Friday, January 22, 2010

အလင်းမဲ့ဘ၀များအတွက် ကဗျာအလှူ

ဟိုးငယ်ငယ်လေးကတည်းက ဆရာကြီး မင်းသုဝဏ်၊ ဆရာကြီး ဦးတင်မိုးတို့ ရေးဖွဲ့သီကုံးတဲ့ ကလေးကဗျာလေးတွေကို ပျော်ရွှင်စွာ သီဆိုရင်း ကြီးပြင်းလာခဲ့တာ ခုအသက်အရွယ် ရောက်တဲ့ထိ အဲဒီကဗျာလေးတွေကို စွဲလမ်းနေတုန်း၊ မြတ်နိုး နှစ်သက်နေတုန်း၊ တခုတ်တရ ရွတ်ဆိုမိတုန်း၊ ဘယ်တော့မှ မေ့လည်း မမေ့, ရိုးလည်းမသွား ဟောင်းလည်းမသွားတဲ့ ချစ်စဖွယ် ကလေးကဗျာလေးတွေပါ။ အဖေကလည်း ကျမတို့ငယ်ငယ်က ကလေးကဗျာလေးတွေ ရေးပေးပါတယ်။ အဖေရေးတဲ့ ကဗျာလေးတွေကို အဖေ့မိတ်ဆွေကြီးတယောက်က သံစဉ်လေးတွေ ထည့်ပေးပြီး ကလေးတွေကို သီဆိုစေကာ အဲဒီအချိန်က ရေဒီယိုမှာ လွှင့်ခဲ့တယ်။ နောက်ပြီး အဘိုးရဲ့ မိတ်ဆွေ အိမ်ဘေးက အငြိမ်းစားပညာဝန် ဆရာကြီး ဦးခင်သန်းက ကျမတို့ကို သူ့အိမ်ခေါ်ပြီး အင်္ဂလိပ် ကလေးကဗျာလေးတွေ သင်ပေးတယ်။ အင်္ဂလိပ်ကဗျာလေးတွေကို ဆရာကြီးက မြန်မာမှုပြုထားတဲ့ ကဗျာစာအုပ်လေးတွေလည်း ကျမတို့ ဖတ်ဖို့ လက်ဆောင်ပေးလို့ တကြော်ကြော် အော်ခဲ့ ဆိုခဲ့ကြတာပေါ့။

အဲဒီလို ကလေးကဗျာလေးတွေနဲ့ ကြီးပြင်းလာခဲ့တာမို့ ကလေးကဗျာလေးတွေကို မြတ်နိုးစွဲလမ်းခဲ့ရာက ကိုယ်တိုင် ရေးကြည့်ချင်စိတ် ဖြစ်မိပါတယ်။ ဒါပေမဲ့ လက်က ချရေးဖို့ တွန့်နေတာနဲ့ တော်တော်နဲ့ မရေးဖြစ်ဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာ ကျောင်းပိတ်ထားတုန်းမှာတော့ တပုဒ် စမ်းရေးကြည့်ပြီး လောကအလှ အွန်လိုင်းမဂ္ဂဇင်းရဲ့ ကလေးကဏ္ဍကို ပို့ဖြစ်ခဲ့တယ်။ တပုဒ်ပြီးတပုဒ် ဆက်တိုက်ရေးမယ် စိတ်ကူးနဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ မောင်ခွေးဖို့ ကဗျာများကို အတုယူပြီး “ညီမထွေးဖို့ ကဗျာများ” လို့ နာမည်ပေးလိုက်တယ်။ စမ်းသပ်ရေးဖွဲ့ကြည့်တာမို့ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ရေးသာရေးရတယ်၊ ကိုယ့်ကဗျာ ကိုယ်လည်း အားမရပါဘူး။ ကလေးတွေနဲ့မှ လိုက်ရဲ့လား၊ ဆိုလွယ် ရွတ်လွယ် နားလည်လွယ်ရဲ့လား ဆိုပြီး ဟိုလူ့မေး ဒီလူ့ပြ … ဒီလိုနဲ့ တပုဒ်ပြီးတပုဒ် ကြိုကြား ကြိုကြား ရေးဖြစ်ခဲ့တာ ခုဆို စုစုပေါင်း (၇) ပုဒ် ရှိသွားပါပြီ။ (လောကအလှရဲ့ ကလေးကဏ္ဍမှာ ဖတ်နိုင်ပါတယ်။)

မကြာသေးခင်ကတော့ ကလေးတွေကို ချစ်တတ်တဲ့ လောကအလှရဲ့ အယ်ဒီတာ ဟနစံက ဖေ့စ်ဘွတ်မှာ ကလေးပုံပြင်လေးတွေ ကဗျာလေးတွေ အသံသွင်းပြီး တင်တော့ သူ့မိတ်ဆွေတယောက်က မျက်မမြင်ကျောင်းက ကလေးတွေအတွက် အဲဒီပုံပြင်တွေ ကဗျာတွေကို လှူဖို့ ကမ်းလှမ်းလာပါတယ်။ ဒီလိုနဲ့ ဟနက မျက်မမြင်ကျောင်းက ကလေးတွေအတွက် ပုံပြင်တွေ ကဗျာတွေ ရွတ်ပြီး အသံသွင်းတဲ့အခါ ကျမကဗျာလေးတွေလည်း ပါဝင်ခဲ့တယ်။ သူ့ရဲ့ အသံအလှူထဲမှာ ကျမကဗျာလေးတွေ ကုသိုလ်အဖြစ် ပါဝင်ခွင့်ရလို့ အလွန်ပဲ ၀မ်းသာမိပါတယ်။ ဒါကြောင့် သူရွတ်ထားတဲ့ ကဗျာလေးတွေကို ကျမဘလော့မှာ အမှတ်တရ တင်လိုက်ပါတယ်။

ညီမထွေးရဲ့ ဒါနကုသိုလ်

ညီမထွေးနဲ့ ဆေးရောင်စုံ

ညီမထွေးရဲ့ မိုး


ညီမထွေးနဲ့ ငှက်ကလေးများ

ညီမထွေးရဲ့ ည

ဒီကဗျာ ရွတ်သံလေးတွေကို တင်ဖို့ ပြန်နားထောင်နေရင်း ကျမ ပီတိဖြစ်ရသလို စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ပီတိဖြစ်ရတာကတော့ မျက်စိမမြင်တဲ့ ကလေးလေးတွေကို ကိုယ့်ကဗျာလေးတွေနဲ့ ဖျော်ဖြေခွင့်ရတာ ကြောင့်ပါ။ စိတ်မကောင်းဖြစ်ရတာကတော့ လောကကြီးရဲ့ အလှအပနဲ့ သဘာဝကို မြင်ခွင့်မရတဲ့ ကလေးတွေရဲ့ အလင်းမဲ့ ဘ၀လေးတွေကို သနားမိလို့ပါပဲ။

“ကောင်းကင်ကြီးက ပြာပြာ … ပင်လယ်ရေပြာပြာ” … လို့ အစချီပြီး ညီမထွေးနဲ့ ဆေးရောင်စုံ ကဗျာထဲမှာ ကျမရေးခဲ့တယ်။ ဒီကဗျာလေးကို သူတို့နားထောင်ရင်း ကောင်းကင်ပြာကြီးနဲ့ ပင်လယ်ပြာပြာဟာ ဘယ်လိုမျိုးလဲလို့ စဉ်းစားနေမှာလား … နှင်းဆီပန်းနီနီနဲ့ စပယ်ပန်းဖြူဖြူကို တွေးနေမှာလား … မည်းနက်နေတဲ့ ဥသြငှက်နဲ့ ယုန်ဖြူဖြူလေးကို စိတ်ကူးထဲမှာ ပုံဖော်နေကြလေမလား …. ကျမ တွေးရင်း စိတ်မကောင်းဖြစ်ပြီး မျက်ရည်ဝဲခဲ့မိတယ်။
ကံအကြောင်းမလှခဲ့လို့ ဒီဘ၀မှာ အလင်းမရခဲ့ပေမဲ့ နောက်နောင် ဘ၀တွေမှာ အခုလို အဖြစ်မျိုး မဖြစ်ကြပါစေနဲ့လို့ တိတ်တဆိတ်သာ ဆုတောင်းနေမိရင်း ကျမဘလော့ကို လာရောက်ဖတ်ရှုသူများ ကျမရဲ့ ကုသိုလ်ကို သာဓုခေါ်နိုင်စေဖို့ ဝေမျှလိုက်ပါတယ်ရှင်။
***

မေဓာဝီ

၂၂၊ ဇန်န၀ါရီ၊ ၂၀၁၀

၀၀း၃၄ နာရီ

(ဓာတ်ပုံများကို သုံးစွဲခွင့်ပြုသော ကိုကျော်ကျော်ထွန်းနဲ့ ကိုနေဒွန်းတို့ကို ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင် အပ်ပါတယ်။)

11 comments:

Anonymous said...

ama, good idea,
nice poem.

nyima

SuuChit said...

မမေ... ကဗျာလေးတွေက ဆရာကြီးမင်းသုဝဏ်ရဲ့ ကလေးကဗျာလေးတွေလိုပဲ အသံသာတယ်။ ချစ်ဖို့ကောင်းတယ်။ ကလေးမပြောနဲ့ လူကြီးလည်း ကြိုက်တယ်....
အစဉ် အားပေးလျက်....
စုချစ်

ကိုအောင်(ပျူနိုင်ငံ) said...

ကျနော့်ဇနီးသည်လည်း ပြောတယ်၊ မျက်မမြင်ကျောင်း
ကျောင်းသားတွေ စာဖတ်ရမှာ အသုံးပြုတဲ့ လက်နဲ့ စမ်းတဲ့ အဖုလေးတွေဟာ စမ်းလွန်းအားကြီးလို့ အဖုအဖြစ်ကနေ ပြားတောင် ပြားနေပြီတဲ့၊ သူတို့ခမြာ မနည်းကို လိုက်စမ်းပြီး စာဖတ်ဖို့ ကြိုးစားနေရပုံဟာ အရမ်းကို သနားဖို့ကောင်းပါတယ်၊ တကယ့်ကို
အလှူရှင်တွေ လိုအပ်နေတဲ့ နေရာတစ်ခုပါ၊ မမေဓါဝီရဲ့
အလှူကိုလည်း သာဓုခေါ်ပါတယ်။

ကိုလူထွေး said...

မျက်စိမမြင်ရသူတွေမို့ မြင်နိုင်တဲ့ တခြားသူတွေနဲ့ ယှဉ်ရင် အားနည်းမှု တခု ရှိနေတယ်ဆိုတာတော့ မှန်ပါတယ်...

ဒါပေမယ့် မွေးကတည်းက မမြင်ရသူတွေအတွက်တော့ ထူးခြားပြီး ဆုံးရှုံးတယ်လို့ မခံစားကြရဘူးလို့ ကြားဖူးပါတယ်...

အရောင်တွေ သဘာဝအလှအပတွေ လောကရဲ့ ရှုခင်းတွေကိုလည်း သူတို့က စကားလုံးတွေ သီချင်းတွေနဲ့ ပုံဖော်တာတွေ ဖတ်ရကြားရလို့ သူတို့လည်း သိကြပါတယ်... ဥပမာ ကြီးမေ မေဓာဝီရဲ့ ကဗျာတွေက တဆင့်ပေါ့...း)

အလှတခုဆိုတာ မြင်ရမှ ခံစားလို့ရတာမျိုးမဟုတ်ဘူးလေ။ ရေမွှေးနံ့တခုကို နှစ်သက်ကြတာ၊ မုန့်တခုကို အရသာခံစားကြတာ မျက်စိနဲ့ မြင်ရလို့မှ မဟုတ်တာ...

မောင်ရင်ထွေး

ကိုလူထွေး said...

ကဗျာလေးတွေကတော့ ချစ်ဖို့ကောင်းပါရဲ့...
ညီမထွေးဖို့ဆိုတော့ မောင်ရင်ထွေးအတွက် မပါဘူးလား မေးပါရစေ...းD

ဘာပဲဖြစ်ဖြစ် ကြီးမေ ပေးလို့ ကလေးတွေ ရလိုက်မယ့် အသိများစွာအတွက် ဝမ်းသာဂုဏ်ယူမိပါတယ်ဗျာ...

းဝ)

Moe Cho Thinn said...

အသံသာတယ်။ သဘောကျတယ်။ ကလေးတွေအတွက် ရွတ်လို့လဲ ကောင်းတယ်။ ကောင်းပါတယ် ညီမရေ.. ကလေးတွေအတွက်စဉ်းစားပေးသူမို့ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ပါတယ်။

ကလူသစ် said...

သာဓု သာဓု သာဓု ပါဗျာ။ ကောင်းလိုက်တာ။

shwezinu said...

မမေဓါဝီ

ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးဘဲနော်

ရွှန်းမီ said...

အစ်မတို့ကောင်းမှုကို သာဓုခေါ်သွားပါတယ်

Kay said...

ဒီပို့စ်လေးကို ခုမှ ဖတ်ဖြစ်ရတယ်။ မမေ ကိုရော..ဟန ကိုရော..တကယ် ချီးကျူး အားရ မိပါတယ်။

Harry said...

အခုခေတ်မှာ အမှန်တကယ်လိုအပ်နေတဲ့ ကွက်လပ်ကလေး တခုကို ဖြည့်ပေးတဲ့ အတွက် ချီးကျူးဂုဏ်ယူပါတယ် မမေရေ ...