီးတွေ၊ ကုလသမဂ္ဂက ခေါင်းဆောင်ကြီးတွေသာ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ၀ါဒကို လက်ကိုင်ထားကြမယ် ဆိုရင်ဖြင့် ပြဿနာတွေ အခက်အခဲတွေ မဖြေရှင်းနိုင်ဘဲ စစ်ပွဲတွေချည်း တဂျိန်းဂျိန်း ဖြစ်နေကြတော့မှာ။ သူကောင်းကောင်း မကောင်းကောင်း ကိုယ်က ကောင်းမယ်လို့ ဆိုတာဟာ သဘောထားကြီးခြင်း၊ နားလည်မှုရှိခြင်းနဲ့ လူကြီးလူကောင်းဆန်ခြင်း (လူပီသခြင်း) လို့ ထင်မိပါတယ်။

တကယ်တော့ မှန်ကန်တဲ့ အဆိုအမိန့်က ရှိပြီးသားပါ။ အမှတ်တမဲ့ ဖြစ်နေတာလား၊ လူတွေ မကြိုက်လို့ သိပ်မသုံးကြတာလား။ အားလုံး သိပြီးသား စကားလေးပါ။ ဒါကြောင့် “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” အစား မှန်ကန် ကောင်းမွန်တဲ့ အောက်ပါ အဆိုအမိန့်လေးကို အစားထိုးလိုက်ကြရင် မကောင်းဘူးလား … ။
“ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့” တဲ့။
***
(၂)
အူမ မတောင့်ရင်???

“အူမ-တောင့်မှ သီလစောင့်မယ်” ဆိုတဲ့ စကားကလည်း နောက်ပိုင်း တွင်တွင်ကျယ်ကျယ် အသုံးများတဲ့ စကားဖြစ်လာတယ်။ တကယ်တော့ သီလပျက်လိုသူတွေရဲ့ ဆင်ခြေစကားလို့ အဖေက ပြောပါတယ်။ “ခိုးချင်လို့ ခိုးရတာ မဟုတ်ပါဘူး စားစရာမရှိလို့ ခိုးရတာပါ” … ဆိုတဲ့စကားကြောင့် ခိုးမှုက အပြစ်မလွတ်နိုင်ပါဘူး။ ဒီဘ၀မှာလည်း ခိုးခြင်းရဲ့ အပြစ်ကို ခံရမှာဖြစ်သလို နောင်တမလွန် (သို့) အနာဂတ်ကာလမှာလည်း အကုသိုလ် အကျိုးပေးနိုင်ပြန်ပါတယ်။ ကံအကျိုးပေးတွေက ချွင်းချက်ရှိနေမှာ မဟုတ်ပါဘူး။ သူတော့ဖြင့် စားစရာမရှိလို့ သီလပျက်လိုက်ရတာပဲ … လွတ်စေ .. ဆိုတာမျိုး ရှိနေမှာ မဟုတ်တဲ့အတွက် ဒီဆင်ခြေစကားက အလကားပါပဲ။

ဖြစ်သင့်တာက အသက်သေချင်သေပါစေ သီလအပျက်မခံဘူး ဆိုတဲ့ ခိုင်မာပြတ်သားတဲ့ စိတ်ဓာတ်မျိုးပါ။ တချို့လည်း ပြောကြပါတယ်၊ လျှာပေါ်မြက်ပေါက်ပါစေ မဟုတ်တာတော့ မလုပ်ဘူး… ဆိုတာမျိုး။ အင်မတန် လေးစားဖို့ ကောင်းပါတယ်။ တချို့ကလည်း ဆင်ခြေတက်ပါသေးတယ်၊ မိသားစုငတ်မှာစိုးလို့ လုပ်ရတာမျိုး၊ ကိုယ်ခံရပြီဆိုရင်ဖြင့် မိသားစုကလည်း ကိုယ့်ကို လာကယ်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်အပြစ်နဲ့ကိုယ် ကိုယ့်အကျိုးပေးနဲ့ကိုယ် ခံပေတော့ပဲ။

တကယ်တမ်းက သီလစင်ကြယ်အောင် စောင့်ထိန်းသူဟာ ဘယ်တော့မှ မဆင်းရဲပါဘူးတဲ့။ တကယ်လို့ ကိုယ်က သီလလုံလျက်နဲ့ ယခုလက်ရှိဘ၀မှာ ဆင်းရဲဒုက္ခရောက်နေရင် ဒါဟာ အတိတ်က ကိုယ်သီလပျက်ခဲ့လို့သာ မှတ်ယူပြီး အခုလက်ရှိမှာ မပျက်အောင် ထိန်းထားသင့်ပါတယ်။ ဒါကြောင့် အဖေက ကျမကို ပြောတယ်။ အူမ တောင့်မှ သီလစောင့်မယ် မဟုတ်ဘူး။ "သီလစောင့်ရင် အူမ တောင့်ပါတယ်" … တဲ့။
***
(၃)
ဖြစ်သမျှအကြောင်း ….

လူမဟန်ရင် ကံကို ပုံချတတ်တဲ့ ကျမတို့လူမျိုး အများစုဟာ “ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲ” လို့လည်း သဘောထားတတ်ကြသေးတယ်။ ရုတ်တရက်ကြည့်ရင်တော့ သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းမှုဆိုတဲ့ ယောနိသော မနသိကာရလိုလို တင်းတိမ်ရောင့်ရဲနိုင်လို့ မင်္ဂလာတရားတော်နဲ့ ညီသလိုလို ဘာလိုလိုပေါ့။ တကယ်တမ်းကတော့ ဒါဟာ နှလုံးသွင်းကောင်းမှုလည်း မဟုတ်ဘူး၊ မင်္ဂလာနဲ့ ညီတာလည်း မဟုတ်ဘူး။ ကြိုးစားချင်စိတ်မဲ့တာ … ပျင်းတာ … ရေသာခိုချင်တာလို့ ထင်တာပါပဲ။

ဖြစ်သမျှအကြောင်းထဲမှာ မကောင်းတာတွေလည်း ပါတာပဲ။ မကောင်းတာတွေကို ကောင်းပါတယ်လို့ ဘယ့်နှယ်လုပ် သဘောထားလို့ ရမှာလဲ။ မကောင်းတာတွေ ကြုံရတွေ့ရ ခံစားရတဲ့အခါ တချိန်က ငါမကောင်းခဲ့လို့ပါလားလို့ သဘောပေါက်ပြီး နောင်တချိန်မှာ ဒါမျိုး မကြုံရတော့အောင် ခုလက်ရှိ ကောင်းသည်ထက် ကောင်းအောင် လုပ်မယ်ဆိုတဲ့ စိတ်မျိုးနဲ့ ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။ ခုတလော တရားတွေ တော်တော်များများ နာဖြစ်တော့ ဆရာတော်တပါး ဟောကြားတဲ့ တရားတပုဒ်ထဲမှာ အဲဒီအကြောင်း ပြောသွားတာ နှစ်သက်စွာ နာယူမှတ်သားလိုက်ရပါတယ်။
ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ မဟုတ်ဘူး၊
“ဖြစ်သမျှအကြောင်း မကောင်းကောင်းအောင် လုပ်” … တဲ့။
***
ဒီအဆို အမိန့် ၃ ခုကို ချရေးဖြစ်တော့ ဒီ၃ခုဟာ ဆက်စပ်မှုရှိနေတယ်လို့ ထင်မိပါတယ်။ လက်တွေ့ကျင့်ဖို့ သိပ်မခက်ပေမဲ့ ကျင့်ဖြစ်ဖို့တော့ ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း ကြိုးစားရမှာပါပဲ။

လူတိုင်းလူတိုင်းသာ … ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဘဲ သီလကို လုံအောင် စောင့်ထိန်းပြီး ဖြစ်သမျှအကြောင်း မကောင်းကောင်းအောင် လုပ်ကြမယ်ဆိုရင်ဖြင့် … … … … ။
***
မေဓာဝီ
၁၇၊ ဇန်န၀ါရီ၊ ၂၀၁၀
၁၃း၃၂ နာရီ

17 comments:

ကိုအောင် said...

စာတွေလာဖတ်တယ် မမေဓါဝီ၊ ဒီလို လွဲမှားတဲ့
ခံယူချက် ဆိုရိုးတွေကြောင့် တအိမ်လုံး ပြိုကျတာပေါ့။

Nge Naing said...

မှတ်သားစရာ ကောင်းတဲ့ ထောက်ပြ ဆွေးနွေးချက်တွေပါပဲ။ မှတ်သားသွားပါတယ်။

ရွှေရတုမှတ်တမ်း said...

သင်ကောင်းလျင်ကျွနုပ်မဆိုးပါဆိုတာ..
စဖတ်မိကထဲဘဝင်မကျတာ..ဒီလိုလေးရေးထားတာကောင်းတယ်

ကိုပေါ said...

ဒီပို့စ်ကို တကယ်ကြိုက်တယ်ဗျာ။

“သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဆိုတဲ့ စကားဟာ တကယ်တော့ စည်းမျဉ်းစည်းကမ်း (Principle) မရှိသူတွေ၊ ကိုယ်ခံအားမကောင်းသူတွေရဲ့ ပြောတဲ့စကားပဲ။

“အူမတောင့်မှ သီလစောင့်မယ်” ဆိုတဲ့စကားကလည်း အသက်နဲ့လဲပြီး သီလကို စောင့်ထိန်းခဲ့တဲ့ ရဟန္တာတွေ၊ သူတော်ကောင်းတွေရဲ့ လုပ်ရပ်ကို တံတွေးနဲ့ မော့ထွေးတာနဲ့ အတူတူပဲ၊

“ဖြစ်သမျှအကြောင်း၊ အကောင်းချည်းပဲ”ဆိုပြီး မကောင်းတာကြီးကို အတင်းအကောင်းမြင်ဘို့ကြိုးစားတာလည်း အမှန်တရားကို လက်မခံဝံ့သူတွေ၊ အလွယ်တကူ အရှူံးပေးလိုသူတွေရဲ့ လက်သုံးစကား။

Mar Mar said...

A good post.
Thanks!

kay said...

တဖက်သားအပေါ်မှာ အခြေခံ တဲ့.. တည်ကြည်မူ..မြဲမြံ မူ မရှိတဲ့.. အဲဒီ အဆိုအမိန့် ကို.. ကျမလည်း သဘော မကျပါ..။ နဲနဲလေးများ ဆင်မလားတော့ မသိ..။ မေတ္တာရောင်ပြန်ဟပ် ပြီး..တဦးမေတ္တာ တဦးမှာ ဆိုတာမျိုးတော့.. လက်ခံမိတယ်။ ဒါပေမဲ့..မေတ္တာရောင်မပြန် တိုင်းတော့.. ရန်သူလို မုန်းတီးဖို့ မလိုလေ..။ ဥပေက္ခာ တရား နဲ့ .. ရပ်တည်ဖို့ သာ ...

စကားစပ်လို့..အဲဒီ စာရွက်တွေ..ဗမာပြည်က..အိမ်တွေမှာ ပျံ့ နေတာ.. တကယ်တော့.. စိတ်မကောင်းစရာပဲ..။ အင်း..ပြောရရင်..အိမ်တွေမှာ..အဲလို စာတွေ..ကပ်ထားတာ.. သဘောကို မကျလှပါလေ..။း)

ရွှန်းလဲ့ said...

ဒီပို့ စ်လေးအတွက်ကျေးဇူးပါမမ။

shwezinu said...

အခုမှ လာဖတ်ဖြစ်တာ ခွင့်လွှတ်ပါ
ဒီပိုစ့်လေးကို ကျနော်တော်တော်ကြိုက်တယ်

အမှားတွေသုံးနေတာကြာလှပြီ

ကျေးဇူးဘဲ

shwezinu said...

အခုမှ လာဖတ်ဖြစ်တာ ခွင့်လွှတ်ပါ
ဒီပိုစ့်လေးကို ကျနော်တော်တော်ကြိုက်တယ်

အမှားတွေသုံးနေတာကြာလှပြီ

ကျေးဇူးဘဲ

Anonymous said...

အမရေ အမရဲ့စာကို ထောက်ခံအားပေးပါတယ်
သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါတဲ့ဗျာ
ပြန်ပြောလိုက်မိတယ် “ကျွန်ုပ်ကောင်းလဲ သင်ဆိုးတာပါဘဲ”
အဟဲ
အူမတောင့်မှ သီလစောင့်မယ်ဆိုတော့ ဘယ်အချိန်မှာမှ အူမတောင့်မှာလဲ လူ့အလိုလောဘဆိုတာ ခက်သားလား နော
အူမတောင့်ရဲ့သားနဲ့ သီလမစောင့်တဲ့သူတွေ ပုံပုံလို့
ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဆိုတော့ အခုလိုမျိုး ကျွန်တော်တို့နေ နေရတာလည်း “ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲ”ဆိုရင် သူတို့ အကြိုက်ပေါ့နော် အဟိ
ကဲပါလေ ဖြစ်သမျှအကြောင်း မကောင်း ကို
ကောင်းအောင်လုပ်နိုင်ပါစေလို၏

ဧရာ said...

“လမ်းလွဲ” အတွေးတွေကို ရိုက်သွင်းပေးနေတဲ့ ဒီလို ဆိုရိုးစကားမျိုးတွေကို ဆန့်ကျင်သင့်ပါပြီ။ ရှိပါသေးတယ် ... “မုသားမပါ လင်္ကာမချော” တို့လို။

lonetone said...

ကောင်းတဲ့ပို့စ်လေး ဖတ်ရလို့ အကျိုးရှိပါသည်။

rita said...

this post made me to remember my late father a lot..coz,,my dad used to say exactly like that

“ကိုယ့်အပြုအမူဟာ တဘက်လူ အပေါ်မှာ မူတည်နေမှတော့ ကိုယ်က အသုံးမကျသူ ဖြစ်သွားပြီပေါ့” တဲ့။ “ဘာဖြစ်လို့ ကိုယ်က ကိုယ်ရပ်တည်ချက်နဲ့ ကိုယ်မဟုတ်ဘဲ သူများကို မှီပြီး အရောင်ပြောင်းချင်ရတာလဲ။
but my dad used to say that ( မိအေးသုံးခါနာ )သူမကောင်းလို့ ကိုယ်က လိုက်မကောင်းရင် သူမကောင်းပြုတာကို ကိုယ်က အရင်ခံရသေး၊ ကိုယ်က ပြန်ပြီး သူ့အပေါ် မကောင်းတဲ့ အပြုအမူနဲ့ တုန့်ပြန်၇င် တဖက်လူက ၇န်လိုသူဆို ကိုယ်ကို၇န်ပြန်မူဦးမယ်။ တခါ ပြုမူလိုက်တဲ့အတွက် ဖြစ်လာမယ့် အကုသိုလ် အကျိုးဆက်ကိုလည်း တခါ ပြန်ခံရဦးမယ် … ဆိုတော့ မိအေးသုံးခါနာ ဖြစ်မနေဘူးလားတဲ့ :)

ကိုပေါက်စ said...

သီလသာစောင့်လိုက်ပါ.. (ဟုတ်ပါတယ် )
အူမတောင့်လာပါလိမ့်မယ်....
( ဒါပေမဲ့...ချက်ချင်းတော့မဟုတ်ဘူးနော် )

ဂျေဂျူဝိုင် said...

အူမတောင့်မှ သီလစောင့်မယ် အဖွင့်လေးကို ဖတ်တော့ကြည့်လိုက်တယ်။ ဒါပေမယ့်...အဲဒီအဖွင့်က အဲလို ဟုတ်ဘူးလားလို့

Harry said...

သင်မကောင်းလျှင် ကျွန်ုပ်ဆိုးမည် ...
သီလစောင့်တိုင်း အူမ တောင့်ရန် မသေချာ ...
ဖြစ်သမျှအကြောင်း မကောင်းချည်းပဲ ....
အဲလိုဆိုရင်ရော ... မမေ :)

သားသားသန့် said...

မမမေရေ ဒီနေ့မှအားလို့ဒီpostလေးဝင်ဖတ်ဖြစ်တယ်..
တကယ်ပါပဲ ဖတ်ရတာနောက်ကျလေခြင်းလို့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိတော့တယ်....တကယ့်ကို
စဉ်းစားဆင်ခြင်စရာအတွေးတွေ စိတ်ထဲပေါ်လာမိပါတယ်..ကျေးဇူးပါပဲ...