Thursday, February 23, 2012

အမှားများနဲ့ ကဗျာတွေ ...

ခုတလော စိတ်အချဉ်ပေါက်ပေါက်နဲ့ ရေးဖြစ်တဲ့ ကဗျာလေး နှစ်ပုဒ်ပါ။ နှစ်ပုဒ်လုံးမှာ "အမှား"တွေ ပါနေလို့ ... "အမှားများနဲ့ ကဗျာ" လို့ ခေါင်းစဉ်တပ်လိုက်တယ်။ ကိုယ်က မမှားပါလျက်နဲ့ အများမနှစ်သက်တာ မကြာခဏ ခံရတဲ့အခါ စိတ်အချဉ်ပေါက်လာတယ်၊ ဒါပေမဲ့ အမှန်ကိုတော့ နည်းနည်းမှ သံသယမဖြစ်ခဲ့ပါဘူး။ အမှန်တရားအတွက် တစုံတယောက်နဲ့ မိတ်ပျက်ခဲ့ရင်တောင် ၀မ်းနည်းမိမှာ မဟုတ်တဲ့အပြင် အလွန်ကို ၀မ်းသာ ကျေနပ်နေမိမှာပဲ။ ကျမကလဲ အဲဒီလို လူအမြင်ကပ်အောင် နေတတ်တယ်။ ဒီကဗျာလေး နှစ်ပုဒ်လုံး ဖေ့စ်ဘွတ်စာမျက်နှာပေါ် တင်ခဲ့ပေမဲ့ ကြာရင် ပျောက်သွားမှာစိုးလို့ ဘလော့ထဲ ဆွဲခေါ်လာခဲ့တာပါ ... ။ ဘလော့ကမှ ကိုယ့်အိမ် ကိုယ့်ယာလိုပဲ၊ ဖေ့စ်ဘွတ်နံရံပေါ်မှာ ရေးတဲ့စာဆိုတာ သာလာယံဇရပ် နံရံမှာ စာရေးရသလိုမျိုး သိပ်တည်မြဲတာ မဟုတ်ဘူးလေ ... ။ တကယ်တော့လဲ ဘယ်အရာမှ မတည်မြဲပါဘူး၊ မတည်မြဲတဲ့ လောကထဲမှာ မတည်မြဲကြတာချင်း အတူတူ နည်းနည်းလောက် ပိုမြဲလဲ မဆိုးဘူးလို့ အတ္တကြီးကြီးနဲ့ တွေးမိလို့ တင်လိုက်တဲ့ အမှားများနဲ့ ကဗျာတွေပါ ... ဖတ်ကြည့်ကြပါအုံး ... ။
***

"အမှားနဲ့ အမှန်"

အမှားကို မြင်၊
အမှန်ဖြင့် ပြင်ကာပေး။
လက်ခံသူ စိတ်မဆိုးမှ၊
ကျိုးရှိမယ်လေး .. ။ ... ။

အမှားကို ကျော်၊
အမှန်ဖြင့် မဖော်ရဲ။
အများတကာ သံယောင်လိုက်၊
အကုန် "Like" သည်ပဲ။ ... ။

အမှားမှာ ပျော်ဝင်၊
အမှန်ပင် ပျောက်သွား။
ကြာတဲ့ခါ အမှန်တရား၊
ရှိဦးမှာလား ... ။ ... ။
***
၂၂၊ ၂၊ ၁၂
၀၉း၃၁ နာရီ

"အမှားနဲ့ အများ"

အမှားကို ထောက်ပြဖို့
အများကို ကြောက်ရမှာလား???

အမှားကို ညွှန်ပြဖို့
အများကို မလွန်ဆန်နိုင်ကြဘူးလား???

အများကို ငဲ့ပြီး
အမှားကို ချဲ့ကြမှာလား???

အများ မမုန်းအောင်
အမှားကို ဖုံးထားမှာလား???

အများ အပြစ်ဆိုဆို
အမှားကို မနှစ်လိုသူ ငါ … ။

တရွာနဲ့ တယောက်မို့
ရွာအပြင်သို့ ထုတ်လည်း
မငြင်းဘဲ သွားမယ်။

တယောက်ထဲနဲ့ ငါ့ကမ္ဘာ
အမှားမပါ စကားမဖွာ …
အင်း …
တရားလဲ မနာလိုတော့ပါဘူး။

ရွာဦးက ကျောင်းကန်ဘုရား
လင်းတပဲ နားနား
ထားခဲ့ပါရစေတော့ ...
ခပ်မော့မော့ ရွာပြင်ထွက်
ငါ့ အသက် ငါ့သွေးသား
နှလုံးသားမှာ ဘုရားတည်လျက်။ … ။
***
မေဓာဝီ
၂၃၊ ၂၊ ၂၀၁၂
၁၅း၄၀ နာရီ

Read More...

Sunday, February 19, 2012

ဒဏ်ရာများနဲ့ လမ်းပြကြယ် ...

ဒီကနေ့ အလုပ်ကပြန်လာတော့ ဘူတာရုံကနေ အိမ်ကို လမ်းလျှောက်ရင်း ကောင်းကင်ဆီ မော့ကြည့်မိတော့ ကြယ်ကလေးတလုံး မှိတ်တုတ် မှိတ်တုတ် လင်းလက်လို့ ဟိုးအမြင့်ထက်မှာ … ။ ကျမသွားတဲ့ လမ်းတလျှောက် သူအနောက်က လိုက်လာတယ်။ အေးလွန်းလှတဲ့ ရာသီမို့ ညဥ့်ဦးပိုင်းပေမဲ့ အသွားအလာ ကျဲပါးတဲ့ လမ်းတလျှောက် တယောက်ထဲ လျှောက်နေရတဲ့ ကျမမှာ သူ့ရဲ့ မပီမပြင် အလင်းလေးကိုပဲ နှစ်ခြိုက်ခုံမင်စွာ မော့ကြည့်ရင်း ရင်ထဲမှာ နွေးထွေးလို့လာတယ်။ တဆက်ထဲမှာပဲ … ကြေကွဲ ၀မ်းနည်းလို့လာတယ်။ အိမ်ရောက်တော့ ကျမက ထမင်းမစားတော့ဘဲ ဦးရီးတော်ကိုသာ ထမင်းပြင်ကျွေးပြီး ရေချိုး ခေါင်းလျှော်နေရင်း ကြယ်ကလေးအကြောင်း တွေးနေမိတယ်။ တွေးရင်းနဲ့ ရင်ထဲရောက်လာတဲ့ စာသားတချို့ကို မေ့မသွားအောင် ရေချိုးရင်း ခပ်တိုးတိုး ရွတ်နေမိတယ်။ ပြီးတော့ ချရေးဖြစ်တယ် … ။
***
“ဒဏ်ရာများနဲ့ လမ်းပြကြယ်”



ဒဏ်ရာတွေ အလူးလူးနဲ့
ညဥ့်ဦးယံ ကောင်းကင်ထက်မှာ
ကြယ်လေးတစင်း လင်းလက်နေခဲ့တယ်။

ကိုယ်သွားရာ နောက်
တကောက်ကောက် လိုက်ပါရင်း
မှိန်ပျပျ အလင်းတွေ ခင်းကျင်းလို့ … ။

သူဟာ …
ရောင်စဉ်တွေ မဖြာ
သိပ်လဲ မထည်ဝါလှပါဘူး …
တမိုးလုံး တောက်ပ
လင်းလက်လှတာလဲ မဟုတ်ပါဘူး …
ကြယ်တာရာ နတ်သမီးလို
ထိန်ထိန်လဲ မငြီးလှပါဘူး … ။

ဒါပေမဲ့ …
ခပ်ကျဉ်းကျဉ်း ကိုယ့်ကမ္ဘာမှာ
သူ့အလင်းတွေ ဝေဖြာခဲ့တယ် …
အမှာင်သမ်းတဲ့ လမ်းတွေထက်
သူ့အလင်း ဖြန့်ကြက်ပေးခဲ့တယ် …
စမ်းတ၀ါးဝါး
သွားခဲ့တဲ့ ခရီးတလျှောက်
သူ … နောက်က ဖေးမခဲ့တယ် …
သူ့အစွမ်း သူ့ အစနဲ့
ကိုယ်တို့ဘ၀တွေ တောက်ပအောင်
ရှေ့ဆောင်လဲ ပေးခဲ့တယ် … ။

ခုတော့လေ …
ကြယ်တပွင့်လို
တင့်တယ်တဲ့ သူ့ကိုယ်မှာ
ဒဏ်ရာတွေနဲ့ … တဲ့ … ။

ကံကြမ္မာရဲ့ ဒဏ်ရာလား …
သံသရာရဲ့ ဒဏ်ရာလား …
ရန်ရှာမယ့် ဒဏ်ရာလား …
မခံသာတဲ့ ဒဏ်ရာလား …
……………………………….
မကြားရက်တော့ပြီ တကယ် … ။

ကောင်းကင်ကြီးရယ် …
ကိုယ်တို့အတွက်
လင်းလက်နေတဲ့ ကြယ်တပွင့်ကို
တိမ်ညိုတွေနဲ့ မဖုံးလိုက်ပါနဲ့ … ….
မဖုံးလိုက်ပါနဲ့ … ... ... ... ... ...
မဖုံးလိုက်ပါနဲ့ … တောင်းပန်တယ် …. ။

***
မေဓာဝီ
၁၉၊ ဖေဖော်ဝါရီ၊ ၂၀၁၂
၂၁း၅၅ နာရီ

(To my beloved sister, who is going to take Chemotherapy treatment tomorrow.)

Read More...

Friday, February 10, 2012

ဦးဝဏ္ဏနဲ့ မေဓာဝီ

ပြီးခဲ့တဲ့ အပတ်က အမေနဲ့ skype မှာ စကားပြောရင်း အမေက တရားနာဖို့ , သတင်းဖတ်ဖို့ ၀က်ဘ်ဆိုက်တွေ မေးတာနဲ့ ပြောပြရတယ်။ တကယ်တမ်း အမေက ကွန်ပျူတာ သိပ်သုံးတတ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အမေ မြန်မာပြည်မှာကတည်းက သူ့အတွက် လက်ပ်တော့လေးတခု သပ်သပ် ပေးထားပြီး ပြည်ပရောက် သားသမီးတွေနဲ့ အွန်လိုင်းကနေ စကားပြောလို့ ရလောက်ရုံ သုံးတတ်အောင် သင်ပေးထားတယ်။ တခါတလေ ကျမနဲ့ ပြောရင်းဆိုရင်း တခုခု ဖြစ်သွားရင် တဖက်ကနေ ကျမက အမေနားလည်အောင် … “အမေ ခလုတ် အနီလေးနှိပ်၊ အစိမ်းလေးနှိပ်၊ ဘယ်နေရာကို ကလစ် တချက်နှိပ်၊ အန်းတားခေါက် စသဖြင့် ပြောပြရတယ်။ အဝေးကနေ ပြောရတာဆိုတော့ နည်းနည်းတော့ ခက်တာပေါ့။ ဒါပေမဲ့ အမေက တခြားနေရာမှာသာ စိတ်မရှည်တာ၊ သားသမီးတွေနဲ့ ပြောချင်တော့ သူ့ခမျာ ကြိုးစားပြီး လုပ်ရရှာတယ်။


မွေးသမိခင်နှင့် ကွန်ပျူတာများ (၂၀၀၂ ခုနှစ်ကပုံပါ ဒီဘလော့မှာ တခါတုန်းက တင်ဖူးသေးတယ်)

အဖေကျတော့ အဲဒီလိုမဟုတ်ပြန်ဘူး၊ တခြားနေရာမှာ စိတ်ရှည်ပေမဲ့ ကွန်ပျူတာနဲ့ ပတ်သက်ရင် သင်ပေးလို့ကို မရတာ။ ကျမ မြန်မာပြည်မှာရှိတုန်းကတည်းက အဖေ့စာအုပ်တွေ စာရိုက်ပေးရတော့ အဖေ့ကို ကွန်ပျူတာနဲ့ ကိုယ်တိုင် စာရိုက်နိုင်အောင် သင်ပေးဖို့ ကြိုးစားခဲ့သေးတယ်။ စက်အဖွင့် အပိတ်ကိုပဲ ၃ ရက်လောက် ဆက်ပြရပြီး နောက်တခါ ပြန်မေးရင် မေ့မေ့နေပါရော။ ပြီးတော့ ပြောသေးတယ် … “အဖေက အဘိဓမ္မာကလွဲရင် ဘာမှ စိတ်မ၀င်စားဘူး” တဲ့။ “အဖေရယ် ဘုန်းကြီးတွေတောင် ကွန်ပျူတာတွေ သုံးနေကြတာပဲဟာ … တိပိဋကဆရာတော်ကြီး ဦးဝိစိတ္တဆို လက်နှိပ်စက်ကို လက်ညှိုးလေး တချောင်းထဲနဲ့ ရိုက်ပြီး ကျမ်းတွေပြုသွားတာ မဟုတ်လား အဲဒီခေတ်က ကွန်ပျူတာပေါ်ရင် ဆရာတော်ကြီးလဲ ကွန်ပျူတာ သုံးမှာပဲ” စသဖြင့် ကျမလဲ တတ်နိုင်သလောက် ဆွဲဆောင်ပါသေးတယ်။ ဘယ်လိုမှ မရတာနဲ့ နောက်ဆုံး လက်လျှော့လိုက်ရတော့တယ်။


အဖေတရားစာ အသံသွင်းပေးနေတုန်း ခိုးရိုက်ထားတဲ့ပုံ

ကျမတို့နဲ့ အွန်လိုင်းကနေ စကားပြောလဲ အမေအဆင်သင့် ခေါ်ပေးပြီးမှ အဖေက လာပြောတယ်။ အဖေပြောနေတုန်း အမေက ဟိုထသွား ဒီထသွားနဲ့ အနားမရှိတဲ့အခိုက် လိုင်းကျသွားရင် အဖေက ဘာမှ မလုပ်တတ်တော့ပြန်ဘူး။ ကျမတို့ဘက်က ပြန်ခေါ်လဲ မကိုင်တတ်ဘူး၊ အမေ့ကို ပြေးခေါ်ရတယ်။ ခုတော့ အဖေလဲ ခေါ်တာတွေ ကိုင်တာတွေ လုပ်တတ်နေပါပြီ။ နည်းနည်း တိုးတက်နေပြီ ဆိုရမှာပေါ့။

အမေမြန်မာပြည်မှာတုန်းက သုံးတဲ့ လက်ပ်တော့လေးက ပြည်ပခရီးထွက်တော့ မသယ်နိုင်တာနဲ့ ထားခဲ့ရတယ်။ ဒီကိုရောက်တော့ အမလတ်က သူ့နုတ်ဘုတ်လေး အမေ့ကို ပေးထားပြီး skype သုံးလို့ရအောင်၊ ဘီဘီစီ ဗီအိုအေလို သတင်းဆိုက်တွေ အမေအဆင်သင့် ၀င်ကြည့်လို့လွယ်အောင် လုပ်ပေးထားတယ်။ ဒီမှာ ၂ လလောက်နေပြီး တခါ မောင်လေးဆီရောက်ပြန်တော့ မောင်လေးက သူ့လက်ပ်တော့လေး အမေ့ကို ပေးထားတယ်။ ဆိုတော့ စက်တခုပြောင်းတိုင်း အမေ့မှာ သုံးရတာ အထာမကျ ဖြစ်ဖြစ်နေတတ်တယ်။ စက်တခုခုနဲ့ တခုက ခလုတ်တွေ နည်းနည်းကွဲတာတို့ သွင်းထားတဲ့ ဆော့ဖ်ဝဲ ဗားရှင်းချင်း မတူတာတို့ ဖြစ်နေတာကိုး။

ဟို အစမှာ ပြောခဲ့သလို အမေက ကျမကို တရားဆိုက် သတင်းဆိုက်တွေ မေးတော့ ကျမက ဓမ္မဒေါင်းလုတ် ၀က်ဆိုက်လင့်ခ်ကို ပေးလိုက်တယ်။ အမေက လင့်ခ်ကို အလွယ်တကူ အမြဲဝင်နိုင်အောင် လုပ်ပေးပါဆိုတာနဲ့ ဘွတ်မာ့ခ် လုပ်ဖို့ အမေ့ကို အဝေးသင် သင်ပေးရပြန်တယ်။ အမေသုံးတဲ့ ဘရောက်ဇာက ဖိုင်းယားဖော့စ် ဆိုပေမဲ့ ကျမလက်ရှိ ဖိုင်းယားဖော့စ်နဲ့က ဗားရှင်းချင်း မတူဘူး။ နေရာတွေက ခပ်လွဲလွဲမို့ ပြောရတာ နည်းနည်းတော့ ခက်တာပေါ့။ ဖြစ်ချင်တော့ ဓမ္မဒေါင်းလုတ်ဆိုက်ကလဲ ၂ ခုဖြစ်နေတယ်။ ဓမ္မဒေါင်းလုတ် အင်ဖိုနဲ့ ဓမ္မဒေါင်းလုတ် ဒေါ့ကွန်း။ တခုက အော်ဒီယိုဖိုင်တွေ အလုပ်မလုပ်ဘူး။ အယ်ရာပြနေတယ်။ အဲဒါကို ကျမက အရင်မစစ်မိဘဲ အမေ့ကို သွားပေးလိုက်မိတယ်။ အမေ့ခမျာ ကြိုးစားပမ်းစာ ဘွတ်မာ့ခ် လုပ်ပြီးခါမှ မရတဲ့ဟာကြီး ဖြစ်နေတော့ ပြန်ဖျက်ခိုင်းရပြန်ရော။

အမေကလဲ ရယ်တော့ရယ်ရတယ်၊ ကလစ်တခါနှိပ်ဖို့ပြောရင် သုံးလေးခါလောက် နှိပ်ထည့်လိုက်တာ၊ မြန်အောင်လို့ဆိုပဲ၊ အဲလောက်နှိပ်တော့ ကွန်ပျူတာက ဘာလုပ်ရမှန်းမသိဘဲ ကြောင်နေတော့ ပိုနှေးနေတာပေါ့။ အဲဒီတော့ ငါ့ကို စက်အစုတ်ကြီး ပေးထားတယ်လို့ မောင်လေးကို စိတ်ကောက်ချင်သေးတယ်။ ဒါနဲ့ ကျမက ပြောရတယ် “အမေ အဲဒါ ကွန်ပျူတာကြောင့် မဟုတ်ဘူးလေ … တချက်နှိပ်ဆို တချက်ပဲ နှိပ်ပြီး ခဏစောင့် အမေရဲ့ …” ဆိုတော့
“တချက်နှိပ်ပြီး ချက်ချင်းမှ မလာတာအေ … ထပ်နှိပ်မှာပေါ့” တဲ့။ မနိုင်ဘူး … အဲဒီလို။

ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ဒီလိုပဲ ကျမက အဝေးသင် သင်နေကြပါပဲ။ အမေ့ကိုတွင် မဟုတ်ပါဘူး၊ လွန်ခဲ့တဲ့ ၉ နှစ် ၁၀ နှစ်လောက်တုန်းက ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ အကိုကြီးတယောက်ကို မိုက်ခရိုဆော့ဖ်ဝေါ့ဒ် သုံးတတ်အောင် အွန်လိုင်းကနေ အဝေးရောက် သင်ပေးဖူးတယ်။ သူ့ခမျာ ကွန်ပျူတာဆိုတာ အဲဒီတုန်းကမှ စပြီး သုံးတတ်ရှာတာပါ။ ကျမသင်ပေးလိုက်တော့ အခြေခံအဆင့်လောက် သုံးတတ်ပြုတတ်သွားပါတယ်။ ကွန်ပျူတာအကြောင်း လုံးဝမသိသူတွေကို အဝေးရောက် သင်ရတာ ကွန်ပျူတာထဲက အခေါ်အဝေါ်တွေ သွားပြောလို့ သိပ်မရပါဘူး။ escape, alter, control လို့ ပြောရင် ဘယ်သိမလဲ။ ဟိုဘယ်ဘက် အပေါ်ထောင့်က အီးအက်စ်စီ (ESC) ဆိုတဲ့ ခလုတ်လေးကို နှိပ် ... စသဖြင့် ပြောရတယ်။

ကြုံလို့ ပြောရအုံးမယ်။ ၁၉၉၈-၉၉ လောက်တုန်းက ကျမတို့ အလုပ်ထဲမှာ ယာဉ်မောင်းခန့်ထားတဲ့ တုတ်ကြီး ဆိုတဲ့ ကောင်လေးတယောက်ရှိတယ်။ သူက ကားမမောင်းရတဲ့ အချိန် အားနေရင် လွတ်တဲ့ ကွန်ပျူတာ တလုံးရှေ့ထိုင်ပြီး ဟိုဟိုဒီဒီ လျှောက်လုပ်ကြည့်တတ်တယ်။ ကျမတို့လဲ သူသုံးတတ်ပါစေလို့ ကြည့်နေရတာပဲ။ အဲဒီလို လျှောက်လုပ်နေရင်း သူမလုပ်တတ်တော့လို့ ဘေးကလူကို လှမ်းမေးတော့ အဲဒါ space bar ပုတ်လိုက်လို့ တယောက်က ဖြေလိုက်ရော … ။ အဲဒါမှ ခက်တာပဲ စပေ့ဘားကို သူမသိဘူး။ ဒါနဲ့ စပေ့ဘားဆိုတာ အဲဒီခလုတ်လေ လို့ ပြလိုက်တော့ ...
“သြော် … အမကလဲ တုံးရှည်ပုတ်လို့ ပြောလိုက်ရင် ပြီးတာပဲဟာကို…” တဲ့။ အင်း ဟုတ်သား … စပေ့ဘားကလဲ ကီးဘုတ်က ကီးတွေထဲ အရှည်ဆုံးအတုံးပဲ။ သူ့သင်္ကေတနဲ့သူတော့ ဟုတ်နေတာပဲကိုး။

တခါတုန်းကတော့ ဆရာတော်တပါး ကွန်ပျူတာမှာ အသံမလာလို့ ကျမဆီ ဖုန်းဆက်မေးတယ်။
“ဘုန်းဘုန်း volume ကို တိုးထားလို့လားမှ မသိတာ။ volume ကို တချက်စစ်လိုက်လေ …” လို့ ကျမက ပြောတော့ … ဆရာတော်က ဘယ်နားမှာ volume ရှိမှန်း မသိပါဘူး။ ဒါနဲ့
“ညာဘက် အောက်ထောင့်က နာရီပေါ်တဲ့ နားလေးမှာ volume ရှိတယ်ဘုရား” … ဆိုတော့ …
“သြော် torch light လို ဟာလေးလား” တဲ့။ ဟိဟိ ကျမမှာ ရယ်လိုက်ရတာ။ ဟုတ်သားပဲ အဲဒီ volume လေးက torch light ထိပ်ကလေးလို ဖြစ်နေတာကိုး။ ပြီးတော့ ဆရာတော်က ဆက်ပြောသေးတယ်။
“အဲဒါလေးမှာ အလံနီပြနေတယ်” တဲ့။ အလံနီဆိုတော့ ဘာများပါလိမ့်လို့ … နောက်မှသိတယ် mute ဖြစ်နေတာကိုး။
“အဲဒီ အလံနီကို ပြန်နှိပ်လိုက်ပါ ဘုရား” ဆိုတော့မှ တုံခနဲ အသံကြားပြီး
“အိမ်း … ရသွားပြီ” တဲ့ … ။
အဲဒီလိုတွေ ကျမက ကြုံဖူးထားတာဆိုတော့ အမေ့ကိုလဲ သူနားလည်အောင် ကြံဖန် ပြောရတာပါပဲ။

အဲ .. အဲ .. အမေက တုတ်ကြီးရဲ့ တုံးရှည်လောက်တော့ မဆိုးသေးပါဘူး။ ဆရာတော်ရဲ့ တော့ရှ်လိုက်လောက်ပါပဲ။ (အဟဲ … ဒီပို့စ်ကို ဆရာတော်ဖတ်မိရင် သည်းခံတော်မူပါ အရှင်ဘုရား။) နောက်ဆုံးတော့ အမေလဲ အဆင်ပြေသွားပါတယ်။ ကျမလဲ ပြောရတာ တော်တော်လေး လျှာထွက်မတတ် ဖြစ်သွားတယ်။ ဖျက်ရတာရယ် ပြန်ထည့်ရတာရယ် နှစ်ခါပြန် ဖြစ်သွားတာကိုး။ အမေကလဲ သိတယ်။
“ဒီကျောင်းသူက သင်ရတာ ခက်လား” … တဲ့ ကျမကို မေးပါတယ်။
“အင်း … နည်းနည်းတော့ အာပေါက်တယ်” လို့ ကျမကလဲ စ-ချင်တာနဲ့ ပြန်ပြောလိုက်တယ်။ သူ့ကိုသင်ရတာ အာပေါက်တယ်ဆိုတော့ အမေက သိပ်မကြိုက်ချင်ဘူး။
“မေ့ကို သင်ရတာ အာပေါက်တယ်တဲ့ … ဆရာမဆူနေတယ်…” လို့ အဖေ့ကို လှမ်းတိုင်တယ်။ အဖေကတော့ ကျမတို့ နှစ်ယောက် ပြောနေတာကို မလှမ်းကမ်းက ထိုင်နားထောင်ပြီး ရယ်နေတာပါပဲ။

သူ့ကိုသင်ရတာ အာပေါက်တယ် ပြောမိတာနဲ့ အမေက ကျမကို မကျေနပ်တဲ့ ကိစ္စတခု ခေါင်းထဲ ရောက်လာတယ် ထင်တယ်။ ကောက်ခါငင်ခါ လှမ်းမေးပါတော့တယ်။

“ဒါနဲ့ ညည်းဟိုနေ့က စကားပြောတဲ့ ဦးဝဏ္ဏဆိုတာ ဘယ်သူလဲ”
“အင် … ဘယ်က ဦးဝဏ္ဏလဲ သမီးမသိပါဘူး”
“ဘာမသိဘူးလဲ … ညည်းပဲ ပြောတာလေ … အမေ လှမ်းခေါ်တုန်းက ဦးဝဏ္ဏနဲ့ စကားပြောနေတယ်ဆို”

ကျမ အပြေးအလွှား စဉ်းစားရပါပြီ။ အမေလှမ်းခေါ်တုန်းက … ဦးဝဏ္ဏ … အဲ … ဟုတ်ပြီ … ဟားဟား … ။ သိပ်မကြာပါဘူး ကျမသဘောပေါက်သွားပြီး တဟားဟား အော်ရယ်မိတယ်။ အဖေ့ကိုလဲ စစ်ကူခေါ်ပြီး ပြောပြတော့ အဖေလဲ တဟားဟားနဲ့ … အမေကတော့ ဟွန်း … ဘယ်သိမှာလဲ တဲ့။

ဖြစ်ပုံက ဒီလိုပါ။ အဲဒီနေ့က အမေက ကျမကို skype မှာ အွန်လိုင်းမြင်လို့ လှမ်းခေါ်တယ်။ ကြည့်ပါ …

[30/01/2012 15:49:36] Mar Mar: r u free
[30/01/2012 15:49:43] me: oo yee daw* is in downstair
[30/01/2012 15:49:49] me: u wanna talk with me?
[30/01/2012 15:49:54] Mar Mar: ok
[30/01/2012 15:50:02] Mar Mar: bye

ကျမကို အားလားမေးတာကို အားတယ် မအားဘူး မပြောဘဲနဲ့ ဦးရီးတော် အောက်ထပ်မှာ ရှိနေတယ်လို့ ကျမက ဖြေလိုက်ပြီးမှ အမေ ကျမနဲ့များ ပြောချင်လို့လားမသိဘူးလို့ တွေးမိတော့ u wanna talk with me? လို့ မေးလိုက်မိတယ်။ အဲဒါကို အမေက U Wanna (ဦးဝဏ္ဏ) လို့ ဖတ်ပြီး … ငါနဲ့ကျတော့ မပြောဘူး၊ ဘယ်က ဦးဝဏ္ဏနဲ့ ပြောနေလဲ မသိဘူးဆိုပြီး စိတ်ကောက်လို့ အိုကေ ဘိုင် သွားတာပါ။

ကျမမှာ ရယ်လိုက်ရတာလေ … ။ တယောက်ထဲ ရယ်လို့ အားမရတာနဲ့ အမလတ်ကို ဖုန်းဆက်ပြီး ပြောပြတော့ …
“အေး အမေက နင့်ကို စိတ်ဆိုးနေတာ ငါ့ကိုလဲ လှမ်းတိုင်သေးတယ် … ဦးဝဏ္ဏဆိုတာ သိလားတဲ့၊ နင် ဘယ်က ဦးဝဏ္ဏနဲ့ ပြောနေလဲ မသိဘူးတဲ့”
“ဟီးဟီး ဟုတ်လား … ရယ်ရတယ် … အဲတော့ ဘာပြောလိုက်လဲ …”
“ငါကလဲ ပြောလိုက်ပါတယ် ဦးဝဏ္ဏ တော့ မသိဘူး၊ ဦးဇနကဖြစ်မှာပါလို့ …”
“ဟားဟားဟား …”
ကျမလဲ မအောင့်နိုင်ဘူး အော်ရယ်မိတာပဲ။ ဦးဇနကဆိုတာက အင်္ဂါမောင် ဘလော့ရေးတဲ့ ဦးဇင်းပါ။ ကျမအမလတ် ထေရ၀ါဒတက္ကသိုလ်မှာ ဒီပလိုမာသင်တန်းတက်တုန်းက သူ့ရဲ့ ဆရာဖြစ်ခဲ့ဖူးတယ်။ ကျမက ကိစ္စရှိရင် အဲဒီဦးဇင်းနဲ့ တခါတလေ ဖုန်းပြောတတ်တာ သူကလဲ သိနေတာကိုး။ ကျမအသိထဲမှာလဲ ဘုန်းကြီးတွေက ခပ်များများဆိုတော့ ဦးဝဏ္ဏဆိုတာ ဘုန်းကြီးလို့ အမလတ်က ထင်နေတာ။ အမေကတော့ ကျမ ပြောနေကျ မိတ်ဆွေတွေ နာမည်တော်တော်များများလည်း သိထားတာမို့ ဦးဝဏ္ဏဆိုတဲ့ နာမည်အသစ်ကို ကြားတော့ အွန်လိုင်း မိတ်ဆွေ အသစ်တယောက် ရပြန်ပြီလားမသိဘူးဆိုပြီး တွေးနေတာ နေမှာလေ။

“နင်ကလဲ အမေ့ကိုများ u wanna တွေ ဘာတွေ သွားပြောရသလား … အမေ့ခမျာ အွန်လိုင်းမှာ ငါတို့နဲ့ စကားပြောချင်လို့ စောင့်နေရတာ … နင်က တခြားလူနဲ့ ပြောနေတယ်ဆိုပြီး စိတ်မကောင်းဖြစ်တာပေါ့ … အမေ သနားပါတယ် …”

အမလတ်ကတော့ ကျမကိုပဲ အပြစ်တင်ပါတယ်။ အင်းလေ ဟုတ်သားပဲ … ကျမကလဲ အမှတ်တမဲ့နဲ့ သုံးနေကျမို့ သုံးလိုက်မိတာကိုး … ။ အဲဒီနေ့က အမေနဲ့ ပြောပြီး နောက်ဆုံး နှုတ်ဆက်တော့ … အမေက ကျမကို စိတ်မချစွာ မှာတယ်။

“လိမ်လိမ်မာမာနေနော် … စာလဲကြိုးစား … ဦးဝဏ္ဏနဲ့ပဲ စကားပြောမနေနဲ့ …” တဲ့။
***
မေဓာဝီ
၁၀၊ ဖေဖော်ဝါရီ၊ ၂၀၁၂
၂၁း၅၀ နာရီ

Read More...

Monday, February 06, 2012

ဖေဖော်ဝါရီ မွန်းလွဲချိန်

၎၊ ဖေဖော်ဝါရီ၊ ၂၀၁၂

မနက်စောစော အလုပ်သွားဖို့ အိပ်ရာကထချိန် ထုံးစံအတိုင်း ရာသီဥတု အခြေအနေကို ကွန်ပျူတာမှာကြည့်တော့ အနုတ် ၁၀ ဒီဂရီ စင်တီဂရိတ် ဖြစ်နေတယ်။ ဘတ်စ်ကား တတန် ရထားတတန် ကုန်းကြောင်းတတန် သွားရမယ့် ခရီးအတွက် အအေးဒဏ် ခံနိုင်အောင် တကိုယ်လုံးကို ကြပ်စည်းသလို ထုပ်ပိုးပြီး အိမ်ကအထွက် တံခါးကို သော့ခတ်လို့ မရဘူး။ အေးလွန်းလို့ သော့က ဂျမ်းဖြစ်သွားတယ် ထင်ပါရဲ့၊ ကြိုးစားပြီး သော့ခတ်နေတာနဲ့ စီးရမယ့် ဘတ်စ်ကားကြီးက လာနေပါရော။ ဒါနဲ့ တံခါးကို အသာလေးပဲ စေ့ပြီး ကေမန်းကတန်း ကားမှတ်တိုင်ကို ပြေးတော့ မှတ်တိုင်မှာ လူတယောက်ရှိနေတာမို့ ကားကရပ်တယ်။ ဒါဆို မီနိုင်တာမို့ ကျမလဲ ပါးစပ်ကနေ stop, stop လို့ အော်ရင်း ပြေးရင်း ကားကြီးကို မီတော့ မီသွားပါရဲ့ ကားက တံခါးကြီး ပိတ်သွားပြီး ၀ူးဆို ထွက်သွားပါလေရော။


...
တခါတလေ ဘတ်စ်ကားမောင်းသူတွေက အဲဒီလိုပါပဲ။ သိပ်တိကျလွန်းတာလား၊ စိတ်မရှည်တာလား မသိပါဘူး။ ဒါမျိုး တခါမှ မဖြစ်ဖူးတော့ စိတ်ထဲ မခံချိမခံသာ ဖြစ်မိပေမဲ့ ကိုယ်က နောက်ကျတာမို့ ဘယ်တတ်နိုင်မလဲ၊ နောက်တစီး စောင့်ရုံရှိတာပေါ့။ အဲဒီမနက် အေးခဲနေတဲ့ ရာသီဥတုအောက်မှာ နောက်လာမယ့် ဘတ်စ်ကားကို နာရီဝက်လောက် ထပ်စောင့်လိုက်ရတယ်။ အလုပ်ကိုလဲ နာရီဝက် နောက်ကျမှ ရောက်သွားခဲ့တယ်။

အဲဒီနေ့ နေ့လည်ပိုင်းမှာ နှင်းတွေစပြီး ကျလာတယ်။ အလုပ်က နေ့တ၀က်နဲ့ ပြန်လွှတ်တော့ အိမ်အပြန်လမ်းမှာ ခပ်ဖွဲဖွဲ ကျစပြုနေတဲ့ နှင်းတွေအောက် အလုပ်ထဲက သူငယ်ချင်း နှစ်ယောက်နဲ့ အတူ ဘူတာရုံကို လမ်းလျှောက်ကြတယ်။ ပါးပါးလျလျ ကျနေတဲ့ နှင်းတွေကို ကျမတို့တတွေ အားမလို အားမရ ဖြစ်နေကြသေးတယ်။ ဒီနှစ်ဆောင်းအတွက် ဒါက ပထမဆုံး နှင်းတွေမဟုတ်လား။ ရထားစီးနေရင်းနဲ့ တဖြည်းဖြည်း အဖြူရောင်တွေ ခပ်သိပ်သိပ် တစတစ ပြိုကျလာတယ်။ ကျမနေတဲ့ မြို့ကလေးဆီ ရောက်တော့ လမ်းတလျှောက်လုံး နှင်းတွေ ဖုံးနေပြီ။



အိမ်ကိုရောက်ဖို့ ဘတ်စ်ကားတဆင့် စီးရသေးတယ်။ နှင်းရော မြူပါဆိုင်းနေလို့ တလောကလုံး မှုန်မှိုင်းနေတာပဲ။ ဘတ်စ်ကားကြီး စီးနေရင်း မကြာသေးခင်က ဖတ်ဖြစ်ခဲ့တဲ့ ကဗျာလေးတပုဒ်ကို သတိရမိတယ်။ Afternoon in February တဲ့။

The snow recommences;
The buried fences
Mark no longer
The road o'er the plain;

ရေးသူက အမေရိကန် ကဗျာစာဆိုရှင် Henry Wadsworth Longfellow (1807 – 1882) ပါ။ အင်တာနက်ထဲမှာ ကဗျာတွေ ရှာဖတ်ရင်း အဲဒီကဗျာလေးကို သွားတွေ့လို့ သဘောကျတာနဲ့ ဖေ့စ်ဘွတ်ရဲ့ နံရံပေါ်မှာ တင်လိုက်တော့ အကိုကြီး ဦးဟယ်ရီက ကွန်မန့်ထဲမှာ “ဘာသာလေးပါ ပြန်ပေးလေ” လို့ လာရေးသွားတယ်။ တကယ်တော့ အဲဒီကဗျာလေး စဖတ်ကတည်းက မြန်မာလို ပြန်ကြည့်ချင်နေခဲ့ပေမဲ့ … မပြန်ဝံ့လို့ အသာလေး ငြိမ်နေခဲ့တယ်။ (ကဗျာအစအဆုံး ဖတ်ချင်ရင် ဒီနေရာမှာ ရှိပါတယ်။)

ဘတ်စ်ကားက နာရီဝက်လောက် စီးရတာမို့ အဲဒီကဗျာလေးကို ဖုန်းလေးထဲကနေ ပြန်ဖတ်ရင်း စိတ်ထဲကနေ တိတ်တဆိတ် ဘာသာပြန်နေမိတယ်။ တကယ်တော့ ကျမက ဘာသာမပြန်တတ်ပါဘူး။ အင်္ဂလိပ်စာ ညံ့တာက တကြောင်း၊ ဘာသာပြန်လိုက်ရင် မူရင်းရေးသူရဲ့ အာဘော်နဲ့ ဆိုလိုရင်းတွေ ပျက်သွားမှာ စိုးတာက တကြောင်းတို့ကြောင့်ပဲ ဆိုပါတော့။ ဒါပေမဲ့ ဒီကဗျာလေးကိုတော့ ဆိုလိုရင်း ပျက်ကာမှ ပျက်ရော မတောက်တခေါက်တော့ ပြန်ကြည့်ချင်နေမိတယ်။

အိမ်ရောက်တော့ ကော်ဖီတခွက်သောက်ပြီး ဟင်းချက်တယ်။ နောက်တနေ့ (တနင်္ဂနွေနေ့) မှာ ဦးရီးတော်က ဘာမင်ဂန် ဘုန်းကြီးကျောင်းကို ဆွမ်းဟင်းသွားပို့မယ်လို့ ပြောထားလို့ တချို့ဟင်းတွေ သောကြာနေ့ကတည်းက ကြိုတင်ချက်ထားပေမဲ့ နောက်ထပ် ချက်ချင်သေးတဲ့ ဟင်း နှစ်ခွက်ကို လတ်လတ်ဆတ်ဆတ် ဖြစ်အောင် စနေညနေခင်းမှ ချက်ပါတယ်။ ချက်ချင်တာက သီးစုံပဲကုလားဟင်းနဲ့ ရုံးပတီသီး အချိုနှပ် ဆိုတော့ အိမ်ထဲမှာချက်ရင် အနံ့တွေ လှိုင်နေမှာ စိုးတာနဲ့ ဂိုထောင်ထဲမှာ ချက်တော့ အေးလိုက်တာ ခိုက်ခိုက်တုန်။ တံခါးဖွင့်ထားတော့ နှင်းတွေကလဲ လာလာပက်သေးတယ်။ ဟင်းချက်ရတာလဲ အင်္ကျီအထပ်ထပ်ဝတ်၊ လည်ရှည်ဖိနပ်စီး၊ ဦးထုပ်ဆောင်းပြီး ချမ်းချမ်းစီးစီး ချက်ရတာပါ။ အဲဒီလို ချက်ထားတဲ့ ဆွမ်းဟင်းတွေကို ဆရာတော်တွေ နှစ်သက်စွာ ဘုဉ်းပေးမယ်ဆိုရင်တော့ အချမ်းခံရကျိုး နပ်တာပါပဲ။


ရေခဲမုန့် မဟုတ်ပါဘူး၊ ကျမအိမ်နောက်ဘေးက ပန်းစိုက်တဲ့အိုးမှာ တင်နေတဲ့နှင်းတွေပါ။ ဒီဘက်ပုံက ဘုန်းကြီးကျောင်းအတွက် ချက်ထားတဲ့ ဟင်းလျာများ

ဟင်းချက်လို့ပြီးတော့ ညစာစားချိန်ရောက်သွားပြီ။ ထမင်းပြင်ပြီး တူဝရီးနှစ်ယောက် ညစာစား၊ ခဏနား ရေမိုးချိုးပြီး ကွန်ပျူတာရှေ့ရောက်မှ ကဗျာလေးဆီ စိတ်က ပြန်ရောက်သွားတယ်။

The day is ending,
The night is descending;
The marsh is frozen,
The river dead.
***
ဒီလိုနဲ့ ကဗျာတပုဒ် ဖြစ်လာခဲ့ပါတယ်။ ဘာသာပြန်တယ်လို့ ဆိုရအောင်လဲ အတိအကျတော့ မဟုတ်ပါဘူး။ ကိုယ်နားလည်သလိုသာ ရေးလိုက်မိတာပါပဲ။ မူရင်းကဗျာ အရသာပျက်သွားခဲ့ရင်တော့ ဘာသာပြန်သူ ကျမကို ခွင့်လွှတ်ကြပါတော့ … ။

ဖေဖော်ဝါရီ မွန်းလွဲချိန်

တရွေ့ရွေ့နှင့်
နေ့တာလွင့်ကြွေ
ညဥ့်ဦးခြေချ
အမှောင်ကျဆဲ
အေးခဲစိမ့်မြေ
အို … မြစ်သေ … ။

တိမ်လွှာလွင့်ပါး
ပြာမှုန်များသွင်
ထိုကောင်းကင်၌
နေ၀င်ဆည်းဆာ
အာကာပြင်ထက်
မှိန်ပြိုးပြက် … ။

ဖြူစင်လွနှင်း
ကျဆင်းတဖန်
ဝင်းခြံစည်းရိုး
ခြုံလွှမ်းမိုးလျက်
လမ်းမထက်မှာ
နှင်းမွေ့ယာ … ။

မြက်ခင်းပြင်ကျယ်
ကြောက်ဖွယ်ပုံရိပ်
တိုးတိတ်ဖြတ်သွား
မသာ ရထား … ။

ခေါင်းလောင်းသံမြည်
အဝေးဆီမှ
မရဏမင်း
ခေါ်ဆောင်ချဉ်းသို့
ရင်တွင်းညှိုးငယ်
အဘယ်နတ်ဆိုး
ခေါင်းလောင်းထိုး … ။

ခြေရာချန်ထား
အရိပ်များစွာ
ဝေးကွာပျက်သုဉ်း
နှလုံးပူဆွေး
အချက်ပေးနေ
သေမင်းတမန်
ခေါင်းလောင်းသံ … ။
***
၎၊ ဖေဖော်ဝါရီ ၂၀၁၂
၂၁း၄၃ နာရီ



နောက်တနေ့ အလုပ်သွားတော့ အလုပ်နားက ရေကန်ကြီးတခုလုံး ရေခဲနေတယ်။ ခါတိုင်း စိမ်းလန်းနေတဲ့ မြက်ခင်းပေါ်မှာ နှင်းတွေနဲ့ ဖြူဖြူဖွေးလို့။ စာဆို Henry က သူ့ကဗျာထဲမှာ The river dead လို့ ရေးခဲ့တယ်။ ခုမြင်ရတာတော့ The lake dead ပေါ့။ ကြည့်လေ … ရေကန်ကြီး ထဲမှာ အမြဲတမ်း လှုပ်ရှား လွန့်လူးနေတတ်တဲ့ လှိုင်းကလေးတွေတောင် မလှုပ်မယှက် တိတ်တဆိတ် အေးခဲလို့ … ။ ဖေဖော်ဝါရီ မွန်းလွဲချိန်ရဲ့ ရာသီဆိုးက ကျမကို တကယ်ပဲ ဖမ်းစားနိုင်လွန်းတယ်။
***
မေဓာဝီ
၆၊ ဖေဖော်ဝါရီ၊ ၂၀၁၂
၂၃း၀၀ နာရီ

Read More...

Wednesday, February 01, 2012

သံဝေဂ ...

ဖြစ်လာသမျှ
ပျက်ရမည်မှာ
ဓမ္မတာတည်း။

သာယာအေးချမ်း၊ ဘ၀လမ်း၌
မသမ်း ဘယာ၊ ရှိနေပါသော်
ပျော် တမွေ့မွေ့၊ မေ့ တလျော့လျော့
ပေါ့ တဆဆ၊ နေခဲ့ကြပြီး
ဖိစီးအပူ၊ ကျွမ်းဆူလောင်မြိုက်
ဖြစ်လာခိုက်မှ၊ ဗုဒ္ဓ ဓမ္မ
သံဃာ့အားကိုး၊ ရှိလျှင်ခိုးကာ
ကိုးကွယ်ရာကို ရှာကြသည်။

သံသရာဝဲ၊ သြဃထဲ၌
ရှင်ကွဲတလီ၊ တွေ့မည်သေကွဲ
မမြဲနိစ္စ၊ ကြုံရမည်ချည်း
ဖြစ်ပြီးလျှင် ပျက်၊ နှိပ်စက်တတ်သော
ဤသဘောဟု၊ ကြံ-တွေး-ပြု-ကြည့်
ကပ်သတိဖြင့်၊ မှတ်-သိနေဖို့ လိုပေသည်။
***
မေဓာဝီ
၁၊ ၂၊ ၁၂
၂၀း၀၂ နာရီ

Read More...