Tuesday, October 30, 2007

အသစ်တဖန် … ရှင်သန်ခြင်း …

အားလုံး မင်္ဂလာပါရှင် …
ကျမကို မေ့များနေကြမလား … ။
Halloween night နား အနီးမှာ သရဲထချောက်တယ်တော့ မထင်လိုက်ပါနဲ့ …
ကျမ မွေ့လျော်တဲ့ ဒီလောကထဲကို ခဏပြန်လာပါတယ်။
တလကျော်ကျော် အိပ်ပျော်နေရှာတဲ့ ကျမဘလော့လေးကို အသက်ပြန်သွင်းပေးချင်လို့ပါ။

ကျမကို မမေ့မလျော့ သတိတရ ရှိနေကြသူများ …
ကျမကို မေ့လျော့နေကြသူများ …
ကျမကို သိသူ .. မသိသူ …
ထိုထိုသူ အားလုံးအတွက် …
ကျမရဲ့ ဘလော့လေး ပြန်လည်ရှင်သန်တဲ့ ဒီကနေ့မှာ
ကဗျာလေး တပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ကျမဟာ အမိမြေနဲ့ အဝေးတနေရာမှာ ရောက်နေပြီး …
တချိန်လုံး သတိရ တမ်းတ စိတ်တွေနဲ့ နေရာသစ်မှာ လူအသစ်တွေနဲ့ နေသားမကျခဲ့ပါဘူး။
နောက်တော့လဲ … ကျမဟာ …
ဘယ်နေရာမှာ နေနေ … ဘယ်ရေကိုပဲ သောက်သုံးသုံး … ဘယ်လေကိုပဲ ရှူရှူ …
အားလုံးဟာ အတူတူ … ဆိုတဲ့ အသိတရားတခု ထားကြည့်လိုက်တော့ …
နေရာသစ်ဟာ ကျမအတွက် စိမ်းမနေတော့ပါဘူး။
အားလုံးဟာလည်း ကျမအတွက် နွေးထွေးသွားသလို ခံစားလိုက်ရပါတယ် … ။
ဒါနဲ့ပဲ ဒီကဗျာလေးကို ချရေးမိသွားတယ် ဆိုပါတော့ … ။
ဖတ်ကြည့်ပြီး ဝေဖန်ပေးကြမယ်ဆိုရင်ဖြင့် ကျေးဇူးအထူးတင်ရှိပါတယ်ရှင် … ။
***
ငါတို့ဟာ …

ပြာလွင်တဲ့ ကောင်းကင်
တိမ်မျှင်တွေ ယှက်ဖုံး
ဘယ်မှာဆုံးမလဲ …
တမိုးထဲအောက်မှာ … ။

ခိုင်မာတဲ့ မြေပြင်
ခြေအလျင် လျှောက်သွားသွား
ခိုနားကာ ရပ်နေနေ …
ဒီ ကမ္ဘာမြေထက်မှာ … ။

အေးမြတဲ့ ရေစင်
ပင်လယ်ပြင် မြစ်ချောင်း
ဘယ်လိုပင် ပြောင်းလဲလဲ …
သောက်သုံးရ အမြဲသာ … ။

လတ်ဆတ်တဲ့ လေအလျဉ်
ညင်သာစွာ ဖြတ်သန်းသန်း
ကြမ်းတမ်းတမ်း တိုက်တိုက်
ရှူရှိုက်ရမည်သာ … ။

ဒီကောင်းကင်အောက်မှာနေ …
ဒီမြေပေါ်မှာ လျှောက်လှမ်း
ဒီရေချမ်းကို သောက်ယူ
ဒီလေကို ရှူရှိုက် …
ဒီအခိုက်အတံ့ခဏမှာ …
ငါတို့ဟာ အတူတူ
“လူ” တွေပင် မဟုတ်လား … ။

ကောင်းတဲ့သူ … ဆိုးတဲ့သူ …
လိမ်မာသူ … မိုက်မဲသူ …
ဖြူစင်သူ … ညစ်ထေးသူ …
အားနည်းသူ … အားကြီးသူ …
ဆင်းရဲသူ … ချမ်းသာသူ …
ဒီလိုလူတွေ ခွဲခြားလို့ …
အငြင်းပွားနေမှာလား …
အချင်းများနေမှာလား …
စဉ်းစားကြည့်လိုက်ပါ … ။

ငါတို့ဟာ …
စနစ်တခုရဲ့ အစမှာ
စနစ်မကျ ဖြစ်ခဲ့ရ …
စနစ်တခုရဲ့ အလယ်မှာ
အပစ်ပယ် ခံခဲ့ရ …
စနစ်တခုရဲ့ အဆုံးမှာ
ကျရှုံးသွားခဲ့ရ …
စနစ်တခုရဲ့အောက်မှာ
ကမောက်ကမ ဖြစ်ခဲ့ရ … ။

ဒီလိုနဲ့
စနစ်တွေ ပြောင်းလဲတိုင်း …
ဘ၀တွေလဲ ပြောင်းလဲ …
အနာဂတ်တွေလဲ ပြောင်းလဲ …
အိပ်မက်တွေပါ
အပြောင်းလဲကြီး ပြောင်းလဲလို့ … ။

နောက်ဆုံးတော့ …
နေရာတွေခွဲ … ဒေသတွေခွဲ …
လူမျိုးတွေကွဲ … ကိုးကွယ်ရာကွဲ …
အမျိုးစွဲ အရောင်စွဲနဲ့ …
ငါတို့တွေ ကွဲပြားခဲ့ကြ …
ငါတို့တွေ ခွဲခြားခဲ့ကြ … ။

တကယ်တမ်းက
ငါတို့ဟာ အတူတူ
“လူ” ဆိုတဲ့ အသိတရား
လက်ကိုင်ကာ ထားကြရင်ဖြင့် …
ရင်နင့်စရာတွေ …
အမြင်မတင့်တာတွေ …
ဘ၀င်မြင့်တာတွေအားလုံး …
ပျောက်ကွယ်ပြီးဆုံးကာ …
သာယာတဲ့လောကကြီး
ပြန်ပြီး တည်ဆောက်ကြနိုင်လေမလား …
မှုန်ရီဝေ ၀ိုးတ၀ါးနဲ့ … စဉ်းစားခဲ့မိပါတယ် … ။
***
မေဓာဝီ
၃၀ အောက်တိုဘာ ၂၀၀၇
၁၁း၁၀ နာရီ

28 comments:

ကလိုစေးထူး said...

မမေ ပြန်ရေးတော့မယ်လို့ ပြောကတည်းက ၀မ်းသာတာ။ အခု ဘလော့ဂ်ကို ပြန်ဖွင့်တာ မြင်လိုက်ရတာ စိတ်ထဲ ပျော်လိုက်တာ။ ကျနော် အပျော်ဆုံး ဖြစ်မလားဘဲ။ ကျနော့် ဘလော့ဂ်မှာလည်း ကဗျာရေးပြီး အပျော်ကို ပုံဖော်ထားတယ်။ ကျနော် ပြန်ဖြစ်စေချင်တဲ့နေ့ ရောက်လာပြီပေါ့။ :)

LIN LET KYAL SIN said...

မမမေရေ အခုလိုသိရတာ အများကြီးဝမ်းသာတယ်။ ကြိုဆိုပါတယ်နော် ချစ်မမ ။ အကိုကလိုစေးထူးက ပထမ ။ ညီမလေးက ဒုတိယနော် မမ :)

ဂုလု said...

မမေဓာဝီ အခုလို ဘလော့ခ်ပြန်ရေးတာကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်ဗျာ။

Winkabar said...

လာသွားတယ် အစ်မ။ ၀မ်းသာပါတယ်။
ကိုစေးထူး ဆီမှာ ဖတ်လိုက်ရတော့
ပျော်သွားတာပဲ။

pandora said...

မမေရေ.. ၀မ်းသာတာကို ပြောမပြတတ်တော့ဘူး. အစစအရာရာ အဆင်ပြေ အေးချမ်းပါစေ လို့ နွေးထွေးသော လက်များနဲ့ ကြိုဆိုလိုက်ပါတယ်။

nu-san said...

မမေရေ.. မမေ blog ပြန်ရေးတာ ၀မ်းသာလိုက်တာ တကယ် တကယ် ၀မ်းသာတယ် အမရေ.. အမရေးသမျှ အမြဲအားပေးနေပါတယ်.. :)

Pyae Sone said...

မမရယ် ကျနော့်ကိုတောင်အသိမပေးဘူးနော် ။ တိတ်တိတ်ကလေးနော်။ ကျနော်ဝမ်းသာပါတယ်။ ပြန်လည်ရှင်သန်ခြင်းဆိုတော့ မစိမ်းပါဘူးမမရယ်။ အရာအားလုံးကို ဘယ်သူမှ မပိုင်ဆိုင်ကြပါဘူး။

Maydarwii said...

ကျမကို အားပေးကြိုဆိုကြတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။
ကိုစေးထူး … ကဗျာအတွက်လဲ ကျေးဇူးအထူးပါ။
ညီမလေးလင်းလက်၊ ဂုလု၊ ၀င်္ကပါ၊ ပန်ပန်၊ နုစံ၊ ပြည့်စုံနဲ့ အမည်မပါသောသူ … အားလုံး … ကျေးဇူးအထူးတင်ပါတယ်ရှင် … ။ အားပေးကြလို့ အားတွေအများကြီး ရှိသွားပါပြီ။
စာမှန်မှန် မတင်ဖြစ်ရင်တော့ ခွင့်လွှတ်ပေးကြပါနော် … ။

MELODYMAUNG said...

Ma May,

Welcome back, mwaahhh

ချောင်းပေါက်အောင် ပြန်လာဖတ်မယ်နော် :)

Mg Yin said...

တန်ဖိုးရှိသောပြန်လာခြင်းမို့ ဝမ်းသာပါတယ်..
ဘယ်နေရာ ဘယ်မြေနေ ဘယ်ရောက်ရောက်.
ကျွန်တော်တို့ တတ်စွမ်းသမျှပေါ့နော.

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ် အမရေ။ အသစ်တွေကိုမျှော်သလို အဟောင်းတွေပါ ပြန်ဖတ်ရင်း အမြဲလာအားပေးနေပါ့မယ်။း)

ညလေး said...

မမေရေ ပြန်ရေးတာ ၀မ်းသာတယ်ဗျို့ ဘယ်နိုင်ငံရောက်နေနေ ညလေးတို့က တစ်မိုးတည်းအောက်မှာ တူတူအမြဲရှိနေကြတာပဲလေ နော့ ဘယ်တော့မှ မခွဲဘူး.... :)

နွေးထွေးစွာ ကြိုဆိုပါတယ်ရှင့်.... :)

Kay said...

ဝမ်းသာတယ်..မမေ

Anonymous said...

သေ သောသူပြန်ရှင်လာသလိုပါပဲ.. သူငယ်
ချင်း ရယ်.... အရင်လိုအဖြစ်
ဆိုး တွေမကြုံပါစေနဲ့တော့လို့....
မ တွေ့ဖြစ်ပေမဲ့...
လေး စားလျှက်ပါနော်...

လူသစ် said...

မမေဒါဝိန်ရေ....၀မ်းမြောက်မိပါတယ်ခင်ဗျား

ရွက်မွန် said...

ချီးယားစ်။ welcome back.

မေပျို said...

သဲတော်တော်တောင် နောက်ကျနေပြီနော်။ ဘာပဲဖြစ်ဖြစ် ၀မ်းသာပါတယ်မမေရေ ပြန်လာတဲ့အတွက်ပေါ့။

lwinmoe said...

Hey, welcome back :) We missed you.

Best,
Lwin Moe

Kael said...

Mingalarbar, Ma MayDarWi.

It is really good to see you back..

Chit Lay Pyay said...

မမေရေ အရမ်းဝမ်းသာတယ်၊ အမြဲတမ်း အားပေးနေ ပါတယ်။

မြရွက်ဝေ said...

ပြန်လာတာ မသိလိုက်ဖူး။ ဝမ်းသာတယ် မမေရေ။

လင်း said...

မမေရေပြန်ရောက်လာတာအရမ်းဝမ်းသာတယ်။ ကြိုဆိုပါတယ် အရင်ကလိုဘဲစာကောင်းလေးတွေရေးပါနော်။မမေကိုအားကျလို့ မမေမရှိတုံးဘလော့လေးဖန်တီးဖြစ်တယ်

thamudayanwe said...

အားအမပြန်ရောက်လာပြီ..ဒီနေ့မှတွေ့ တယ်
အမ...ဆက်လက်ရေးသားနိုင်ပါစေ

PeTi said...

(မ)မေဓာဝီပြန်လာတာကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။

Anonymous said...

i can read yr post but all comments are not! why? which fonts r u using, and where can i get it? that's my first visit. thanks.

brokenworld said...

အခုလို ဘလော့ဂ်ပြန်ရေးတာတွေ့ရတော့ အရမ်းကိုဝမ်းသာပါတယ် အမရေ..။ အမရဲ့စာတွေကို အားပါးတရ ပြန်ဖတ်ရတော့မယ်...။ အမရောက်နေတဲ့နေရာ မှာ အစစအရာရာ အဆင်ပြေပါစေလို့ဆုတောင်းလိုက်ပါတယ်...။ အားပေးလျက်...။

mg gyi said...

Looking for the one who lost from our golden world for long long time, now she came back to us unexpectedly.Welcome her with my tear but not because of sad but because of happiness. I can be the last one who welcome her again here but i am not the last one who longing for you. I cant mention how i fell happy for your coming home again. Mamay.. no word to mention how i am happy for your coming home again.

ငစနေ said...

အဲ ... အဲဗျာ။
ခုမှ ပြန်လာကြည့်ဖြစ်တယ်။ မမေတစ်ယောက် စာတွေ ပြန်ရေးနေပါရောလား။ အိမ်နဲ့ အဝေးကို ရောက်နေတယ်ဆိုလို့ ၀မ်းနည်းဝမ်းသာ ဖြစ်မိပါရဲ့ မမေရေ။ ကိုယ်လဲ အိမ်ဝေးနေသူမို့ ခံစားချက်ခြင်း တူညီလို့ ၀မ်းနည်းမိပေမယ့် အနှောက်အယှက်ကင်းရာ၊ ခေတ္တ လွတ်မြောက်ရာကို ရောက်နေကြောင်း သိလိုက်ရလို့ ၀မ်းသာမိပါတယ်။
ဆက်လက်အားပေးနေပါ့မယ်။
ငစနေ