Tuesday, April 19, 2016

ကျွန်းကလေးမှာ တနေ့တာ

ကျွန်းကလေးမှာ တနေ့တာ
***
ဒေသအခေါ် Pulau Ubin လို့ဆိုတဲ့ Granite Island ကလေးဆီ ဒီကနေ့ ရောက်ခဲ့ပါတယ်။ Ubin ဆိုတာ Granite, Pulau ဆိုတာ island တဲ့။ အဲဒီ...ကျွန်းကလေးဟာ စင်္ကာပူရဲ့ အရှေ့မြောက် အရပ်မှာရှိကျွန်းငယ်ကလေး တခုဖြစ်ပါတယ်။
.
စင်္ကာပူကို ခဏတဖြုတ်ရောက်တုန်း မရောက်ဖူးတဲ့ နေရာ ဘယ်သွားရင် ကောင်းမလဲ လိုက်ရှာတော့ လူတွေဖန်တီးထားတာ မဟုတ်တဲ့ နေရာကို သွားချင်တာကြောင့် ဒီကျွန်းကလေးကို ရွေးဖြစ်ခဲ့တယ်။ ဒါနဲ့ပဲ ညကတည်းက ကျွန်းကလေးအကြောင်း အင်တာနက်ထဲမှာ အကြမ်းမျဉ်း ဖတ်၊ သွားမယ့်လမ်းကြောင်း (စီးရမယ့် MRT နဲ့ ဘတ်စ်) တွေကို ရှာ၊ မနက်ကျတော့ ရေမိုးချိုး ဘုရားရှိခိုး မနက်စာစားပြီး ထွက်ခဲ့ကြတယ်။
.


ကျွန်းကလေးကို သွားရမယ့် ကူးတို့ဆိပ်ရောက်ဖို့ တနာရီခွဲ သာသာလောက် ရထားတတန်၊ ဘတ်စ်တတန် သွားရပါတယ်။ ဘတ်စ်ပေါ်ကဆင်း မုန့်နဲ့ အအေးဗူးတွေဝယ်၊ ကူးတို့ဆိပ်ကို လမ်းလျှောက် ... ရောက်ပါပြီ ... Changi Ferry Terminal ... ။ basement ထဲ ဆင်းလိုက်တော့ တဖက်မှာ Pengernag သွားတဲ့ဘက်၊ တဖက်မှာတော့ Ubin ကျွန်းကလေးဆီ သွားတဲ့ဘက် ခွဲထားတာ တွေ့ရတာနဲ့ Ubin ကျွန်းသွားတဲ့ ဘက်က ခုံတန်းရှည်လေးတွေမှာ ထိုင်စောင့်ရင်း ဖုန်းလေးနဲ့ ဓာတ်ပုံရိုက်မိတော့ အဲဒီမှာ ဓာတ်ပုံမရိုက်ရဘူး တဲ့။ သတိပေးစာတန်းတွေလည်း ကပ်ထားတာ တွေ့ရလို့ ဖုန်းကလေးကို အသာ သိမ်းလိုက်ရတယ်။
.


ကျွန်းကလေးကို Bumboat လို့ ခေါ်တဲ့ စက်တပ် ကူးတို့လှေလေးနဲ့ ကူးရပြီး လူ ၁၂ ယောက်ပြည့်မှ ထွက်ပါတယ်။ ကျွန်းကလေးဆီရောက်ဖို့ ၁၀ မိနစ်ခန့် သာ မောင်းရပြီး တယောက်ကို ၃ ဒေါ်လာ ပေးရတယ်။ Bumboat ကို မောင်းသူက အင်မတန်ကျွမ်းကျင်တယ်။ လှေအဆင်း မြင်းအတက် ဆိုပေမဲ့ ဒီလှေပေါ် အဆင်းအတက်က အန္တရာယ် မရှိလှပါဘူး။ ရေထဲ ဖြတ်နေရင်း လှိုင်းလုံးကြီးနဲ့ တိုးလို့ လှေက တကြိမ်လောက် ယိမ်းထိုးသွားပေမဲ့ လှေထဲမှာ အသက်ကယ် အင်္ကျီတွေ အစုံအလင်ပါတာပဲ ဆိုတဲ့ စိတ်ကြောင့် အေးအေး ဆေးဆေးပါပဲ။ ဘေးနားမှာ ထိုင်နေတဲ့ အကို့ကို ရေကူးတတ်လား လို့ မေးကြည့်တော့ ဟင့်အင်း ... တဲ့။ :)
.


လှေပေါ်မှာ အပြန်အလှန် ဓာတ်ပုံရိုက်ကြ၊ ဆယ်လ်ဖီရိုက်ကြနဲ့ မကြာခင် တဖက်ကမ်း ရောက်ပါတယ်။ သစ်သားဆိပ်ခံတံတားလေးကို ဖြတ်ပြီး Welcome to Pulau Ubin ဆိုတဲ့ မုခ်ဦးလေးကနေ ဝင်လိုက်တဲ့အခါ ကျွန်းကလေးပေါ်ကို ခြေချမိကြပါတယ်။
.



တံတားပေါ်က ဆင်းဆင်းချင်း လမ်းညွှန်ဆိုင်းဘုတ်နဲ့ ကျွန်းမြေပုံကို တွေ့ရတယ်။ ကဲ ... ဘယ်ဘက်ကို လိုက်မလဲ ... ။ ဒီခရီးကို ကျမက ရွေးတာကြောင့် ကျမကပဲ ဆုံးဖြတ်လိုက်တယ်။ ညွှန်ထားတာ များတဲ့ဘက်ကို သွားရအောင် ... လို့။ ဒီလိုနဲ့ ဘယ်ဘက်ကို ချိုးလိုက်တော့ စက်ဘီး အငှားဆိုင်လေး တဆိုင်ကို တွေ့ပါတယ်။ ဆိုင်ရှေ့မှာ လူငယ်လေး တယောက်က စက်ဘီးငှားမလား မေးနေတာနဲ့ ရှေ့ဆက်မလျှောက်ဘဲ တွေ့တွေ့ချင်း ဆိုင်ကပဲ ငှားလိုက်မိတယ်။ နှစ်ယောက်စီးမှာမို့ ကယ်ရီယာပါတဲ့ ဘီးကလေးယူတော့ ငှားခက တနေ့လုံးကို ၁၀ ဒေါ်လာ ... တဲ့။ တယောက်ထဲဆိုရင် ၆ ဒေါ်လာပါ။ ညနေ ၅ နာရီခွဲ ပြန်အပ်ရမယ်လို့ ပြောပါတယ်။ သူ့ဆီက မြေပုံတချပ် တောင်းပြီး စက်ဘီးတစီးနဲ့ လူနှစ်ယောက် တခါမှ မရောက်ဖူးတဲ့ ကျွန်းကလေးပေါ် လျှောက်သွားခဲ့ကြတယ်။
***.


စင်္ကာပူနိုင်ငံရဲ့ နောက်ဆုံးရွာထဲက တရွာလို့ ပြောကြတဲ့ Ubin ကျွန်းကလေးဟာ အကျယ်အဝန်းအားဖြင့် ဧရိယာ ၃.၉ စတုရန်းမိုင်သာရှိတဲ့ ကျွန်းငယ်ကလေးပါ။ ဒီကျွန်းကလေးကို ရောက်သွားတာနဲ့ ၁၉၆၀ အလွန် နှစ်များဆီ ပြန်ရောက်သွား သလို ခံစားရပါလိမ့်မယ်လို့ သူ့ရဲ့ official website က ဆိုထားပါတယ်။ ဒါ့အပြင် ခုလို ရေးထားသေးတယ်။ "As you arrive, all cares are left behind." တဲ့ တကယ်ပါပဲ ကျွန်းကလေးဘက် ရောက်သွားတာနဲ့ ဖုန်းလိုင်းနဲ့ အင်တာနက် လိုင်းတောင် မမိတော့ဘူး။ Roaming ရပေမဲ့ တကယ့်တောထဲသွားနေတဲ့ စွန့်စားခန်းဖီလင်မျိုး ခံစားချင်တာကြောင့် ဖုန်း အင်တာနက်တွေ မချိတ်တော့ဘူး။
.


လမ်းညွှန်ဆိုင်းဘုတ်တွေနောက်ကို လိုက်ရင်း public jetty ကနေ ၂.၈ ကီလိုမီတာ ကွာဝေးတဲ့ mamam camp site ကို သွားမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ လမ်းတလျှောက် လှတဲ့နေရာလေးတွေမှာ စက်ဘီးရပ်ပြီး ဓာတ်ပုံရိုက်လိုက်ကြ ဆက်သွားလိုက်ကြပေါ့။ လမ်းမှာ နားနေစရာ သစ်သား တဲငယ်ကလေးတွေနဲ့ လမ်းပြမြေပုံ ဆိုင်းဘုတ်တွေ ရှိတာကြောင့် သွားရတာ မခက်ခဲလှပါဘူး။ နားနေတဲငယ်လေးတွေတိုင်းမှာ အမှိုက်ပစ်စရာ အမှိုက်ပုံးလေးတွေ ရှိနေတာကို သတိထားမိပါတယ်။
.


တကယ်တော့ ဒီကျွန်းကလေးဟာ ဟိုးအရင် ဗြိတိသျှကိုလိုနီလက်ထက်မှာ ဂရက်နိုက် ကျောက်ကျင်းလုပ်ငန်း လုပ်ခဲ့တာဖြစ်ပြီး ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းတွေကို အဓိကပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။ ၁၈၅၁ ခုနှစ်မှာ ဆောက်လုပ်ခဲ့တဲ့ Horsburgh မီးပြတိုက်ကို ဒီကျွန်းက ကျောက်တွေနဲ့ ပြလုပ်ခဲ့တဲ့အပြင် စင်္ကာပူ-ဂျဟိုး တာလမ်းမကြီးကိုလည်း ဒီကျွန်းထွက် ဂရက်နိုက် ကျောက်တွေနဲ့ တည်ဆောက်ခဲ့ပါသတဲ့။
.


၁၉၇၀ ခုနှစ်လွန်ကာလများမှာတော့ ကျောက်ကျင်းလုပ်ငန်းတွေ ပိတ်သိမ်းခဲ့ပြီး ဒေသခံတွေလည်း တစတစ ပြောင်းရွှေ့သွားကြတဲ့အခါ အရင်က ထောင်ဂဏန်းရှိတဲ့ ဒေသခံတွေကနေ ခုတော့ ရာဂဏန်းမျှသာ ကျန်ပါတော့တယ်။ ကျွန်းပေါ်မှာ ရွှံ့ညွန်ဧရိယာတွေ အများအပြား တွေ့ရပြီး လမုပင် အပါအဝင် အခြား သဘာဝ ပေါက်ပင်တွေလည်း ပေါက်ရောက်ပါတယ်။ လမ်းတလျှောက် မျောက်သံ ငှက်သံ ပိုးမွှားလေးတွေ တစီစီ အော်သံတွေနဲ့ တကယ့် တောနက်ထဲ ရောက်နေသလို ခံစားရတယ်။
.


နားရင်းသွားရင်း သိပ်မမောခင်မှာ mamam campsite ကို ရောက်ပါတယ်။ အဲဒီနေရာမှာ ကျား/မ အိမ်သာနဲ့ နားနေစရာ ထိုင်ခုံလေးတွေ ရှိပြီး ကျောက်တုံးလေးတွေနဲ့ ကမ်းခြေလေးက သာသာယာယာမို့ နေ့လည်စာစားရင်း နားနားနေနေ နေမယ်လို့ စိတ်ကူးလိုက် ကြတယ်။ အိမ်သာခန်းက လူသုံးနည်းတာကြောင့် သန့်ရှင်းရေး သိပ်လုပ်ထားပုံ မရပေမဲ့ အိမ်သာသုံး စက္ကူနဲ့ လက်ဆေးဆပ်ပြာရည် အလုံအလောက် ရှိနေတာကြောင့် အဆင်ပြေပါတယ်။
.


ရေပြင်ကို ဖြတ်ပြီးတိုက်ခတ်လာတဲ့ လတ်ဆတ်တဲ့လေညင်းရယ်၊ စိမ်းစိုတဲ့ သစ်ပင်တွေရယ်၊ ကျောက်တုံးတွေခြေရင်း လာရောက်ခစားတဲ့ ရေလှိုင်းပုတ်သံ တဝုန်းဝုန်းရယ် ... ဘယ်လောက် သာယာလိုက်ပါသလဲ။ သစ်ပင်မြင့်တပင်ပေါ်မှာ အောက်ချင်းငှက်လို့ထင်ရတဲ့ ငှက်ကြီးတကောင် (သူတို့ရေးထားတာတော့ Pied hornbill တဲ့) နားနေတာတွေ့လို့ အကိုက ဓာတ်ပုံရိုက်ယူခဲ့တယ်။ အဖိုးမဖြတ်နိုင်တဲ့ သဘာဝရဲ့ အလှအပတွေ ... ။
.


သဘာဝနဲ့ ပိုနီးစပ်အောင် ကျမတို့နှစ်ယောက် ခုံမှာတောင် မထိုင်ဘဲ ကျောက်ဖြာလို ပြေပြေပြစ်ပြစ် သဘာဝအတိုင်း ဖြစ်နေတဲ့ ကျောက်တုံးကြီး ပေါ်မှာပဲ ထိုင်ပြီး နေ့လည်စာ စားကြတယ်။ ပြီးတော့ ပင်လယ်ကမ်းစပ်ကို ဆင်းပြီး ကျောက်တုံးတွေနဲ့ ဓာတ်ပုံရိုက်ကြ ပင်လယ်ရေကို တို့ထိ ဆော့ကစားကြနဲ့ နေလိုက်တာ လှိုင်းလုံးတွေ ဝေါခနဲ တက်လာတာ မြင်မှ ကမန်းကတန်း အပေါ်ပြေးတက်ကြရ တယ်။
.


အဲဒီနောက်တော့ စိုသွားတဲ့ ခြေအိတ်ကိုလဲရင်းနဲ့ အပိုယူလာတဲ့ အင်္ကျီ ဘောင်းဘီပါ တခါတည်း လဲပြီး ရှေ့ ခရီးဆက်ခဲ့ကြပါတော့တယ်။
***
မေဓာဝီ
၂၀၁၆ ဧပြီ ၁၉
(ဆက်ရန်)

No comments: