နှင်းဆီတပင်၏ နိဂုံး
သို့မဟုတ်
ကန္တာရဆူးတပင်၏ နိဒါန်း
(ကဗျာပုံပြင်)
တခါတုန်းက ...
ဥယျာဉ်မှူး တယောက်ဟာ
သူ့ပန်းခင်းလေးထဲမှာ
မွှေးပျံ့လှပသာယာအောင်
နှင်းဆီ တပင် ပျိုးထောင်ခဲ့တယ်။
မြေသြဇာတွေကျွေး
ရေလောင်းပေါင်းသင်ပေးပြီး
ပန်းပင်ငယ်လေးကို ပြုစုယုယ
ကာလအတန်ကြာတဲ့အခါ ...
ပန်းကလေးတပွင့် ပွင့်လန်း
နီမြန်းတဲ့အသွေး
ပျံ့မွှေးတဲ့ရနံ့
ဥယျာဉ်ထဲမှာ ပျံ့နှံ့လို့
မခူးရက် မထိရက်
အရိပ်ကြည့်လျက် နေသတဲ့။
"ပန်းတပင်ရဲ့ အင်္ဂါ
ပြည့်စုံနေပါရဲ့ ...
ကြည့်လေ ... ဒီမှာ
အပွင့်က နီတျာတျာ
ညှာတံက စိမ်းမြမြ
လေယူရာ ယိမ်းကလို့
ဆူးတွေက ချွန်မြ
အဖူးတွေက ငုံပျ
ဘယ်လောက်များ လှလိုက်ပါသလဲ ..." တဲ့
ဥယျာဉ်မှူးက ဆိုတယ်။
"ပွင့်လန်းနေတဲ့ ပန်းနှင်းဆီဟာ
ငါတို့ရဲ့ ချစ်ခြင်းမေတ္တာတရား
နူးညံ့သိမ်မွေ့ခြင်းများ
သူ့ထံပါးမှာ ရှိနေတယ် ... ။
ရိုးတံပေါ်က ဆူးချွန်မြ
မာကျောဆူးရှ ထက်မြက်
ဆန့်ကျင်ဘက် အမုန်းတရား
ငါတို့ ရှောင်ရှားကြမယ်။
ငုံနေရှာတဲ့ နှင်းဆီဖူး
မျှော်လင့်ခြင်း အိပ်မက်ဦးလေ
ဘယ်အခါ ပွင့်ဝေလာမလဲ
ငါတို့လည်း မသိနိုင်ခဲ့ ... ။
ဒါပေမဲ့ ...
တချိန်ချိန်မှာ
အလှအပဆုံး ပန်းတပွင့်
လန်းတင့်လာမယ်ဆိုတာတော့
ငါတို့အတွက် အသေအချာပဲပေါ့ ..."
ဒီလိုနဲ့သူဟာ
နှင်းဆီပင်လေး နဘေးမှာ နေရာက
ကံကြမ္မာအလှည့်အပြောင်းတခုကြောင့်
သူ့ဥယျာဉ်လေးနဲ့ ခွဲခွါ
အဝေးတနေရာ ရောက်ခဲ့ရတယ်။
အဝေးကနေ
မယုယနိုင်တော့ပေမဲ့
စိတ်ထဲက တမ်းတလျက်
ယုံကြည်မျှော်လင့်ချက်တွေနဲ့
အိပ်မက်တွေ မက်နေခဲ့သတဲ့။
တနေ့ ...
အဲဒီနေ့က မှတ်မှတ်ရရ
ဖေဖော်ဝါရီလရဲ့
အလယ်တည့်တည့်ကျတဲ့နေ့ .. တဲ့။
အဲဒီနေ့မှာ
ဥယျာဉ်ကမ္ဘာလေးထံ
မရောက်ရောက်အောင် သူပြန်ခဲ့ပါရဲ့ ...
ဒါပေမဲ့ ...
... ... ...
... ... ...
ပြုစုခြင်းကင်းဝေး
ယုယမှု မပေးခဲ့လို့လေလား ...
သေဆုံးသွားခဲ့ပြီ
ချစ်လှစွာသော နှင်းဆီ ... ။
ဥယျာဉ်မှူးက ၀မ်းနည်းစွာ ငိုတယ် ... ။
"ချစ်ခြင်းမေတ္တာ ပန်းတပွင့်
ဘယ်အချိန်မှာ ကြွေလွင့်ခဲ့တာလဲ ...
မျှော်လင့်ချက် နှင်းဆီဖူး
ဘယ်သူချွေခူးသွားခဲ့တာလဲ ...
ငါ့ရဲ့ နှင်းဆီသခင်
ဘာကြောင့် မရှင်သန်ရတာလဲ ... "
နောက်ဆုံးမှာတော့
ယိုင်နဲ့နဲ့ ရိုးတံထက်မှာ ...
ဆူးတွေသာ ကျန်ရစ် ...
ဆူးတွေသာ ကျန်ရစ် ...
ဆူး ... တွေ ... သာ ... ကျန် ... ရစ် ... ခဲ့ပြီလေ ...
ဥယျာဉ်မှူးရဲ့ မျက်ရည်
ဆူးတွေပေါ်ကိုခ
ဆူးတွေပေါ် ကျတဲ့အခါ
ဆူးများစွာ ပြည့်လျှမ်း
ကန္တာရပန်းတပင်
အလိုလို ရှင်သန်လာလေတော့တယ်... ။
***
မေဓာဝီ
၁၈၊ ဖေဖော်ဝါရီ၊ ၂၀၀၈
၁၁း၀၇ နာရီ
Subscribe to:
Post Comments (Atom)
5 comments:
ကောင်းလိုက်တဲ့ ကဗျာ... အမရာ..
နှင်းဆီကနေ ကန္တာရဆူး ပင် ဖြစ်သွားသတဲ့လား....
အမ..ဒါဆို.. ဆူးတွေအတိနဲ့ အပင်တပင် ဖြစ်နေပီဆိုတဲ့ အဓိပါယ်ပေါ့နော်..
လေးစားလျက်
ညီမ
အမ.. ဒါဆို အဲဒီဆူးပင်က လူတွေကို အန္တရာယ် ရှိနိုင်လား ဟင်..
ဒီလောက်ချစ်တတ်သော ဥယျာဉ်မှူးနဲ့ ဥယျာဉ်မှူးရဲ့မေတ္တာနဲ့ရှင်သန်နေတဲ့နှင်းဆီပင်လေး တို့ကို ခွဲရက်ခဲ့တဲ့ကံကြမ္မာ။ မေရယ်...တချိန်မှာ ဥယျာဉ်မှူးရဲ့မေတ္တာကြောင့် အမုန်းဆူးတွေသေဆုံးပြီး နှင်းဆီပင်လေးအသစ်ဖြစ်လာနိုင်သေးတာပေါ့။
ချစ်ခြင်းမေတ္တာတရားတွေက မမြင်ရတဲ့အံ့သြဆန်းကျယ်မှူတွေ ယူဆောင်လာတတ်တယ်။ အဲဒီအခါ ကန္တာရဆူးတပင်၏ နိဂုံး
သို့မဟုတ် နှင်းဆီတပင်၏ နိဒါန်း ဆိုတဲ့ ကဗျာလေးတပုဒ်မွေးဖွားလာဦးမှာပါ။
ဥယျာဉ်မှုး လူဘဝ
နှင်းဆီငယ် ပန်းဘဝ
ထာဝရ ဆိုတာ မရနိုင်
ဘ၀တွေခြားကြလေတယ်
ဆူးကတော့ ကြားခံ အကြောင်းဖန်လာခဲ့ရတာကိုပဲ
ဝမ်းနည်းနေရသေးသတဲ့။
:) can i use ur old gmail account to contact u?
or contact me back using my mail that u know
Post a Comment