Thursday, September 10, 2009

ဘယ်တော့မှ မမေ့ဘူး စက်တင်ဘာ

ဘယ်တော့မှ မမေ့ဘူး စက်တင်ဘာ …
ကုန်လွန်ခဲ့တဲ့ ရက်ပေါင်း ခုနစ်ရာ ဆိုတာ
အတိတ်တွေလား … သမိုင်းတွေလား …
အရိုင်းဆန်လွန်းတဲ့ အဖြစ်အပျက်တွေကြောင့်
လှိုင်းထန်ခဲ့ရတဲ့ နေ့ရက်တွေပေါ့ …
ဘယ်တော့မှ မမေ့ဘူး စက်တင်ဘာ … ။

အဲဒီနေ့တွေမှာ …
စက်တင်ဘာရဲ့ တိမ်တိုက်တွေ အရည်ပျော်ကျခဲ့တယ်။
စက်တင်ဘာရဲ့ မိုးရေစက်တွေ ခါးသက်ခဲ့တယ်။
စက်တင်ဘာရဲ့ နေမင်းတောင် အလင်းရောင် မပေးနိုင်ခဲ့ဘူး။
စက်တင်ဘာရဲ့ လေပြင်းက သစ်ရွက်တွေကို တစစီ ခြွေချခဲ့တယ်။
စက်တင်ဘာရဲ့ ညကောင်းကင်မှာ လမင်းလည်း မသာနိုင်ခဲ့။
စက်တင်ဘာရဲ့ ကြယ်ပြာတအုပ်ကတော့ မှိတ်တုတ်တုတ် မှိန်ပျ …
စက်တင်ဘာရဲ့ ပန်းအလှလေးတွေလည်း နွမ်းလျခဲ့ရ …
ဘယ်တော့မှ မမေ့ဘူး စက်တင်ဘာ … ။

ဒီလိုနဲ့ပဲ …
စက်တင်ဘာရဲ့ အနက်ရောင်ထက်မှာ အဖြူရောင်တွေ ဖုံးလွှမ်းခဲ့ပြန်တယ်။
စက်တင်ဘာရဲ့ အဖြူရောင်တွေက အ၀ါရောင်အဖြစ် ပြောင်းလဲလို့သွား၊
စက်တင်ဘာရဲ့ အ၀ါရောင်တွေက အပြာရောင်သံစဉ်တွေ ကျူးရင့် … ကမ္ဘာအနှံ့ ပျံ့လွင့်ခဲ့ပေမဲ့
စက်တင်ဘာရဲ့ ကံကြမ္မာကို အစိမ်းရောင်တွေက ကြီးစိုးလို့ သွားကြ
တစတစနဲ့
စက်တင်ဘာရဲ့ နေ့စွဲမှာ အနီရောင်နဲ့ ကမ္ပည်းထိုးခဲ့ရပေါ့ …
ဘယ်တော့မှ မမေ့ဘူး စက်တင်ဘာ … ။

စက်တင်ဘာရေ …
ကမ္ဘာမကြေ သီချင်းကို သံပြိုင် သီဆိုခဲ့ကြတာ သူငယ်တန်းကတည်းကပါ။
ဒါပေမဲ့ …
တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ … “တို့ပြေ” ဖြစ်ဖို့ …
ဘယ်လိုကြိုးကုတ် အားထုတ်ရမလဲ ဆိုတာ … ခုထိ မသိခဲ့ပါ စက်တင်ဘာ။
သစ္စာတွေ ပြုခဲ့ … မေတ္တာတွေ စုခဲ့ကြပေမဲ့
ကုမရတဲ့ ဒဏ်ရာကို တိုင်းသူပြည်သား လူအများတို့
ခံစားနေရတာ နှစ်ချို့ခဲ့ပေါ့ …
ဘယ်တော့မှ မမေ့ဘူး စက်တင်ဘာ … ။

အဲဒီနေ့တွေမှာ ...
စက်တင်ဘာရဲ့ ပေါက်ကွဲသံတွေ လျှံခဲ့တယ်။
စက်တင်ဘာရဲ့ ငိုရှိုက်သံတွေ ညံခဲ့တယ်။
စက်တင်ဘာရဲ့ ခြောက်လှန့်သံတွေ ထန်ခဲ့တယ်။
စက်တင်ဘာရဲ့ ကြွေးကြော်သံတွေ ကျန်ခဲ့တယ် …
ကျန်ခဲ့တယ် ... ကျန်ခဲ့တယ် … ကျန်ခဲ့ပါတယ် စက်တင်ဘာ …
ရင်ထဲမှာ ... နာ … လို့ …
ငါလေ ...
ကမ္ဘာမကြေဘူး ... စက် တင် ဘာ … ။ … ။
***
မေဓာဝီ
၁၀၊ စက်တင်ဘာ၊ ၂၀၀၉
၁၆း၂၇ နာရီ

18 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ကဗျာကို ဖတ်သွားပါတယ် မမေဓါဝီ၊ အားပေးလျက်ပါ၊
ပို့စ်အသစ်တွေ အားရင် အားသလို တင်နိုင်ပါစေလို့
ဝိုင်းဝန်းပြီး ဆန္ဒပြုပါတယ်၊ မအားတဲ့ကြားထဲက အခုလို
ရေးထားတဲ့ ကဗျာလေး ဖတ်ရတာလဲ တမျိုးတော့ ကောင်းပါတယ်။

အောင်သာငယ် said...

စက်တင်ဘာရဲ့ အနက်ရောင်ထက်မှာ အဖြူရောင်တွေ ဖုံးလွှမ်းခဲ့ပြန်တယ်။
စက်တင်ဘာရဲ့ အဖြူရောင်တွေက အ၀ါရောင်အဖြစ် ပြောင်းလဲလို့သွား၊
စက်တင်ဘာရဲ့ အ၀ါရောင်တွေက အပြာရောင်သံစဉ်တွေ ကျူးရင့် … ကမ္ဘာအနှံ့ ပျံ့လွင့်ခဲ့ပေမဲ့
စက်တင်ဘာရဲ့ ကံကြမ္မာကို အစိမ်းရောင်တွေက ကြီးစိုးလို့ သွားကြ
တစတစနဲ့
စက်တင်ဘာရဲ့ နေ့စွဲမှာ အနီရောင်နဲ့ ကမ္ပည်းထိုးခဲ့ရပေါ့ …
ဘယ်တော့မှ မမေ့ဘူး စက်တင်ဘာ … ။

ကဗျာ ကောင်းတယ်ဗျာ မမေ...

Ko Min Htet said...

သွေးသောက်စက်တင်ဘာတမ်းချင်းကို လွမ်းရင်းနဲ့ လာခံစားသွားတယ် မေဓာရေ့။

အမြဲအားပေးလျှက်ပါနော်။

ကိုလူထွေး said...

အဝါရောင်ကို အစိမ်းရောင်အလွှမ်းမှာ အနီရောင်တွေ ဖြစ်သွားတယ်တဲ့လား...



မမေ့နိုင်ပါ စက်တင်ဘာ... နဝေတိန်တောင် စက်တင်ဘာ

ရေတမာ said...

ထပ်တူထပ်မျှ ၀မ်းနည်း ကြေကွဲသွားပါတယ်
မကြီးရေ

ရွက်လွင့်ခြင်း said...

မမေဓါဝီရေ
ပိုစ့်မတင်တာတောင် ကြာပေါ့
ကဗျာလေးက တစ်စုံတစ်ခုကို ခံစားရပါတယ်

စောင့်မျှော် အားပေးလျှက်
း)

Harry said...

ထပ်တူထပ်မျှ ...
ဒါနဲ့ တေးထပ်ရေးနည်း စတင်ထားပြီ မမေရေ ...
ကျနော် ပြန်လာမှပဲ ပြောကြတာပေါ့

နှင်းနဲ့မာယာ said...

မမေရေ
စာလေးတွေ လာဖတ်သွားပါတယ်....
မမေရဲ့ စက်တင်ဘာလေးကိုလဲ ခံစားသွားပါတယ်....


နှင်း

မင်းနေဝေး said...

ကဗျာလာဖတ်တယ်အမရေ ....
စက်တင်ဘာ မျက်ရည်စက်တွေကို ခံစားသွားပါတယ် ...

Anonymous said...

သန္နိဋ္ဌာန် ဆိုတဲ့ ခေါင်းစဉ်အောက်က စာသားကြီးများကို (အလွန်အဖိုးတန်လွန်းလို့ စာသားလေးများကိုလို့ ဆိုရမည့်အစား စာသားကြီးများကိုလို့ ဆိုလိုက်ခြင်းပါ။ ကဗျာကို ကဗျာ မဆန်တဲ့ စကားနဲ့ တင်စားမိတာ စကား ဒေါသသင့်လျှင် နားလည်းပေးပါ) မမေကိုယ်တိုင် ရေးတာပါလား ခင်ဗျာ။
(မေတ္တာဖြင့်)
မောင်ကြီး

Nge Naing said...

စက်တင်ဘာမှာ စီးတဲ့သွေးတွေကို ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူး။ ကဗျာလေးအတွက် ကျေးဇူးပါ။

အိမ်ချမ်း said...

မနေ့ တစ်နေ့ကလိုပါပဲ မမေ..

Craton said...

ဘယ်တော့မှ မမေ့ဘူး စက်တင်ဘာ....

ကဗျာလေးကို လိုက်ငြီးသွားပါတယ်..

Moe Cho Thinn said...

ခံစားနေရတာ နှစ်ချို့ခဲ့ပေါ့ …
ဘယ်တော့မှ မမေ့ဘူး စက်တင်ဘာ …

ဘယ်မေ့နိုင်ပါ့မလဲလေ...။ ကဗျာလေး အရမ်းကောင်းတယ်။ အေးအေးဆေးဆေး စာလာဖတ်အုံးမယ်။ နှလုံးသားချင်း နီးတဲ့သူပဲ လို့ သိနေမိလို့။

ဒူကဘာ said...

အေးဗျာ လွန်လေပြီးသော နှစ်များဆီမှာ ခင်ဗျားလဲ ဘလောက်ရေးရင်း ပေါက်ကွဲမိလို့ ဒီလှိုင်းလုံးတွေ မိသားစုကြား ရိုက်ခတ်မှု ရှိလို့ ဘယ်တော့မှ မေ့မှာ မဟုတ်ဖူး ယုံကြည်ပါတယ်။

Nge Naing said...

ကဗျာကို လာခံစားသွားပါတယ်။ ဘယ်တော့မှ မမေ့ဘူး ဟုတ်တယ်။

မေ့သမီး said...

အမရေ နောက်ကျမှရောက်လာဖြစ်ပေမယ့် ကဗျာကတော့ အဓိပ္ပါယ်အပြည့်ပဲ။ မေ့လို့မရတဲ့ စက်တင်ဘာပါ။

ဂျူနို said...

သစ္စာတွေ ပြုခဲ့ … မေတ္တာတွေ စုခဲ့ကြပေမဲ့
ကုမရတဲ့ ဒဏ်ရာကို တိုင်းသူပြည်သား လူအများတို့
ခံစားနေရတာ နှစ်ချို့ခဲ့ပေါ့ …
ဘယ်တော့မှ မမေ့ဘူး စက်တင်ဘာ … ။


မမေဓာဝီရေ ဒီကဗျာလေးကို တော်တော်ခံစားရပါတယ်။
အပေါ်က အပုဒ်ကလည်း ရက်ရက်စက်စက် မှန်လွန်းတယ်။

ရုတ်ဆိုးလွန်းတဲ့ စက်တင်ဘာ ဘယ်လိုမှ မေ့မရပါဘူး။

မအယ်