Friday, February 29, 2008

နားလည်ပေးကြပါစေကြောင်း

ကျမဘလော့ကို လာရောက်လည်ပတ် ဖတ်ရှုသူများကို တခုလောက် တောင်းပန်ချင်ပါတယ်။ ကျမ အခု ပို့စ်တွေ ပြန်တင်နေတာဟာ အိမ်နဲ့ သဘောတူညီချက် ရလို့ မဟုတ်ပါဘူး။ မရေးရ မနေနိုင်လို့ ရေးထားတာလေးတွေ လောလောလတ်လတ် တင်ချင်တာလေးတွေ ရှိနေလို့ သိခါမှ သိရော .. ဆူလည်း ခံလိုက်မယ်ဆိုပြီး တင်နေမိတာပါ။

တင်သာတင်ရတယ်၊ သိပ်တော့ အဆင်မပြေလှပါဘူး။ ဟိုတခါကတည်းက အင်တာနက် အသုံးပြုခွင့် ရပ်လိုက်ပြီး အီးမေးလ်တောင် အမက တာဝန်ယူပြီး စစ်ပေးနေတာပါ။ သူ့အိမ်က ကွန်ပျူတာကိုလည်း ကျမ သုံးမရအောင် ပါ့စ်ဝေလုပ်လိုက်တယ်၊ ဦးရီးတော် အိမ်က အင်တာနက်ကလည်း ဖုန်းလိုင်းနဲ့ ချိတ်ဆက်ထားတာမို့ သုံးသမျှ ဖုန်းဘေလ်လာရင် အကုန်ပေါ်တာနဲ့ နောက် မသုံးရဲတော့ပါဘူး။

အရေးအကြောင်းဆို လိုင်ဘရီမှာ သွားသုံးလို့ ခွင့်ပေးထားတာနဲ့ အခွင့်အရေးကို အပြည့်အ၀ အသုံးချပြီး တနေ့ ၁-နာရီ အခမဲ့ သုံးခွင့်ရတဲ့ အိမ်နားက လိုင်ဘရီမှာပဲ သွားသုံးနေရပါတယ်။ နောက်ထပ် နာရီပိုသုံးရင် ၁-နာရီကို ၁ ကျပ် ခွဲ ပေးရမှာဆိုတော့ ပိုက်ဆံ တပြားမှ မရှာနိုင်သေးတဲ့ ကျမ ၁-နာရီ ၁ ကျပ်ခွဲလည်း မသုံးရဲပါဘူး။

ဒါကြောင့် အလကားရတဲ့ ၁-နာရီလေးမှာ မေးလ် အမြန်စစ်၊ စာအမြန်ရိုက်ပြီး တင်ရတာမို့ တချို့စာတွေလည်း သိပ် စိတ်တိုင်းမကျလှပါဘူး။ ပြီးတော့ ဘယ်ဘလော့မှလည်း မဖတ်နိုင်၊ ကွန်မန့်တွေလည်း မပြန်နိုင်တာမို့ တာဝန်မကျေသလိုလည်း ခံစားနေရပါတယ်။

အခု ဒီပို့စ်က ကျမရဲ့ ၃၉၉ ခုမြောက် ပို့စ်ပါ။ ကျမ စဉ်းစားထားတာက ၄၀၀ ပြည့်အထိ တင်ပြီးရင် ခဏ ပြန်နားဦးမလို့ပါပဲ။ မနားလို့လည်း မဖြစ်တော့ဘူး စာမေးပွဲ ဖြေရဦးမှာမို့ပါ။ စာမေးပွဲလေး အောင်သွားရင်တော့ ကျမ အမနဲ့ ညှိပြီး စာပြန်ရေးလို့ရအောင် ကြံပါဦးမယ်။ ရေးချင်တာတွေက များလွန်းလို့ မေ့မသွားအောင် သွားသမျှ နေရာတွေ ဓာတ်ပုံရိုက်သိမ်း၊ စာတွေကို ဒိုင်ယာရီထဲမှာ တေးမှတ်ထားရပါတယ်။ (ဒုက္ခက ကြီးပါပေ့)

ကိုယ့်အပြစ်နဲ့ကိုယ်၊ ကိုယ့်ဒုက္ခနဲ့ကိုယ်မို့ ... ကျမ ဘလော့ကို လာရောက် လည်ပတ်သူ၊ ဖတ်ရှုကြသူ၊ မှတ်ချက်လေးတွေ ရေးပေးသွားကြသူ အားလုံး ကျမ တာဝန် မကျေနိုင်သေးတဲ့အတွက် နားလည်ပေးကြဖို့ ဒီပို့စ်နဲ့ တောင်းပန်လိုက်ပါတယ်။
***
မေဓာဝီ
၂၉၊ ဖေဖော်ဝါရီ၊ ၂၀၀၈
၁၁း၂၈ နာရီ

4 comments:

Anonymous said...

အမ..
စာမေးပွဲ ဖြေနိုင်ပါစေ.. ၄၀၀မြောက် ပို့စ်ကို မျှော်နေပါတယ်...
စာရေးချင်တဲ့လူတယောက်ရဲ့ စာမရေးရတဲ့ ဒုက္ခကို နားလည်ပါတယ်..

လေးစားလျက်...
ညီမ

တန်ခူး said...

မေရေ...အပြည့်အဝနားလည်ပေးပြီးသားမို့ စိတ်မပူနဲ့တော့နော်။ မေ့စာလေးတွေ မှန်မှန်ဖတ်နေရကိုပဲ ကျေးဇူးတင်နေမိတယ်။ မပြေလည်တာတွေက ခဏပါမေရယ်။ အားလုံးကို ခဏမေ့ပြီး စာတွေကျက်နေတော့နော်။ မေစာမေးပွဲပြီးမှ မေ့postကောင်းကောင်းလေးတွေ တဝကြီးဖတ်မယ်။ မေစာမေးပွဲကို ဘာသာတိုင်းအခက်အခဲမရှိ ထူးချွန်စွာ ဖြေဆိုနိုင်ပါစေ။

ညီအကိုများ said...

စာမေးပွဲဖြေနိုင်ပါစေ..အမရေ...

ကိုနေ(YNP)
www.ynp-net.info

Khin said...

have a pay pal account so readers can donate cash to your site.