အားကိုးရာမှ ဘေးဖြစ်သည် … တဲ့။
မနက် အိပ်ရာနိုးနိုးချင်း သတင်းဖွင့်တော့ ဟေတီမှာ ငလျင်လှုပ်သည့်သတင်းကို ကြည့်ရစဉ် ထိုစကားကို သတိရမိသည်။ အဖေအမြဲ ပြောနေကျ စကားဖြစ်သည်။ ရန်ကုန်မှာ ငလျင်အကြီးအကျယ် လှုပ်တုန်းက အဖေပြောခဲ့ဖူးသည်။ နောက် … ကိုယ် ယုံကြည် အားကိုးသူ တယောက်ယောက်ကြောင့် ဒုက္ခရောက်ရလျှင် ထိုကဲ့သို့ အဖေပြောလေ့ရှိသည်။
ငလျင်သတင်း ကြည့်ရသည်မှာ စိတ်မသက်သာ။ အဆောက်အဦးတွေ ပြိုကျ ပျက်စီး၊ လူတွေ သေကြ၊ ဒဏ်ရာရကြ၊ တကယ့်အနိဋ္ဌာရုံ။ မြဲမြံသည်ဟု မှတ်ထင်ယူဆခဲ့သော ကမ္ဘာမြေကြီး၊ ခိုင်မာသည်ဟု ယုံကြည်ခဲ့သော ဤမြေပြင်၊ လူသားတွေ အားလုံး ရပ်တည်ရာ၊ အားထားရာ ဤပထ၀ီ မြေကြီးသည် မခိုင်မမာ မမြဲမမြံ မတည်မတံ့ဘဲ လှုပ်ရှားတုန်ခါလေသောအခါ မှီတင်းနေထိုင်သူ လူသားအများ ဒုက္ခရောက်ကြရလေသည်။ သတင်းကြည့်ရင်းဖြင့် ကြိုတင် မခန့်မှန်းနိုင်သည့် သဘာဝတရား၏ ဘေးအန္တရာယ် ကိုသော်လည်းကောင်း၊ မည်သည့်အရာမှ မမြဲခြင်း အစိုးမရခြင်း သဘောတရားကိုသော်လည်းကောင်း ထိတ်လန့်စွာ ဆင်ခြင်မိလေ၏။
သို့ဖြင့် နံနက်စာစားပြီး ကျောင်းသွားရန်ပြင်သည်။ ရာသီဥတုက သုညအောက် ၂ ဒီဂရီ စင်တီဂရိတ်။ ဒီလောက်ကတော့ အကြောင်းမဟုတ်ပါ။ နွေးထွေးလုံခြုံအောင် အထပ်ထပ် ၀တ်ဆင်ပြီး ကျောပိုးအိတ်ကို လွယ်ကာ အိမ်မှထွက်သည်။ မိုးနှင့်ရောသော နှင်းစက်များ တဖွဲဖွဲ။ ယခင်နေ့တွေက ထူထပ်စွာကျခဲ့သော နှင်းတွေက ပလက်ဖောင်းပေါ်မှာ လူတကာနင်းသဖြင့် နင်းပြားဖြစ်ပြီး မာကျော အေးခဲ၍နေပြီ။ တလှမ်း နှစ်လှမ်း လျှောက်စဉ် လျှောခနဲ ဖြစ်ဖြစ်သွားသည်မို့ ဘုရားတ-ရင်း လမ်းဘေးတလျှောက် ခြံစည်းရိုးနံရံများကို ကိုင်ကာ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ လမ်းထိပ်သို့ရောက်တော့ ကတ္တရာလမ်းမထက်မှာ နှင်းတဖြစ်လဲ ရေခဲ ဖြူဖြူတွေ မရှိ။ ပြောင်နေသည်ဆိုတော့ လမ်းမပေါ်ကပဲ လျှောက်မည် စိတ်ကူးပြီး နှင်းရေခဲများနှင့် လွတ်ရာ လမ်းမထက်ကို ခြေလှမ်းလိုက်စဉ်
ရွှီး …. ဘိုင်း … အင့်
ဆိုပြီး ဖင်ထိုင်လျက် လဲပါလေတော့သည်။ ကြယ်တွေလတွေ မြင်သွားသလား မမြင်သလား ဘာမှမသိတော့၊ တကိုယ်လုံးထူပူစွာဖြင့် မတ်တပ်ထရပ်ရန် ကြိုးစားသည်။ မရ၊ နောက်တကြိမ် … နောက်တကြိမ် … နောက်တကြိမ်။ ဘယ်လိုမှ ရပ်၍ မရတော့။ ဟင် ... ခြေထောက်တွေက အကောင်းကြီးပါ၊ အနည်းငယ် နာကျင်ရုံကလွဲ၍ ကျိုးပဲ့ခြင်း အလျဉ်းမရှိ။ သို့သော် နှင်းခဲ ရေခဲမရှိဟုထင်၍ လှမ်းလိုက်သော ကတ္တရာလမ်းမက black ice တွေဖြင့် မဲပြောင်နေသည်ကိုး။ ထို့ကြောင့် မတ်တပ်ရပ်မည်ဆိုလျှင် ပြန်လဲလဲသွားကာ ထ၍ မရတော့ပေ။ ခက်ပြီ။ ဘယ့်နှယ့်လုပ်ရပါ့။
လမ်းတဖက်က လူကြီးတယောက်က Are you ok? ဟု အော်မေးသည်။ ဘာမှ ပြန်မပြောနိုင်။ ခေါင်းညိတ်ရင်း မျက်ရည်တွေ ကျနေမိသည်။ “go back to snow” ထိုလူကြီးက အော်ပြောပြန်သည်။ ပလက်ဖောင်းပေါ်ရှိ ခဲနေသော နှင်းတွေဆီ ပြန်သွားခိုင်းတာ။ လမ်းမထက်မှာက မမြင်ရသော ရေခဲပြင်ကိုး။ နှင်းခဲကမှ black ice ထက် တော်သေးသည်တဲ့။ “I can’t move” ဟု ပြန်ပြောမိသော်လည်း အားလုံးက ကိုယ့်ဘာသာကိုယ် အနိုင်နိုင် လျှောက်နေကြရသည့် ဘ၀တွေချည်းမို့ ဘယ်သူ့ဘယ်သူမှ လာမကယ်နိုင်၊ မထူနိုင်။ ကိုင်း … ကိုယ်ထူမှ ကိုယ်ထ … အိုး အီး အား ဆိုပြီး အော်ရင်းပြုရင်း ကိုးရိုး ကားယားနှင့်ပင် အနားမှာ ရပ်ထားသည့် ကားတစီးအနား လေးဘက်ထောက်ရင်း ရောက်သွားသည်။ ကားကိုကိုင်၍ ရပ်တော့ လျှောလျှော လျှောလျှောနှင့်ပင် ရပ်၍ရသွားပြီ။ ဆက်လှမ်းမရသေး။ ကားကလဲ ရေခဲတွေဖုံးနေတော့ ခပ်ချောချော။ ခြေလှမ်းမယ်ကြံလျှင် လျှောခနဲ ဖြစ်ဖြစ်သွားသည်မို့ တလှမ်းပင် မလှမ်းရဲတော့ပြန်။ စိတ်ပျက်လက်ပျက်ဖြင့် ကားကိုမှီကာ ဖုန်းထုတ်၍ သူငယ်ချင်းဆီခေါ်၊ အမဆီခေါ်၊ ဘယ်သူကမှ ဖုန်းမကိုင်။ တက်ခ်စီ ဆားဗစ်ကို ဆက်ပြန်တော့လည်း လိုင်းမအား။ စိတ်ထဲမှာ ရုတ်တရက် ၀င်ရောက်လာသော ၀မ်းနည်းအားငယ်မှုက ပြောမပြတတ်။ တကယ်တမ်း လိုအပ်ချိန်မှာ ဘယ်သူကမှ အနားမှာမရှိပါလား။
ဒီနေ့ ကျောင်းမသွားလို့ မဖြစ်ဘူး။ progress test ရှိတယ်။ ဖြစ်အောင် သွားမည်ဟု စိတ်ကူးပြီး ခြေလှမ်း တလှမ်း နှစ်လှမ်း ထပ်လှမ်းကာ ခြံစည်းရိုးကို အမြန်ကိုင်လိုက်၏။ ခြံစည်းရိုးကိုင်၍ တရွေ့ရွေ့ ဖြည်းဖြည်းချင်း လျှောက်နေရင်း လမ်းဖြတ်ကူးရမည့် နေရာသို့ ရောက်လေပြီ။ လမ်းဖြတ်ကူးလျှင် ခြံစည်းရိုးလည်းမရှိ၊ ကိုင်စရာ တွယ်စရာ ဘာမျှမရှိ။ ခိုမှီတွယ်စရာ ဘာမှ မရှိဘဲ လက်လွတ်ခြေလွတ်တော့ဖြင့် မလျှောက်ရဲပါ။ သည်လိုနှင့် လမ်းထောင့်မှာ ရပ်နေရင်း တက်ခ်စီတစီးတလေ ခေါ်၍ရနိုး ကြိုးစားကြည့်ပါသော်လည်း အချည်းနှီး။ ဘယ်လိုလုပ်ရမလဲ … ။ အချိန်တွေ တရွေ့ရွေ့ ကုန်သွားသည်။ တလှမ်း စမ်းလျှောက်တော့ လျှောခနဲ။ မလျှောက်ရဲတော့ပြန်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုမရှိတော့။ လူတကိုယ်လုံးလည်း တုန်ယင်နေပြီ။ စိတ်အားငယ်သဖြင့် မျက်ရည်တွေကလည်း ဆက်တိုက်ကျနေသေးသည်။
နောက်ဆုံးတော့ ကျောင်းချိန်လည်း လွန်သွားပြီ။ မထူးတော့ပြီမို့ စိတ်ကို ဒုံးဒုံးချကာ အိမ်မှာကျန်ခဲ့သည့် အတူနေ သူငယ်ချင်းဆီကို မက်ဆေ့ခ်ျပို့၍ လာခေါ်ခိုင်းရသည်။ သူက ဒီအခြေအနေသိ၍ အစကတည်းက ကျောင်းမသွားဟု ဆုံးဖြတ်ခဲ့သူပင်။ သူလာခေါ်တော့မှ သူ့လက်ကို ဆွဲကာ တရွေ့ရွေ့ အိမ်ပြန်ခဲ့ရလေ၏။ မနက်ရှစ်နာရီကျော်မှာ အိမ်က ထွက်ခဲ့သည်မှာ အိမ်ပြန်ရောက်တော့ ကိုးနာရီခွဲလုပြီ။ တကိုယ်လုံးလည်း နာကျင်နေပြီ။ ခေါင်းတွေလဲ တဒုံးဒုံးနှင့် ကိုက်ခဲနေပြီ။ ကွန်ပျူတာကိုဖွင့် ဆရာတွေဆီ အီးမေးလ်ဖြင့် ဖြစ်ကြောင်းကုန်စင်ပြောကာ ခွင့်တိုင်။ စာကြည့်တိုက်မှ ငှားထားသည့် စာအုပ်ကလည်း ဒီနေ့ ပြန်အပ်ရမှာမို့ စာကြည့်တိုက်မှူးထံ အကျိုးအကြောင်းပြော။ စသဖြင့် ပြုလုပ်ပြီးနောက် သတင်းထပ်ဖွင့်ကြည့်တော့ တပြည်လုံးမှာ နှင်းကြောင့် ဒုက္ခရောက်ကြတာတွေ။ Yorkshire နယ်တ၀ိုက် black ice တွေကြောင့် မတော်တဆ ထိခိုက်မှုတွေ။ ကျောင်းတချို့ပိတ်သည့် သတင်းတွေ။ ရာသီဥတု သတိပေးချက်တွေ။
သြော် ကိုယ်တယောက်ထဲမှ မဟုတ်တာကလား။
***
ထိုလမ်းကို နေ့စဉ်လိုလို လျှောက်ခဲ့ဖူးပါသည်။
တခါတရံ ပြေးပြေးလွှားလွှားပင် သွားနေကျ။ ခြေလှမ်းတိုင်းကို ယုံကြည် ရဲဝံ့စွာ လှမ်းနေကျ။ အခုတော့ ဒီလမ်းကို ခြေချရန်ပင် မ၀ံ့တော့ပြီ။ ဒီလမ်းလျှောက်မှ လိုရာ ရောက်ရမည်ဆိုလျှင် သွားရမည့်ခရီးကိုပင် မသွားလိုတော့ပြီ။ ယုံကြည်အားကိုးစွာ အမြဲတမ်း လျှောက်ခဲ့သော ထိုလမ်းသည် လှမ်းသူကို ဒုက္ခရောက်အောင် ပြုရက်လေပြီ။
အားကိုးရာမှ ဘေးဖြစ်သည်။
ထိုစကားကို ပြန်တွေးမိ၏။
မိမိယုံကြည်စွာ အားကိုးအားထား ပြုနေသည့် အရာတခုခုက မိမိကို ဘေးဖြစ်စေသောအခါ မည်သည့်အရာကို ယုံကြည်အားကိုးရပါတော့မည်နည်း။
***
မေဓာဝီ
၁၃၊ ဇန်န၀ါရီ၊ ၂၀၁၀
၁၄း၄၄ နာရီ

17 comments:
ငလျင်အကြီးအကျယ်လှုပ်ချိန်မှာ ကိုယ်ယုံကြည်အားထား ရပ်တည်နေရတဲ့ မဟာပထ၀ီမြေကြီးကိုမှ အားမကိုးရတော့ဘူး ဆိုတဲ့အသိနဲ့ အရမ်းကို တုန်လှုပ်ချောက်ချားစရသတဲ့...
လမ်းကိုယ်တိုင်ကိုက ဘေးဖြစ်စေတဲ့အခါ..
အင်း.. နောက်ထပ် ရွေးစရာလမ်းလည်း မရှိတော့တဲ့အခါ...
လာဖတ်သွားပါတယ် မမေဓါဝီ
အတိတ် ကံကြောင့်လို့ သာ သတ်မှတ်လိုက်ပါတော့
မိမိယုံကြည်စွာ အားကိုးအားထား ပြုနေသည့် အရာတခုခုက မိမိကို ဘေးဖြစ်စေသောအခါ မည်သည့်အရာကို ယုံကြည်အားကိုးရပါတော့မည်နည်း။
သိဘူး။ခက်တယ်..
အမစာတွေလာဖတ်တာ...
နွေး၂ထွေး၂နေပါ။ဆေးလိမ်းပါ။
ကြောက်စရာကြီးနော်..။
ညီမ
black ice ထက် ပိုဆိုးတာ တစ်ခု ရှိသေးတယ်၊ ခေါင်မိုးစောင်းတွေမှာ နှင်းအဖြစ်ကနေ ရေခဲဖြစ်သွားပြီး ကြွေကျတဲ့ ရေခဲဆူးတွေ၊ အဲဒါပိုပြီး အန္တရာယ် များတယ်လို့ ကျနော်တော့ ထင်တယ်၊ ဒီလိုပဲ စိတ်မညစ်ပါနဲ့။
မမေ
အနားယူနော် ။ တရားလေးမှတ် ...း)
လက်တွဲဖော်လေး ကောင်းနိုးရာရာလေး ရှာပေးမယ်နော်။
ခဏ စောင့်
ကိုယ်ချင်းစာတယ်..black ice မှာ လွန်းစံဝတို့ ဂျွမ်းပြန်ကျပေါင်းများပြီ
မြန်မာပြည်မှာတော့ black ice မရှိလို့တော်သေးတာပေါ့...ဘာပဲဖြစ်ဖြစ် သဘာဝဘေး
ဆိုတာ ဒုက္ခပေးတာပါပဲ....
ဒီမှာဆိုရင်တော့..လက်ကမ်းမည့်သူတွေပေါ်လာကောင်းပါရဲ့
အင်္ဂလန်မှာ နှင်းတွေ အရမ်းကျနေတဲ့ သတင်းကို တွေ့မိတယ်။ ဒါပေမယ့် အချိန်တန်ရင်တော့ နှင်းတွေ ပျောက်ပြီး လမ်းကလေးက လျှောက်ချင်စရာ ကောင်းလာဦးမှာပါ။
ချော်မလဲအောင် လမ်းမပေါ်မှာ လေးဘက်ထောက်ပြီး သွားနေကြသူတွေကို မှတ်တမ်းတင်ထားတာကို တွေ့ရတယ်။
http://news.bbc.co.uk/2/hi/uk_news/8458480.stm?ls
ပန်ပန်ရေ ... နောက်ထပ်ရွေးစရာ လမ်းမရှိတော့ ငုတ်တုတ်ထိုင်ပြီး ငိုနေမိတာ။ :(
ရွက်လွှင့်ခြင်း ... ဟုတ်မယ် .. အတိတ်ကံကြောင့်၊ မမြင်ရတဲ့ အတိတ်က ဆိုးတဲ့ကံတွေက တကယ်ပဲ ကြောက်ဖို့ ကောင်းပါတယ်။
ညီမရေ ... ဆေးလိမ်း၊ ဆေးသောက်ပြီး တနေ့လုံး နားလိုက်တယ်။
ဟုတ်ပ ကိုအောင် .. ရေခဲဆူးတွေက ပိုအန္တရာယ်များတယ်။ ကျမတို့ဘက်ပိုင်းတော့ သိပ်မတွေ့ရဘူး။ တော်သေးတယ်။
ဒေါ်လေးဟန ... မနေ့ကတရက်တော့ အနားယူပါတယ်။ တရားမှတ်ဖို့လဲ ကြိုးစားပါတယ်။ လက်တွဲစရာ မရှိသူတချို့ကတော့ ရေခဲစကိတ်စီးတဲ့ တုတ်တွေနဲ့ ထောက်ပြီးသွားကြတာပဲ။ မမေလဲ အဲလောက်ဆို ရပါပြီ။
ဘဘကျောက် ... ဘကျောက်က ဂျွမ်းပြန်ကျတာ။ ကျမက ပက်လက်လန်လဲတာ။
ဟုတ်တယ် ကိုပေါက်စ .. သဘာဝဘေးက ဒုက္ခပေးတာချည်းပါပဲ။ အနားကလူတွေက သူတို့တောင် အနိုင်နိုင် လျှောက်နေရမို့ လက်မကမ်းတာလို့ဘဲ ဖြေတွေးလိုက်ပါတယ်။
ကိုပေါရေ ... အဲဒီလင့်ခ်မှာပါတဲ့ West Yorkshire ဆိုတာ ကျမအခုနေတဲ့ ဒေသပါပဲ။ လေးဘက်ထောက်ရတာ ကျမတယောက်ထဲ မဟုတ်ဘူးပေါ့နော်။ :) မနေ့က အဆိုးဆုံး အခြေအနေပေါ့။ တော်တော်များများ ချော်လဲကြတယ်။ ဒီနေ့တော့ မနေ့ကထက် စာရင် တော်သေးတယ် ဆိုရမယ်။
အားလုံးပဲ ကျေးဇူးတင်ပါတယ်ရှင်။
သေချာသည် မေဓါဝီ ကိုယ့်ညီမ
ခြေကြွမရ နေရခက်ပါသေး၊
လေးဘက်ထောက်ကာ ကွ တ စွာနဲ့ 
ပက်လက်မလှန် ဂျွမ်းမပြန်အောင် ၊
အစွမ်းတွေပြ လမ်းမပေါ်မှာ ၊
အားကိုးရှာမရ ဒီဒုက္ခကို ၊
ကိုယ်ချင်းရယ်စာ ညှာတာမိ၏ ။
ဒါပေမဲ့လည်း
ကျောင်းမတက်ပဲ အိမ်မှာမြဲရ
ဒီခဏက
ပိုဇိမ်ကျမယ် ထင်ပါရ ။
( ခင်မင်စွာ နောက်ပြောင်ခြင်းပါ ..
စိတ်မဆိုး စေချင်.... )
ဘိုင်းကနဲ ပစ်လဲကျသွားပုံများ မျက်စိရှေ့မှာ တကယ် ဖြစ်သွားသလားအောက်မေ့ရတယ်...
သွားတာလာတာ ဆင် ခြင် ဘာ...
းဝ)
အားကိုးရာမှ ဘေးဖြစ်သတဲ့လားညီမရေ… အားငယ်လက်စက ပိုအားငယ်မိပြန်တယ်…
မေရေ… အခုဘယ်လိုနေသေးလဲညီမ… ဒဏ်ဖြစ်သွားရင် ရာသီဥတုအေးတော့ ပိုခံရခက်လိမ့်မယ်… လိမ်းဆေးလေးလိမ်းပြီး ဖြစ်တဲ့နေရာလေးကို တခုခုနဲ့ ပတ်ထား ပြီးတော့ရေနွေးအိတ်လေးကပ်ပေးလေ… အမေမောင်လေးကတော့ ဒီအချိန်ရောက်မှာကြောက်တယ်လို့  အမြဲငြီးတယ်… သူ့ သူငယ်ချင်းဆီရေးတဲ့စာထဲမှာ ရုပ်ရှင်ထဲမှာတော့ လက်အိတ်ကလေးစွတ်၊ လောင်းကုတ်ထဲထည့်၊ ပါးစပ်ထဲကအခိုးလေးတွေထွက် မိုက်လိုက်တာလို့ ထင်ရပေမယ့်.. တကယ်ရင်ဆိုင်ရတော့ ခံစားလိုက်ရတာ နှင်းတွေတောင်မမြင်ချင်တော့ဘူးဆိုပဲ…
ရေခဲအတွက် ဆူးပါတဲ့ ဘိနပ်ဝယ်ထားပါလား။ ကိုယ့်ကိုကိုယ်ပဲ အားကိုးရင်တော့ နဲနဲခံသာမယ်ထင်ပါရဲ့။
မေရေ..မ ကိုယ်ချင်းစာနားလည်ပေးပါတယ်.
မ လည်း နစ်စဉ်လိုလို ဖြစ်နေကျမို့ပါ.
အဲဒီလို ရေခဲမိုး တွေရွာပြီဆိုရင်အပြင်ထွက်ရမှာ အရမ်းေုကာက်ပဲ...
မေကခုမှတခါပဲ ရှိသေးတာဆိုတော့ မ လောက်မဆိုးသေးဘူးလို့ပဲစိတ်ဖြေလိုက်နော်
Well...if you don't need snow shoes often, here is my idea of DIY snow shoes. Cut open the can, and make holes with nail or sharp object. It'll become spikey on one side. You attach that to your shoes with rubberband. Wah..la!
အားကိုးရာမှ ဘေးဖြစ်သည်...၊ ၇ လုံးထဲနဲ့ ဖြစ်ရပ်ပေါင်း ၇၀ ကျော်မက ခြုံငုံမိတယ်နော်...၊ ကျစ်လစ်လွန်းတဲ့ စကားစုလေးပါပဲ..၊
ကားတာယာမှာ ချိန်းမတပ်မိဘဲ black ice ပေါ်မှာ တခါတုန်းက မောင်းဖူးတယ်၊ ကူကယ်ရာမဲ့ ဆိုတာ အဲဒီမှာ ၁၀၀% နားလည်သွားတာ..၊း) ဘရိတ်လည်း မဖမ်းရဲဘူး၊ ကဲ..တိုက်ချင်ရာသာ တိုက်လိုက်ပါတော့ ဆိုပြီး ဒီအတိုင်းသာ လွှတ်ထားလိုက်ရတော့တယ်ဗျာ၊ :)
Post a Comment