Wednesday, December 12, 2012

အချိုနဲ့ အခါး ...

***
ကျိန်းစပ်နေသော မျက်စိကို ဖြည်းဖြည်းချင်း ဖွင့်လိုက်စဉ် နေရောင် ပြောက်တိပြောက်ကျားက မျက်နှာ လာသစ်ပေးနေသလို မျက်နှာပေါ်တိုက်ရိုက် ကျနေသည်ကို သတိထားလိုက်မိ၏။ နေရောင်မလုံသော ထန်းလက် တဲခေါင်မိုးက မြင်ကွင်းထဲမှာ။ ကျောအောက်မှာက မာတာတာ ၀ါးကြမ်းခင်း။ ဘေးနားကို ကြည့်လိုက်တော့ ညစ်ထပ်ထပ် သစ်သားစားပွဲဝိုင်းလေးပေါ်မှာ အကြမ်းပန်းကန်လုံး ၂ လုံး၊ နှုတ်ခမ်းပဲ့နေသော ဖန်ခွက် ၁ ခွက်၊ ဒန်ပန်းကန်ပြားလေးထဲမှာ ထန်းလျက်ခဲ လေးငါးခဲနှင့် ပဲလှော် အနည်းငယ်။

“ငါ … ဘယ်ရောက်နေပါလိမ့်”

ရုတ်တရက် လူးလဲ ထလိုက်မိသည်။ ခေါင်းထဲက ရီဝေေ၀။ တဲထောင့် ရေအိုးစင်ထဲမှ ရေတခွက် ခပ်သောက်ပြီး ရေအနည်းငယ်ဖြင့် ဇက်ပိုးကို တချက်နှစ်ချက် ပုတ်လိုက်သည်။ တဲ အပြင်ဘက် ထွက်ကာ ဟိုသည်ကြည့်တော့ မည်သူမှ ရှိမနေ။ သူ၏ စီးတော်ဘီးကလေးက ထန်းပင်တပင်အောက်မှာ အသေအချာ ဒေါက်ချ ရပ်လျက်။ ကြည့်နေစဉ် မလှမ်းမကမ်း ထန်းပင်ပေါ်မှာ တလှုပ်လှုပ် လူတယောက်ကို တွေ့တာနှင့် …

“ဗျို့ တဲရှင်တို့ … တဲရှင်တို့”
ခပ်အုပ်အုပ် ခေါ်လိုက်သည်။
ထန်းပင်ပေါ်မှ အနှီလူသားက …
“သြ … မောင်ရင်လေး နိုးပလား”
ကွမ်းငုံထားသည့် အာလုတ်သံကြီးဖြင့် ခပ်လေးလေးပြောရင်း တရွေ့ရွေ့ ဆင်းလာသည်။ ထန်းပင်အောက်တွင် ခွေအိပ်နေသော ခွေးပိန်ကလေးက ခေါင်းထောင်ကြည့်ပြီး တချက် နှစ်ချက် ကုတ်ကာ ပြန်အိပ်သွားလေ၏။ သူရောက်နေတာ ထန်းတောထဲမှာပဲ။

တကယ်တမ်း သူနှင့် ထန်းတောက အပ်စပ်သည့် အရာမှ မဟုတ်တာ။ ဘယ့်နှယ်လုပ် ဒီကိုရောက်လာပါလိမ့်။ ပြီးတော့ သူ့ကိုယ်က ချဉ်စုတ်စုတ်အနံ့နှင့် ရီဝေေ၀ခံစားမှု။ စဉ်းစားရခက်နေဆဲ ထန်းပင်ပေါ်မှ ဆင်းလာသူက မြောင်အောင် ကျိုက်ထားသော ပုဆိုးကို ဖြေချရင်း လှည့်လာပြီး …
“ဘယ်နှယ့်လဲ မောင်ရင်လေး … အိပ်လို့ကောင်းရဲ့လား”
“အဘ … ကျွန်တော် ညက ဒီမှာ … …”
“အေးလကွာ … မနေ့ညနေ နေ၀င်ရီတရော ကတည်းက ရောက်လာပြီး သောက်လိုက်တာမှ … ငါ့ မနည်းတားယူရတယ် … တခါမှ မသောက်ဖူးပေလို့ပဲ … ဟားဟားဟား … နောက်ဆုံး မပြန်နိုင်လို့ ဒီမှာတင် အိပ်သွားပါရောလား”
ကွမ်းသွေးနီရဲသော သွားကျဲကျဲဖြင့် တဟားဟားရယ်ရင်း ပြောတော့ မနေ့က ကို သူပြန်အမှတ်ရလာသည်။

အင်း … မနေ့က … မနေ့က …
***
“ဒီကိစ္စကို ကျွန်တော် သဘောမတူပါဘူး ဆရာကြီး ခင်ဗျား … ဒီရွာက ကျောင်းသားတွေ အနေနဲ့ ပိုက်ဆံက ငါးကျပ် ဆိုလည်း ငါးကျပ် သူတို့အတွက် မလွယ်လှပါဘူး၊ ဒါကြောင့် မိဘဆရာအသင်းကြေး တိုးမြှင့်ကောက်ခံမယ့် ကိစ္စကို ကျွန်တော် ကန့်ကွက်ပါတယ်”

သူ့စကားကြောင့် ကျောင်းအုပ်ကြီး ဦးဘသောင်း မျက်နှာ မည်းခနဲဖြစ်သွားသည်။ ကျန်ဆရာ ဆရာမတွေအားလုံးက ဘာပြောပြော ထောက်ခံနေသည့် အချိန်မှာ သူက ထကန့်ကွက်တော့ ဦးဘသောင်း ကျေနပ်ပုံမရ။

“ခင်ဗျားလည်း အသိသားပဲ ဆရာနိုင်၊ ကျွန်တော်တို့က တိုးကောက်ချင်လို့ ကောက်ရမှာ မဟုတ်ဘူး။ ကျောင်းတိုးတက်ဖို့ စည်ပင်ဝပြောဖို့ ရည်ရွယ်ချက်နဲ့ ကောက်မှာ၊ ဒီငွေလေးတွေ စုဆောင်းရသမျှတွေရော စေတနာရှင်တွေ လှူတဲ့ အလှူတွေပါ ပေါင်းပြီး ကျောင်းဆောင်သစ် တိုးချဲ့ဖို့ စီစဉ်ထားတာ … ကျောင်းဆောင်သစ် တိုးချဲ့မှ ကျောင်းသားများများ ပိုလက်ခံနိုင်မယ် … ကျောင်းသားတွေအတွက်ရော ဆရာ ဆရာမတွေ အတွက်ပါ သက်သက်သာသာ စာသင်နိုင်မယ် မဟုတ်လား”

“ဒါပေမဲ့ ဆရာကြီး … တချို့ကလေးတွေက တော်တော်ကို နွမ်းပါးကြပါတယ်၊ ကျောင်းစာအုပ်ဖိုး ခဲတံဖိုးအပြင် မိဘဆရာအသင်းကြေး တဆယ်ကိုတောင် သူတို့ခမျာ အနိုင်နိုင်ပေးရတာ။ မိဘဆရာ အသင်းကြေး မပေးနိုင်လို့ ကျောင်းမလာတော့တဲ့ သူတွေလည်း ရှိပါတယ်၊ အဲဒီလို ကလေးတွေ အတွက်ကျတော့ ကျောင်းဆောင်သစ် ဘယ်လောက်တိုးချဲ့ချဲ့ … ပိုက်ဆံမရှိရင် လာမတက်နိုင်ကြပါဘူး ဆရာကြီး … ဒါကြောင့် ကျွန်တော်က သဘောမတူဘူး ပြောရတာပါ”

ဆရာကိုလှဦးက မသိမသာ ခေါင်းညိတ်သည်။ ဆရာမ ဒေါ်ဝင်းဝင်းအေးကတော့ မျက်လုံးအ၀ိုင်းသား။ ကျန် ဆရာ ဆရာမ အချို့ကတော့ ခေါင်းညိတ်ရမလား ခေါင်းခါရမလား သူတို့ကိုယ်တိုင် ရေရေရာရာ မရှိလှသည့်နှယ်။ အတွင်းရေးမှူး ဒေါ်သန်းသန်းက လက်က နာရီကို မသိမသာ ခိုးကြည့်ရင်း စကားစ၀င်ဖြတ်သည်။

“ကဲ ကဲ … ငါးကျပ်တိုးမှာ များရင်လည်း နှစ်ကျပ်တိုးလိုက်မယ်လေ၊ ဆယ့်နှစ်ကျပ်ပေါ့ ဟုတ်ပြီလား၊ နှစ်ကျပ်လောက်ဆိုရင်တော့ ကျောင်းသားမိဘတွေလည်း သိပ်မထောင်းသာလှဘူး မဟုတ်လား”

အင်း … ကောင်းသားပဲ …တို့ … မဆိုးပါဘူး … fair ဖြစ်ပါတယ် … တို့ … အသံလေးတွေ ကျွက်စီ ကျွက်စီ ဟိုမှ ဒီမှ ထွက်လာသည်။ အားလုံးက အစည်းအဝေးကို မြန်မြန် အဆုံးသတ် စေချင်လှပြီ။
“ဆရာမတို့ သဘောပါပဲဗျာ၊ ကျွန်တော်တော့ ဘာမှ မပြောလိုတော့ပါဘူး”
တိုးကို တိုးချင်နေမှတော့ ဘယ်လိုပြောပြောလည်း ရမှာမဟုတ်သည့်အတူတူ နောက်ဆုံး သူပဲ လက်လျှော့ လိုက်ရသည်။ ဒါပေမဲ့ ကိစ္စက ပြီးမသွားသေး။ ဦးဘသောင်းက ဆက်လာပြန်၏။

“အင်း … နောက်တခု သတိရတာ ပြောရဦးမယ်၊ ဆရာနိုင့်အတန်းက ကျောင်းသားတွေ ကိစ္စ”
သူ .. မတ်ခနဲ ဖြစ်သွားသည်။ ဒီစကားစပြီဆိုကတည်းက ဘာပြောတော့မယ်ဆိုတာ သူသိပြီးသား။

“ကျောင်းသားတိုင်း ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း မပြည့်ရင် စာမေးပွဲ ၀င်ခွင့်မပေးဘူးဆိုတာရယ်၊ ကျောင်းကို နာရီဝက်နောက်ကျပြီးမှ ရောက်ရင် ပျက်ကွက် သတ်မှတ်ဖို့ရယ် … အဲဒီစည်းကမ်းတွေက ကျွန်တော် ဒီကို ပြောင်းမလာခင်ကတည်းက ထုတ်ထားပြီးသား စည်းကမ်းတွေဆိုတာ အားလုံး သိပါတယ်နော် …”

အားလုံးက တညီတညွတ်တည်း ခေါင်းညိတ်ကြသည်။
“အင်း … ဆရာနိုင် … ခင်ဗျားအတန်းမှာ စည်းကမ်းဖောက်ဖျက်တဲ့ ကျောင်းသားတွေ ရှိနေတယ်လို့ ကျွန်တော် သိရတယ်၊ ဒါကို ခင်ဗျား ထိထိရောက်ရောက် အရေးယူရမယ်”

သူ အံကိုတင်းခနဲ ကြိတ်လိုက်မိသည်။ ဦးဘသောင်း သူတို့ တွဲဘက် အထက်တန်း ကျောင်းကလေးကို ပြောင်းလာကတည်းက ဒီစည်းကမ်း ဆိုသည့်စကားတွေ မိုးမွှန်အောင် ကြားခဲ့ရသည်။ စည်းကမ်းရှိတာ ကောင်းပါသည်။ သို့သော် နေရာတကာ ဒီပေတံကြီးနှင့် တိုင်း၍ ဖြစ်နိုင်ပါ့မလား။ ဦးဘသောင်း ဘာတွေဆက်ပြောနေသည်ကို သူမကြားတော့။ သူ့မျက်စိထဲမှာ ကျောင်းဝတ်စုံ အနွမ်းလေးကို ကပိုကရို ၀တ်ထားပြီး အမြဲကျောင်း နောက်ကျလေ့ရှိသည့် မောင်မြင့်လွင်ကို မြင်ယောင်လာမိသည်။

“ဆရာ … ဒီမနက် ရထားအ၀င် နောက်ကျလို့ ကောက်ညှင်းထုတ်တွေ တော်တော်နဲ့ မကုန်တာနဲ့ ကျောင်းနောက်ကျ သွားတာပါ”

“အမေ ဖျားနေလို့ ဈေးလိုက်နေရတာနဲ့ နောက်ကျသွားတယ် ဆရာ”

“မနေ့က မြို့တက်ပြီး ပစ္စည်းသွားဝယ်နေရလို့ … ကျောင်းမတက်နိုင်တာ”

စစချင်းတုန်းကတော့ ဒီကျောင်းသား အကြောင်းပြချက်တွေ များလှချည်ရဲ့ လို့ ထင်ခဲ့မိသည်။ ဒါပေမဲ့ သူ့အိမ်လိုက်ပြီး အခြေအနေ ကြည့်တော့မှ အကြောင်းစုံသိရလို့ စိတ်လည်း မကောင်းသလို ခွင့်လည်း လွှတ်နိုင်သွားခဲ့၏။ မောင်မြင့်လွင်လေးက ပညာလိုလားသူ ကြိုးစားသူတယောက်ပင်။ မုဆိုးမ မိခင် မမာသည်ကြီးကို ပြုစုရင်း၊ အလုပ်မျိုးစုံ လုပ်ရင်း ၀မ်းစာအတွက်ရော ကျောင်းစာအတွက်ပါ အရွယ်နှင့်မမျှအောင် ဆောင်ရွက်နေရသည့် ဘ၀ကလေးကို သူစာနာမိသည်။ ဒါကြောင့်လည်း တင်းကျပ်သည့် စည်းကမ်းဆိုတာကြီးကို ဒီကလေးအတွက် အနည်းငယ် ဖြေလျော့ ပေးခဲ့မိ၏။ ဒီအချက်ကိုပင် ဦးဘသောင်းနှင့် တချို့ဆရာမတွေက ထောက်ပြလို့မဆုံး။ ကျောင်းသားတွေကို စည်းကမ်း မရှိအောင် သူကပဲ သွေးထိုးလှုံ့ဆော် နေသယောင်ယောင်။

“မောင်မြင့်လွင်ရဲ့ အခြေအနေကို ကျွန်တော် ဆရာကြီးကို တင်ပြပြီးသားပါ။ သူက တကယ်ကို ပညာလိုလားပြီး စာကြိုးစားတဲ့ ကလေးတယောက်မို့ သူ့အတွက် ငဲ့ညှာ စဉ်းစားပေးစေချင်ပါတယ် ဆရာကြီး။ သူ့ဘ၀ ခုလို ဆင်းရဲနိမ့်ကျတဲ့ ဒုက္ခက လွတ်မြောက်ဖို့ သူ့အတွက်က ဒီပညာရေး တလမ်းပဲ ရှိပါတယ်။ ကျောင်းကသတ်မှတ်တဲ့ စည်းကမ်းနဲ့ မညီလို့ သူ့ကိုစာမေးပွဲ ပေးမဖြေရင် … ကျောင်းထုတ်လိုက်ရင် … သူ့အတွက် လမ်းဆုံးသွားပါလိမ့်မယ် ဆရာကြီး … စည်းကမ်းဆိုတာဟာလည်း တခါတလေတော့ ပုံသေ သတ်မှတ်လို့ မဖြစ်ပါဘူး။ အခြေအနေပေါ် မူတည်ပြီး လိုက်လျောညီထွေ ပြုပြင်သင့်ပါတယ် … ဒီရွာက ကလေးတွေ အားလုံးဟာ အဆင်ပြေလို့ ကျောင်းတက်နေကြသူတွေ ချည်း မဟုတ်ပါဘူး။ အဆင်မပြေတဲ့ကြားက အရွယ်ရောက်ရင် ပညာသင်ရမယ် … စာတတ်မှ ဖြစ်မယ် ဆိုတဲ့ အသိစိတ်ကလေးတွေနဲ့ စာလာသင်နေကြတဲ့ သူတွေပါ။ ဒီလို ကလေးတွေကို တင်းကျပ်တဲ့ စည်းကမ်းနဲ့ တားဆီးလိုက်ရင် သူတို့လေးတွေ စာသင်ခန်း မရောက်ဘဲ လမ်းပေါ် ရောက်ကုန်ကြပါလိမ့်မယ် ဆရာကြီး …”

“ဘာပဲဖြစ်ဖြစ် ဒါ နောက်ဆုံး သတိပေးခြင်းပဲ ဆရာနိုင်၊ ခင်ဗျားအတန်းက ကလေးတွေ ခုလို စည်းကမ်းပျက်နေတာ ခင်ဗျားမှာ တာဝန် အရှိဆုံး၊ ခင်ဗျားပေါ့လျော့လို့ ဖြစ်ရတာ၊ ကျွန်တော်တို့က ကျောင်းကို တိုးတက်ဖို့ အဖက်ဖက်က လုပ်နေချိန်မှာ ခင်ဗျား အတန်းသားတွေကြောင့် တိုးတက်မှု နှောင့်နှေးရတာမျိုး မလိုချင်ဘူး … ဒီတော့ နောက်တခါ ခင်ဗျားတပည့်တွေ စည်းကမ်းဖောက်ရင် ကျောင်းအထုတ်ပဲ … ကဲ အစည်းအဝေး ဒီမှာတင်ရပ်တယ်”

ဦးဘသောင်းက ပြောပြောဆိုဆို စာအုပ်ကြီး ၀ုန်းခနဲ ပိတ်ကာ မတ်တပ်ထရပ်သည်။ ဆရာ ဆရာမတွေက ဆက်ထိုင်ရမလို ရပ်ရမလို အူတိအူကြောင်တွေ ဖြစ်ကုန်ကြသည်။ အဲဒီစကားကြားတော့ ရုတ်တရက် ဒေါသထောင်းခနဲ ထွက်မိသွားပြီး ဦးဘသောင်းရှေ့မှာ သွားရပ်လိုက်ကာ …

“ကျွန်တော့်တပည့်တွေ စည်းကမ်းပျက်လို့ ကျောင်းထုတ်ရင် ကျွန်တော်ပါ ထွက်တယ်ဗျာ”

ပြောပြီးသည်နှင့် ချာခနဲ လှည့်ထွက်လာခဲ့သည်။ အာမေဋိတ်သံတချို့ ခပ်သဲ့သဲ့ကြားလိုက်ရ၏။

“ဗမာတွေ စည်းကမ်းကို မရှိဘူး … ဒါကြောင့် မတိုးတက်တာ” ဆိုသည့် ဦးဘသောင်း အသံကိုလည်း ကြားဖြစ်အောင် ကြားလိုက်ရသေးသည်။
***
ဒီ့နောက်မှာတော့ ပူထူနေသော ဒေါသတွေဖြင့် စက်ဘီးကလေးကို ခပ်ကြမ်းကြမ်း နင်းလာခဲ့သည်။ နေ့စဉ်လိုလို ဖြတ်နင်းနေကျ ဒီထန်းတော ဘေးမှ အဖြတ် … ထန်းရည်တွေ မူးအောင် သောက်လိုက်ချင်စိတ် ပေါ်လာသည်နှင့် မြေနီလမ်းကလေးအတိုင်း သွယ်ဆင်းက ထန်းတောသို့ ရောက်လာခဲ့သည်။ ဘယ်လောက်ထိ မူးအောင် သောက်လိုက်သလဲ သူကိုယ်တိုင်လည်း မမှတ်မိတော့။ ညက အိမ်ကိုပင် မပြန်နိုင်ခဲ့။

“အဘ … ကျွန်တော် မနေ့က ကျောင်းမှာ ဆရာကြီးနဲ့ စကားများခဲ့တာဗျာ … အဲဒါကြောင့် …. ”
“သိပြီးပြီလကွာ … မနေ့က မောင်ရင်လေး မူးမူးနဲ့ ကျုပ်ကို အားလုံး ပြောပြခဲ့သာပဲ”
“ကျွန်တော် ကျောင်းက ထွက်ခဲ့တယ် အဘ”
ပြောရင်း ရင်ထဲမှာ လှိုက်ခနဲ ၀မ်းနည်းသွားမိသည်။
ဒီကျောင်းလေးကို သူ ဘယ်လောက် ချစ်ခဲ့ သံယောဇဉ်ရှိခဲ့တယ်ဆိုတာ သူကိုယ်တိုင် အသိဆုံး။ တနှစ်ပြီးသွားတိုင်း အောင်မြင်သွားသည့် တပည့်လေးတွေကို ကြည့်ပြီး ဖြစ်ခဲ့ရသည့် ပီတိတွေက သူ့ကို ဆရာသက် ရှည်အောင် ဖန်တီးပေးခဲ့သည် မဟုတ်လား … ခုတော့ … ။

“အင်း … မောင်ရင်လေးက ကျောင်းထွက်မယ်ဆိုတော့ ကလေးတွေ ဘယ်သူ စာပြမတုန်း”
“တခြားဆရာတွေ လွှဲယူကြပါလိမ့်မယ်ဗျာ … ကျွန်တော်တော့ ဒီဆရာကြီးရှိနေရင် ဒီကျောင်းမှာ ဆက်မသင်ချင်တော့ဘူး”
“သြော် … ဒီမှာ … ဒါလေးသောက်ကြည့်ဦး … ဒါ ထန်းဦးရေ … မနက်စောစောချလာတာမို့ လတ်လတ်ဆတ်ဆတ်ပဲ”

အဘက စကားလွှဲတာလား ဘာလားတော့မသိ၊ နှုတ်ခမ်းပဲ့ ဖန်ခွက်ကလေးကို မြူအိုးထဲ နှစ်ပြီး ထန်းရည်တခွက် ခပ်ကာ သူ့ရှေ့ကို တိုးပေးသည်။ စိတ်ထဲမှာ သောက်ချင်စိတ် မရှိတော့ပေမဲ့ အဘကို အားနာတာကြောင့် တငုံ ငုံလိုက်မိတော့ ချိုရှနေသော အရသာက လည်ချောင်းထဲ စီးဆင်းသွား၏။

“ဘယ့်နှယ့်လဲ”
“ကောင်းတယ် အဘ … ချိုမြနေတာပဲနော်”
“အင်း … အဲဒါ ခဏပဲ မောင်ရင်လေးရဲ့၊ ထန်းရည်ဆိုတာ နေမြင့်လေ ခါးလေ … သောက်ရင် မူးလေပဲ … လူတွေလည်း ဒီတိုင်းပေါ့ကွာ … ဟားဟားဟား … ဒီလိုလူတွေကို စိတ်ထဲ ဗွေယူမနေနဲ့ … လောကမှာ ကိုယ်လုပ်စရာရှိတာ လုပ်ဖို့ … ကိုယ့်တာဝန် ကိုယ်ကျေဖို့က အဓိကမဟုတ်လား … ကိုင်း … မောင်ရင်လေး ဘာလုပ်မယ် စိတ်ကူးတုန်း”
“ကျွန်တော် …”

သူ နှုတ်တွေဆွံ့အ သလိုဖြစ်သွားမိသည်။ ဘာပြောရမလဲ မသိတော့။ အဘက အကြမ်းပန်းကန် နှစ်လုံးထဲကို မြူအိုး တအိုးစီမှ ထန်းရည်တွေ ထည့်သည်။ ပြီးတော့ …

“ဒီခွက် နှစ်ခွက်မှာ တခွက်က အချို … တခွက်က အခါး၊ ဒီတိုင်းကြည့်ရင် ဘယ်ဟာက ချိုသလဲ ဘယ်ဟာက ခါးသလဲ မသိနိုင်ဘူး … အင်း … သောက်ကြည့်မှ သိနိုင်တယ် … မဟုတ်လား … ဒီလိုပဲ … လူတွေနဲ့ ဆက်ဆံတဲ့အခါ ထဲထဲဝင်ဝင် ဆက်ဆံမှ ဒီလူတယောက် ကောင်းမကောင်းဆိုတာ သိရတာ … သိရတော့ နောက်တခါ ဆက်ဆံမယ်ဆိုရင် သတိထား ဆက်ဆံရုံပဲပေါ့။ ဒီလူ မကောင်းဘူးဆိုပြီး တသက်လုံး မပတ်သက်ဘဲ နေစရာမလိုဘူး။ အဲဒီလိုဆို ကိုယ့်အတွက် ဘောင်က ကျဉ်းသွားရော။ မကောင်းတဲ့သူပေမဲ့ သူတို့ မရှိလို့လည်း မဖြစ်ပြန်ဘူး ဆိုတော့ရင် ကိုယ်က သူတို့ကို ကောင်းတဲ့နေရာမှာ အသုံးချတတ်ဖို့တော့ လိုတယ် … ဟောဒီမှာ ထရေနဲ့ ချက်တဲ့ ထန်းလျက်ခဲလေးတွေ ဘယ်လောက်ချိုလဲ … စားကြည့်”

ယောင်တောင်တောင်နှင့် ထန်းလျက် တခဲယူမြုံ့မိတော့ အဘက ကွမ်းချိုးတက်နေသည့် သွားများဖြင့် တဟဲဟဲရယ်ရင်း ...
“ကဲကဲ … မောင့်တပည့်တွေ မျှော်နေကြရော့မယ်၊ အချိန်ရတုန်း အိမ်ပြန် အ၀တ်အစားလဲပြီး ကျောင်းကို ပြန်သွားပါ … လူတယောက်နဲ့ အများကိစ္စမှာ အများအတွက် ပိုကြည့်ရမယ် မဟုတ်လား …”
“ဟုတ်ပါတယ် အဘရယ် … အဘကို ကျေးဇူးတင်တယ်… ကျွန်တော် ကျောင်း ပြန်သွားပါမယ် …”

ပြောပြောဆိုဆို ထပြီး စက်ဘီးလေး ရှိရာကို သွားတော့ အဘက ပြုံးပြုံးကြီး ကြည့်ကာ ကျန်ခဲ့သည်။ အဘကို လက်ပြပြီး စက်ဘီးကို အားစိုက်နင်းလိုက်၏။ မြေနီလမ်းတလျှောက် နင်းလိုက်သော သူ့စက်ဘီးနောက်တွင် တလိပ်လိပ်ထနေသည့် ဖုန်ငွေ့တွေက အချိုနှင့်အခါး အရသာပေးစွမ်းနိုင်သော ထန်းပင်ကြီးတွေအကြား ၀ိုးတ၀ါး ကျန်ခဲ့မည်ဆိုတာကို သူနောက်ပြန်လှည့်မကြည့်ဘဲ သိနေပါတော့၏။
***
မေဓာဝီ
၈၊ နိုဝင်ဘာ၊ ၂၀၀၈
***
(မှတ်ချက်။ … ။ လွန်ခဲ့သော နှစ်ပေါင်း အစိတ်ခန့်က အဖြစ်အပျက်တခုကို အခြေခံပြီး လွန်ခဲ့သော လေးနှစ်ကျော်ခန့်က ရေးထားတဲ့ ၀တ္ထုလေးပါ၊ ဒီဘလော့မှာတော့ မတင်ရသေးပါဘူး။ စာအသစ် မရေးနိုင်သေးလို့ ဒီဝတ္ထုလေးပဲ တင်လိုက်ပါတယ်။ )
 

10 comments:

ညိမ်းနိုင် said...

ဝတ္ထုလေး ကောင်းလိုက်တာ....၊ပေးသွားတဲ့ မတ်စေ့လေး
လည်း ကောင်းတယ်....၊မကောင်းတဲ့လူကို မပက်သက်
ပဲနေရင် ကိုယ့်အတွက်ဘောင်ကျဉ်းသွားတယ်ဆိုတာလေး
က မှန်လိုက်တာဗျာ....၊

ညီလင်းသစ် said...

အဆိုးထဲက အကောင်းကို တွေ့အောင်ရှာပြီး ယူတတ်ဖို့ လိုတယ်ဆိုတဲ့ အချက်ကလေးက လှတယ် မမေ..၊ အထူးသဖြင့် မပတ်သက်လို့လည်း မရတဲ့ အခြေအနေတွေ ထဲမှာပေါ့..၊ တကယ်တော့ ထန်းဦးရည်လေး လည်းသောက်၊ ငှက်ခါးတောင်လေး လည်းသောက်.. အဲ... (ရောကုန်ပြီ..း)) အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ လောကထဲ နှစ်မျိုးလုံးကို သင့်တင့်လျောက်ပတ်အောင် ဆက်ဆံနေထိုင်ဖို့ လိုအပ်တာ မဟုတ်လား...၊

လွန်ခဲ့တဲ့ နှစ်အစိတ်က အဖြစ်အပျက်လေးက စိတ်ထဲကို နှစ်နှစ်ကာကာ ဝင်သွားခဲ့တယ် မမေ...။း)

mstint said...

မမေရဲ့ ၀တ္ထုလေးကိုဖတ်လိုက်ရတော့ တီတင့် ကျိုင်းတုံ ၇-တန်းတက်တုန်းက ကျောင်းအုပ်ဆရာကြီးကို အမှတ်မထင် သတိရသွားတယ်။ ဇာတ်လမ်းလေးက ခပ်ဆင်ဆင်ပဲလေ။ 'လောကမှာ ကိုယ်လုပ်စရာရှိတာလုပ်ဖို့ ကိုယ့်တာဝန် ကိုယ်ကျေဖို့' ဆိုတာအမှန်ဆုံးပေါ့နော်။
စာအရေးအသားတွေ သဘောကျတယ် မမေရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ညီမ ရေ

အဖြစ်မှန်စာလေး ကို ဖတ်သွားတယ် ... အင်း အဲလိုတွေ အများကြီး

ကျေးဇူး
ရွှေစင်ဦး

Anonymous said...

အမ...


ပြင်ပလောကမှာ တကဲ့လက်တွေ့ဘဝမှာရှိနေတဲ့ အဖြစ်အပျက်လေပါပဲ...

အမရဲ့ လက်ရာကောင်းလေးကို မျှော်လင့်နေပါတယ်။

ညီမ

~ဏီလင်းညို~ said...

နှစ်သက်စွာ ဖတ်ရှုသွားတယ်မမေရေ့။
ကျွန်တော်လည်း တစ်ခါတစ်ခါကျ အခြေအနေနဲ့ အချိန်အခါကိုထည့်မတွက်ပဲ စာအုပ်ကြီးအတိုင်းလုပ်တတ်ချင်တဲ့လူတွေကို အမြင်ကတ်မိတယ်.... :P

ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို

ချော(အစိမ်းရောင်လွင်ပြင်) said...

မမေက ဝတ္ထုတိုလည်း အရေးကောင်းသားဘဲ
ဖြစ်ရပ်မှန်ဆိုပေမဲ့ ဝတ္ထုတစ်ပုဒ်လို ဆွဲဆောင်အားကောင်းလှတယ်။.။ ဦးလေးရဲ့ ဥပမာလေးက သိပ်ကောင်းတာဘဲ..
ဟုတ်ပါရဲ့ တစ်ခါတစ်ခါမှာ ကျွန်မလည်း အခါးတွေနဲ့တွေ့ရင် လုံးဝကို မဆက်ဆံချင်စိတ် ဖြစ်မိတယ်။

sosegado said...

လူတယောက်နဲ့ အများကိစ္စမှာ အများအတွက် ပိုကြည့်ရမယ် မဟုတ်လား
စာကောင်းတစ်ခုပါ ပြန်တင်ပေးတဲ့အတွက် ကျေးဇူးပါ

ဘုန်း ၂ တောက် said...

နေ့စဉ် သည်အချိန်ဆို တစ်ရေးလောက် မှေးနေကျ။ မမှေးခင် ၀တ္ထုကို စဖတ်လိုက်တာ အဆုံးထိ မဖတ်ဘဲ မနေနိုင်အောင် ဆွဲခေါ်သွားတယ်။ ဖတ်လို့ ပြီးတော့မှပဲ...

san htun said...

လူတွေနဲ့ ဆက်ဆံတဲ့အခါ ထဲထဲဝင်ဝင် ဆက်ဆံမှ ဒီလူတယောက် ကောင်းမကောင်းဆိုတာ သိရတာ … သိရတော့ နောက်တခါ ဆက်ဆံမယ်ဆိုရင် သတိထား ဆက်ဆံရုံပဲပေါ့။ ဒီလူ မကောင်းဘူးဆိုပြီး တသက်လုံး မပတ်သက်ဘဲ နေစရာမလိုဘူး။ အဲဒီလိုဆို ကိုယ့်အတွက် ဘောင်က ကျဉ်းသွားရော။ မကောင်းတဲ့သူပေမဲ့ သူတို့ မရှိလို့လည်း မဖြစ်ပြန်ဘူး ဆိုတော့ရင် ကိုယ်က သူတို့ကို ကောင်းတဲ့နေရာမှာ အသုံးချတတ်ဖို့တော့ လိုတယ်..
သဘောကျလိုက်တာ မမေရေ..ကိုယ့်ကို ပြောနေသလားတောင် ထင်ရတယ်..း)