Friday, September 19, 2014

လိမ္မော်သီး နဲ့ angry bird

*
မေဓာဝီ ပန်းချီဆွဲနေသည်။
ကျောင်းတွင်းပန်းချီပြိုင်ပွဲ
***
ဟုတ်ပါတယ်။  မေဓာဝီတယောက် ပြီးခဲ့တဲ့ နွေရာသီ ကျောင်းပိတ်ရက်ကစလို့ ပုံဆွဲစာအုပ်ရဲ့ စာမျက်နှာတွေပေါ်မှာ ရောင်စုံခဲတံနဲ့ တမျိုး ရောင်စုံရေဆေးတွေနဲ့ တဖုံ ပုံတွေဆွဲနေခဲ့တယ်။ တကယ်တော့ သူဟာ ပန်းချီပညာကို လေ့လာချင်နေခဲ့တာ ဟိုးငယ်ငယ်လေးကတည်းက တဲ့ ... ။ အခွင့်အရေး မပေးတဲ့ အတွက် သေသေချာချာ မသင်ယူ မလေ့လာခဲ့ရဘူး။ ဒီလိုနဲ့ ဘလော့ဂ်စရေးတော့ သူနဲ့ ရေးဖော်ရေးဖက် ဘလော့ဂါတွေထဲမှာ ပန်းချီပညာရှင်တွေ ဝါသနာရှင်တွေကို မြင်တွေ့ရတဲ့အခါ ပန်းချီဆွဲချင်တဲ့ သူ့ရဲ့ဆန္ဒဟာ တနေ့တခြား ကြီးမားလို့ လာခဲ့ပြန်တယ်။
ပထမဆုံး ရေးတဲ့ ရေဆေးပန်းချီ
စင်္ကာပူက မစုချစ် ဆွဲတဲ့ (ဦးရေချမ်းနဲ့ မရွှေစု) ကာတွန်းလေးတွေကို သိပ်သဘောကျသလို ပုံတူပန်းချီတွေဆိုရင်လဲ ရင်သပ်ရှုမော ဖြစ်ခဲ့ရတယ်။  ပန်ဒိုရာရဲ့ ပန်းချီတွေဆိုလဲ ကွန်ပျူတာပေါ်မှာ ဆွဲတဲ့ ပန်းချီရော အပြင်မှာဆွဲတဲ့ ပန်းချီတွေပါ ချစ်စနိုးနဲ့ နှစ်သက်ခဲ့ဖူးတယ်။ နောက် ကဗျာတွေ စာတွေလဲရေး၊ ဂစ်တာလဲတီး သီချင်းလဲဆို၊ ပန်းချီလဲဆွဲတဲ့  မချစ်ကြည်အေး နဲ့ ပျိုးယုဝသုန် ... စသဖြင့် ပန်းချီဆွဲတဲ့ ဘလော့ဂါတိုင်းကို အားကျစိတ်နဲ့ သူ့မှာ ငေးမောနေခဲ့ရတာ ... ။ ဟိုးနော်ဝေးနိုင်ငံက ဦးသစ်နက်ဆူးကတော့ တကယ့် ပါရမီ့ရှင် ပရိုတယောက်မို့ သူဆွဲသမျှ အံ့သြတကြီး ပါးစပ်အဟောင်းသား ... လက်ဖျားတွေ ခါလို့ပေါ့။ ဘိလပ်က တုံးဖလားသူကြီးမင်းတို့လို ကိုယ်တိုင်ရေး တကြောင်းဆွဲ ပန်းချီတွေနဲ့ ဘလော့ပို့စ်တွေကို ခပ်တည်တည် သရုပ်ဖော်နေတာလဲ အင်း ... အားကျစရာပါပဲလေ ... ။ :)

ဒီလိုနဲ့ သူလဲပဲ ပန်းချီဆွဲချင်တဲ့စိတ်တွေ တားမရ ဆီးမရ ဖြစ်လို့လာပါတယ်။ ခက်တာက ဝါသနာသာ ပါတယ် ... ပါရမီက နည်းလွန်းလှတာကြောင့် ညီအစ်မ သုံးယောက်ထဲမှာ သူဟာ ပန်းချီပညာမှာ အညံ့ဆုံးပဲတဲ့။ သူတို့ ညီအစ်မ သုံးယောက်လုံး သူငယ်တန်းကတည်းက လသာ-၂ မှာ ကျောင်းတက်ကြပါတယ်။ အဲဒီခေတ်တုန်းက ပဉ္စမတန်းက စပြီး ကျောင်းမှာ ပန်းချီ၊ အိမ်တွင်းမှု၊ ဘင်ခရာ၊ ဂျွမ်းဘား စသဖြင့် ကျောင်းသင်ခန်းစာ မဟုတ်တဲ့ ဘာသာရပ်တွေထဲက ကိုယ်ကြိုက်တာ ရွေးချယ်သင်ယူခွင့်ရှိတယ်။ အစ်မကြီးက ဘင်ခရာထဲပါတယ်၊ အစ်မလတ်က ပန်းချီ သင်တယ်။ ကိုယ်ကိုယ်တိုင် ဘာကို ဝါသနာပါမှန်း မသိတဲ့ မေဓာဝီဟာ ယောင်ချာချာနဲ့ ဘာလုပ်ရမှန်း မသိခဲ့ဘူး။ 
Hanging Garden ခဲပန်းချီ
သူငယ်ချင်းတချို့က အိမ်တွင်းမှု သင်တန်းထဲပါတော့ သူလဲ အိမ်တွင်းကို လိုက်မှုပါတယ်။ အိမ်တွင်းမှုချိန်မှာ အပ်နဖား ထိုးရင်း မိုးလင်း ... အဲ ... စာသင်ချိန် တချိန်ကုန်သွားလို့ ဘာမှ မလုပ်လိုက်ရတာကလဲ ခဏခဏ။ အပ်စောင်းထိုးနဲ့ ဝက်သိုးထိုးကလဲ ခုထိမကွဲသေးဘူး၊ အပ်ပြန်ပေါက်ဆို ကိုယ့်လက်ကို ကိုယ် အပ်နဲ့ ပြန်ပြန်ပေါက်နေလို့ ဒဏ်ရာနဲ့ ဒဏ်ချက်။ အဲဒါနဲ့ နောက်တမျိုး ပြောင်းမှပါ ဆိုပြီး ဂျွမ်းသွားထိုးတယ်။ ကိုယ့်အချစ်ဆုံး သူငယ်ချင်းတယောက်က ဂျွမ်းဘားထဲ ပါတာကိုး။ ဇွဲရှိတဲ့ မေဓာဝီဟာ သူငယ်ချင်းနဲ့ လိုက် ဂျွမ်းထိုးရင်း ဇက်တွေနာ ကိုယ်လက်တွေ နာတော့ ဆက်မလုပ်ချင်တော့ပြန်ဘူး၊ ကိုယ့်ခန္ဓာကိုယ် အချိုးအဆက်နဲ့ ဂျွမ်းဘားနဲ့ကလဲ အဆင်မပြေတာပါတာပေါ့။ ဒါနဲ့ နောက်ဆုံး ပန်းချီခန်းထဲ ရောက်သွားပါရော။

ပန်းချီခန်းမှာ ဟိုခြစ် ဒီခြစ် လျှောက်ခြစ်နေတုန်းကတော့ ဟုတ်လို့ပါပဲ။ တရက်တော့ ဆရာမက အနီရောင် ရှိသော ပန်းသုံးမျိုး ဆွဲခဲ့ပါဆိုပြီး အိမ်စာပေးလိုက်တယ်။ အဲဒီမှာ မေဓာဝီတယောက် ခွကျတော့တာပဲ။ သုံးမျိုးပြည့်အောင် ဘာပန်းတွေ ဆွဲရမလဲ မသိဘူး။ အဝိုင်းလေးထဲမှာ အရစ်လေးတွေခွေပြီး အနီရောင်လေးခြယ် နှင်းဆီပန်း နာမည်တပ်လိုက်တယ်၊ တူတာ မတူတာ အပထားပေါ့။ နောက်တခါ ...  ရိုးတံရှည်လေး ဘေးတဖက်တချက်မှာ ပွင့်ဖတ် အနီရောင်လေးတွေ ကပ်ဆွဲပြီး သစ္စာပန်းလို့ နာမည်တပ်၊ ပန်း နှစ်မျိုးတော့ရပြီ။ နောက်တမျိုးအတွက် ဘာဆွဲရမှန်း မသိတော့ အစ်မလတ်က အကြံပေးတယ်၊ ကြာပန်းအနီလေး ဆွဲပါလား ... တဲ့။ အင်း ... ဟုတ်သားပဲ၊ ကြာပန်းက အနီရောင် ... ။ ကြာပန်းက အနီရောင်ပေမဲ့ ... ခက်တာက ကြာပန်းမဆွဲတတ်လို့ ဆွဲလိုက် ဖျက်လိုက်နဲ့ အချိန်တွေသာ လင့်ကုန်တယ်၊ ကြာပန်းနီနီက မဖြစ်လာသေးဘူး။ နောက်ဆုံး အစ်မလတ်က အမြင်မတော်လာတာနဲ့ သူ့ပုံဆွဲစာအုပ်ထဲမှာ  ကြာပန်းနီလေးတပွင့် ဆွဲပေးလိုက်ပါတော့တယ်။
ရေဆေးပန်းချီ
နောက်တနေ့ ကျောင်းရောက်တော့ ဆရာမဆီ စာအုပ်ထပ်တဲ့အခါ ဆရာမက အမှတ်ခြစ်နေရင်း သူ့စာအုပ် အလှည့်အရောက်မှာ နာမည်ခေါ်ပါလေရော။ မရဲတရဲ အနားကပ်သွားတော့ ...
"ဒါ ... သမီးစာအုပ်လား"
"ဟုတ်ကဲ့"
“ဒီကြာပန်းက ဘယ်သူဆွဲပေးတာလဲ” ဆရာမက ဒဲ့ပဲ မေးပါတယ်။
“သမီးဆွဲတာပါ” သူကလဲ ဒဲ့ပဲ လိမ်လိုက်တယ်။
“မှန်မှန်ပြောနော်” ဆရာမကလဲ ကိုယ့်တပည့်ကို အဲဒီလောက် အယုံအကြည်ရှိတာ။
“ဟုတ်တယ် ... သမီးဆွဲတာပါ” သူကလဲ မထူးတော့ပြီမို့ ဆက်လိမ်တယ်။
ဘေးနားမှာ လူတွေကလဲ ဝိုင်းနေပြီ။ လိမ်နေရတာ ရှက်တော့လဲ ရှက်တယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ အမှန်အတိုင်း ပြောရမှာ ပိုရှက်နေခဲ့တယ်။

“ကဲ ... ဟုတ်ပြီ ... ဒါဆို ... ရော့ ... ဒီမှာ ဆွဲပြ”
ဂိ ... သေပြီဆရာ ... ။ 
ဆရာမစားပွဲနား ဝိုင်းနေတဲ့ လူတွေကြားထဲမှာ မြုပ်နေတဲ့ မေဓာဝီဟာ ပိုပြီး ပုဝင်သွားမတတ်ပဲ။ ဆရာမက မြေဖြူခဲကြီးပေးပြီး သူ့စားပွဲပေါ်မှာ ကြာပန်းပုံ ဆွဲခိုင်းတယ်။ လိမ်ညာတယ်ဆိုတာ ဘယ်အခါမှ မကောင်းပါဘူး။ မျက်စိပျက် မျက်နှာပျက်နဲ့ မေဓာဝီဟာ လူတွေအလယ်မှာ ချွေးပျံရင်း ခုလို ပြန်ပြောလိုက်တယ်။ 
“သမီး မြေဖြူခဲနဲ့ ပုံမဆွဲတတ်ပါဘူး တီချာ”

ဆရာမက စိတ်ပျက်သွားလို့ပဲလား၊ သနားသွားလို့ပဲလား၊ လူတွေအုံနေတာကို မကြိုက်လို့ဘဲလား ... တခုခုကြောင့်ပါပဲ၊ သူ့ကို အတင်းအကျပ် ဆက်မဆွဲခိုင်းတော့ဘဲ နောက်တပုံ ကိုယ်တိုင် ထပ်ဆွဲခဲ့ဖို့သာ ပြောလိုက်ပါတော့တယ်။

အဲဒီ အဖြစ်အပျက်ဟာ သူ့စိတ်ထဲမှာ ခုချိန်ထိ စွဲထင်ကျန်နေတယ်။ ဟန်ဆောင် လိမ်ညာမိတာကိုလဲ ပြန်တွေးတိုင်း တနုံ့နုံ့နဲ့ ရှက်ခဲ့ရပါတယ်။ 
***
ဒီနောက်မှာတော့ ပုံဆွဲခြင်းနဲ့ သူဟာ အတော်လေး ကင်းဝေးသွားခဲ့ပြန်တယ်။ ဟိုဟာ ဒီဟာ ယောင်ခြောက်ဆယ် လျှောက်လုပ်ရင်း သူ့ရဲ့ ငယ်ဘဝက ကိုယ့်ဝါသနာ ဘာမှန်းမသိဘဲ ကုန်ဆုံးခဲ့တယ်။

ထူးအိမ်သင် အမှတ်တရ ခဲပန်းချီ
ကိုးတန်းလောက်မှာ ဂစ်တာလေး မတောက်တခေါက် စတီးနေပြီ။ ကဗျာတို စာတိုတွေ စရေးနေပြီ။ ပန်းချီဆွဲရမှာကိုတော့ သူရှက်ရွံ့နေဆဲလား မပြောတတ်ဘူး။ အလှမ်းဝေးနေဆဲပဲ။ နွေရာသီ ပန်းချီသင်တန်း ကြော်ငြာလေးတွေ သတင်းစာထဲမြင်ရင်၊ ပန်းချီကျောင်းက လျှောက်လွှာတွေ ခေါ်တာတွေ့ရင် အပြေးသွားတက်ချင်ပေမဲ့ အခြေအနေက မပေးခဲ့ဘူး။ ဒါပေမဲ့ သူဟာ ပန်းချီကားတွေကို နှစ်သက်တယ်၊ ပန်းချီပြပွဲတွေ သွားကြည့်တယ်၊ ပန်းချီဆရာတွေကို လေးစားအားကျတယ်။ ဒီလောက်နဲ့ပဲ နှစ်ပေါင်းများစွာ ကြာခဲ့တယ်။
***
၂၀၁၂-မတ်လမှာ သူ အင်္ဂလန်က ပြန်ရောက်ပြီး အစ်မကြီး ဦးစီးတဲ့ ကျောင်းမှာ ကူညီလုပ်ကိုင်ရတော့ ကလေးတွေကို စာသင်တဲ့နေရာမှာ ပန်းချီပညာက အထူးသဖြင့် လိုအပ်တယ်လို့ ပိုပြီး သိခဲ့ရတယ်။ B.Ed တက်ရင် ပန်းချီကို သီးသန့် သင်ရတယ်လို့ ကျောင်းမှာလုပ်နေတဲ့ B.Ed ဆင်း ဆရာတွေကလဲ ပြောပြတယ်။ အဲဒီဆရာတွေ စာသင်တဲ့အခါ ဝှိုက်ဘုတ်မှာ ပုံတွေဆွဲပြီး သင်ပြကြတာကို မြင်တော့ သူ့ရဲ့ ပန်းချီပိုးက ပြန်နိုးကြွလာပြန်တယ်။

ပြီးခဲ့တဲ့ နွေရာသီမှာတော့ ပန်းချီသင်ချင်တဲ့ ကျောင်းသားလေးတွေအတွက် ပန်းချီဆရာခေါ်တဲ့အခါ သူက ဒီလို စဉ်းစားတယ်။ ဒီတနှစ်ကို ကလေးတွေနဲ့အတူ သူပါ လိုက်သင်လိုက်မယ်။ နောက်နှစ်ကျရင် ဆရာမငှားတော့ဘူး၊ သူပဲ သင်မယ် ... တဲ့။ အကြံကြီးတာ ... ။ မရိုးသားတဲ့ မေဓာဝီဟာ ပန်းချီဆရာကိုတော့ အဲဒီလို မပြောပါဘူး ... ။ ကျမလဲ လိုက်သင်ပါရစေ ဆရာ ... ပန်းချီပညာကို ဝါသနာပါလို့ပါ ... ဘာညာ ဆိုတော့ ဆရာကလဲ အိုကေ တဲ့။ ဒီလိုနဲ့ မေဓာဝီတယောက် အခြေခံ ပန်းချီသင်တန်း စတင် တက်ဖြစ်သွားလေသတည်း ဆိုပါတော့။
သင်တန်းမှာ လူကလဲ သိပ်မများပါဘူး။ ၂ တန်း၊ ၅ တန်း၊ ၇ တန်း ... စသဖြင့် အရွယ်မညီတဲ့ ကျောင်းသား လေးငါး ခြောက်ယောက်နဲ့ ကြီးကောင်ကြီးမား မေဓာဝီနဲ့ ပန်းချီတွေ အတူတူ ဆွဲကြပါတော့တယ်။ ကလေးတွေနဲ့ အတူသင်ရတော့ နှေးပေမယ့် တခုကောင်းတာက သူတို့လေးတွေရဲ့ အိုင်ဒီယာတွေကို လေ့လာခွင့်ရသလို၊ သူတို့မေးတတ်တဲ့ မေးခွန်းမျိုးလေးတွေလဲ သိနိုင်တယ်၊ ဒါ့ပြင် ဘယ်လို အခြေအနေမှာ သူတို့ ငြီးငွေ့တတ်ပြီး ဘယ်လိုအခြေအနေမျိုးမှာ စိတ်အားထက်သန်တယ် ဆိုတာတွေပါ သိနိုင်ခဲ့ပါတယ်။ 

ဒီလိုနဲ့ နွေရာသီ သုံးလ ကလေးတွေနဲ့အတူ ပန်းချီသင်ပြီးနောက် ပန်းချီပိုး အတော်ဝင်သွားတဲ့ မေဓာဝီဟာ ပန်းချီသင်တန်း မတက်တဲ့ ကျောင်းသားတွေကိုပါ ပုံဆွဲစာရွက်တွေ ရောင်စုံခဲတံနဲ့ ရေဆေးရောင်စုံတွေ ပေးပြီး ကျောင်းတွင်း ပန်းချီပြိုင်ပွဲတွေ လုပ်လိုလုပ်၊ သူကိုယ်တိုင် ဟိုရေးဒီရေး လုပ်ထားတဲ့ ပန်းချီကားတွေကို ကျောင်းသားတွေကို အမှတ်တရ လက်ဆောင် ပေးလိုပေး ပန်းချီလောကကြီး အသက်ရှင်သန်ရေးအတွက် မနားမနေ ကြိုးစားပါတော့တယ်။

ရောင်စုံခဲတံနဲ့ဆွဲတဲ့ ငှက်ကလေး
စနေ တနင်္ဂနွေ တပတ် နှစ်ရက် နဲ့ ၃လ (၂၄- ရက်တိတိ) ပန်းချီသင်တန်းဆင်းကြီး မေဓာဝီဟာ သူစာသင်တဲ့အခါ တတ်သည့်ပညာ မနေသာဆိုသလို ဝှိုက်ဘုတ်ပေါ် ပုံတွေဆွဲပြီး သင်ဖို့ ကြံစည်ပြန်တယ်။ သူသင်ရတဲ့ အတန်းက Starter level ... အသက် ၅ နှစ် ၆ နှစ် ၇ နှစ် ကလေးတွေပေါ့။ ကလေးတွေကို ဝှိုက်ဘုတ်မှာ ခဲတံပုံလေးဆွဲပြီး What is this? လို့ မေးရင် ကလေးတွေက This is a pencil. လို့ ဖြေကြတာပေါ့။ ခဲတံ ပြီးတော့ စာအုပ်၊ ပြီးတော့ နားရွက်ရှည်ရှည် ယုန်ကလေး ... စသဖြင့် ဆွဲလိုက် မေးလိုက်နဲ့ အဆင်ပြေနေပါတယ်။ ဒါပေမဲ့ ပန်းသီးပုံ ဆွဲပြဖို့တော့ သူ မကြိုးစားခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ... သူကြားဖူးခဲ့တဲ့ ဟာသပုံပြင်လေး တခုကြောင့်ပါပဲ။

တခါက ဆရာမလေးတယောက်ဟာ ဆိုးတယ်လို့ နာမည်ကြီးတဲ့ အတန်းကို စပြီး သင်ရသတဲ့။ ဆရာမလေး အတန်းထဲဝင်လာပြီး ကျောက်သင်ပုန်းပေါ်မှာ ပန်းသီးပုံကြီး ဆွဲလိုက်တယ်။ အဲဒါဘာလဲ ... ဆိုတော့ ကျောင်းသားတွေက (ကန်တော့ပါရဲ့) ဖင်တုန်းကြီးပါ ဆရာမလို့ တညီတညွတ်ထဲ ဖြေကြပါသတဲ့။ ဆရာမလေးလဲ ရှက်သွားပြီး ကျောင်းအုပ်ဆရာကြီးကို သွားတိုင်တာပေါ့။ “အတန်းထဲက ကျောင်းသားတွေ ကျမကို ဝိုင်းနောက်နေကြပါတယ် ဆရာကြီး” ... ။ “ဟင် ဟုတ်လား၊ ငါလိုက်ပြီး ဆုံးမမယ်” ဆရာကြီးလဲ စိတ်ဆိုး မာန်ဆိုးနဲ့ အတန်းထဲကို လိုက်လာပြီး ကျောက်သင်ပုန်းကို မြင်တော့ ခုလို ပြောလိုက်သတဲ့။ 

“ဟေ့ ... ကျောက်သင်ပုန်းပေါ်မှာ ဖင်တုန်းကြီးပုံ ဘယ်သူ ဆွဲထားတာလဲကွ” တဲ့။

အဲဒီအကြောင်းလေး ဖတ်ဖူးထားတော့ သူ ပန်းသီးပုံ မဆွဲရဲဘူး။ တခြား လွယ်တဲ့အသီး စဉ်းစားပြီး လိမ္မော်သီးပုံလေး ဆွဲလိုက်ပါတယ်။ လိမ္မော်သီးဆိုတော့ ထိပ်က စူစူလေးစဆွဲပြီး အောက်က အဝိုင်းလေး ဝိုင်းလိုက်တာပေါ့။  ဆွဲနေတုန်းမှာပဲ ဘာပုံလဲတောင် မမေးရသေးဘူး၊  ကျောင်းသူလေး တယောက်က ထအော်ပါတယ်။
“Angry bird” တဲ့ ... ။
***
ကိုင်း စာဖတ်သူများ ... ဒီလောက်ဆို မေဓာဝီရဲ့ ပန်းချီလက်ရာကို သဘောပေါက်လောက်ပါပြီ။ သူကိုယ်တိုင်လဲ အတော်လေး သဘောပေါက်သွားပါတယ်။ ပုံပြင်ထဲက ဆရာမလိုတော့ သူက ရှက်ပြီး ဆရာကြီးကို သွားမတိုင်ပါဘူး။ ဒါပေမဲ့ angry bird နဲ့ တူတဲ့ လိမ္မော်သီးလေးကို ဝှိုက်ဘုတ်ပေါ်က ဖျက်ကာ တခြားပုံတပုံ ပြောင်းဆွဲပြီး သင်ခန်းစာတွေကို ဆက်သင်ခဲ့ပါတယ်။ နောက်ပိုင်း သူ့ရဲ့ အတန်းမှာ ...  လိမ္မော်သီးပုံ ဘယ်တော့မှ မဆွဲတော့ဘူးတဲ့။
***
ပန်းချီဆွဲသူ အပေါင်းအား လေးစားလျက်-

မေဓာဝီ
၂၀၊ ၀၉၊ ၁၄
၀၀း၃၀ နာရီ (မြန်မာစံတော်ချိန်)

BPP Challenge အတွက် ရေးသောပို့စ် ဖြစ်ပါတယ်။ နောက်ထပ် တဂ်လိုသူများကတော့ ... 


ရေးနိုင်ရင် ရေးပေးကြပါ။ မရေးနိုင်ရင် ၅၀၀၀ ကျပ် တဲ့။ ကျမပြောတာ မဟုတ်ဘူးနော်။  :D သဂျီးတို့ တီတင့်တို့။  

13 comments:

Anonymous said...

ဟားဟား မမေ ကတော့

ရွှေစင်ဦး

သူကြီးမင်း (တုံးဖလား) said...

တကြောင်းဆွဲပန်းချီ တဲ့။ ခ် ခ် ခ်။

အန်းဂရီးဖြစ်လွန်းလို့ ကလေးတွေက အန်းဂရီးလို့ ပြောချင်တာကို မပြောရက်လို့ ဘာ့ဒ် ကလေး ထည့်ပေးလိုက်တာ ဖြစ်မယ်။း)

ဒါဆို နာမည်သစ်တစ်ခုတော့ ရသွားပြီပေါ့။
ပန်းချီဆရာမကြီး ဒေါ်မေနန္ဒာ (အန်းဂရီးဘာ့ဒ်)

ချစ်ကြည် အေး said...

အားမ​လျှော့နဲ့ စိတ်​မကျနဲ့ ဒီလိုပဲ ဆွဲသာဆွဲ ညီမေ​မေ၊မချစ်​လည်း စနစ်​တကျမတတ်​ဘဲ ကိုယ်​ဆွဲတတ်​သလို ချ​နေတာပါပဲ :-)

Ma Tint said...

ပန်းချီဆွဲပညာကို သဘောကျခဲ့ပေမယ့် ငယ်ငယ်ထဲက ကြိုးစားဆွဲသမျှ မမေပြောတဲ့ ပန်းသီးပုံထက်ဆိုးနေလို့ ... ဒီပညာဖက်မှာ ပါရမီမပါဘူးထင်ပါရဲ့ .... :D
ထိုနည်း၎င်းပဲ ... ကဗျာစပ်လိုက်ရင်လဲ အမြီးအမောက်က မတည့် ... :P
စိန်ခေါ်ပို့စ်လေးတွေကနေ စီနီယာဘလော့ဂါတွေရဲ့ လင့်ခ်အသစ်လေးတွေ ရတာတော့ တီတင့်အတွက် အမြတ်ပေါ့ .... :)

ဇွန်မိုးစက် said...

း))
ဇွန်ငယ်ငယ်တုန်းကလည်း ပန်းချီဝါသနာပါခဲ့သေးတယ်။ စာရွက်အလွတ်တွေ့တိုင်း လျှောက်ခြစ်တတ်လို့ စာအုပ်အကောင်းတွေဆို မေမေက သိမ်းထားရတယ်။ မမေရေးတာလေးဖတ်ပြီး လသာ၂မှာ သုံးတန်းတုန်းက ပန်းချီချိန်က အိမ်စာပေးလိုက်တဲ့ ပန်းချီကားလေးအကြောင်း သတိရသွားတယ်။ ၀ါဆိုလား၊ ကထိန်လားတော့ မမှတ်မိတော့ဘူး၊ တခုခုအတွက် ဘုန်းကြီးလေးတွေထိုင်ပြီး တရားဟောနေပုံ ဆွဲခိုင်းလိုက်တာ။ အကျအနဆွဲပြီး နောက်ရက် ကျောင်းကားပေါ်မှာ သူများတွေကို ကြွား၊ အဲ.. ပြတာပေါ့။ အဲဒီမှာ ကျောင်းကားနောက်မှာ လိုက်ပေးတဲ့အကိုကြီးက ဇွန့်ပန်းချီစာအုပ်ယူကြည့်ပြီး... ဟဲ့ နင့်ဘုန်းကြီးက နားရွက်လည်း မပါပါလားဆိုတော့မှ... ဟုတ်ပ.. စီတန်းထိုင်နေတဲ့ ဘုန်းကြီးငါးပါးစလုံးရဲ့ခေါင်းမှာ နားရွက်တွေမှ မဆွဲထားဘဲ။ အဲတော့မှ သူ့ဆီကပြန်ယူပြီး နားရွက်တပ်လိုက်ရတယ်။ :D လေးတန်းမှာ အာဇာနည်ကုန်းပုံဆွဲပြန်တော့ ဆွဲကောင်းကောင်းနဲ့ အကန့်၉ကိုးကန့်ထက် ပိုဆွဲမိလို့ ဆရာမက ပြန်ပြင်ခိုင်းရတယ်။ :D အဲဒါတောင် ငါးတန်းရောက်တော့ ခပ်တည်တည်နဲ့ ရှန်ကာပြိုင်ပွဲအတွက် ပန်းချီခန်းမသွားပြီး ပန်းချီဆွဲလိုက်သေးတယ်။ :D

San Htun said...

မမေ ဆွဲထားတာတွေ ကြိုက်တယ်...ရေဆေးပန်းချီလေးတွေ အကြိုက်ဆုံး...:)

Maung Myo said...

အဟီးး...ပန်းချီ လက်ရာမြောက်ပုံများ ကျနော်နဲ့နီးနီး ကျနော်လည်း မြန်မာနိုင်ငံမြေပုံဆွဲတိုင်း မုန့်ကျိုးလိမ်တွေများလွန်းလို့ ဆရာမ ခေါက်တာ ခနခနခံရတယ်း))


ဒါနဲ့ သူကြီး ပန်းချီဆွဲတာ မမေပြောမှပဲသိတော့တယ် ။

ရေးမယ်ေ၇းမယ် ကျောင်းဆရာပြီးရင်ရေးမယ်နော့်း)

Sonata Cantata said...

ကိုဧရာကတော့ ပန်းချီလည်း ၀ါသနာပါတယ်...သူ ၀ါသနာပါတာတွေကတော့များပါတယ်။ မသီတာကတော့ ဘာဝါသနာပါတယ် ဆိုတာ ခုထက်ထိမသိသေး...အေးလေ.. ငယ်သေးတာကို... :)

တန်ခူး said...

Angry Bird ရဲ့ face shape က orange shape လေမေရဲ့... မေ မမှားပါဘူး... သူတို့ angry bird ကို ဘာလို့  လိမ္မော်သီးနဲ့ တူအောင် လုပ်လဲနော်... မေ့ပန်းချီလေးတွေ ကြိုက်ပါတယ်... မေ့အငွေ့ အသက်လေးလွှမ်းနေသလိုပဲ... အမဆို လူသာကြီးသွားတယ် ပန်းချီလက်ရာက သူငယ်တန်းပဲ...

:P said...

fင်တုံးကြီးနေရာအရောက် မအောင်းအီးနိုင်
ထ အော်ရယ်မိ

စုချစ် said...

မေလုပ်တာနဲ့ ပန်းသီး ပုံတောင် ဆွဲရဲတော့ဘူး... အဟိ... :P

ပဥာက် said...

အစ်မရေ ပန်းချီဆွဲရတာဝါသနာတူမို့ လင့်လေးပါယူသွာံးပြီနော်။ရေဆေးပုံရိုးရိုးရှင်းလေူးတွေသဘောကျတယ် အစ်မဆီကလေ့လာရမယ်

Anonymous said...

Hi sis,may I know what kind of school is this? My boy is 2 and half years old now. We lived in Singapore and planning to go back to Myanmar for my son education. I would like to send my son to the private school which can learn both English and Myanmar language. But, most of international school and private are teaching the subject by English language only. I want my son to love Myanmar's poem and language as well. Please kindly reply and advice to me. Thanks :)))