Thursday, April 03, 2014

ကြောင်ကလေး ... ကျနော်


တကယ်တမ်း ဘယ်တုန်းကမှ ကြောင်ကို မချစ်ခဲ့ဖူးပါဘူး။

ငယ်ငယ်ကတည်းက ကြောင်တွေ အများကြီးနဲ့ နေခဲ့ဖူးပေမဲ့ ပွတ်သီးပွတ်သပ် လာလုပ်ရင် အလွန်မုန်းတယ်၊ တညောင်ညောင် အော်သံကို နားညည်းတယ်၊ သူတို့ အညစ်အကြေးတွေကို ရွံရှာတယ်။ ပြီးတော့ ကြောင်ဆိုတာ ခွေးတွေလောက် သခင့်ဒဏ်ကို မခံဘူး ... အိမ်ပူရင် ထွက်ပြေးတယ် ဆိုတဲ့ စကားကလဲ စိတ်ထဲမှာ စွဲနေလို့ တော်ရုံတန်ရုံ ကြောင်ကို မချစ်ခဲ့ဘူး၊ စိတ်လဲ မရှည်ခဲ့ဘူး။ သနားစရာ ကြောင် သတ္တဝါလေးတွေဟာ ကျမအတွက်တော့ အမြင်ကပ်စရာ ဖြစ်နေခဲ့ပါတယ်။

သခင်ကို တွယ်တာလို့ ပွတ်သီးပွတ်သပ်လုပ်တာ ... သခင်ကို ပူဆာဖို့ တညောင်ညောင် အော်တာ ... သခင်ကို ချစ်စနိုးနဲ့ ဆိုးနွဲ့တာ ... သခင်အလိုမကျလို့ အော်ငေါက်ရင် နားလည်သလိုမျိုး မျက်နှာလေး ငယ်သွားတာ ... တကယ်တော့ ကြောင်လေးတွေက အလိုက်မသိတဲ့ ကလေးဆိုးလေးတွေ လိုပါပဲ။ တခါတလေ ကိုယ်တိုင်လဲ ဒီလိုမျိုး ဖြစ်ရင် ဖြစ်ဖူးလိမ့်မယ် မဟုတ်လား။ အဲဒီလိုတွေးလိုက်တော့ ကြောင်လေးတွေကို သနားသွားတယ်။ ကြောင်လေး နေရာက ခံစားရင်း ဒီကဗျာလေးကို ရေးဖြစ်ခဲ့တာပါပဲ။ ကြောင်ကလေး ကျနော် ... တဲ့။
***

ကြောင်ကလေး ... ကျနော်


အနားမှာရပ်ပြီး
ပွတ်သီးပွတ်သပ်
ကပ်ကပ်ပြီးလဲ ချွဲတတ်တယ်။

တစာစာ တလောင်လောင်
ညောင်ညောင် အသံပေး
အရေးလဲ ဆိုတတ်တယ်။

စိတ်ထင်ရင် အပိုးကျိုး
စိတ်မထင်ရင် အမျိုးမျိုး
တခါတလေလဲ ဆိုးတတ်တယ်။

ရိုက်ပုတ် ဆူငေါက်
အော်ဟောက်တဲ့အခါ
မျက်နှာလဲ ငယ်တတ်တယ်။

ချစ်ရင်မြှူ မုန်းရင်ဆူ
ငြူစူရင် ဝမ်းနည်း
မျက်ရည်လဲ ဝဲတတ်တယ်။

သခင်ရဲ့အနားမှာ
တဖဝါးမခွါ နေချင်ပေမဲ့
ထားခဲ့လဲ ခံရတတ်တယ်။

သခင့်ရဲ့ခြေရင်း
ဝပ်ဆင်းရစ်ခွေ
နေရတဲ့ ဘဝမှာပျော်
တညောင်ညောင် … အော်တဲ့
ကြောင်ကလေးဟာ … ကျနော် … ။ … ။
***
မေဓာဝီ
၃၊ ဧပြီ၊ ၂၀၁၄
၁၇း၃၅ နာရီ

5 comments:

Aunty Tint said...

ကြောင်ကိုမချစ်တာတော့ တီတင့်နဲ့တူပ မမေရေ...
ငယ်ငယ်ထဲက ကြောင်ဆိုရင် အသံတောင်မကြားချင်ဘူး နားညည်းလဲ မခံနိုင်။ ဒါပေမယ့် ကြွက်ပေါတဲ့နေရာမို့ ကြောင်မရှိလို့ မဖြစ်ပြန်ဆိုတော့ မွေးရတယ် :) တီတင့်ကလွဲရင် သားအဖသုံးယောက်ကတော့ ချစ်တတ်ပါ့ :)
"ကြောင်ကလေး ကျနော်" ကဗျာလေးတော့ သဘောကျတယ်။

မေတ္တာဖြင့်
တီတင့်

သူကြီးမင်း (တုံးဖလား) said...

ကဗျာကို ကြောင်ဘ၀ထဲ စိမ့်ဝင်ပြီး ရေးထားတာဆိုတော့......
"မေဓာဝီ"လို့ ခေါ်လိုက်ရင်..."ညောင်"..လို့များ ထူးလေမလား။း)

မြသွေးနီ said...

ကြောင်ဆို မချစ်တတ်ပေမယ့် “မီးညောင်”ဆိုတဲ့ ကြောင်ထီးလေးတစ်ကောင်မွေးခဲ့ဖူးပြီး၊ သံယောဇဉ်တွယ်လာချိန်ကျမှ သူက “မ” စိတ်မွှန်ပြီး သွေးပေါက်ပေါက်ကျအောင် ကိုက်လိုက်လို့ အသည်းတွေ ကွဲခဲ့ရဖူးတယ်။ မမေကဗျာလေးဖတ်မိတော့ မီးညောင်ကို လွမ်းသွားမိတယ်။

San San Htun said...

ဒီကဗျာလေးက မိုချီ (အိမ်ရှင့်ကြောင်) လေးနဲ့  သိပ်ကိုက်တာပဲ...

တိမ်မိုးဝေ said...

ချစ်စရာကောင်းတဲ့ကဗျာ :-)