Thursday, May 14, 2015

မြစ်ကမ်းနံဘေးက မြက်ခင်းလေး ...



အိမ်နဲ့ မနီးမဝေးမှာ Kallang river လို့ခေါ်တဲ့ မြစ်ကလေး တစင်းရှိတယ်။ စင်္ကာပူမှာ အရှည်ဆုံးမြစ်ဆိုတဲ့ ဒီမြစ်က ၁၀ ကီလိုမီတာ ရှည်သတဲ့ ... ။ မိုင်ပေါင်း ၁၃၀၀ ကျော် (ကီလိုမီတာ အားဖြင့် ၂၀၀၀ကျော်) ရှည်လျားတဲ့ ကိုယ့်နိုင်ငံက ဧရာဝတီမြစ်ကြီးနဲ့ နှိုင်းယှဉ်လိုက်ရင် ဒီမြစ်ကလေးက ချောင်းသာသာ။

ခင်ပွန်းသည် အလုပ်အားတဲ့ ညနေခင်းတွေဆို အဲဒီမြစ်ကမ်းနံဘေးမှာ နှစ်ယောက်အတူ လမ်းလျှောက်လေ့ရှိကြတယ်။ မြစ်ပြင်ကိုဖြတ် တိုက်ခတ်လာတဲ့လေကို တဝကြီးရှူရှိုက်ပြီး ကမ်းခြေက မြက်ခင်းလေးပေါ်မှာ ပါလာတဲ့ မုန့်တွေထိုင်စားရင်း နှစ်ယောက်သား စာအကြောင်း ပေအကြောင်း ရောက်တတ်ရာရာတွေ ပြောဆိုဆွေးနွေးကြတဲ့ ညနေခင်းလေးတွေဟာ တကယ်ကို သာယာလှပါတယ်။


 မြစ်ကမ်းခြေမှာ မြက်ခင်းစိမ်းစိမ်းလေးနဲ့၊ စီတန်းနေတဲ့ အုန်းပင်တန်းလေးနဲ့၊ အပမ်းဖြေနားနေဖို့ ခုံတန်းလေးတွေနဲ့ ... စသဖြင့် ရှိကြသလို သန့်ရှင်းသပ်ရပ်တဲ့ သန့်စင်ခန်းလေးတွေနဲ့ အချိုရည်ဝယ်လို့ရတဲ့ vending machine တို့လည်း ရှိပါတယ်။ အားကစား လေ့ကျင့်သူတွေ၊ လေညင်းခံ လမ်းလျှောက်သူတွေ၊ အပမ်းဖြေ လာရောက်သူတွေနဲ့ မြစ်ကမ်းခြေရဲ့ ညနေခင်းလေးက စည်စည်ကားကားပေါ့။ မြစ်ထဲမှာတော့ ဒိုက် အမှိုက် ရှင်းတဲ့ စက်လှေငယ်လေးတွေ၊ ပြိုင်ပွဲအတွက်  လေ့ကျင့်နေတဲ့ လှေလှော်အဖွဲ့တွေနဲ့ မြစ်ငယ်ကလေးက သက်ဝင်လှုပ်ရှားလို့။

တချိန်က ဗြိတိသျှကိုလိုနီခေတ် မတိုင်ခင်ကဆို ဒီမြစ်ကလေးကို အမှီပြုနေထိုင်သူတွေ အများသားလို့ သိရတယ်။ မြစ်ကမ်းနံဘေးမှာ တဲကလေးတွေနဲ့ နေထိုင်ကြသူတွေရော လှေတွေကို အိမ်လုပ်ပြီး တံငါအလုပ်နဲ့ အသက်မွေးသူတွေရောပေါ့။ ဒီနေရာတဝိုက်ကလဲ ရွှံ့နွံတောကြီးဆိုပဲ။  နောက်ပိုင်း ဗြိတိသျှတွေ ဒီကျွန်းကလေးကို ရောက်လာတော့ ကျွန်းအုပ်ချုပ်သူက သူတို့ကို တခြားကို ရွှေ့လိုက်တယ်။ ဒီ့နောက်မှာတော့ ကုန်သွယ်မှုအတွက် ဒီမြစ်ကလေးကို အသုံးချလာကြပြန်ပါတယ်။


အခုတော့ ... ကွေ့ကောက်စွာ စီးဆင်းနေတဲ့ ဒီမြစ်ငယ်ကလေး နံဘေးမှာ စက်ရုံအလုပ်ရုံ မရှိသလောက်ပါပဲတဲ့။ ဒီမြစ်ကလေးအနီးတဝိုက် စိမ်းစိုသာယာဖို့ ပရောဂျက်တွေချပြီး လုပ်ကြတယ်၊ မြစ်ရေအနက်ကိုလည်း တသမတ်တည်း ရှိနေဖို့ ထိမ်းသိမ်းထားကြပြီး မြစ်ထဲမှာ လှေပြိုင်ပွဲတွေလည်း ကျင်းပလေ့ရှိကြတယ်လို့ သိရပါတယ်။

ပင်လယ် မြစ်ချောင်း အင်းအိုင်တွေကို နှစ်သက်သူပီပီ ဒီမြစ်ကလေးရဲ့ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်လေးကို ပြန်တွေးရင်း ကိုယ့်နိုင်ငံက မြစ်ပြင်ကျယ်ကြီးတွေရဲ့ ပုံရိပ်ဟာ စိတ်ထဲ အစီအရီ ပေါ်လာတော့တယ်။ အရှိန်ပြင်းစွာစီးဆင်းနေတဲ့ ညစ်ထေးထေး မြစ်ရေတွေ ... ဒီမြစ်ရေကိုပဲ ချိုးကြ သောက်ကြ လျှော်ဖွပ်ကြတဲ့ မြစ်ကမ်းနံဘေးမှာ နေထိုင်သူတွေ ... မြစ်ရေတိုက်စားလို့ ပြိုကျခဲ့ရတဲ့ ကမ်းပါးတွေ ... မြစ်ရေတိုးလို့ နစ်မြုပ်ခဲ့ရတဲ့ အိမ်ကလေးတွေ ... မြစ်ရေစီးကြောင်းထဲက ဘဝတွေ ဘဝတွေ ... ။ ဒါတွေကို  မြင်ယောင်ရင်း ကိုယ့်နိုင်ငံက မြစ်ကြီးတွေရဲ့ ကမ်းခြေတွေမှာ စိမ်းစိုတဲ့ မြက်ခင်းကလေးတွေ ဘယ်တော့များမှ လက်တွေ့ မြင်ရပါ့မလဲလို့ ... လို့ ဝေဝေဝါးဝါး စဉ်းစားနေမိပါရဲ့ ... ။
***
မေဓာဝီ
၁၄၊ မေ၊ ၂၀၁၅
၁၈း၀၃ နာရီ (စင်္ကာပူ စံတော်ချိန်)

(ဖေ့စ်ဘုတ်မှာ တင်ထားတာလေး ပျောက်သွားမှာစိုးလို့ ဒီမှာလဲ ပြန်တင်လိုက်ပါတယ်)

2 comments:

ဇွန်မိုးစက် said...

ဇွန်တောင် Kallang River နားကို မရောက်ခဲ့ဖူးရယ်။ ယူးနို့စ်အသွား ရထားပေါ်ကနေပဲ လှမ်းကြည့်ဖူးတာ။
မေလဆန်းတုန်းက ပြည်ဘက်သွားရင်း အကောက်တောင်ကို ဘုရားဝင်ဖူးတော့ သောင်တွေ တအားထွန်းနေတဲ့ ဧရာဝတီမြစ်ပြင်ကျယ်ကြီးကိုကြည့်ပြီး စိတ်မကောင်းဖြစ်ခဲ့ရတယ် မမေရယ်။း(

Ma Tint said...

တီတင့်လဲ အကြိမ်ပေါင်းများစွာ စင်္ကာပူနိုင်ငံကို ရောက်ဘူးခဲ့ပေမယ့် အခုမှ Kallang River အကြောင်းဖတ်ဘူးတော့တယ်။ နကိုယ်ကမှ စာရေးကောင်းတဲ့ မမေတစ်ယောက်ရဲ့ ရသစုံစာလေးတွေ မကြာခဏဖတ်နေရပြီ ....ဖတ်ဖြစ်တိုင်း ကြည်နူးစရာပါ။