Saturday, January 09, 2010

လျှောက်ခဲ့ဖူးသော လမ်းကလေး ...

၂၀၀၁ ခုနှစ်တုန်းက ဂျာနယ်တခုမှာ ရေးခဲ့ဖူးတဲ့ အက်ဆေးလေးပါ။ ဘလော့လုပ်ခါစကလည်း ဒီမှာတင်ခဲ့ဖူးပါတယ်။ ဒီကနေ့ အဲဒီလမ်းကလေးကို စိတ်ကူးထဲမှာ ပြန်ရောက်သွားပြီး အဖန်ဖန် အထပ်ထပ် တယောက်ထဲ ပြန်လျှောက်နေမိတယ်။ အရင်လိုဘ၀ကို ပြန်မရနိုင်မှန်း သိပေမဲ့ တခါတလေတော့ တမ်းတမိတတ်တာပါပဲ။
***
***
လျှောက်ခဲ့ဖူးသော လမ်းကလေး

အရင်က ... ဒီလမ်းကလေး သာယာသည်။
***
လမ်းကလေးက အမည်မရှိ၊ ထည်ဝါခြင်းမရှိ၊ ပကာသနများဖြင့် စွက်ဖက်ထားခြင်းမရှိ၊ ပကတိဖြူစင်ရိုးသားစွာတည်ရှိနေသည့် မြေနီလမ်းကလေး ...။

လမ်းကလေးရဲ့ အ၀င်ဝမှာ ဘုန်းတော်ကြီးကျောင်းကို ညွှန်ပြသည့် လမ်းညွှန်ဆိုင်းဘုတ် တစ်ခု ထောင်ထားသည်မှအပ ဒီလမ်းကလေးမှာ ဘာမျှ မရှိ။

လမ်းကလေးထဲသို့ ကားဝင်၍မရ၊ လမ်းကလေးသည် လမ်းမကြီးနှစ်ခုကြား ဆက်သွယ်ထားသည့် လူသွားဖြတ်လမ်းကလေးမျှသာ။

လမ်းကလေးသို့ ၀င်ဝင်ချင်းမှာ ကျောက်စရစ်ခင်းထားကာ အနည်းငယ်လျှောက်ပြီး ညာဘက်သို့ ချိုးဆင်းလိုက်သည်နှင့် မြေနီလမ်း စစ်စစ်ကလေး ဖြစ်သွားသည်။ လမ်း၏ ဘေးတစ်ဘက်တစ်ချက်မှာ မြက်ရိုင်းပင်တွေ ထိကရုန်းပင်တွေ တံမြက်စည်းပင်တွေ တောအရိုင်းပန်းပင်တွေ မိုးတွင်းဆို ဒန့်ကျွဲပင်တွေဖြင့် တောထနေတတ်သည်။

ဆက်သွားလျှင် ရေစီးနေသော ချောင်းငယ်လေးကို သစ်သားတံတားလေးက ပေါင်းကူးပေးထားသည်။ ချောင်းငယ်လေးက မိုးတွင်းဆို ရေစီးသန်သလောက် နွေဖက်မှာ ခြေမျက်စိနားလောက်သာ ရေရှိတတ်ပြီး ချောင်းထဲမှာ ကလေးတွေ ငါးဖမ်းကြ ဆော့ကစားကြ။

တံတား၏ တဖက်ထိပ်မှာတော့ ငါးမုန့်လုပ်သည့် အိမ်ရှိနေတာမို့ ငါးညှီနံ့က တသင်းပျံ့ပျံ့၊ နေရောင် အောက်မှာ ဖျာတွေနှင့် လှမ်းထားသော ငါးမုန့်တွေက တဖွေးလှုပ်လှုပ်။

ငါးညှီနံ့သင်းသည့် ဒီနေရာကိုလွန်လျှင်တော့ နှင်းဆီရနံ့ စပယ်ရနံ့တွေကို ရှူရှိုက်ကြရမည်။ လမ်းကလေး၏ ဘယ်ဘက်ဘေးတွင် စပယ်ခင်း၊ စပယ်ခင်း၏ အနောက်ဖက်တွင် နှင်းဆီခင်း ...။ မနက် မနက်ဆိုလျှင် ပန်းခင်းထဲသို့ စပယ်နှင်းဆီ လာဝယ်ကြသူများကို တွေ့ရတတ်သလို ပန်းပျိုးသူကြီးကြီးရဲ့ ပန်းခင်းထဲမှာ သွက်လက်စွာ လှုပ်ရှားပြီး ပန်းပွင့်လေးတွေ ခူးနေပုံက ကကြိုးကကွက် ဆန်းဆန်းတစ်ခုကို ကြည့်ရသည့်နှယ်။

ညာဘက်ခြမ်းမှာတော့ မုန်လာ၊ ဂေါ်ဖီစတဲ့ စားပင် စိုက်ခင်း၊ ပြီးတော့ ၀ါးဘိုးဝါး မောင်းတံဖြင့် ရေခပ်ရသည့် ရေတွင်းငယ်ကလေး။ ညနေဆိုလျှင် ရေတွင်းငယ်လေးမှ ရေငင်ပြီး စိုက်ခင်းပန်းခင်းတွေကို ရေလောင်းနေကြသည့် သူများကို တွေ့ရတတ်သေးသည်။

လမ်းကလေးနံဘေးမှ အိမ်လေးတွေက သစ်သားအိမ် သပ်သပ်ရပ်ရပ်လေးတွေ၊ အုတ်ဖိနပ်နှင့် သံဆန်ခါ ကွက်ကလေးတွေနှင့်၊ ရေနံချေးဝပြီး မည်းနေသော ချစ်စရာ့မြန်မာ့အိမ်လေးတွေ။ အိမ်နဘေးမှာ သရက်၊ ပိန္နဲ၊ မာလကာ စသည့် သီးပင်များက ဝေေ၀ဆာဆာ။

ဒီစိုက်ခင်း ပန်းခင်းနှင့် လူနေအိမ်ခြေတွေကို ကျော်လွန်လျှင်တော့ အ၀င်ဝက လမ်းညွှန်ထားသည့် ဘုန်းတော်ကြီးကျောင်းကို တွေ့ရမည်။ ကျောင်းဘေးမှာက ဘောလုံးကွင်း။ ဘောလုံးကွင်းကို ပတ်၍ ညာဘက် ကုန်းပေါ်သို့ တက်လိုက်လျှင်တော့ မြေနီလမ်းကလေး၏ အဆုံးသတ်ဖြစ်သော တစ်ဖက်ကတ္တရာ လမ်းမထက် ရောက်ရှိမည်ဖြစ်၏။

သံဃာတော်တွေဆွမ်းခံသွား ဆွမ်းခံပြန်၊ ကျောင်းသူ ကျောင်းသားတွေ ကျောင်းသွား ကျောင်းပြန်၊ အလုပ်သမားတွေ အလုပ်သွား အလုပ်ပြန်၊ အိမ်ရှင်မတွေ ဈေးသွားဈေးပြန် စတဲ့ အခါမျိုးတွေမှာပဲ ဖြစ်ဖြစ်၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေ ဈေးရောင်းကြတဲ့ အခါပဲ ဖြစ်ဖြစ် ဒီလမ်းကလေးပေါ်မှ ဖြတ်သန်းသွားကြ ရသည်။ အခြေခံ လူတန်းစားတွေရဲ့ ဖိနပ်မျိုးစုံကြောင့် လမ်းကလေး ကျောကုန်းလည်း အသားမာတက်ခဲ့ရပါပြီ။

မည်သို့ပင်ဖြစ်စေ လမ်းကလေးကား မညည်းမညူဘဲ တာဝန်ကျေစွာထမ်းဆောင်ဆဲ။
***
တစ်နေ့ . . . ။

ဒီတစ်နေ့သည် လမ်းကလေးအတွက်ရော လမ်းကလေးနံဘေးမှာ နေထိုင်သူတွေ အတွက်ရော လမ်းကလေးကို မှီခိုသွားလာနေသူတွေ အတွက်ပါ စိတ်မကောင်းစရာနေ့တစ်နေ့ပင်။

ဒီတစ်နေ့ကြောင့်ပင် လမ်းကလေးရဲ့ ရင်ခွင်မှာ ခိုလှုံသူတွေရဲ့ ဘ၀ပြောင်းလဲသွားရသလို လမ်းသွားလမ်းလာတွေလဲ ဒီလမ်းကလေးကို အသုံးပြုခွင့် မရတော့ဘဲ လမ်းကလေးကလဲ နေ့ချင်းညချင်း ပုံစံ ပြောင်းလဲသွားတော့၏။
***
အခုတော့ လမ်းကလေးသည် မြေနီလမ်းဘ၀မှ ကတ္တရာလမ်း ဖြစ်သွားပြီ။ လမ်းမကြီး နှစ်ခုကို ဆက်သွယ်သော လူသွားဖြတ်လမ်းကလေး မဟုတ်တော့၊ ချောင်းကူး သစ်သားတံတားလေးကလည်း ကွန်ကရစ် တံတားဖြစ်သွားပြီး လမ်းကလေးရဲ့ တဖက်တချက်မှာ မြက်ရိုင်းတွေ တောပန်းပင်တွေမရှိတော့ဘဲ အုတ်ဘောင်လေးဖြင့် အလှစိုက်ထားသော ပန်းကလေးများသာ တွေ့ရတော့၏။ စိုက်ခင်း ပန်းခင်းနှင့် သစ်သားအိမ်လေးများ နေရာမှာတော့ အုတ်တံတိုင်းခတ် သံတိုင်များ အခိုင်အခံ့ကာရံထားသော တိုက်အိမ် လှလှလေးတွေ၊ အထဲမှာ ပန်းခြံနှင့် မြက်ခင်းနှင့်၊ ရေပန်းနှင့် ဒန်းနှင့်။

လမ်းကလေးကား ပြောင်းလဲသွားချေပြီ။

ရဟန်းသံဃာတွေ ကျောင်းသူကျောင်းသားတွေ လမ်းသူလမ်းသားတွေ အလုပ်သမားတွေ ဈေးသည်တွေ .. သူတို့၏ခြေရာများနှင့် ကင်းဝေးခဲ့ရပြီ။

သစ်လွင်လှပနေသော လမ်းကလေးသည် တခါတရံလမ်းမှားရောက်လာမည့် ခြေသံတဖျပ်ဖျပ်ကိုများ ကြားရလိမ့်နိုးဖြင့် ရင်ခုန်မျှော်လင့်မိသေးသည်။

ဖောက်သူရှိသော်လည်း လျှောက်သူမရှိတာ ကြာလာတဲ့အခါ လမ်းကလေးသည် ဒီဘ၀မှာပင် နေသား ကျသယောင် သူ့ရင်ခွင်မှာသူ တိတ်တဆိတ် လဲလျောင်းလို့နေ၏။
***
အရင်လို ဘ၀ကို ပြန်၍မရတော့မှန်း သူနားလည်မိသည့်နောက် .. .. ။
. . . . . . . . .
. . . . . . . . .
. . . . . . . . .
***
အရင်ကတော့ ...
ဒီလမ်းကလေး
တကယ်ပင်
သာယာခဲ့ပါသည်။
***
(ဒီဇင်ဘာ ၂၆၊ ၂၀၀၁)
မေသတင်းဂျာနယ် အတွဲ ၄၊ အမှတ်၂၀

8 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ကိုယ်ထူကိုယ်ထ ကတ္တရာခင်းလိုက်ရတဲ့ ကျနော့်မွေးရပ်က လမ်းတွေကို သတိသွားရမိတယ်၊ အဲလိုပုံစံတူ လမ်းလေးတွေ ကျနော်ငယ်ငယ်က အများကြီးတွေ့ဖူးတယ်၊ မိုးရာသီမှာ ဗွက်အိုင်ရှိရင် အဲဒီအထဲမှာ စက္ကူလှေတောင် လွှတ်ကြသေးတယ်၊ တနေ့ကျရင် အဲလိုလမ်းမျိုးတွေ ပြန်ဖြစ်ကောင်း ဖြစ်လာမှာပါ။

ရွက်လွင့်ခြင်း said...

အတွေးကောင်းကောင်း
အရေး ကောင်းကောင်း
ှနှစ်ခြိုက်မိပါသည်
း)

Anonymous said...

မမေဓာဝီ

နှစ်သစ်မှာမှ ဒီ ဘလော့ဂ်လေးထဲကို အလည်ရောက်ခဲ့တယ်။ ခုထိတော့ ဟိုစပ်စပ် ဒီစပ်စပ် လိုက်ဖတ်ကြည့်နေဆဲပါ ။ လေးစားရတဲ့ အဖေ အကြောင်း ကို စိတ်ဝင်စားမိတယ် ။ ဒီလို စာရေး ကဗျာရေး ကောင်းလှတဲ့ သမီးကို ပြုစုပျိုးထောင်ပေးနိုင်တဲ့ အဖေဟာ ဘယ်သူများလဲလို့ပေါ့ ။ ဖတ်ရင်းနဲ့ အဖြေကို တစ်နေရာမှာ ရှာတွေ့လိုက်ပါတယ် ။ ကျေနပ်သွားပါပြီ ။ ဒီဘလော့က ပို့စ်တွေ မကုန်မချင်း ၊ လာဖတ်နေဦးမှာပါ ။ ကုန်သွားရင်တော့ ပို့စ်အသစ်တွေကိုမျှော်ရင်း ပို့စ်အဟောင်းလေးတွေကို ပြန်ဖတ်ဖြစ်ဦးမှာပေါ့ ။ ကျွန်တော် ၈၈ မှာ ဆယ်တန်းအောင်ပြီး ၊ ၉၅ မှာ ဘွဲရခဲ့ပါတယ် ။ မမေဓာဝီနဲ့ ရွယ်တူဖြစ်မလား သိချင်ပါတယ် ။ သစ်ပုတ်ပင်ရှေ့က ဓါတ်ပုံလေးကို ကြည့်ပေမယ့် ၊ သူငယ်ချင်း တစ်ယောက်နဲ့ တူသလိုပဲ ဆိုတာထက် ပို မှန်းဆလို့ မရခဲ့လို့ပါ ။ မမေဓာဝီရဲ့ ပို့စ်လေးတွေဖတ်ရတာ ၊ သူစိမ်းတွေကြားမှာ သူငယ်ချင်းဟောင်းနဲ့ ပြန်ဆုံရသလို နွေးထွေးမှုကို ခံစားရပါတယ် ။ ကျေးဇူးနော် ။

တန်ခူး said...

မေရေ… လမ်းဟောင်းလေးဆီ အရောက်သွားချင်ပေမယ့် ရှိမှမရှိတော့ပဲနော်… အဲဒီလို လမ်းကလေးတွေ များသထက်များလာတော့ စပယ်ခင်းလေးတွေ တုံးသွားမှာတောင် စိုးမိတယ်…

ကိုလူထွေး said...

လမ်းကလေး လို့ နာမည်ပေးထားပေမယ့်
နိုင်ငံတခု လို့ ဆွဲတွေးသွားပါတယ်...

ဝတ္ထုတို ဆိုပေမယ့် ဒီ့ထက်နည်းနည်း ဆွဲဆန့်လို့ ရကောင်းရအုံးမယ် ထင်တယ်...

းဝ)

Anonymous said...

ငါးမုန်ကြော်ဆိုတာ ငါးနဲ့လုပ်မှန်း ပြောပြမှပဲ ယုံတော့တယ်...

းဝ)

ညီလင်းသစ် said...

စာကို မဖတ်သေးဘဲ ဓါတ်ပုံကို အရင်ဦးဆုံး ကလစ်ပြီး ပုံကြီးချဲ့ကြည့်မိတယ်၊ ကလောင်နာမည်ကို တွေ့လိုက် တော့ မော်ဒန်လားမသိဘူး လို့တောင် တွေးလိုက်မိသေးတယ်ဗျ၊ နာမည်ရှေ့တစ်လုံးကို ဓါတ်ပုံ ရဲ့ အပေါ်ဘယ်ထောင့်မှာ မြန်မာလိုရေးပြီးတော့ ကျန်တဲ့ နှစ်လုံးကို အောက်ဖက်ညာထောင့်မှာ အင်္ဂလိပ် လိုရေးထားတာ ထင်လို့..၊ အဆုံးကျမှ တခုက ဂျာနယ် နာမည်မှန်း သိသွားတော့တယ်..၊း)

လမ်းကလေးကို မျက်လုံးထဲမှာ မြင်လာရုံမက နှာခေါင်းဝ မှာပါ ရနံ့တွေ ရလာခဲ့တယ်...။

lwannaung said...

တစ်ချိန်က သာယာခဲ့သော လမ်းကလေး..။