Tuesday, May 05, 2015

ဒီကနေ့ ...

စာမရေးဖြစ်တာလဲ ကြာပေါ့ ... ။ 
ဘာလိုလိုနဲ့ စင်္ကာပူကို ရောက်တာ တလကျော်သွားပြီ။ ကျမတို့ရဲ့ မင်္ဂလာနေ့လေးလဲ ဒီကနေ့ဆို ၂ လ ပြည့်ခဲ့ပါပြီ။



မင်္ဂလာနေ့ကို သတ်မှတ်မယ်ဆိုတော့ မြန်မာလိုလား၊ အင်္ဂလိပ်လိုလား၊ ဆွမ်းကျွေးတဲ့နေ့လား၊ လက်မှတ်ထိုးတဲ့နေ့လား ... စသဖြင့် စဉ်းစားတော့ officially က လက်မှတ်ထိုးတဲ့နေ့ (မတ်လ ၅ ရက်နေ့) ပေါ့။ ကျမနှစ်သက်တာကတော့ မြန်မာလိုနေ့ တပို့တွဲလပြည့်နေ့ (မတ်လ ၄ ရက်နေ့) ပေါ့။ အဲဒီနေ့က ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးတဲ့နေ့ပါ။ လပြည့်နေ့တိုင်း အမှတ်တရ ရှိနေအောင် လပြည့်နေ့ကို ရွေးချယ်ခဲ့ကြတယ်။ လပြည့်နေ့က တရားရုံးတွေပိတ်ရက်ဖြစ်နေလို့ နောက်တရက် ၅ ရက်နေ့မှ လက်မှတ်သွားထိုးဖြစ်ကြတယ်။ ဆိုတော့ မတ်လ ၄ ရက် သို့မဟုတ် ၅ ရက် အဆင်ပြေတဲ့ တရက်ကိုသာ မင်္ဂလာရက်အဖြစ် သတ်မှတ်ကြပါစို့လို့ နှစ်ယောက်လုံး ဆုံးဖြတ်ခဲ့ကြပါတယ်။

ကျမတို့ရဲ့ မင်္ဂလာပွဲလေးကို ပကာသနမပါ၊ ဧည့်ပရိသတ်မပါဘဲ နှစ်ဖက်မိဘသာပါပြီး ရိုးရှင်းစွာ ပြုလုပ်ခဲ့ကြပါတယ်။ မင်္ဂလာအမှတ်တရအနေနဲ့ သုခရိပ်မြုံက HIV ဝေဒနာ ခံစားနေရတဲ့ ကလေးတွေအတွက် ငွေလှူဒါန်းခဲ့ပြီး ကလေးတွေနဲ့အတူ ကဗျာလေးတပုဒ် ရွတ်ခဲ့ပါတယ်။ သူနဲ့ကျမ နှစ်ဦးလုံးရဲ့ ဆန္ဒအရ ဒီလိုပဲ အကျဉ်းချုံးခဲ့ကြတာပါ။ တကယ်တော့ အိမ်ထောင်ပြုရာမှာ နှစ်ဦးသား စိတ်တူ ကိုယ်တူနဲ့ နားလည်မှုရှိဖို့က အဓိကပဲ မဟုတ်လား။

မိတ်ဆွေအပေါင်းအသင်း ဘယ်သူ့ကိုမှ အသိမပေးဘဲ မင်္ဂလာပွဲကလေး လုပ်ခဲ့ပြီးမှ မတ်လ ၁၂ ရက်နေ့မှာ ခုလို ကြေငြာချက်ကလေး ဖေ့စ်ဘွတ်မှာ ရေးတင်လိုက်တယ်။

"ကြေငြာချက်"
 
လွယ်အိတ်ညိုလေး နှစ်လုံး
အဖုံးလေးနဲ့ စာချုပ်နှစ်စောင်
ရွှေရောင်လက်စွပ်လေး နှစ်ကွင်းနဲ့
ရိုးရှင်းစွာ ဘဝကို စခဲ့ကြတယ်။

တို့နှစ်ယောက်ရဲ့ ကမ္ဘာ
ပကာသနတွေပယ်ကာ
မာနတွေဖယ်ခွါ
သဒ္ဓါ သီလ စာဂ ပညာ
တူညီစွာ ဖြည့်ကျင့်ပြီး
ခရီးလမ်းဆုံးထိ လျှောက်ကြမယ် ... 
နော် ... ကွယ် ... ။ ... ။ 
***
(မေဓာဝီ ၁၂.၀၃.၁၅)

မင်္ဂလာပွဲပြီးပြီးချင်း ပျားရည်လည်း မဆမ်းနိုင်သလို၊ သူ အလုပ်လုပ်ရာ စင်္ကာပူနိုင်ငံကိုလည်း ချက်ချင်းကြီး မလိုက်နိုင်သေးပါဘူး။ ခွင့်နဲ့လာတဲ့ သူက တဖက်မှာ စီစဉ်စရာရှိတာ စီစဉ်ဖို့ မတ်လ ၇ ရက်နေ့မှာ ပြန်သွားပြီး ကျမကတော့ ရန်ကုန်မှာ ကျန်ခဲ့တာပေါ့။ ဧပြီ တရက်နေ့ကျမှ ပိုးသားလေကြောင်းနဲ့ ကျမ စင်္ကာပူကို ရောက်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် April Fool လုပ်မိသလိုလို ဘာလိုလိုပေါ့။ ငှားထားတဲ့ အိမ်ခန်းလေးဆီ ရောက်တော့ ဘာမှမရှိတဲ့ အခန်းလေးက နွေးထွေးစွာ ကြိုဆိုပါတယ်။

ဒီလိုနဲ့ ကျမတို့နှစ်ယောက်ဘဝ စတင်ခဲ့ကြတယ်။ 
ရုပ်ဝတ္ထုအနေနဲ့ မပြည့်စုံမှုလေးတွေ  အနည်းအကျဉ်းရှိပေမယ့် ကျမနံဘေးမှာ သူရှိနေတဲ့အတွက် နေသာ ဖြေသာပါတယ်။ သူနဲ့ကျမ တယောက် အားနည်းချက် တယောက် နားလည်ပေးလို့ တယောက်နဲ့ တယောက် ညှိနှိုင်းရင်း ကျမတို့ လျှောက်လှမ်းခဲ့ကြတာ ခုဆိုရင် ရက်ပေါင်း ၆၀ ... ။ တကယ်တမ်း အတူနေရတာကတော့ ရက်ပေါင်း ၄၀ ရှိခဲ့ပါပြီ။ 

ကျမအပေါ် နားလည်ပေး စာနာပေး ကြင်နာမြတ်နိုးမှုတွေ ပေးကာ လက်တွဲခဲ့တဲ့ ... သူ့ကို ... ကျမက ကျေးဇူးတင်သလို ... သူကလဲ ကျမကို ကျေးဇူးတင်ပါသတဲ့။ မနေ့က ကျမအတွက် ဟောဒီကဗျာလေး သူရေးပေးခဲ့ပါတယ်။
***
"ကျွန်တော့် ကဗျာ"

သူက ကျွန်တော့်ကဗျာ ... 
နှလုံးသားမြစ်တခု ထုဆစ်မွေးဖွါးပေးခဲ့တယ်။
တိမ်ဖုံးတဲ့ ညခင်းမှာ 
လဝန်းကို သူရှာပေးခဲ့တယ်။

စုန်ချီတခါ ဆန်ချီတလှည့်
ဦးတည်ရာမဲ့နေတဲ့ ဒိုက်အမှိုက်ကလေးကို
နွေ လေအမြူးမှာ ... လေဦပေါ် တင်ခေါ်ခဲ့သူပါ။

သူ .... 
သူဟာ ကျွန်တော့်ရဲ့ ကဗျာ
ကဗျာစစ်စစ်ဟာ
သူပဲ ဖြစ်လေတော့တယ်။    ။ 
***
(လင်းသူရိယနွယ် - ၄.၀၅.၁၅)
***




5 comments:

San Htun said...

ကွန်ကရက်ကျူလေးရှင်း မမမေ...ပျော်ရွှင်ဖွယ် မင်္ဂလာနှစ်ပတ်လည်ပေါင်းများစွာကို ဆင်နွှဲနိုင်ပါစေ...နှစ်ယောက်စလုံးရဲ့  ကဗျာလေးတွေက ချစ်စရာကောင်းတယ်...

စုချစ် said...

ချစ်သောမေနဲ့ ခင်ပွန်း ... ချစ်ခင်ပျော်ရွှင်စွာ ဘဝခရီးလမ်းကို သက်ဆုံးတိုင် အတူလျှောက်လှမ်းကြရင်း ပါရမီဖြည့်နိုင်ကြပါစေ...

blackroze said...

ကဗျာတွေချစ်ခြင်းတွေနဲ့ ထုံမွှန်းနေတဲ့
မင်္ဂလာဦးမှ..ထာဝရ တိုင်ပါစေအမ..

Kay Thwel said...

ဘ၀ ကို အကြီး ကြီး နဲ့ အကျေနပ်ဆုံး စ နိုင် ပါစေ သော်ဝ်

ဇွန်မိုးစက် said...

ကဗျာလေးက ကောင်းလိုက်တာ။း)
ဟိုးအရင် စိုးသူနဲ့ ထွန်းအိန္ဒြာဗို သရုပ်ဆောင်ထားတဲ့ ဗွီဒီယိုတစ်ခုကို သွားသတိရတယ်။ စိုးသူက ဆရာဝန်ဘွဲ့ရတစ်ယောက်ဖြစ်ပေမယ့် အလုပ်မရှိ၊ ၀င်ငွေမရှိတော့ မင်္ဂလာဦးညမှာ ဇနီးကို ကဗျာတစ်ပုဒ်နဲ့ တင်တောင်းခဲ့တာလေ။ :D
ပကာသနာမပါဘဲ ရိုးစင်းတဲ့လက်ထပ်ပွဲကိုလည်း သဘောကျတယ်။ အစ်ကိုနဲ့အစ်မ ရာသက်ပန်ရိုးမြေကျ မေတ္တာမကုန် သစ္စာထုံလို့ ချစ်ခင်ပေါင်းဖက်နိုင်စေသော်ဝ်။း))

ဆုမွန်ကောင်းများစွာဖြင့်
ညီမဇွန်