Wednesday, January 29, 2014

မင်းသားလေး နှင့် ဆောင်းဥသြ

နံနက်စောစော ဘုရားသောက်တော်ရေခွက်တွေဆေးရင်း လေးလေးတွဲ့တွဲ့ တွန်ကျူးနေသည့် ဥသြငှက်သံကို ကြားလိုက်ရ၍ နွေရောက်ပြီလားဟု ရုတ်တရက် စိတ်ထဲတွေးလိုက်မိသည်။ နွေမရောက်သေးပါဘူး … ခုမှ ဇန်နဝါရီလတောင် မကုန်သေးဘူးလေ … ။

ဥသြ … ဥသြ … ဥသြ …

အသံက နီးလာလိုက် … ဝေးသွားလိုက် … လွမ်းလွမ်းဆွေးဆွေး အော်မြည်နေသော အသံပိုင်ရှင်ကို ကျမ လိုက်ရှာနေမိသည်။ ဟိုဘက်ခြံက ပိန္နဲပင်ကြီးပေါ်ကလား … အုပ်ဆိုင်းနေတဲ့ သရက်ပင်တွေဆီကလား … ။ အသံရှင်ကား ရှာ၍မရ။

ဒီလိုရာသီမှာ ဥသြတွန်သံကြားတိုင်း တစုံတရာကို သတိရမိ၏။ သတိရသည် ဆိုခြင်းထက် လွမ်းသည် … ဟု ပြောလျှင် ပို၍မှန်ပါလိမ့်မည်။ အလွမ်းဆိုတာ သတိရခြင်းထက်ပိုပြီး နက်ရှိုင်းတဲ့ ခံစားမှု မဟုတ်လား ။ ဘာကို လွမ်းသလဲဟု ဆိုလျှင် … ကျမ တခါမှ မတွေ့ဖူးသော မင်းသားလေးကို လွမ်းနေသည်။ “ကိုကို” ဟု တစုံတယောက်ကခေါ်သော ထို မင်းသားလေးကို လွမ်းနေမိသည်၊ ထို့ထက်ပို၍ ပြောရလျှင်တော့ လေးနက်သော ချစ်ခြင်း မေတ္တာတရားကို ကျမ လွမ်းနေမိပါသည်။
***
ထိုစဉ်က ကျမ အသက် နှစ်ဆယ်ကျော်အရွယ်၊ ကျောင်းပိတ်ရက်တွေဆို ဘွားဘွား (အဖေ့အမေ) ရဲ့ အိမ်မှာ နေ့လည်နေ့ခင်း သွားစောင့်ပေးရသည်။ ဘွားဘွားအနားမှာထိုင်ကာ သိုးမွှေး နှစ်ချောင်းထိုး ထိုးရင်း စကားစမြည်ပြော၊ မိုင်လို, အိုဗာတင်း ဖျော်ပေး၊ သွေးပေါင်ချိန်ပေး စသဖြင့် ပေါ့ပေါ့းပါးပါးနေရင်း အချိန်တွေကုန်ခဲ့ရသည်။ ကျမက စာရေးဝါသနာပါသူမို့ ဘွားဘွားက ရှေးဟောင်းနှောင်းဖြစ်ကလေးတွေ မှတ်သားစရာလေးတွေ ပြောပြလေ့ရှိသည်။ သူကိုယ်တိုင်လဲ စာရေးဝါသနာပါသူပင် … ။

ဆောင်းနှောင်းရာသီရဲ့ နေ့လည်ခင်းတခုမှာ ဘွားဘွားက ဒရင်းမ်ဘက်ပေါ် လှဲနေခိုက် အိမ်ခေါင်းရင်း ပိတောက်ပင်ကြီး ထက်မှ ဆွေးဆွေးမြေ့မြေ့ ဥသြတွန်သံကို ကြားလိုက်ရ၍ …

“ဟင် … ဥသြကလဲ နွေရာသီတောင် မရောက်သေးဘူး … အော်နေတယ်” ကျမကပြောတော့ ဘွားဘွားက ပြုံးပြီး …

“ဆောင်းရာသီမှာလဲ ဥသြလေးတွေ တွန်ပါတယ် … သမီးသတိမထားမိလို့ပါ…” ဟု ပြန်ပြောသည်။ တကယ်လဲ ထိုအချိန်ထိ ဆောင်းရာသီမှာ ဥသြတွေ တွန်တတ်တာကို ကျမ သတိမထားမိခဲ့ပါ။ ဘွားဘွားကတော့ ဟိုးငယ်ငယ်လေး ကတည်းက ဆောင်းမှာ တွန်သည့် ဥသြငှက်သံကို သတိထားမိသတဲ့။

“ဘွားဘွားအသက် ၈-နှစ် ၉-နှစ် အရွယ်လောက်တုန်းကပေါ့ …”

အစချီရင်း ငယ်ဘဝဇာတ်လမ်းလေးထဲ ကျမကို ဆွဲခေါ်သွားခဲ့သည်။ ဘွားဘွားနှုတ်ခမ်းလေးတွေက ပြုံးယောင်သန်းလာသည်။ မျက်ဝန်းတွေကတော့ အဝေးတနေရာကို ငေးရင်း ရီဝေဝေ … ၊ ဆောင်းလေကြောင့် ငွေရောင်ဆံပင်တွေက တလွန့်လွန့်လူးလို့ … ။
***
ဘွားဘွား အသက် ၈ နှစ် ၉ နှစ် အရွယ်လောက်က ဘွားဘွားတို့နေထိုင်ရာ မြို့ကလေးကို ဇာတ်အဖွဲ့ တဖွဲ့ ရောက်လာသည်က ဇာတ်လမ်းအစပြုခဲ့သည်။ ဘွားဘွား မိဘများက မြို့၏ တာဝန်ရှိသူတွေအနေနှင့် ဇာတ်အဖွဲ့ နေထိုင် စားသောက်ရေးအတွက် စီစဉ်ပေးရသဖြင့် ဘွားဘွားတို့ အိမ်မှာ ဇာတ်အဖွဲ့တွေ တရုန်းရုန်း၊ ထို ဇာတ်အဖွဲ့ထဲမှ သဘောကောင်းသည့် ဇာတ်မင်းသားလေးကို ဘွားဘွားက ခင်တွယ်မိခဲ့သတဲ့။

“သူက သိပ်ချောတာပဲ … အသားလေးက ဝင်းနေတာ၊ သူ့ကို ဘွားဘွားက ကိုကိုလို့ ခေါ်တယ်။ သူကတော့ ဘွားဘွားကို အလှ .. တဲ့။ ဘွားဘွားကိုလဲ သိပ်ချစ်ပြီး သိပ်အလိုလိုက်တယ်၊ တနေ့ ဘွားဘွား အရမ်းနေမကောင်း ဖြစ်တော့ ကိုကိုက တချိန်လုံး ချီပြီး သိပ်ရတာ … ချလိုက်တာနဲ့ ဘွားဘွားက နိုးတော့ သူ့ခမျာ ဘွားဘွားကို လက်ပေါ်က မချရဘူး …”

အတိတ်က ဇာတ်လမ်းကို ပြန်ပြောနေသည့် ဘွားဘွားမျက်လုံးလေးတွေ အရောင်တောက်ပလာသည်။ ငယ်ဘဝကို ပြန်ရောက်သွားသည့်အလား … ။ နှုတ်ခမ်းတွေက ရှက်စနိုး ပြုံးလဲ့လဲ့။

နေမကောင်းဖြစ်ပြီးနောက်ပိုင်းမှာ ကိုကိုနှင့်အလှ ပိုပြီး သံယောဇဉ်တွေ တွယ်တာမိခဲ့ကြသည်။ လူကြီးတွေကလဲ မင်းသားလေးနှင့်အလှကို “သူတို့မောင်နှမ” ဟု သုံးနှုန်းလေ့ရှိပြီး “ကိုကိုပြန်ရင် အလှလဲ လိုက်သွား” ဟု စ-နောက်ခဲ့ကြ၏။

ပျော်ရွှင်ခြင်းတွေရဲ့ အဆုံးသတ်ဟာ ခွဲခွါခြင်းဟုဆိုလျှင် ကိုကိုနဲ့ အလှတို့ ခွဲခွါရမည့်နေ့က မြန်မြန်ဆန်ဆန်ပင် ရောက်လာလေတော့သည်။ ဇာတ်အဖွဲ့ဆိုသည်က တနေရာတွင် ရှည်ကြာစွာ နေ၍ရသည်မှ မဟုတ်ဘဲ။ နောက်တမြို့သို့ ဆက်လက်ဖျော်ဖြေရန် ထွက်ခွါရတော့မည်လေ။
***
ထိုနေ့က ခုလိုပဲ ဆောင်းရာသီရဲ့ နေ့တနေ့ဖြစ်သည်။ ဧရာဝတီတိုင်းက မြို့ငယ်ကလေးရဲ့သင်္ဘောဆိပ်မှာတော့ ဇာတ်အဖွဲ့ကို လိုက်ပို့ နှုတ်ဆက်ကြသည့်သူတွေ ကမ်းလုံးညွှတ်။ ထိုသူတွေထဲမှာ အလှလဲ ပါခဲ့သည်။ မျက်ရည်တွေ စိုစွတ်နေသော အလှ၏ ပါးပြင်ကို မွှေးရင်း “ကိုကို ပြန်လာခဲ့မှာပါ … မငိုနဲ့နော် အလှ” ဟု နှုတ်ဆက်ပြီး သင်္ဘောပေါ် တက်သွားသည့် မင်းသားလေးကို … အလှက လှမ်းအော်ပြောလိုက်သည်။

“ကိုကိုရေ … မြန်မြန် ပြန်လာခဲ့ပါနော် … ကိုကိုရေ … ကိုကို …”

သင်္ဘောကြီးက ဥသြသံရှည်ကြီး ဆွဲလျက် ဆိပ်ကမ်းမှ ထွက်ခွါသွားပြီ။ ကမ်းနားက ကုက္ကိုပင်ကြီးအောက်မှာတော့ တရွေ့ရွေ့ ထွက်ခွါသွားသော သင်္ဘောကြီးအား မျက်စိတဆုံးကြည့်ရင်း ကြေကွဲစွာ လက်ပြနှုတ်ဆက်နေသော သူငယ်မလေး…။ ကုက္ကိုပင်ကြီးထက်မှ ဥသြငှက်က သင်္ဘောဥသြနှင့်အပြိုင် တွန်ကျူးလိုက်သည်။

ဥသြ … ဥသြ … ဥသြ …

ထိုအသံကို ကြားရသည့် သူငယ်မလေး၏ လပ်ဟာနေသော ရင်ထဲမှာတော့ ကိုကိုရော … ကိုကိုရော … ဟုသာ တစာစာ မြည်တမ်းနေတော့သည်။
***
ဘွားဘွားအပြောကြောင့် ထိုမြင်ကွင်းလေးကို ကိုယ်တိုင် မတွေ့ရပါဘဲနှင့် ကျမမျက်စိထဲမှာ ရုပ်ရှင်ရိုက်ပြထားသလို မြင်ယောင်နေခဲ့သည်။ ဆောင်းဥသြကို ဘွားဘွားသတိထားမိပုံက အလွမ်းတွေနှင့် ရောယှက်လို့ပဲ … ။

“မင်းသားလေးက ဘွားဘွားတို့မြို့ကို ပြန်လာခဲ့လားဟင်”

သိချင်စိတ်နဲ့ အငမ်းမရမေးလိုက်သည့် ကျမကို ဘွားဘွားက ညင်သာစွာ ခေါင်းယမ်း၍ တုန့်ပြန်၏။ ပြတင်းပေါက်မှ အဝေးကို ငေးနေသည့် ဘွားဘွားကို ကြည့်ရင်း ကျမရင်ထဲမှာ ဟာလို့ … ။

“တနေ့မှာ ကိုကို ပြန်လာလိမ့်နိုးနဲ့ သင်္ဘောဆိုက်တိုင်း မျှော်ခဲ့ရတယ်။ ဆောင်းရာသီမှာ ဥသြငှက်သံကြားတိုင်း ကိုကို့ကို အောက်မေ့လိုက်ရတာ …”

အဲဒီမြို့ကလေးကနေ ရန်ကုန်မြို့ကြီးသို့ ထွက်ခွါလာချိန်ထိ အလှထံသို့ ကိုကို ရောက်မလာခဲ့။

“ဒါပေမဲ့ … နှစ်တွေ အများကြီးကြာတော့မှ ပြန်တွေ့ခဲ့ကြတယ်”

ဘွားဘွားရဲ့ မင်းသားလေးဇာတ်လမ်းက အဆုံးမသတ်သေးပါ။ တခါတရံ တကယ့်အဖြစ်အပျက်တွေက ယုံရခက်လွန်းလှသည်။ စွဲလမ်းမှုကြောင့်လား နက်ရှိုင်းတဲ့ မေတ္တာတရားကြောင့်လား … သူတို့ ဆုံတွေ့ချိန်က အမှန်တကယ်ပင် ရောက်လာခဲ့လေ၏။

သို့သော် ….
***
ပြန်လည် ဆုံတွေ့ခြင်းသည် နှစ်ပေါင်းများစွာ အကြာတွင် ရောက်ရှိလာခဲ့သည်။ ဘွားဘွားက အသက် ၇၀ ကျော်၊ မင်းသားလေးကတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မြို့ကလေးမှာ တွေ့ခဲ့သည့် အရွယ်အတိုင်း မပြောင်းလဲဘူးဟု ဆိုလျှင် ထူးဆန်းနေမလား … ။ အမှန်က ဘွားဘွားနှင့် ပြန်ဆုံခဲ့သည့် မင်းသားလေးသည် ကိုကိုနှင့် ရုပ်ချင်း အလွန်တူသူ တဦးသာ ဖြစ်ပါသည်။ တိုက်ဆိုင်တာက ထိုသူသည်လဲ ဇာတ်မင်းသားလေးပင် ဖြစ်နေခဲ့ပါသတဲ့။

ဇာတ်ပွဲတွေကို ကျမ မကြည့်ဖူးပါ။ ထိုစဉ်က ဇာတ်မင်းသားဆိုလျှင် မျက်နှာချေတွေ အဖွေးသားလိမ်းပြီး မင်းသမီးပေါင်းများစွာနဲ့ တွဲကသည့် လူစားမျိုးဟုသာ ယေဘုယျ သိထားခဲ့သည်။ မင်းသားအများစုက ဇာတ်ပွဲထဲမှာ မင်းသားဝတ်နှင့် မဟုတ်ဘဲ ခေတ်ဆန်ဆန် ဝတ်ဆင်ကာ စတိတ်ရှိုး သီချင်းတွေဆို တတ်သည်မို့ ကြည့်လို့လဲမရ … အထင်လဲ မကြီးမိ။ လူထုဒေါ်အမာရေးသည့် ဖိုးစိန်၊ စိန်ကတုံး၊ အောင်ဗလ စာအုပ်ထဲကလို ဇာတ်မင်းသားမျိုး မတွေ့ဖူး၍လဲ အထင်မကြီးမိတာ ဖြစ်မည်။ သို့ပေမဲ့ ထိုစဉ်က နာမည်ကြီးနေသည့် ဇာတ်မင်းသားတွေထဲမှာ သိန်းဇော် (မန္တလေး) ကိုတော့ ကျမ အနည်းငယ် ကြည့်လို့ရခဲ့၏။ ကေဇော်နာမည်နှင့် ရေးသော သူ့ကဗျာတွေကို ကျမနှစ်သက်သည်။ ဂီတနက်သန် ကိုစောညိန်း သီချင်းတွေ သူ ပြန်လည်သီဆိုသည်ကို ကျမ သဘောကျသည်။ ဒီ့ထက်ပို၍ သူ့ဇာတ်ပွဲတွေကို ကျမ မကြည့်ဖူးခဲ့ပါ။

ဘွားဘွားပြန်တွေ့ခဲ့သည် ဆိုသည့် မင်းသားလေးက ကိုကိုနှင့် ရုပ်ချင်းအလွန်ဆင်တူသူ ဇာတ်မင်းသား သိန်းဇော် ပင်ဖြစ်လေသည်။

“အံ့သြစရာ ဘယ်လောက်ကောင်းလိုက်သလဲ … သူက ကိုကို့ရုပ်နဲ့ တထေရာထဲပဲ သမီးရယ် …”

ဘွားဘွားစိတ်မှာ စွဲနေလို့ ရုပ်ချင်းတူတယ် ထင်တာနေမှာပါ … လို့ ကျမတိတ်တဆိတ် တွေးနေပေမယ့် စကားအဖြစ် ပြောမထွက်ခဲ့။ တွေ့လိမ့်နိုးဖြင့် နှစ်ပေါင်းများစွာ စောင့်စားခဲ့ရသည့် ဘွားဘွားရဲ့ မျှော်လင့်ချက်နဲ့ ယုံကြည်ခြင်းတွေကို ကျမ စကားတခွန်းကြောင့် မပျက်စီးစေလို။

“x x x ဇာတ်မင်းသားလေး သိန်းဇော် သိန်းဇော် တိုင်းပြည်က မျှော် x x x ”

ထိုသီချင်းသံတွေ တနိုင်ငံလုံး လွင့်ပျံ့နေချိန် ဘွားဘွားရှိရာ တောင်ပေါ်မြို့ကလေးကို သူတို့ဇာတ်အဖွဲ့ ရောက်လာခဲ့သည်။ အသက် ၇၀ ကျော် ဘွားဘွားက စပယ်ဖူးတွေ အများကြီးဝယ်ကာ အဲဒီည သိန်းဇော် ကလျှင် လည်မှာ ဆွဲဖို့ ကိုယ်တိုင် ပန်းတွေသီကုံးပေးခဲ့သတဲ့။

“စပယ်ပန်းကုံးတွေ အများကြီး ဘွားဘွားတယောက်ထဲ တပွင့်ချင်း သီပေးခဲ့တာ … တနေကို ကုန်ရော … ။ ဘွားဘွားပင်ပန်းရကျိုး နပ်ပါတယ်၊ အဲဒီညက ဘွားဘွားရဲ့ ပန်းတွေလည်မှာဆွဲပြီး သူ အလှဆုံး ကပြခဲ့တယ်လေ …”

ပျောက်ဆုံးသွားတဲ့ ကိုကို ပြန်ရောက်လာသည့် အမှတ်ဖြင့် ဘွားဘွားက ဇာတ်မင်းသားလေး သိန်းဇော်အတွက် အပင်ပန်းခံခဲ့သည်။ နောက်တနေ့ကျတော့ အိမ်မှာထမင်းဖိတ်ကျွေးရင်း ငယ်ငယ်တုန်းက ကိုကိုနဲ့ အလှရဲ့ ဇာတ်လမ်းလေးကို ပြောပြခဲ့သည်ဟု ဆိုသည်။ ထိုစဉ်က လူရွှင်တော် ကွမ်းသီးက ဗီဒီယိုမရိုက်သေး၊ မန္တလေးသိန်းဇော် ဇာတ်ထဲမှာပဲ ရှိနေသေးသည်။ ဘွားဘွားဖိတ်ကျွေးသည့် ထမင်းစားပွဲသို့ ကွမ်းသီးနှင့် တခြားလူရွှင်တော် တယောက်လဲ ပါလာခဲ့ကြသည်ဟု ဘွားဘွားက ပြောပြ၏။

ကိုကို့ကိုယ်စား  ဇာတ်မင်းသားလေး သိန်းဇော်ကို ပြန်တွေ့ရ၍ ကိုကို့ကို လွမ်းသည့် အလွမ်းတွေပြေလျော့ သွားပြီလား ... ဟု ဘွားဘွားကို မေးလိုက်ချင်သော်လဲ မမေးခဲ့မိပါ။ ဘွားဘွားဆုံးပါးသွားပြီး နောက်ပိုင်း ဆောင်းတွင်းဘက် ငှက်ဥသြတွေ အော်မြည်သံကြားတိုင်း ကုက္ကိုပင်ကြီးအောက်မှာ ကိုကိုရေ ... ပြန်လာပါ ... ဟု တမ်းတနေသော သူငယ်မလေးကို မြင်ယောင်မိသည်။ ခဏတာ ပျော်ရွှင်မှုတွေ ပေးပြီး ခွဲခွါသွားသည့် ကိုကို့ကိုလဲ ဘွားဘွားကိုယ်စား လွမ်းနေမိပါသည်။
***
ဘွားဘွားရဲ့ ဇာတ်လမ်းကို ပြန်စဉ်းစားရင်း ချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ ကျမ တွေးနေမိသည်။ အသက် ၈ နှစ်အရွယ် သူငယ်မလေးရဲ့ သူ့ကိုကိုပေါ် တွယ်တာခဲ့တဲ့ အချစ်မှသည် … အသက် ၇၀ ကျော် အရွယ် အမျိုးသမီးကြီးရဲ့ ခိုင်မြဲနေဆဲ မေတ္တာအထိ။

မေတ္တာဟူသည် အတိုးအလျှော့ လုပ်၍မရ၊ အတိုင်းအဆ မရှိ၊ အပြောင်းအလဲ မမြန်၊ အချိန်ကန့်သတ်၍လဲ မထား … ။

ချစ်ခြင်းမေတ္တာသည် စပယ်ပန်းတွေလို ဖြူစင်ရိုးသား၍ အစဉ် မွှေးပျံ့သည် မဟုတ်ပါလား … ။
***
မေဓာဝီ
၂၉၊ ၀၁၊ ၂၀၁၄
၂၃း၅၀ နာရီ

7 comments:

ဇွန်မိုးစက် said...

ဖတ်ပြီး မနက်စောစောမှာ အလွမ်းတွေ ဝေသွားတယ် မမေ။

သူကြီးမင်း said...

ဖတ်ရင်း.. ဟို သီဟိုဠ်ရာဇ၀င်ထဲက သာမဏေမလေးနဲ့ ကိုရင်လေးတို့ရဲ့ မေတ္တာဘွဲ့လေးကို ပြေးသတိရမိတယ်။ ရှစ်နှစ် ကိုးနှစ်အရွယ် သူတို့နှစ်ယောက်ဟာ ဘုရားပွဲမှာ ဆုံမိရာကနေ အခုအဘွားလို ဖြစ်နေခဲ့ကြတာ။ ဒါပေမဲ့ နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့အခါမှာတော့ သူတို့နှစ်ယောက် အိန္ဒိယမှာ စစ်ပြေးရင်း ပြန်ဆုံခဲ့ကြတယ်။
..
အင်း စာရေးသူဟာလဲ သူ့အဘွားခြေရာနောက် ကောက်ကောက်ပါအောင်လိုက်ပြီး အခြား မင်းသားလေးတစ်ပါးကိုများ မျှော်နေလေရော့သလား မသိ။ အခုထိ တကိုယ်တည်း အပျိုကြီး။း)

Anonymous said...

wow! wow!
myaw thwar tal.


nyima

ဆွေလေးမွန် said...

ဟုတ်တယ် ဖတ်ပြီး မောသွားတယ်..
လွမ်းစရာ..

တန်ခူး said...

ဖွားဖွားရဲ့မေတ္တာလို့ ထင်ပါတယ် မေ ရေ. အဲဒါကြောင့်လဲ အကြာကြီးခိုင်မြဲတာပေါ့. မေ့ဖွားဖွားငယ်ငယ်က ကိုကို မင်းသားဘယ်သူများလဲလို့ တွေးနေမိတယ်

ဟန်ကြည် said...

တစ်ခါတစ်ရံမှာ ဘ၀ကြီးက မျက်လှည့်ပြပုံ ဆန်းတယ်နော် မမေ...ဘာပဲဖြစ်ဖြစ် ကိုယ့်အိပ်မက်ထဲက ကိုယ့်ဘ၀ထဲက မင်းသားလေးမဟုတ်ဦးတောင် မင်းသားလေးပဲလို့ ခံစားပြီး အလွမ်းဖြေလိုက်တဲ့ မမေရဲ့အဘွားကိုပဲ မြင်ယောင်နေမိတယ်...ဘ၀ဆိုတာ ကိုယ်ဖန်တီးထားတဲ့ ကိုယ့်အိမ်မက်တိုင်းပြည်ကြီးပါပဲဗျာ...

ဝန်ဇင်းမင်းရာဇာ said...

Welcom to our blog below. pls visit
http://wunzinminraja.blogspot.sg/
ဝန်ဇင်းမင်းရာဇာ