Wednesday, April 20, 2016

ကျွန်းကလေးမှာ တနေ့တာ (၂)


Mamam campsite ကနေ ရှေ့ဆက်သွားတော့ cold drinks sold here ဆိုတဲ့ လက်ရေးဆိုင်းဘုတ်လေး တပ်ထားတဲ့ ဒေသခံအိမ်လေးတလုံး ရှေ့မှာ ပက...်လက် ကုလားထိုင်နဲ့ ထိုင်နေသူဦးလေးကြီးကို တွေ့ရတယ်။ သူက Cold drink လား လို့ ကျမကို လှမ်းမေးတယ်၊ ခုမှ ထွက်လာခါစ ဆိုတော့ အအေးလည်း မသောက်ချင်သေးဘူး၊ ရေဘူးထဲမှာ ရေလည်းကျန်သေးတာနဲ့ နိုး လို့ ခေါင်းခါပြီး ဒီမှာ လမ်းရှိလားလို့ မေးတော့ ရှိတယ် ... တည့်တည့်သွား ... တဲ့။
.

ကျွန်းပေါ်က ဒေသခံအိမ်လေးတွေဟာ တထပ်ကွန်ကရစ် မြေစိုက် အိမ်လေးတွေဖြစ်ပြီး သွပ်မိုးထားပါတယ်။ တချို့အိမ်တွေရဲ့ ပြတင်းပေါက်တွေကို ခုခေတ်မှာ သိပ်မသုံးတော့တဲ့ မှန်တရုပ်ကပ်တွေ တပ်ထားတာလည်း တွေ့ရတယ်။


ဆက်သွားရတဲ့ လမ်းကလေးက ကတ္တရာလမ်း မဟုတ်ပါဘူး။ တကယ့် တောလမ်း စစ်စစ်လေးပါ။ ဘေးတဖက် တချက်မှာ သစ်ပင်တွေနဲ့ အုပ်ဆိုင်းနေပြီး တချို့နေရာတွေမှာ နေပြောက်တောင် မထိုးပါဘူး။ ရွက်ကြွေတွေနဲ့ ဖုံးလွှမ်းနေတဲ့ လမ်းကလေးပေါ်မှာ ကျမတို့နှစ်ယောက် စက်ဘီးမစီးဘဲ ခြေကျင်လျှောက်လာခဲ့ကြတယ်။ လှတဲ့နေရာလေး ခဏရပ်လိုက် ဓာတ်ပုံရိုက်လိုက်နဲ့ တနေရာအရောက် စက်ဘီးနဲ့ ဓာတ်ပုံအရိုက်ခံပြီး စမ်းစီးကြည့်ဖို့ ကြိုးစားတော့ စက်ဘီးက လေးတာနဲ့ မထိမ်းနိုင်ဘဲ ယိုင်ထိုးသွားလို့ စက်ဘီးနင်းမယ့် အစီအစဉ်ကို လက်လျှော့လိုက်ရတယ်။
.

ဒီလိုနဲ့ နှစ်ယောက်သား ဆက်သွားရင်း အကိုက ...
"ဟာ မြွေကြီး မြွေကြီး" လို့ အလန့်တကြား ပြောတာနဲ့ သတ္တိခဲ ကျမက ထွက်ပြေးဖို့ ခြေလှမ်းပြင်တယ်။ ကျမက အကို့ရဲ့ ဘယ်ဘက်ဘေးက လျှောက်နေတာမို့ တော်သေးတယ်။ မြွေကြီးက သူ့ရဲ့ ညာဘက်မှာ ... ။
"အသေကြီးပါ ... သေနေတာ ခေါင်းတောင်ပြားနေပြီ" တဲ့။
သေနေပြီဆိုလို့ တော်ပါသေးရဲ့လို့ စိတ်ထဲက ဖြစ်မိပေမဲ့ မြွေကို စေ့စေ့ မကြည့်ရဲပါဘူး။ မြွေက သေရင် မျက်စိဖွင့်သေတာမို့ သူ့မျက်စိထဲ မြင်တဲ့လူဆီ သူ့ဆွေမျိုး ကျန်ရစ်သူမြွေတစုက လာပြီး အန္တရာယ် ပေးတတ်တယ်လို့ ငယ်ငယ်က ကြားဖူး ထားတာကိုး။ ကြောက်တာနဲ့ လက်မကို လက်သီးထဲ ထည့်ဆုပ်ပြီး သမ္ဗုဒ္ဓေရွတ်ရင်း စစ်ချီတက်သလို ခြေသံပြင်းပြင်းနဲ့ ဘယ်ညာ ဘယ်ညာ ခပ်ဆောင့်ဆောင့် ခပ်မြန်မြန် ရှေ့ကသွားလိုက်တယ်။
"ဖြေးဖြေးသွားလေ မေရဲ့ ... ကြောက်တယ်ဆိုပြီး ရှေ့ကနေ သွားနေတယ်"
"ကြောက်လို့ ရှေ့က သွားတာလေ အကိုလဲ မြန်မြန်လာ ဘုရားစာလဲ ရွတ်နော်"
သူ့ခမျာ စက်ဘီးလဲတွန်းရ ကျောပိုးအိတ်ကြီးလဲ လွယ်ရတော့ ဘယ်မြန်မြန်လာလို့ ရမှာလဲ။ တောကလည်း ပိုနက်လာသလိုပဲလို့ စိတ်ထဲ ထင်မိတယ်။ ကတ္တရာလမ်းဆီလဲ ရောက်ခဲလိုက်ပါဘိတော့။ ကျမ ကြောက်နေမှာစိုးလို့ လမ်းမလျှောက်တော့ဘဲ စက်ဘီးပြန်စီးကြတယ်။ စက်ဘီးစီးလို့မှ မကြာသေးဘူး ရင်ဘတ်မှာ ချိတ်ထားတဲ့ နေကာမျက်မှန် မရှိတော့တာ သတိထားလိုက်မိပါရော။
.

"မေ့ မျက်မှန် အကို့ဆီမှာလား"
"မဟုတ်ပါဘူး"
"ဒါဆို ဘယ်နား ပြုတ်ကျ ကျန်ခဲ့လဲ မသိဘူး၊ မေ့ဆီမှာ မရှိတော့ဘူး"
"သေချာရှာပါအုံး အိတ်ထဲတွေဘာတွေ ထည့်မိသေးလား"
"မေ့အိတ်မှာတော့ မရှိဘူး၊ အကို့ ကျောပိုးအိတ်ထဲရော"
နောက်ဆုံးတော့ နောက်ပြန်လှည့်ပြီး မျက်မှန်ပျောက်ရှာပုံတော် ဖွင့်ရပါတော့တယ်။
(အကို) "မြွေတွေ့ရင် ခရီးလမ်းဖင့်တယ်ဆိုတာ တကယ်ပဲ"
(ကျမ) "ဒါတောင် အသေမို့နော်"
ပြန်လှည့်ရှာရင်း အလာတုန်းက အအေးဆိုင်ထိ ရောက်သွားတယ်။ မျက်မှန်က မတွေ့ဘူး။ ဘယ်နားကျန်ခဲ့လဲ ပြန်စဉ်းစား ဆိုတာနဲ့ ဖုန်းကင်မရာထဲက ဓာတ်ပုံတွေ ပြန်ကြည့်တော့မှ မြွေမတွေ့ခင်နေရာမှာ ဓာတ်ပုံရိုက်တဲ့အထိ မျက်မှန်က ရှိသေးတာပဲကိုး။ ဒါဆို စက်ဘီးတက်စီးရင်း ယိုင်သွားတုန်းက ပြုတ်ကျတာပဲနေမှာ ဆိုပြီး တောလမ်းထဲ ပြန်သွားရပြန်ပါတယ်။
(အကို) "မတွေ့ရင်လည်း နေပါစေတော့ကွာ ... အသစ်ဝယ်ပေးပါမယ်"
(ကျမ) "အင်းပါ ... ဒါပေမဲ့ နှမြောစရာကြီး"
.

အကိုက ညာဘက်ကြည့် မေက ဘယ်ဘက်ကြည့်မယ်ဆိုပြီး စက်ဘီးစီးရင်းနဲ့ ကြည့်လာလိုက်တာ တနေရာ ရောက်တော့ လမ်းကလေးရဲ့ အလယ် သစ်ရွက်ခြောက်တွေပေါ်မှာ မျက်မှန်ကလေးကို တွေ့လိုက်ရတယ်။ စတွေ့တာက အကိုပါပဲ။ မျက်မှန်ပြန်ရပြီး လမ်းမလျှောက်တော့ပဲ စက်ဘီးနဲ့သာ ဆက်သွားကြတော့တယ်။
(ကျမ) "မြွေနေရာ ကျော်သွားပြီလားဟင်"
(အကို) "အခုပဲ ကျော်သွားတာလေ ဘီးနှစ်ပတ် လှိမ့်စာလောက်ပဲ ရှိအုံးမှာ"
မြွှေကြောက်ပါတယ်ဆိုမှ သူ့ရှေ့က နှစ်ခါ ဖြတ်မိတဲ့ အဖြစ်လေ ... ။ မြွေထပ်တွေ့မှာကြောက်လို့ စက်ဘီးနောက်မှာ ထိုင်လိုက်ရင်း ဘုရားစာ ဆိုနေရတာနဲ့ တောထဲက အသံဗလံတွေကို အာရုံတောင် မခံမိတော့ပါဘူး။
.

တောလမ်းကလေး အဆုံးမှာ လမ်းခွဲဆိုင်းဘုတ်လေးနဲ့ အတူ ကတ္တရာလမ်းကို ဘွားခနဲ တွေ့လိုက်ရတယ်။ လမ်းပေါ်မှာ လူတအုပ်နဲ့ မျောက်တအုပ် ... ။ မျောက်တွေကို မြင်တော့ ပုပ္ပါးက မျောက်တွေလို ဟိုဟာဒီဟာ လုမှာစိုးလို့ ဦးထုတ်ကို မြဲမြဲဆောင်း၊ မျက်မှန်ကိုအိတ်ထဲထည့် ဖုန်းကို သေချာကိုင်ပြီး သတိ အနေအထားနဲ့ စောင့်ကြည့်တော့ သူတို့က အေးအေးဆေးဆေးပါပဲ။ ကိုယ့်ကို သိပ်တောင်ဂရုမစိုက်ဘူး။ မျောက်မောင်းမ ဝဝကြီးက သစ်ပင်ပေါ်မှာ ထိုင်လို့။ မျောက်သားလေးတွေကတော့ အောက်ဆင်းလိုက် အပေါ်တက်လိုက်နဲ့ ဆော့လို့ ... ။ သူတို့ ဆော့နေတာကိုကြည့်ပြီး စောစောက ကြောက်ခဲ့တာ မေ့သွားခဲ့တယ်။
.

ကတ္တရာလမ်းအတိုင်း သွားရင်းနဲ့ လျှောခနဲ အသံကြားလိုက်လို့ အနောက်လှည့်ကြည့်တော့ တွားသွားသတ္တဝါကြီး နှစ်ကောင် တောစပ်မှာ ကြွေကျနေတဲ့ သစ်ရွက်တွေကြား တရှဲရှဲ တိုးပြီး ဝင်သွားတာ မြင်လိုက်ရလို့ လန့်အော်မိသေးတယ်။ မိချောင်းကြီးတွေ များလားလို့ ထင်တာ ... သေချာကြည့်တော့ ဖွတ်ကြီးနှစ်ကောင်ပါ။ အရှည်က ယောက်ျားကြီး လက်တလံ လောက်ရှိမယ်။ အမြီးတုတ်တုတ်ကြီးတွေနဲ့ အသည်းယားစရာ။  နောက်ထပ်တော့ တောကြက် လေးတကောင်ပဲ ထပ်တွေ့တော့တယ်။ ကြက်တိန်ညင်ကလေး လှမှလှ။ မြေပုံထဲရေးထားတဲ့ ကျွန်းပေါ်က သဘာဝတိရစ္ဆာန် စာရင်းထဲမှာ တောဝက်နဲ့ ဖားလဲ ပါသေးတယ်။ တောဝက်မတွေ့ခဲ့တာ တော်သေးရဲ့။ တောဝက်က မြန်လည်းမြန် အစွယ်နဲ့လည်း ပက်တတ်တာ မဟုတ်လား။
.

တကယ့်တောနက်ကြီး မဟုတ်တဲ့ ဒီကျွန်းကလေးမှာ လျှောက်သွားရတာကို ကျမအနေနဲ့ စွန့်စားခန်းကြီး တခုလိုပါပဲ။ ကြည်နူးလိုက် ကြောက်လိုက် ပျော်လိုက် ရင်မောလိုက်နဲ့ ခံစားချက် အမျိုးစုံလို့ပဲ။
ရှေ့ကို ခရီးဆက်နှင်ရင်း နေက ပိုပူလာသလို ရေလည်း ဆာလာတယ်။ ရေဗူးထဲမှာလည်း ရေက ကုန်သွားပြီ။ Cold drinks sold here တွေလဲ လမ်းတလျှောက် ထပ်မတွေ့တော့ဘူး။ အဲဒါမှ ဒုက္ခ ... ။
***

ကျွန်းလေးပေါ်က နားနေဆောင် သစ်သားတဲလေးတွေတိုင်းရဲ့ အနားမှာ အမှိုက်ပုံးလေးတွေ ရှိပေမဲ့ ရေသောက်စရာ ရေတိုင် (drinking water tab)... ကတော့ဖြင့် မရှိပါဘူး။ ဒါဖြင့် ပိုက်ဆံနဲ့ ဝယ်သောက်ရတဲ့ ရေ အအေး စသဖြင့် ဝယ်လို့ရတဲ့ စက်တွေလည်း ရှိသလား ဆိုတော့ မရှိဘူး။ စောစောက နားခဲ့တဲ့ mamam campsite က အိမ်သာရဲ့ လက်ဆေးကြွေခွက် ဘုံဘိုင်က ကျတဲ့ရေကလည်း သံချေးရောင် ဝါညစ်ညစ်နဲ့ ... ။ အိမ်သာအပြင်က ရေတိုင်လေးတွေကလည်း ခြေဆေး လက်ဆေးလို့ပဲ ရတယ်။ ဒါကြောင့် တကယ်လို့ အုပ်စုလိုက် camping သွားကြမယ်ဆိုရင် ချက်ပြုတ်ဖို့နဲ့ သောက်သုံးဖို့ အတွက် ရေအလုံအလောက် သယ်သွားမှ အဆင်ပြေမယ် ထင်ပါတယ်။
.


ကျမတို့ နှစ်ယောက် ရေဆာဆာနဲ့ ဦးတည်သွားနေတာက Noordin Campsite ဆီကိုပါ။ မြေပုံကို ကြည့်လိုက် သွားလိုက်နဲ့ ရောက်ပဲ မရောက်နိုင်သလို။ ရေငတ်ပါတယ်ဆိုမှ ကုန်းတက်တွေနဲ့ တိုးလို့ စက်ဘီးနင်းသူလဲ လျှာထွက်ပြီး မနင်းနိုင်တာနဲ့ ဆင်းပြီး လမ်းလျှောက်ရတယ်။ နောက်ဆုံးတော့ ကိုယ်သွားနေတဲ့ Noordin campsite က ပိတ်ထားတာနဲ့ တိုးပါလေရော ... အမောကို ဆို့သွားတာပဲ။ မတတ်နိုင်ဘူး နောက်ပြန်လှည့်ရတော့တာပေါ့။
.
အဲဒီနားမှာက NPCC (National Police Cadet Corps) ဝင်းကြီး လည်းရှိပါတယ်။ တံခါးကြီး ပိတ်ထားပြီး ဖြတ်သန်းသွားလာခွင့် မပြုပါ။ လမ်းညွှန်ဆိုင်းဘုတ်မှာ တွေ့ရတဲ့ NPCC Campsite ဆိုတာ အဲဒါကို ပြောတာလို့ နောက်မှ သိရတယ်။ သူ့ကို Camp Resilience လို့လည်း ခေါ်ပါတယ်။ secondary 2 နဲ့ 3 တက်နေတဲ့ NPCC ဗိုလ်လောင်းလေးတွေဟာ ဒီ camp မှာ ၂ ညအိပ် ၃ ရက် ထရိန်နင် လာဆင်းရတယ်လို့ ဆိုပါတယ်။ ဒီ campsite ကို ၂၀၀၄ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါသတဲ့။
.


ပိတ်ထားတာတွေနဲ့ တိုးနေတာမို့ public jetty ဆီ ပြန်သွားကြပါစို့ ဆိုပြီး ပြန်လှည့်ရင်း တနေရာရောက်တော့ cold drinks sold here ကို တွေ့လိုက်ရလို့ အလွန် ဝမ်းသာသွားပါတယ်။ ကျမတို့အတွက် အိုအေစစ်လေး တွေ့လိုက်ရသလိုပါပဲ။ ဆိုင်ရှင်ဦးလေးကြီးက အင်္ကျီမပါ ဘောင်းဘီတိုနဲ့ အေးအေးလူလူ ပိုက်ဆံတွေ ထိုင်ရေတွက်နေတယ်။ ဆိုင်လေးက မြန်မာပြည် နယ်ဘက်က အိမ်ဆိုင်လေးတွေနဲ့ ခပ်ဆင်ဆင်ပါ။ အမွှေးတိုင်တွေနဲ့ ရေနွေးတအိုး ကပ်ထားတဲ့ ဘုရားစင်လို နတ်စင်ကလေး လည်းရှိတယ်။ စားပွဲခုံ တလုံးရဲ့ အောက်မှာတော့ တဂွက်ဂွက်နဲ့ သူ့ကိုယ်သူ ပါးစပ်နဲ့ ကိုက်ပြီး သန်းတုတ်နေတဲ့ ခွေးတကောင် ... ။ အိမ်ဆိုင်လေးရဲ့ ဘေးဘက်မှာ cactus ပင်တွေ စိုက်ထားတာ တွေ့ရတယ်။
.


အုန်းရည်ရတယ်လို့ ရေးထားတာ တွေ့လို့ အုန်းရည်မှာလိုက်တယ်။ တလုံးကို ၄ ဒေါ်လာခွဲ ... ၊ အုန်းသီး နှစ်လုံး 100 puls တဗူး မှာလိုက်တယ်။ အုန်းရည်က အရသာရှိတော့ 100 plus က အရသာ မရှိတော့ဘူး။ ရေဆာနေချိန်မှာ သောက်ရတဲ့ အုန်းရည်မို့လား မသိ အလွန်ကောင်းပြီး အမောအပမ်း ပြေသွားတယ်။ အုန်းသီးဇွန်းခြစ်ကလဲ ချိုမွှေးပြီး သိပ်ကောင်းတာပဲ။ ကျမတို့ မရောက်ခင် လူငယ်စက်ဘီးသမား အုပ်စုရယ် နိုင်ငံခြားသားနှစ်ယောက်ရယ် ရှိနေခဲ့တယ်။ ကျမတို့ မပြန်ခင်မှာပဲ van ကားလေးနဲ့ အုပ်စုတစု ထပ်ရောက်လာကြတယ်။ သူတို့ကတော့ ရိုက်ကူးရေး အဖွဲ့က ထင်ပါရဲ့၊ ကင်မရာတွေ အသံဖမ်းမိုက်တွေနဲ့။
.


ဆက်သွားတော့ ဒီကျွန်းမှာ အမြင့်ဆုံးဆိုတဲ့ Puaka Hill ကို ရောက်ပါတယ်။ တောင်တက် လမ်းမှာ ရေးထားတဲ့ သတိပေး ဆိုင်းဘုတ် တွေကြောင့် တောင်ပေါ် မတက်ခဲ့တော့ဘူး။ No bicycle beyond this point တဲ့။ ပြီးတော့ trees and branches may fall TAKE CARE တဲ့။ မလွယ်ပါလား ... ။ အချိန်ကလည်း ညနေ ၄ နာရီ သာသာ ဖြစ်လာတော့ ဇက်ဆိပ်ဆီပဲ ပြန်တော့မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ လမ်းမှာ သိပ်လှတဲ့ ရှုခင်းလေးတွေ ဓာတ်ပုံရိုက်ရင်းပေါ့။ အဲဒီနောက် Butterfly Hill ကို ရောက်တယ်။ မောနေကြတာကြောင့် ဆိုင်းဘုတ်နဲ့သာ ဓာတ်ပုံရိုက်ပြီး အပေါ်မတက်ခဲ့တော့ဘူး။
.


Butterfly Hill နားက တောင်ကုန်းလေးပေါ်မှာ temple လေး တခုရှိတယ်။ ဆိုင်းဘုတ်မှာ Shan ဆိုတဲ့ စာလုံးပါလို့ တို့ရှမ်းလူမျိုးများလားလို့ စိတ်ဝင်စား မိသေးရဲ့။ အဲဒီနေရာတွေ ကျော်သွားတော့ Jelutong campsite ဆိုတာ ထပ်တွေ့ပြန်တယ်။ jetty က မရောက်နိုင်သေးဘူး။ အဲဒီဘက်ကို အသွား ခွေးဟောင်သံတွေကြားတော့ ခွေးလိုက်ဆွဲမှာ ကြောက်ပြီး စက်ဘီး ပြန်ကွေ့ကြတယ်။ လမ်းများ မှားသလားလို့ နောက်ပြန်လှည့်လိုက် ကြတာ စောစောက အုန်းရည်သောက်တဲ့ ဆိုင် ကျော်သည်အထိပဲ။ လမ်းညွှန်ဆိုင်းဘုတ် ပြန်ကြည့်၊ မြေပုံကို ပြန်ဖတ်တော့ အဲဒီနေရာတွေက မှန်နေသားပဲ။ ကိုင်း ပြန်သွားပေအုံးတော့ ... ။ အကိုတော့ မောပြီလေ။
.


တကယ်တော့ ခွေးဟောင်တဲ့နေရာ ကျော်ရင် ရွာထဲ ပြန်ရောက်တော့မှာ ... ကိုယ်တွေက ခွေးကြောက်ကြောက်နဲ့ ပြန်လှည့်တော့ နှစ်ခါပင်ပန်းတာပေါ့။ ဖြစ်ချင်တော့ အဲဒီလို ... ။ စက်ဘီးဆိုင်မှာ စက်ဘီးအပ်တော့ ၅ နာရီထိုးနေပါပြီ။ ဇက်ဆိပ်မဆင်းသေးဘဲ ဟိုနားဒီနား ဓာတ်ပုံလျှောက်ရိုက်လိုက်သေးတယ်။ ဇက်ဆိပ်ဆင်းတဲ့ တံတားလေး မုခ်ဦးမှာတော့ Have a nice day ... လို့ နှုတ်ခွန်းဆက် ထားလေရဲ့။
.


ဒီလိုနဲ့ ကျွန်းကလေးက ပြန်ခဲ့ပါတယ်။ ပျော်စရာ ရင်ခုန်စရာ ကြည်နူးစရာ ရင်မောစရာ ခံစားချက်ပေါင်းစုံ အတွေးပေါင်းစုံနဲ့ နှစ်ယောက်သား အိမ်ပြန်ခဲ့ကြတယ်။
.
စင်္ကာပူ အစိုးရဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒီကျွန်းကလေးဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံကိန်းတွေ ရေးဆွဲခဲ့ကြတယ်။ စင်္ကာပူ မြို့တွင်းက MRT လိုင်းတွေ တိုးချဲ့ဖို့အပါအဝင်ပေါ့။ ဒါပေမဲ့ ဒီစီမံကိန်းဟာ အငြင်းပွါးဖွယ် ကိစ္စတရပ် ဖြစ်တဲ့အတွက် ဆိုင်းငံ့ထားခဲ့ပါတယ်။ ဒီကျွန်းကလေးဟာ ခေတ်မီ တိုက်တာ အဆောက်အအုံတွေ ကင်းမဲ့ပြီး ကားအသွားအလာ မရှိတဲ့နေရာ ... တကယ့်သဘာဝ တောကောင်တွေ သစ်ပင် ပန်းပင်တွေနဲ့ ရွှံ့နွံတွေ ပင်လယ်ရေလှိုင်းတွေကို တနေရာထဲမှာ မြင်တွေ့နိုင်တဲ့ နေရာ ... မြို့ပြကို ငြီးငွေ့နေသူတွေအတွက် အဝေးကြီးသွားစရာမလို ပိုက်ဆံမကုန်ဘဲ အကောင်းဆုံး ရုန်းထွက်နိုင်တဲ့ နေရာ ... ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်စေတဲ့ ဒီ နေရာ ... အဲဒီကျွန်းငယ်ကလေးရဲ့ အနာဂတ်ဟာ စင်္ကာပူ အစိုးရ လက်ထဲမှာ ... တဲ့။
.




ဒီလို ရှားတောင့်ရှားပါး ကျေးလက် ဒေသတခုကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်ချင်သလား ... သဘာဝ ပတ်ဝန်းကျင်ကို ထိမ်းသိမ်း ထားမလား ဆိုရင် ကျမကတော့ ... ခေတ်မီစွာ သဘာဝ ပတ်ဝန်းကျင်ကို ထိမ်းသိမ်းထားချင်တာပါပဲ။ (သားရွှေအိုး ထမ်းလာသလိုပေါ့) အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေထဲမှာ သဘာဝ ပတ်ဝန်းကျင်တွေ မပါစေချင်ပါဘူး။ ကျမတို့ ကမ္ဘာကြီး စိမ်းလန်းစိုပြေ လှပဖို့ ဂေဟ စနစ်တွေ မပျက်ယွင်းဖို့ ကမ္ဘာကြီးရဲ့ အနာဂတ်ဟာ ကျမတို့ အားလုံးရဲ့ လက်ထဲမှာ မဟုတ်လား ... ။
***
ပြီးပါပြီ။
***
မေဓာဝီ
၂၂ ဧပြီ ၂၀၁၆
၂၂း၅၉ နာရီ
(ကမ္ဘာမြေနေ့ အမှတ်တရ)

No comments: