Thursday, September 03, 2009

သုံးနှစ် - သုံးရက်

သုံးနှစ်ပြည့် ပို့စ်တင်ပြီးကတည်းက ရှေ့ဆက် ဘလော့ဖို့ သင့် မသင့် ကျမ စဉ်းစားနေတာ ခုထိ ဆုံးဖြတ်လို့ မရသေးဘူး။ ကွန်မန့်တွေထဲမှာတော့ ကျမကို အားပေးကြပါတယ်။ သုံးနှစ်ဆိုတာ ဘာရှိသေးလို့လဲ … တချို့ဆို ၇-နှစ်၊ တချို့က ၈-နှစ်၊ တချို့ကတော့ ၅-နှစ် စသဖြင့်ပေါ့ … စောင့်ခဲ့ပြီးမှ လက်တွဲခဲ့ကြတာလို့ ဆိုကြပါတယ်။ အဲဒီလောက် နှစ်တွေကတော့ ကျမက ပျင်းပါတယ်၊ ကျမကိုယ်တိုင် ၁၂ နှစ်တိတိ ကြာရှည် မြဲမြံခဲ့ပြီး နောက်မှ လက်တွဲဖြုတ်ခဲ့တဲ့ အတွေ့အကြုံလည်း ရှိဖူးခဲ့တာကိုး။ :) ဘာပဲဖြစ်ဖြစ် ကျမကို စိတ်ဓာတ်ခွန်အား ဖြစ်စေဖို့ အားပေးကြသူတွေကို ကျေးဇူးအများကြီးတင်ပါတယ်။

နောက်ထပ် ကျေးဇူး တင်ရတာက ... ကိုရန်အောင်ပါ။ ကျမ ဘလော့ကို ခုလို အခြေအနေဖြစ်အောင် အချိန်ကုန်ခံပြီး ပြင်ဆင်မွမ်းမံပေးတဲ့ ကိုရန်အောင်ကို အထူးကျေးဇူးတင်ပါတယ်။ အနက်ရောင်နောက်ခံ ကျမဘလော့ကို ကိုသက်ဦးက အရောင်ပြောင်းခိုင်းနေတာ နှစ်နဲ့ချီကြာမြင့်နေပါပြီ။ ကျမက အနက်ရောင်ကြိုက်လို့ မပြောင်းဘဲ ပေနေခဲ့တယ်။ ဒီကြားထဲ တခြားသူတွေ ပြောကြပေမဲ့ ကျမ မပြင်ခဲ့ဘူး။ နောက်ဆုံး ပန်ဒိုရာပြောမှ ပြင်ဖို့ စိတ်ကူးခဲ့တယ်။ စမ်းလုပ်ကြည့်ပြီး ဆက်မလုပ်တတ်တာနဲ့ ဒီတိုင်း ထားထားရင်း တရက်တော့ ကိုရန်အောင်က လုပ်ပေးမယ်လို့ လိုလိုချင်ချင် ပြောပြီး လုပ်ပေးတာကြောင့် ခုလို လူတလုံး သူတလုံး ဖြစ်ခဲ့တာပါပဲ။

ဒါကြောင့် ကျမဘလော့ကို အစဉ်တစိုက် ဖတ်ရှုသူများ၊ ခဏတဖြုတ် ဖတ်ရှုသူများ၊ မှတ်ချက်လေးတွေ ချီးမြှင့် ပေးကြသူများ၊ ကောင်းနိုးရာရာ အကြံဉာဏ်ပေးကြသူများ၊ ဝေဖန်ထောက်ပြ ဆုံးမကြသူများ အားလုံး အားလုံးကို ကျေးဇူးတင်ကြောင်း ပြောရင်းနဲ့ ... အသိပေးချင်တာလေး ပြောပါရစေ။
***
အခု ကျောင်းပြန်ဖွင့်ဖို့ ရက်ပိုင်းသာ လိုတော့တဲ့ အချိန်မှာ ဦးရီးတော်ရဲ့ စာသင်နည်း စနစ် ပြောင်းသွားပြန်ပါတယ်။ အရင်ကလို တီဗီက သတင်းတွေ မဖတ်ခိုင်းတော့ဘူး။ လာမယ့် ဒီဇင်ဘာမှာ ဖြေရမယ့် Law ဘာသာရပ်ကို စပြီး သင်ပေးပါတယ်။ သိတဲ့အတိုင်း ကျမက အင်္ဂလိပ်စာ ညံ့ရတဲ့အထဲ Law ဘာသာရပ်မှာ သုံးနှုန်းထားတဲ့ ဝေါဟာရတွေရဲ့ အဓိပ္ပါယ်က သာမန်သုံးရိုးသုံးစဉ်လို မဟုတ်တော့ စာလုံးတိုင်းကို အဘိဓာန်ထဲမှာ ရှာနေရတော့တယ်။ အခန်းပေါင်း ၁၃ ခန်းကို ကျောင်းမဖွင့်ခင် ဦးရီးတော်က ကျမနားလည်အောင် ဖတ်ပေးပြီး ရှင်းပြပေးမယ် ဆိုတော့ ကျမမှာ အချိန်အားရယ်လို့ သိပ်မရှိတော့ပါဘူး။ စနေ တနင်္ဂနွေ ပိတ်ရက်တွေမှာလည်း အရင်လို ဟိုဟိုဒီဒီ လျှောက်မသွားနိုင်တော့ဘူး။ ဟင်းချက်တာတောင် အချိန်ကုန် သက်သာအောင် တခါတည်း အများကြီးချက်ပြီး ဖရီဇာထဲ ထည့်သိမ်းထားပြီး နည်းနည်းချင်း ထုတ်စားဖို့ ဦးရီးတော်က ညွှန်ကြားပါတယ်။

တစက္ကန့် တမိနစ် အချိန်ကလေးကိုတောင် အလဟဿ မဖြစ်စေချင်တဲ့ ဦးရီးတော်ရဲ့ စေတနာကို ကျမ တန်ဖိုးထား လေးစားရမယ်လို့ နားလည်ပါတယ်။ ဒါပေမဲ့ တဖက်မှာ စဉ်းစားရပြန်တာလည်း ဘလော့ကို ရှေ့ဆက် မရေးဖြစ်ဘူးဆိုရင် … ဒါမှမဟုတ် ကြိုကြား ကြိုကြားပဲ ရေးဖြစ်တော့မယ် ဆိုရင် … ကျမ တင်လက်စ စာအုပ် နှစ်အုပ်က ခေါင်းပေါ်မှာ ၀န်ထုတ် ၀န်ပိုးလို ရှိနေပြန်ပါတယ်။ ဟိုးတုန်းက တစိုက်မတ်မတ် တင်ခဲ့တဲ့ ကိုပြူးကျယ်သို့ ပေးစာဟာ မပြီးခင် ရပ်လိုက်ရတယ်၊ အခုလည်းပဲ ကဗျာသင်္ဂဟမေဒနီနဲ့ သျှင်ဥတ္တမကျော် တောလားက တိုးလို့တန်းလန်း မပြီးသေးဘူး။ ကဗျာသင်္ဂဟမေဒနီကတော့ နည်းနည်းချင်း ရိုက်နေတာမို့ မပြီးနိုင်သေးပေမဲ့ သျှင်ဥတ္တမကျော် တောလားကတော့ အားလုံးရိုက်ပြီးသားပါ။ တခါတည်း အကုန်တင်လိုက်ရင် ရသော်ငြား ကျမရဲ့ ထုံးစံအတိုင်း တပတ်ကို သူနဲ့ဆိုင်တဲ့ ပို့စ် တခုလောက်သာ တင်ချင်တယ်။ ဆက်တိုက် တခါတည်း မတင်ချင်ဘူး။ ဒါနဲ့ပဲ မကြာသင့်ဘဲ အချိန်တွေက ကြာနေခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျမစိတ်ထဲမှာ ဒီစာအုပ် နှစ်အုပ်ကိုတော့ ပြီးအောင် တင်ပေးချင်တဲ့ ဆန္ဒက ပြင်းပြနေခဲ့တယ်။
***
မနေ့ကတော့ ကျမ ဆုံးဖြတ်ချက် ချနိုင်မယ့် ကွန်မန့်တခု ၀င်လာပါတယ်။

Tyne has left a new comment on your post "မြန်မာရှေးစာဆိုတို့၏ ကဗျာများ (နိဒါန်း)":

အမရေ အမစာအုပ်နဲ့ တူတူပဲလားတော့ မသိဘူး၊ မြန်မာအီးလိုင်ဘရီ မှာတွေ့တယ်။ ဒီစာအုပ်က ပိုအိုပုံပေါက်တယ်။ အမ အမှတ်တရ သိမ်းထားချင် သိမ်းထားလို့ရအောင် ကျွန်တော် လင့်တင်ပေးလိုက်တယ်။

အဲဒီလင့်ခ်အတိုင်း သွားပြီး ဒေါင်းလုတ်ယူကြည့်လိုက်တော့ ကဗျာသင်္ဂဟမေဒနီ ပထမအကြိမ်ထုတ်တဲ့ စာအုပ် ဖြစ်လို့နေပါတယ်။ ၁၉၀၉ ခုနှစ်က ထုတ်ထားခဲ့တဲ့ စာအုပ်ပါ၊ နှစ်ပေါင်း ၁၀၀ ကြာပါပြီ။ ကျမကိုးကားတဲ့စာအုပ်က ၁၉၆၆ ခုနှစ်ကထုတ်တာဆိုတော့ ဒီစာအုပ်က ပိုပြီး ရှေးကျပါတယ်။ အဲဒီစာအုပ်ကလေး ebook အနေနဲ့ ရှိနေတာ ကျမ အလွန်အံ့သြသလို ၀မ်းလည်း သာမိပါတယ်။ ကျမအနေနဲ့လည်း ဒီစာအုပ်ကို ဆက်လက် ရိုက်ပြီး တင်စရာမလိုတော့တာမို့ ခေါင်းလည်း အင်မတန် ပေါ့သွားပါတယ်။ လိုချင်တဲ့သူများ ဒီလင့်ခ်မှာ သွားယူနိုင်ပါတယ်။ မြန်မာအီးလိုင်ဘရီက တင်ထားတာပါ။ ၂၄.၈ မက်ဂါဘိုက် ရှိပါတယ်။ တကူးတက လင့်ခ်လေး လာပေးတဲ့ Tyne ကို ကျေးဇူးတင်ပါတယ်။

ထိုနည်းတူစွာ သျှင်ဥတ္တမကျော်တောလား ဟာလည်း ကျမကိုးကား ဖော်ပြတဲ့ စာအုပ်အတိုင်း မြန်မာအိုင်အက်စ်ပီမှာ တင်ထားတာကို တလောက ကိုပရင့်စ်ညွှန်းလို့ သိခဲ့ရပါတယ်။

ဆိုတော့ … ကျမအတွက် ၀န်လေးနေမိတဲ့ ဒီစာနှစ်အုပ်ဟာ ebook အနေနဲ့ ရှိနေတာမို့ ကျမအနေနဲ့ ဆက်လက်ဖော်ပြဖို့ တာဝန် ကင်းသွားပါပြီ။ ဒါကြောင့်မို့ ဘလော့မှာလည်း အရင်လို စဉ်ဆက်မပြတ် ပို့စ်တွေ တင်ချင်မှ တင်ပါတော့မယ်။ လုံးဝကြီး မတင်တော့ဘူးလို့လည်း သံယောဇဉ်ပြတ်စွာ မဆိုနိုင်သေးပါဘူး။ ကိုယ့်အနာဂတ်ကို ကိုယ်မပိုင်တဲ့ အခြေအနေမှာ ရှေ့ကို ဘယ်လိုဖြစ်လာဦးမယ်ဆိုတာ ကြိုတင်မသိနိုင်တာကြောင့် လောလောဆယ်မှာ လော (Law) တွေနဲ့ နပန်းလုံးရင်း ကျောင်းဖွင့်ရက်ကို ကြိုနေမှာ ဖြစ်ပါကြောင်း အားလုံးကို အသိပေးအပ်ပါတယ်ရှင်။
***
မေဓာဝီ
၃၊ စက်တင်ဘာ၊ ၂၀၀၉
တော်သလင်းလပြည့်နေ့
၁၃း၄၂ နာရီ

23 comments:

ATN said...

ရေးနိုင်သလောက်ရေးပေါ့ဗျာ...
ကျနော်ကတော့ အသစ်တင်တိုင်း လာဖတ်နေတာပါပဲ...

ပို့စ်တွေကတော့ စကက်ဒျူးလုပ်ပြီးတင်ထားလိုက်လည်း ရပါတယ်... သူ့ဘာသာ တပတ်မှ တပုဒ် တက်လာအောင် လုပ်ထားလို့ ရတယ်လေ...

ဘလော့ကလည်း တကယ်တော့ ဖြတ်ရ အလွန်ခက်တဲ့ ရီးစားတမျိုး ဖြစ်မယ်ဗျ...း)

Anonymous said...

ဖြစ်ရလေ.. တတ်နိုင်သလောက်တော့ ရေးလေ.. ဦးငယ်ပြောသလိုလည်း မဆိုးပါဘူး။ ကိုယ့်အနာဂတ်ကိုယ်ပိုင်တဲ့တစ်နေ့တော့ ရလာမှာပါ..

ကိုအောင် said...

အဆင်ပြေတဲ့အပေါ် မူတည်ပြီး ဘလော့ရေးပါအုံး၊
ကိုအောင်သာငယ်ပြောသလိုလည်း လုပ်သင့်ပါတယ်၊
ရပ်တော့ မရပ်ပါနဲအုံးဗျာ၊ ကျနော်တို့လည်း တခါတလေ
ဒီလိုပဲ အလုပ်အရမ်းများရင် ဘလော့ရေးဖို့နေနေသာသာ
အင်တာနက်ပေါ်တောင် မနည်းလာရတယ်၊ အားနေရင်
တော့ ဘာပြောကောင်းမလဲပေါ့၊ အဆင်ပြေသလို
ဘလော့ရေးနိုင်ပါစေလို့ ပြောပါရစေ ခင်ဗျာ၊ အားပေး
လျက်။

ကိုရေတမာ said...

မကြီးရေ....
မအားတော့ဘူးဆိုတော့လည်း ရေးဖြစ်တဲ့အခါ ရေးပေါ့။။
ပိတ်တော့မပိတ်လိုက်ပါနဲ့ဗျာ။
မဟနလို ကွန့်မန့်ပါပိတ်ပြီး တိတ်တိတ်လေး ရေးပါ့လား။
မကြီးစာတွေတော့ မျှော်နေသေးတယ်ဗျာ

ရွက်လွင့်ခြင်း said...

အဲလိုကြီး စိမ်းစိမ်းကားကားတော့ မလုပ်ပါနဲ့ 
တင်နိုင်သလောက်တော့ တင်ပေါ့
နားလည်ပေးနိုင်ပါတယ်

မင်းနေဝေး said...

ရေးဖြစ်သလောက်ပေါ့ အမ ....
တင်တဲ့စာတွေတော့ လာဖြစ်နေမှာပါ ....

juno said...

"လော" တွေဖတ်နေရတယ်ဆို...
အဲဒါတွေရေးပြီးတင်ပါလား...
စာကျေတာပေါ့...

း)

wm said...

မမေရေ..

ဗုဒ္ဓအဘိဓမ္မာ EBook Download လင့်လေးသိချင်လို့ ပါ။

ကျေးဇူးတင်ပါတယ်။

ကိုလူထွေး said...

MDW ကို စာကြည့်တိုက်မှူးရာထူးခန့်ရမယ်...
အကုန်သိနေလို့...

းဝ)

မေဓာဝီ said...

ကိုအောင်သာငယ်, craton, ကိုအောင်, ရေတမာ, ရွက်လွှင့်ခြင်း နဲ့ မင်းနေဝေး ...လာရောက်ဖတ်ရှု မှတ်ချက်ပြုကြတာကို ကျေးဇူးတင်ပါတယ်။ ကျမက စာမရေးရ မနေနိုင်တဲ့အတွက် ရေးတာက အချိန်ခိုးပြီး ရေးလို့ရပါတယ်။ ဒါပေမဲ့
အသစ်တက်တိုင်း စောင့်ကြည့်နေတဲ့ အဒေါ်တယောက်ရှိတော့ ဦးရီးတော်ကို ပြန်တိုင်မှာကြောက်နေရပါတယ်။ ဒါကြောင့် ကျမမှာ ရေးဖြစ်ရင်တောင် တင်ဖို့ခက်ခဲနေရတယ်။ ကွန်မန့်ထဲတော့ သူတို့ ၀င်မဖတ်လောက်ဖူးထင်လို့ ရေးလိုက်တာ။ :)

juno ... Law တွေတော့ ကိုယ့်ဟာကိုယ် ဖတ်ရတာတောင် ခေါင်းရှုပ်လွန်းလို့ ဘလော့ပေါ်တင်ပြီး လူတကာခေါင်းရှုပ်အောင် မလုပ်ချင်ပါဘူးရှင်။

wm ... အရှင်ဇနကာဘိဝံသရဲ့ ကိုယ်ကျင့်အဘိဓမ္မာ စာအုပ်လင့်ခ်ကို ညာဘက်ဘေးက စာအုပ်ယူရန် ခေါင်းစဉ်အောက်မှာ တင်ထားပေးပါတယ်။

ကိုလူထွေး ... အကုန်တော့မသိပါဘူးရှင်။ ဒါနဲ့ ... စာကြည့်တိုက်မှူးခန့်ရင် လခဘယ်လောက်ပေးမှာလဲ ... :)

Thet Oo said...

မြန်မာပြည်မှာတုံးက မိဘကြောက်ရ၊ ဘိလပ်မြေရောက် ပြန်တော့ ဦးရီးတော် ကိုကြောက်ရ၊ နောက် အိမ်ထောင်ကျမယ်ဆိုရင်လည်း ယောက်ျား ကြောက်ရ အုံးမှာ ဆိုတော့.. ဘယ်တော့များမှ လွတ်လွတ်လပ်လပ် ရေးနိုင်တော့မလဲ မသိတော့ပါဘူး။ တခုတော့ ရှိတယ်။ "စိတ်သာရှင်စော၊ ဘုရားဟောတဲ့"။ စိတ်... စိတ်... စိတ် ပါကွယ်။

chitpalone said...

အလာကောင်းပေမယ့် အခါမနှောင်းချင်ပါဘူးမမရယ် ပါးလုံးက အခုပဲ ကိုပြည့်စုံဘလော့ကနေ လာတာ သူရေးထားတဲ့ တက်ဂ်ပို့စ်မှာ မမနာမည်ပါတယ်လေ။ အဲ့ဒါနဲ့ ပါးလုံးတောင် အားကြိုးမန်တက် ပြေးလာတာ။ ရေးတော့ရေးပါမမရယ် ပါးလုံးလည်း အဟောင်းတွေ အားရင်အားသလို ပတ်မွှေဦးမယ်။ ဖျက်တော့မဖျက်ပစ်လိုက်နဲ့နော် ပါးလုံး ကိုလင့်လည်း ချိတ်ခွင့်ပြုပါနော်။
ခင်မင်လေးစား အားကျလျှက်
ညီမလေး ပါးလုံး

Ashin Mettacara said...

သံပျင်ဋီကာကို ဘယ်မှာ ရနိုင်မလဲ

မေဓာဝီ said...

ကိုသက်ဦးရေ ... စိတ်က ပါပေမဲ့ ... လက်က မပါနိုင်တာမို့ မတတ်နိုင်ပါဘူးရှင်။ ကြောက်ရခြင်းမှ ကင်းလွတ်ရပါလို၏ လို့ပဲ ဆုတောင်းရမှာပဲ။

ချစ်ပါးလုံး ... လာဖတ်တာ ကျေးဇူးပါ။ ဖျက်တော့ မဖျက်ပစ်ပါဘူး။ လင့်ခ်လဲ ချိတ်ခွင့်ပြုပါတယ်။

အရှင်မေတ္တာစာရ ဘုရား ... သံပျင်ဋီကာ ဘယ်မှာရနိုင်လဲ ဆိုတာ တပည့်တော် မသိပါဘုရား။ အဖေနဲ့ စကားပြောဖြစ်ရင် မေးကြည့်ပေးပါမယ် ဘုရား။

PAUK said...

မမေရေ...
အေးဆေး အားမှရေးပေါ့နော့...
နောက်ပြီး လော( law )တွေနဲ့ နပန်းလုံးရာမှာ
မမေတစ်ယောက်အနိုင်ရပါစေ...

တန်ခူး said...

မေရေ… စာကိုတော့ ဦးစားပေးညီမရေ… တခါတလေ ဦးနှောက်ဆေးတဲ့အနေနဲ့  တပုဒ်နှစ်ပုဒ် ပြန်လာရေးပေါ့နော်… အမြဲတမ်းဘယ်လိုလုပ်စာကြီးကျက်နိုင်မလဲ(ဆင်ခြေပေးနည်း သင်ပေးတာ…ဟိဟိ)… ဦးရီးတော်နဲ့ နေရတုန်း သူစာသင်ပေးတာ သေချာလိုက်လုပ်ပါမေ…နောက်ဆို ကျောင်းပြန်သွားရတော့မှာမိုလား… အမတို့ ကတော့ မေ့ပို့ စ်လေးတွေ စိတ်ရှည်ရှည်နဲ့ စောင့်ဖတ်မှာ… (စကားမစပ်… မေ့အခုအသစ် templateလေးမှာ eotမရတော့ဘူးထင်တယ်နော်… အမ cut and paste လုပ်ပြီး wordထဲသွားသွားဖတ်ရတယ်)

yangonthar said...

ကျွန်တော်တော့ အဟောင်းတွေ ဖြည်းဖြည်းချင်း
ဖတ်ဦးမယ် ရောက်တုန်းတော့ ရသမျှဖတ်သွား
တယ်အစ်မရေ .... ကျွန်တော်တို့ မလည်း
အချိန် က ဆင်းရဲ လှပါဘိနဲ့ နော် ..... ခက်တယ် :)
အစ်မရေ လင့်ခ်သွားမယ်နော် .....
စာတွေ ဖတ်ရင်း မှတ်ရင်းက ကောင်းသော
အာရုံတည် ကြည်ခြင်းရှိပါစေ
ရန်ကုန်သား

Ko Min Htet said...

မေဓာဝီရေ့၊ ရှင်ဥတ္တမကျော်တောလားနဲ့ လက်ဝဲသုန္ဒရတန်းချင်းလေးတွေအတွက် အရမ်းကျေးဇူးတင်တယ်ဗျာ။ အခွင့်သင့်တုန်းလေး လာဒေါင်းသွားတယ်နော်။

ရှားပါး အံဖွယ်၊ အသွယ်သွယ်ကို၊ ကံလည်ဆုံတည့်၊ ရ မြင်မိသော်၊ ချစ်မိသူများ၊ မှတ်ရပွါးလိမ့်၊ အများထုံးစံ၊ လောကဓံတဲ့။ ဟောသံတရား၊ မြန်ဘုရား၏၊ မှတ်သားဘွယ်ရာ၊ စကားထာကို၊ သဒ္ဓါနိုးကြွ၊ ဦးနှိပ်ချလျှက်၊ မေဓာ့ကျေးဇူး၊ စာအထူးကြောင့်၊ နှစ်ကူးကမ္ဘာ၊ ကြာမြင့်စွာက၊ လိုလာသက်နှစ်၊ ကဗျာစစ်ကို၊ ငါဖြင့်ရပြီ၊ ၀မ်းမြောက်ကြည်သည်၊ ချစ်သည်သူတို့၊ လွမ်းဘယ်ကို့။

ကလူသစ် said...

လော လော လော လော မလုပ်နဲ့။ ဟတ်ထိုးလဲလို့ နောက်စေ့ကွဲနေအုန်းမယ် :)

TZA said...

ဆက်သာရေးပါဗျာ။

Anonymous said...

မမေရေ ဘာပြောရမှန်းတောင်မသိဘူး မမေ ဘလော့ဖြတ်လိုက်ရင် မမေရယ်စဥ်းစားပါဦး အားလုံးနှင့်ပြတ်သွားမှာပေါ့။ မမေ သေသလိုဖြစ်သွားမှာ ကျွန်တော်တို့အတွက်တော့ မမေ အသက်ရှိနေတယ်ဆိုတာ သိပါရစေနော်။

မွန်းသက်ပန် said...

မမေ
မရောက်တာကြာလို့ လာလည်ရင်း ပိုစ့်လေးဖတ်သွားပါတယ်။
စာတွေများပေမယ့် ဆက်ရေးနိုင်ဖို့အားပေးနေပါတယ်။
ချစ်တဲ့
မွန်းသက်ပန်

ShwunMi- said...

တိတ်တိတ်လေးပဲ လာလည်တတ်ပေမယ့် အားပေးလျက်ပါ အစ်မမေဓာဝီ ..
ရေးတဲ့စာတွေ တဝကြီး ဖတ်ချင်ပါသေးတယ်..