ဆရာမခင်သန္တာရဲ့ စာပေဟောပြောပွဲ ဗီဒီယိုဖိုင်လေးကို အတော်များများ
ဖေ့စ်ဘွတ်ပေါ်မှာ ရှယ်ထားကြတာ တွေ့ပေမဲ့ မအားတာနဲ့ နားမထောင်ဖြစ်သေးဘူး။
ဒါပေမဲ့ ရှယ်တဲ့လူက နှစ်မျိုးနှစ်စား ဖြစ်နေတာ တွေ့ရလို့ စိတ်ဝင်စားတာနဲ့
နားထောင်ဖြစ်သွားပြီး ဒီစာကို ရေးပါတယ်။
.
သူပြောသွားတာကတော့ အောက်ပါအတိုင်းပါပဲ။
.
“ဒီနေ့ခေတ် … ဒီနေ့ခေတ်ဆိုတာ သိပ်မကြာခင်က ပြီးခဲ့တဲ့ခေတ်ရဲ့ ပညာရေး ကျမတို့မကြိုက်ပါဘူးနော်၊ ကျမလည်း မကြိုက်ပါဘူး။ ပညာရေးဟာ စုတ်ပြတ်တယ် နိမ့်ကျတယ် အဆင့်မရှိဘူး နိုင်ငံတကာနဲ့ ယှဉ်ရင် ဆိုပြီး ဖြစ်ကြတယ်။ ကျောင်းသားတွေ ခေတ်အဆက်ဆက် ဆန္ဒပြကြတယ်။ ပညာရေးနဲ့ပတ်သက်ပြီး အခြေခံဥပဒေတွေ ပြန်ရေးဆွဲချင်ကြတယ်၊ လက်ခံပါတယ်၊ ကျမတို့နိုင်ငံ ပညာရေး မကောင်းပါဘူး။ ဒါပေမဲ့ ကျမ တခုလောက်မေးချင်တာ အဲဒီ စုတ်ပြတ်ပါတယ်ဆိုတဲ့ ပညာရေး အဆင့်မမီပါဘူးဆိုတဲ့ ပညာရေးကို အဲဒီကျောင်းသားတွေ ဆုံးခန်းတိုင်အောင် သင်ပြီးကြပြီလား … အသုံးမကျပါဘူးဆိုတဲ့ အဲဒီတက္ကသိုလ်ကနေ ပေးထားတဲ့ ပညာ ဘွဲ့တခုကို ယူပြီးကြပြီလား”
.
ကျမ နားလည်ထားတာကတော့ ကျောင်းသားဆိုတာ အတန်းပညာပြီးဆုံးအောင် သင်ယူနေဆဲသူကို ဆိုလိုတာလို့ ယူဆပါတယ်။ ပညာကို ဆုံးခန်းတိုင်အောင် သင်ပြီးသူ ဘွဲ့ရပြီးသူ တယောက်ဟာ ကျောင်းသား မဟုတ်တော့ပါ။ ဒါကြောင့် စုတ်ပြတ်သတ်ပါတယ်ဆိုတဲ့ ပညာရေးကို ကျောင်းသားတွေ ဆုံးခန်းတိုင်အောင် သင်ပြီးပြီလား … … … ဘွဲ့တခုကို ယူပြီးကြပြီလား ဆိုတဲ့ မေးခွန်းဟာ လွဲနေတယ်လို့ မြင်တာပါပဲ။ ဒီလိုနဲ့ ဆက်နားထောင်တော့ …
.
“ဥပမာလေး တခုပြောပါမယ်။ ကျမတို့ သိပ်ချစ်တဲ့ ကျမတို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၃၆ ခုနှစ်မှာ တက္ကသိုလ်မှာ ကျောင်းသားသပိတ်မှောက်ပါတယ်။ သူဦးဆောင်ပြီး သပိတ်မှောက်ပါတယ်။ ဒါပေမဲ့ … ဘာလို့သပိတ်မှောက်လဲ အဲဒီကျွန်ပညာရေးလို့ သတ်မှတ်တဲ့ အင်္ဂလပ်တွေ သင်ပေးတဲ့ တက္ကသိုလ်ရဲ့ ပညာရေးကို ကျွန်ပညာရေးလို့ သတ်မှတ်သည် ဖြစ်တဲ့အတွက် ကျောင်းသားတွေက ကျွန်ပညာရေး အလိုမရှိ ဒီပညာရေး အလိုမရှိဆိုပြီး သပိတ်မှောက်တာ၊ ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်ဦးရွက်နဲ့ ၁၉၃၆ ခုနှစ်မှာ ပါဝင်ခဲ့တယ်”
.
ဆရာမဟာ ပထမကျောင်းသား သပိတ်နဲ့ ဒုတိယ ကျောင်းသားသပိတ်ကို ရောနေဟန်ရှိပါတယ်။ ဗိုလ်ချုပ်တို့ သပိတ်မှောက်တဲ့ ၁၉၃၆ ခုနှစ်က ဒုတိယကျောင်းသား သပိတ်ပါ။
.
၁၉၂၀ ပထမကျောင်းသားသပိတ် ဖြစ်ပေါ်လာပုံကို အရင်ပြောရရင် ဘုရင်ခံ ကရက်ဒေါက် ရေးဆွဲတဲ့ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ ကောလိပ်ကျောင်းသားတွေက သပိတ်မှောက်ကြတယ်။ ဒီဥပဒေကို ဘာကြောင့် ကန့်ကွက်တာလဲ ဆိုတော့ တက္ကသိုလ်ပညာဟာ လူတိုင်းအတွက် မဟုတ်ဘဲ လက်တဆုပ်စာ ငွေရှင် ဂုဏ်ရှင် အသိုင်းအဝိုင်း အတွက် ရေးဆွဲထားတဲ့ အက်ဥပဒေ ဖြစ်နေလို့ပါပဲ။ ဆရာမပြောတဲ့ ကျွန်ပညာရေး ဖြစ်နေလို့ ဆိုပါတော့။ အဲဒီမှာ မြန်မာစာသည် ဒို့စာ … စသဖြင့် ကြွေးကြော်ချက်တွေ ပေါ်ထွက်လာတာပါ။ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်မှာ ကျရောက်တဲ့ အမျိုးသားနေ့ ရဲ့ အစဟာ အဲဒီ ပထမကျောင်းသားသပိတ်ကြောင့်ပါ။
.
ဒါ့ပြင် သပိတ်မှောက် ကျောင်းသားကြီးတွေဟာ ကျောင်းသားငယ်လေးတွေ ပညာသင် မပျက်စေရေးအတွက် အမျိုးသားကျောင်း (နေရှင်နယ်ကျောင်း)တွေ ဖွင့်လှစ် သင်ကြားပေးခဲ့တာကြောင့် ပထမကျောင်းသားသပိတ်ဟာ အမျိုးသားကျောင်းများရဲ့ အစ … လို့လည်း ပြောလို့ရပါတယ်။ ဗိုလ်ချုပ်ဟာလည်း ရေနံချောင်း နေရှင်နယ်ကျောင်းထွက်တယောက် ဖြစ်ခဲ့ပါတယ်။
.
ဗိုလ်ချုပ်တို့ပါဝင်တဲ့ ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသား သပိတ်ကို ကြည့်ရအောင် … ။
အိုးဝေမဂ္ဂဇင်း ပေးစာကဏ္ဍ (Point from the letter) မှာ ပါဝင်တဲ့ ငရဲခွေးကြီး လွတ်နေသည် (The Hell Hound at Large) စာတိုလေးမှာ ရေးသူ ယမမင်း (ညိုမြ) က ငရဲပြည်ကထွက်ပြေးသွားသော ခွေးနက်ကြီး တကောင် တက္ကသိုလ်နယ်မြေတွင် သောင်းကျန်းနေပါသည်၊ တွေ့လျှင် ငရဲပြည်သို့ ပြန်ပို့ပေးလိုက်ပါ လို့ အဓိပ္ပါယ်ရတဲ့ စာကို အင်္ဂလိပ်လို ရေးသားခဲ့တယ်။ အဲဒါကို ဖော်ပြခဲ့လို့ တက္ကသိုလ်အာဏာပိုင်တွေက အယ်ဒီတာ ကိုအောင်ဆန်းကို ခေါ်ပြီး စာရေးသူကို မေးတဲ့အခါ မဖြေခဲ့တာကြောင့် ကျောင်းထုတ်ပြီး အရေးယူဖို့ စီစဉ်ကြတယ်။ အဲဒီအရင် ရက်ပိုင်းကလည်း တက္ကသိုလ်ဥက္ကဋ္ဌ ကိုနု (ဦးနု) ရဲ့ ဟောပြောချက်တခုနဲ့ ပတ်သက်ပြီး ကိုနုကို တက္ကသိုလ် အာဏာပိုင်တွေက ကျောင်းထုတ်ထားကြတယ်။ ဒါတွေကို မကျေနပ်တဲ့ ကျောင်းသားတွေဟာ ၁၉၃၆ ဖေဖော်ဝါရီမှာ ကျောင်းသားသမဂ္ဂအစည်းအဝေး ပြုလုပ်ပြီး သပိတ်မှောက်ခဲ့ကြပါတယ်။
.
ကျောင်းသားတွေဟာ ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီ ၂၆ မှာ ရွှေတိဂုံဘုရားတောင်ဘက်မုခ်မှာ အဖွဲ့ဝင် ၃၁ ဦးပါဝင်တဲ့ သပိတ်မှောက် ကောင်စီကို ဖွဲ့စည်းခဲ့ပြီး တက္ကသိုလ်ပညာရေးရဲ့ ချို့ယွင်းချက် ၁၂ ချက်ကို ပြင်ဆင်ဖို့ တောင်းဆိုခဲ့တယ်။ တက္ကသိုလ် သပိတ်ဟာ ဟိုက်စကူးကျောင်းသားတွေကိုပါ ကူးစက်သွားတာကြောင့် နောက်ဆုံးမှာ အာဏာပိုင်တွေက ထုတ်ထားတဲ့ ကျောင်းသားတွေကို ပြန်လက်ခံရပြီး အုပ်ချုပ်ရေးအဖွဲ့မှာလည်း ကျောင်းသား ကိုယ်စားလှယ်တွေကို လက်ခံရပါတော့တယ်။
.
ဆရာမရဲ့ ဟောပြောချက်ကို ဆက်နားထောင်တော့ ...
.
“ဒါပေမဲ့ ဗိုလ်ချုပ်ကလေ ၁၉၃၇ ကျတော့ သပိတ်လှန်တယ်၊ သပိတ်လှန်တယ်ဆိုတာ သိပါတယ်နော် ဒီခေတ်ကလေးတွေ … ။ မမှောက်တော့ဘူးပေါ့။ ဒီပညာရေးကို မဆန့်ကျင်တော့ဘူးဆိုပြီးတော့ သပိတ်လှန်တယ်။ ၃၆ မှာ သပိတ်မှောက်တယ်။ ၃၇ မှာ သပိတ်လှန်တယ်။ ၁၉၃၈ ခုနှစ်မှာ အဲဒီမကြိုက်ပါဘူး ဆိုတဲ့ ကျွန်ပညာရေးစနစ်က ပေးတဲ့ မဟာဝိဇ္ဇာဘွဲ့ကို ရအောင်ယူခဲ့တယ်။ အဲဒီ အစိုးရက ပေးတဲ့ပညာတွေနဲ့ပဲ ဘာသာစကားတွေနဲ့ပဲ ကိုယ့်ကို အုပ်ချုပ်တဲ့သူကို သူ့အရိုးနဲ့ သူပြန်ထိုးပြီး တွန်းလှန်ခဲ့တယ်”
.
တကယ်တမ်း သပိတ်လှန်တာက ကျောင်းသားတွေရဲ့ တောင်းဆိုချက်အများစုကို အင်္ဂလိပ်အစိုးရက လိုက်လျောပေးတဲ့အတွက် ၁၉၃၆ မေလ ၁ ရက်မှာ သပိတ်လှန်ခဲ့တာပါ။ ကျောင်းသားတွေ အဓိက တောင်းဆိုတဲ့ ၁၉၂၀ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်ဖို့ သဘောတူတဲ့အပြင် ကျောင်းထုတ်ခံရတဲ့ ကိုနုနဲ့ ကိုအောင်ဆန်းကို ကျောင်းပြန်တက်ခွင့်ပေးခဲ့တယ်။ ကျောင်းအုပ် ဒီဂျေစလော့ကို အငြိမ်းစားပေးပြီး ပါမောက္ခဦးဖေမောင်တင်ကို ခန့်ထားလိုက်တာကြောင့် ဦးဖေမောင်တင်ဟာ တက္ကသိုလ်မှာ ပထမဆုံးမြန်မာလူမျိုးပါမောက္ခ ဖြစ်လာခဲ့ပါတယ်။
.
နောက်တချက်က ဗိုလ်ချုပ် ၁၉၃၈ ခုနှစ်မှာ မဟာဝိဇ္ဇာဘွဲ့ရတယ် ဆိုတဲ့ ကိစ္စကို သေချာအောင် အထောက်အထားရှာတော့ Wikipedia မှာ ခုလို တွေ့ပါတယ်။
.
In October 1938, Aung San left his law classes and entered national politics. At this point, he was anti-British and staunchly anti-imperialist. He became a Thakin (lord or Master - … ... )
.
ဝီကီပိဒိယမှာ ပါတဲ့ (lord or Master) ဆိုတာကိုများ မာစတာဘွဲ့ မဟာဝိဇ္ဇာဘွဲ့လို့ ဆရာမက အမှတ်မှားသွားတာလား။ ဗိုလ်ချုပ်အကို ဦးအောင်သန်း ရေးတဲ့ အောင်သန်းရဲ့ အောင်ဆန်း စာအုပ်ထဲမှာလဲ ခုလိုတွေ့ရပါတယ်။

၁၉၃၆ ခုနှစ် ကျောင်းပြန်ဖွင့်သောအခါ အောင်ဆန်းသည် တကသ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာပါသည်။
... .... ...
ထိုနှစ်စာမေးပွဲ (ဘီအေ-အထက်တန်းစာမေးပွဲ) ကို မဖြေနိုင်ဘဲ နောက်နှစ် (၁၉၃၇) မှာမှ ဖြေဆိုရပါသည်။ တနည်းအားဖြင့်ဆိုလျှင် အောင်ဆန်းအဖို့ တနှစ်ပုပ်သွားပါသည်။
…. ….
အင်္ဂလိပ်စာပေ၊ ဥရောပရာဇဝင်၊ နိုင်ငံရေးဗေဒတို့ကို သင်ယူခဲ့သော အောင်ဆန်းသည် ၁၉၃၇ မတ်လတွင် ဘီအေ စာမေးပွဲကို အောင်မြင်ပါသည်။ ဘီအေအောင်သည်ထိ စာမေးပွဲ တခါမျှ မကျဘူးပေ။ သို့သော်လည်း နောက်နှစ်တွင်ကား ကျောင်းသားကိစ္စ၊ နိုင်ငံရေးကိစ္စတို့ကို အချိန်ပြည့် ဆောင်ရွက်ရသည်ဖြစ်ရာ စာကျက်ချိန် မရသဖြင့် ဘီအယ်လ်ပညာ (ဥပဒေပညာ) ပထမနှစ် စာမေးပွဲတွင် ရှုံ့းပါသည်။ အောင်ဆန်း၏ ပထမအကြိမ် ရှုံးခြင်းနှင့် နောက်ဆုံးအကြိမ် ရှုံးခြင်းပေတည်း။
***
ဆရာမက ခုလို ဆက်ပြောပြန်ပါတယ်။
.
“ဗိုလ်ချုပ်သာ ၃၆ ခုနှစ်က သပိတ်မှောက်ပြီး သပိတ်မလှန်ဘဲ ထားရင် အဲဒီလိုမျိုး လယ်ဗယ်တန်း အင်္ဂလိပ်လို ပြောရတဲ့စကားတွေ ပြောနိုင်ပါ့မလား။ အဲဒီ ပညာရေး သူ့ဟာသူ ကျွန်ပြုပြု ဘာပြုပြု ကောင်းကောင်း မကောင်းကောင်း မကောင်းဘူး ဆိုတဲ့ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ပြီးတော့မှ ငါတို့ပညာရေးက ဒီလိုရှိရမှာ ငါတို့မြန်မာစာက ဘယ်လိုပါရမှာ ဆိုပြီး ပြောနိုင်ဖို့အတွက် မကောင်းပါဘူးဆိုတဲ့ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ရမယ်”
.
အဲဒါကလည်း တော်တော်လေး လွဲနေတယ် ထင်တာပါပဲ။ ဗိုလ်ချုပ်ဟာ သပိတ်လှန်သည်ဖြစ်စေ မှောက်သည်ဖြစ်စေ လူအများထဲမှာ အင်္ဂလိပ်လို public speech ပေးနိုင်ဖို့ ကျောင်းပိတ်ရက်မှာ ကိုယ်တိုင်လေ့လာခဲ့ရပါတယ်။ သပိတ်လှန်ပြီး ကျောင်းဆက်တက်ခဲ့လို့ ဗိုလ်ချုပ်က အင်္ဂလိပ်လိုတွေ လယ်ဗယ်တန်း ပြောနိုင်တာလား။ သပိတ်မလှန်ဘဲ ကျောင်းဆက်မတက်ခဲ့ရင် အင်္ဂလိပ်လိုတွေ မပြောနိုင်တော့ဘူးလား။ ဒီတခါလည်း အောင်သန်းရဲ့ အောင်ဆန်းစာအုပ်ကပဲ ကိုးကားပါရစေ … ။
.
သပိတ်မမှောက်ခင် တကသအစည်းအဝေးမှာ ဗိုလ်ချုပ်ပြောတဲ့အကြောင်းကို ဗိုလ်ချုပ်အကို ဦးအောင်သန်းက ခုလို ရေးခဲ့ပါတယ်။
ထိုနေ့က အောင်ဆန်း၏ ပြောပုံဆိုပုံသည် အထက်တွင် ဖော်ပြခဲ့သော စကားရည်လုပွဲ၌ ပြောဆိုခဲ့ပုံနှင့် ဆီနဲ့ရေ ကွာဘိသကဲ့သို့ ကွာခြားနေပါသည်။ အင်္ဂလိပ်စကားကို ရေရေလည်လည် နိုင်နိုင်နင်းနင်း ပြောဆိုနိုင်ရုံမက အချက်အလက်များသည်လည်း ထိမိရကား ကြားရသူအဖို့ ကြက်သီးမွေးညင်း ထစရာပင်၊
.
လေးနှစ် ( ၁၉၃၂ မှ ၁၉၃၆) အတွင်း အောင်ဆန်း၏ တိုးတက်မှုသည် ချီးကျူးလောက်ပေသည်။ ထိုသို့တိုးတက်လာရသည်မှာ အခြားကြောင့်မဟုတ်။ အောင်ဆန်းသည် ကျောင်းပိတ်ရက်များတွင် အလကားမနေဘဲ အက်ဒ်မန်းဘာ့ခ် (Edmund Burke)၊ ဒစ်စရေလီ (Disraeli) စသော အင်္ဂလိပ် ပါလီမန် ရာဇဝင်တွင် ထင်ရှားကျော်ကြားခဲ့သည့် ပုဂ္ဂိုလ်ကြီးများ၏ မိန့်ခွန်းကို အလွတ်လောက်နီးနီး ရအောင် ဖတ်ထားသောကြောင့် ဖြစ်သည်။
***
“အခုကျမတို့ ဒီခေတ်ကျောင်းသားတွေ အခု ကြားမှာပါ အုတ်အော်သောင်းနင်း၊ အဲဒီမကြိုက်ပါဘူးဆိုတဲ့ စုတ်ပြတ်တဲ့ ပညာရေးကို သင်မထားဘဲနဲ့ သူတို့ခေတ် သူတို့အလှည့်ရောက်တဲ့အခါမှာ ဘယ်အရာကို ဖြတ်ထုတ်မလဲ ပြော … ။ တတိယနှစ်မှာ သင်တဲ့ ရှေ့နေဦးသူ၏ စိတ်ဓာတ် မကြိုက်ဖူး ဖြုတ်မယ်လို့ ပြော အခုကျမပြောရင်တောင် သိရဲ့လား အဲဒီကျောင်းသားတွေ၊ သိရဲ့လား ၊ သိမှာမဟုတ်ဘူး၊ မလုပ်ခဲ့တာ မလေ့လာခဲ့တာ၊ အကုန်လေ့လာခဲ့ပြီးမှ ရှေ့နေ ဦးသူရဲ့ စိတ်ဓာတ်က ကောင်းတယ်ဟေ့ ဘယ်မှာ သင်မယ်၊ ဘယ်ဟာကတော့ ဖြုတ်မယ်ဟေ့လို့ ပြောလောက်အောင်က အဲဒီ စုတ်ပြတ်ပါတယ်ဆိုတဲ့ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်၊ ဒါမှ ကိုယ့်ခေတ် ကိုယ့်အလှည့်ရောက်တဲ့အခါမှာ ဘာတွေကို ဖြုတ်မယ်၊ ဘာတွေကိုထည့်မယ် ဘာတွေကို ကောင်းမွန်အောင် လုပ်မယ် ဆိုတဲ့ အသိရှိဖို့အတွက် ဒီခေတ်လူငယ်တွေကို စင်ပေါ်မှာ ကျမ ဟောပြောတိုင်း ဟောပြောတိုင်း ထည့်ပြောဖြစ်တာ စုတ်ပြတ်တဲ့ ပညာရေးပဲ သင်ထားပါ၊ သင်ထားပါ၊ ကုန်သည်ထိ သင်ထားပါ၊ အဲဒါသင်ထားမှသာ သူတို့ရဲ့ နောက်မျိုးဆက် တဆက်ကို သူတို့ ပြန်ဦးဆောင်တဲ့အခါ ပြန်ပြောတဲ့အခါမှာ ပညာရေး အခြေခံဥပဒေဆွဲတဲ့အခါမှာ သူတို့ပြောနိုင်မှာပေါ့။ အဲလိုမှ မဟုတ်ရင် ဒီလိုပဲ မကြိုက်ဘူး မကြိုက်ဘူးဆိုတဲ့ ပညာရေး နဲ့ လယ်ဗယ်လိုက်သွားမှပေါ့။
.
ဗိုလ်ချုပ်ကိုပဲကြည့်၊ မတော်လှန်ခဲ့ရင် ၃၈ ခုနှစ်မှာ မဟာဝိဇ္ဇာဘွဲ့ ရပါ့မလား၊ ရိုးရိုးဘွဲ့မဟုတ်ဘူးနော် မဟာဝိဇ္ဇာဘွဲ့ရတာ၊ အဲဒီလို ဘွဲ့တွေရ အဲဒီပညာတွေ သိလို့သာလျှင် ကျမတို့ လွတ်လပ်ရေး ကြိုးပမ်းတဲ့အခါမှာ ဘာသာစကားကို နိုင်ငံခြားသား တယောက်လို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်လို့ ကျမတို့နိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုဟာ အရှေ့ကို ရွေ့ခဲ့တာ အရှေ့ကို မြန်ခဲ့တာ။ အဲဒီလို ဗိုလ်ချုပ်တို့လို မဟုတ်ဘဲ သပိတ်မှောက်ပြီး မှောက် ဘာမှမလုပ်ဘဲ ဒီပညာရေးကို မကြိုက်ဖူးဘဲ တလည်လည် တသက်လုံးပဲ သပိတ်မှောက်လိုက် တော်လှန်လိုက် သပိတ်လှန်လိုက်သာ လုပ်နေရမယ်ဆိုရင် ကျမတို့ မြန်မာနိုင်ငံရဲ့ အခြေအနေ ဒီလိုတောင် ရောက်လာမှာမဟုတ်ဘူး”

စင်မြင့်ထက်မှာ လက်ညှိုးလေးတထောင်ထောင်နဲ့ ပြောနေတဲ့ ဆရာမ လှလှလေးကို
ကြည့်ရင်း ကျမ ရင်ပူလာမိတယ်။ သင်ရိုးညွှန်းတန်းရေးဆွဲတာနဲ့
ပညာရေးဥပဒေရေးဆွဲတာက မတူပါဘူး။ တတိယနှစ်မှာ ပါတဲ့ ရှေ့နေဦးသူ၏
စိတ်ဓာတ်ဆိုတာ သင်ရိုးညွှန်းတန်းပါ။ ဆရာမ ပြောတဲ့ အဲဒီ ရှေ့နေဦးသူ၏
စိတ်ဓာတ်ကိုလည်း ကျမလည်း မသိပါဘူး။ ဒါပေမဲ့ ကျမသိတာက … သူတို
့တောင်းဆိုချက် (၁၁) ချက်ကိုပါ။ ဘာတွေလဲဆိုတာ ဆရာမလည်း သိထားသင့်ပါတယ်။
ကျောင်းသားတွေဟာ စုတ်ပြတ်သတ်နေတဲ့ ပညာရေးကို မသင်ချင်တဲ့
အကြောင်းတခုတည်းကြောင့် သပိတ်မှောက်ခဲ့ကြတာ မဟုတ်ပါဘူး။
***
နိဂုံးချုပ်ရရင်တော့ စာပေဟောပြောပွဲ စင်မြင့်ထက်မှာ ဟောပြောနေတဲ့ ဆရာမအနေနဲ့ သမိုင်းကို ကိုးကားတယ်ဆိုရင် မှန်ကန်တိကျစေချင်ပါတယ်။ ဒါမှလည်း နောက်လူတွေ အမှတ်မမှား အမြင်မမှားမှာ မဟုတ်လား။
***
မေဓာဝီ
၂၉ ဧပြီ ၂၀၁၆
၀၀း၁၅ နာရီ

No comments:
Post a Comment