Tuesday, November 20, 2012

ရင်ငွေ့ခြုံလွှမ်း အနမ်းတရှိုက် …

အနမ်းတွေဟာ စိတ်ဖိစီးမှုကို ပြေလျော့စေသလို ပွေ့ဖက်ခြင်းဟာ သောကတွေကို ဖြေသိမ့်စေသတဲ့ … ။ ဟုတ်ပါ့မလား … ကျမမှာ သံသယတပိုင်းတစနဲ့ … ။
***
အနမ်းပွင့်လေးတွေဟာ ကျမတို့မိသားစုအတွက်တော့ မထူးဆန်းခဲ့ပါဘူး။ ကျမတို့ ငယ်ငယ်ကတည်းက အဖေက အမေအပါအ၀င် သားသမီးတွေကို ချစ်မြတ်နိုးစွာ တယုတယ အမြဲတမ်း မွှေးမွှေးပေးနေကျ၊ ကျမတို့ကလည်း အဖေနဲ့ အမေ့ရဲ့ ပါးပြင်တွေကို တရွှတ်ရွှတ် နမ်းနေကျ။ ချစ်ခြင်းမေတ္တာတွေ ထုံလွှမ်းတဲ့ မိသားစု အနမ်းတွေနဲ့ ယဉ်ပါးခဲ့တဲ့ ကျမဟာ အနောက်တိုင်းက ပွေ့ဖက် နမ်းရှုံ့ခြင်းတွေကိုတော့ ရုတ်တရက် စိမ်းသက်နေခဲ့တယ်။ မိသားစုဝင် မဟုတ်တဲ့ ကျား-မ မရွေး ရင်ချင်းအပ်ပွေ့ဖက်ပြီး ပါးချင်းကပ် နမ်းရှုံ့တဲ့ အလေ့အထမှာ နေသားမကျခဲ့ဘူး။ ကျမတို့ရဲ့ မြန်မာမှု မြန်မာဓလေ့နဲ့ မနီးစပ်လှတဲ့ ဓလေ့ထုံးစံ မဟုတ်လား။

ကျမ ဘိလပ်ကို စရောက်တော့ မန်ချက်စတာ လေဆိပ်မှာ လာကြိုတဲ့ အမလတ် အမျိုးသား ဥရောပသားကြီးက တွေ့တွေ့ချင်း ၀မ်းသာအယ်လဲ ပွေ့ဖက်နှုတ်ဆက်ဖို့ လက်ကြီးကားလာပေမဲ့ ဒီယဉ်ကျေးမှုကို နားမလည်တဲ့ကျမ နောက်တွန့်ရင်း အသာရှောင်လွှဲခဲ့မိတယ်။ အားနာရကောင်းမှန်းလဲ မသိခဲ့ပါဘူး။ ခင်မင်မှုအရပဲဖြစ်ဖြစ် ထုံးတမ်းစဉ်လာအရပဲဖြစ်ဖြစ် နှုတ်ဆက်တဲ့အနမ်းနဲ့ ပွေ့ဖက်ခြင်းတွေဟာ အမှန်တကယ်လိုအပ်လို့လား … လို့ တွေးနေမိခဲ့သေးတယ်။

ဘိလပ်မှာ ပထမဆုံး တက်ရတဲ့ ကျောင်းက ကျောင်းအိပ်ကျောင်းစား နေရတာမို့ကမ္ဘာအနှံ့အပြားက လူတွေနဲ့ ခင်မင်ရင်းနှီးခွင့်ရပြီး သူ့ဓလေ့ ကိုယ့်ဓလေ့ ရှင်းပြ ပြောပြ ဖလှယ်ကြရင်း တဖြည်းဖြည်း ဒီအလေ့အထတွေနဲ့ ရင်းနှီးခဲ့ရတယ်။ ဒါပေမဲ့လဲ ဒီပွေ့ဖက်နမ်းရှုံ့မှုဟာ ကျမအတွက် တော်တော်နဲ့ အထာမကျခဲ့သလို ဒါဟာ လိုအပ်ချက်တခုလို့လဲ မထင်ခဲ့မိဘူး။
***
ကျမအမလတ်က အလုပ်ထဲမှာ စိတ်ရှုပ်စရာတခုခုနဲ့ ကြုံလာတဲ့ တရက်မှာတော့ … “နင် ငါ့ကို ခဏလောက် ဖက်ထားပေးနိုင်မလား” … လို့ ကျမဆီ တောင်းဆိုလာပါတယ်။ ကျမစိတ်ထဲမှာ…
“သြော် … သူက ဥရောသားနဲ့ အိမ်ထောင်ကျတော့ အနောက်တိုင်း အလေ့အထတွေ နှစ်သက်နေပြီထင်ရဲ့” လို့ တွေးမိပေမဲ့ သူစိတ်ကျေနပ်အောင် ပွေ့ဖက်ပေးခဲ့တယ်။ ကျမပွေ့ဖက်အပြီးမှာတော့ သူက စိတ်ပြေသွားသလို ပြုံးပြီး ကျေးဇူးပဲလို့ ပြောခဲ့တယ်။ တကယ်ပဲ သူစိတ်သက်သာရာ ရသွားသလား … ကျမအတွေးထဲ ဇဝေဇ၀ါနဲ့ပါပဲ။

တခါတော့ ဦးရီးတော်က သူ့မိတ်ဆွေ လူဖြူအဘိုးကြီး တယောက်နဲ့ ကျမကို မိတ်ဆက်ပေးပါတယ်။ အဲဒီအဘိုးကြီးက ကျမကို ဖက်ပြီး ပြွတ်ခနဲ ပါးကိုနမ်းလိုက်တော့ ကျမမှာ မျှော်လင့်မထားတာမို့ အံ့သြသွားမိတယ်။ ကျမကြုံလေ့ရှိတာက ကျောကိုသိုင်းဖက်ပြီး ဘယ်ပြန်ညာပြန် ပါးချင်းအပ် နှုတ်ဆက်တာလောက်ပဲလေ၊ ဒါပေမဲ့ အဲဒီအဘိုးကြီးက ပါးကို ပြွတ်ခနဲနေအောင် နမ်းထည့်လိုက်ချိန်မှာ ကျမ ရုတ်တရက် လန့်သွားမိတာ အမှန်ပါပဲ။ လူချင်းခွါလိုက်တော့ သူက ကိုယ့်သမီးတယောက်ကို ကြည့်တဲ့ အကြည့်မျိုးနဲ့ ကြင်ကြင်နာနာ ပြုံးပြီး ကျမကို ကြည့်တယ်။ ကြင်နာတဲ့သူ့မျက်ဝန်းနဲ့ ချိုသာတဲ့ အပြုံးကြောင့် ကျမရဲ့ အံ့သြခြင်းတွေ လွင့်စင်သွားပြီး သူ့ကိုလှိုက်လှိုက်လှဲလှဲ ပြန်လည်ပြုံးပြဖြစ်ခဲ့ပါတယ်။
***
ဒီလိုနဲ့ တဖြည်းဖြည်း ကျောင်းမှာ အဆောင်မှာ တစိမ်းတရံစာတွေနဲ့ ပွေ့ဖက်နှုတ်ဆက်ရတဲ့ အလေ့အထကို အသားမကျတကျအချိန် … ။

မိသားစုရဲ့ အဝေးက University of Huddersfield ဆိုတဲ့ တက္ကသိုလ်နယ်မြေမှာ ကျမ ကျောင်းစတက်ရပြီး ကိုယ်အကျွမ်းမ၀င်တဲ့ ဘာသာရပ်တွေ သင်ယူရချိန်မှာ စိတ်တွေ အမြဲ ရှုပ်ထွေး နေခဲ့တာမို့ ကျောင်းမပျော်တဲ့ ကျောင်းသားတယောက် ဖြစ်ခဲ့ရတယ်။ စာတွေက အမြဲခက်နေတယ်၊ တက္ကသိုလ်စတိုင် စာသင်တာမို့ ဘာမှလဲ နားမလည်ဘူး၊ သူငယ်ချင်းလဲ များများစားစားမရှိတဲ့ ကျမက အတန်းထဲမှာ အူကြောင်ကြောင်နဲ့ပေါ့။ မနှစ်သက်တဲ့ ဘာသာရပ်တွေကို သင်နေရပေမဲ့ ကျမချစ်တဲ့ ဆရာမ ခရစ်စတင်းရဲ့ Taxation ဘာသာရပ်ကိုတော့ ကျမက တော်တော်လေး သဘောကျတယ်။ တခြားဘာသာတွေမှာ အမှတ်နည်းပေမဲ့ Tax ကိုတော့ ကျမက စာမှန်မှန်လုပ်ခဲ့တာမို့ မကြောက်ခဲ့ဘူး။ တရက်တော့ အတန်းထဲမှာ စစ်တဲ့ progress test တခု ဖြေရတယ်။ တကယ့် exam situation အတိုင်း ဖြေရတာမို့ သေချာလဲ စာဖတ်ထားခဲ့တယ်၊ ဖြေပြီးတော့လဲ ကိုယ့်ကိုယ်ကိုယ် ဖြေနိုင်တယ်လို့ထင်ခဲ့တယ်။ တကယ်တမ်း အမှတ်လဲ ထွက်လာရော အောင်မှတ်ရဖို့ ၄ မှတ်လောက် လိုနေတယ်။

ကိုယ့်အဖြေလွှာ ကိုယ်ကြည့်ပြီး ကျမစိတ်ထဲ ၀မ်းနည်းသွားလိုက်တာ … အားငယ်သွားလိုက်တာ … သေချာဖတ်ထားပါရက်နဲ့ … ဆိုပြီး စိတ်မကောင်းလဲ ဖြစ်လိုက်တာ။ တကယ့်စာမေးပွဲကြီး မဟုတ်ပေမဲ့ တော်တော်လေး စိတ်ထိခိုက်ရတယ်။ ရင်ထဲ တနုံ့နုံ့ ခံစားရင်း စာကြည့်တိုက်ကို သွားတော့ ကျမသူငယ်ချင်း အာဖရိကန်သူ ဂျူလီနဲ့ တွေ့တယ်။ သူနဲ့ကျမက အတူစာကြည့်နေကျ။ သူ့ကိုမြင်တော့ … ဖြစ်ကြောင်းကုန်စင် ပြောပြရင်း ၀မ်းနည်းလာပြီး နှုတ်ဖျားက အလိုလိုထွက်သွားမိတဲ့ စကားက …
“ကျေးဇူးပြုပြီး ငါ့ကို ဖက်ထားပေးပါ ဂျူလီရယ်”

ကျမစကား အဆုံးမှာ ဂျူလီက ခြေတလှမ်းရှေ့တိုးပြီး ကျမတကိုယ်လုံးကို ကျစ်ကျစ်ပါအောင် သိုင်းဖက်ရင်း ပါးချင်းအပ်လို့ အနမ်းလေးတွေ ပေးတယ်။ သူ့ခန္ဓာကိုယ်က ထွားထွားကျိုင်းကျိုင်း ၀၀ဖြိုးဖြိုးမို့ ထွေးဖက်ထားတဲ့ သူ့ရင်ခွင်ထဲမှာ ကျမက အိဝင်နစ်မြုပ်နေသလိုပဲ၊ ဖက်ထားရင်းနဲ့ ဂျူလီက ကျမကျောကို ညင်ညင်သာသာလေး တယုတယ ပုတ်ပြီး နှစ်သိမ့်ပေးတော့ ကျမစိတ်ထဲ နွေးထွေး လုံခြုံမှုရှိသွားသလို အားရှိသွားသလို ခံစားလိုက်ရတယ်။ ကျေးဇူးပါ ဂျူလီ … ။
***
အဲဒီအချိန်ကစပြီး ပွေ့ဖက်နမ်းရှုံ့ခြင်းမှာ စိတ်မသိုးမသန့် မဖြစ်မိတော့ဘူး၊ ဒါဟာ တခါတရံမှာ လိုအပ်တယ်လို့လဲ နားလည်လာခဲ့တယ်။ အမြင်ကျဉ်းမြောင်းခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လဲ ရှက်ရွံ့မိလို့ပေါ့။ အနမ်းတွေကို မယဉ်ပါးစဉ်က ကျောင်းမှာ Yoga သင်ပေးတဲ့ ဘရာဇီးသူ မမအစ်ဇဘယ်လ် ရှင်းပြဖူးတာ ပြန်အမှတ်ရမိတယ်။

“အနမ်းက အမျိုးမျိုးရှိတယ်လေ … မေရဲ့ … မိသားစုအနမ်း၊ သူငယ်ချင်းအနမ်း၊ သမီးရည်းစား လင်မယားအနမ်း၊ ထုံးတမ်းစဉ်လာအနမ်း၊ သံခင်း တမန်ခင်း အနမ်းတွေရှိသလို ငြိမ်းချမ်းရေးအနမ်း၊ လေးစားခြင်းအနမ်း၊ ဂုဏ်ပြုအနမ်း၊ နှစ်သိမ့်အနမ်းနဲ့ ချွေးသိပ်အနမ်းတွေလဲ ရှိသေးတယ် …

“သွေးသားမတော်စပ်တဲ့ အနမ်းဆိုတိုင်း ညစ်ညမ်းတာ မဟုတ်ဘူး မေ … အနမ်းတွေဟာ စိတ်ဖိစီးမှုကို ပြေလျော့စေသလို ပွေ့ဖက်ခြင်းဟာ သောကတွေကို ဖြေသိမ့်စေတယ် …”
***

မနေ့က ရုပ်သံကနေ ဖျတ်ခနဲ မြင်လိုက်ရတဲ့ အနမ်းကတော့ မေတ္တာတရားရယ် လေးစားမှုရယ် ဂုဏ်ပြုခြင်းတွေ ရောယှက် ပေါင်းစပ်ထားတဲ့ ဂန္ထ၀င်အနမ်း သမိုင်းဝင်အနမ်းလို့ ဆိုရလေမလားဘဲ၊ မလိုသူ တချို့က အမနာပ ပြောကြပေမဲ့ ဒီအနမ်းပွင့်လေးတွေအတွက် ကျမကတော့ ဂုဏ်ယူစွာ ကျေနပ်စွာ ပီတိတွေ ဖြစ်နေမိပါတော့တယ်။
***
မေဓာဝီ
၂၀၊ ၁၁၊ ၁၂
မြန်မာစံတော်ချိန် ၂၂း၅၄ နာရီ

19 comments:

သောကြာမေ said...

ဟုတ်တယ် ဟုတ်တယ်၊ မေဓာပြောတာကို တို့အပြည့်အ၀ထောက်ခံတယ်၊

ဘုန်း ၂ တောက် said...

နမ်းပုံနမ်းနည်း နိဿရည်းကို သေချာကျနစွာ လာရောက်ဖတ်ရှုသွားပါတယ် ကြီးမေရေ။ မှတ်သားထားရမယ် ကံကောင်းထောက်မစွာ ဥရောပရောက်ခဲ့ရင်တော့ လာနမ်းရင်တော့ ဒကာဆိုရင်တော့ ကိစ္စမရှိပါဘူး။ ဒကာမဆိုရင်တော့ no no ဆိုပြီးတော့လေ။ ပြီးမှ ပြန်ရှင်းပြလိုက်မှာပေါ့။ ချမ်းမြေ့ပါစေ
ခင်မင်တဲ့

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်ပ မမေရယ်
ကိုယ်တွေများ ဒီအနမ်းလေးတွေကို သဘောကျ ဂုဏ်ယူလိုက်ရတာ..
သဘောထား မကြီးနိုင်တဲ့ သူတစ်ချို့က လွဲရင်ပေါ့။
ဒေါ်ရင်လတ်ကြီးတောင် ဒီလို အနမ်းမျိုး မရဘူး ဆိုပြီး ပြောမိသေးတာ။
ရင်ထဲက အဖြူရောင် မေတ္တာနဲ့ ကြည့်တဲ့အခါ ဖြူစင်တဲ့ သူတို့တွေရဲ့ မေတ္တာကိုမြင်နိုင်ပေမဲ့ မည်းမှောင် ညစ်ထေးနေတဲ့ သူတစ်ချို့ရဲ့ စိတ်တွေကတော့ အမည်းရောင်ဘဲမြင်လေရဲ့...
ဘာဘဲဖြစ်ဖြစ် တကယ်ကို ကြည်နူးဝမ်းသာရတဲ့ နေ့ကလေးပါ။

lwannaung said...

အနမ်းတိုင်းဟာ ရမ္မက်ဆန္ဒတွေ ယှက်ငြိနေတာ မဟုတ်ပါဘူး။ ဖတ်သွားတယ် မမေရေ

ညီလင်းသစ် said...

ဂန္တဝင်အနမ်း... သမိုင်းဝင် အနမ်း...၊ မှန်လိုက်တာ မမေရယ်...၊ အဲဒီ ဓါတ်ပုံလေး သတင်းတွေမှာ တက်လာတော့ အံ့သြဝမ်းသာစိတ်နဲ့ အကြာကြီး ကြည့်နေမိတယ်၊ အကြိမ်ကြိမ် စော်ကားခံရတဲ့၊ အသက်ကိုတောင် လုပ်ကြံခံရတဲ့၊ အချိန်များစွာကို တစ်ယောက်တည်း ဖြတ်သန်းခဲ့ရတဲ့ အမျိုးသမီးကြီး တစ်ယောက်ကို လူ့တန်ဖိုး သိတဲ့ ကမ္ဘာ့ခေါင်းဆောင်ကြီး တစ်ယောက်က တလေးတစားနဲ့ ချီးကျူးဂုဏ်ပြုတဲ့ အနမ်း...၊

တဏှာပေမ မပါဘဲ ဖြူစင်၊ သိမ်မွေ့တဲ့ ရိုးရိုးသားသား အနမ်းပွင့်လေးတွေဟာ လူလူချင်း ဆက်ဆံရေးမှာ တခါတလေ စကားလုံးတွေ အများကြီးထက်ကို ပိုပြီး တာသွားလိမ့်မယ်လို့ ထင်မိတယ် မမေ...။

san htun said...

အဲဒီအနမ်းလေးက စကားလုံးတွေ အများကြီးထက် တာသွားတယ်..အဲဒီဓာတ်ပုံလေး မြင်ရတာ စိတ်ချမ်းသာစရာ ကောင်းလှပါဘိ...

မောင်မျိုး said...

ဟုတ်တယ် ကျနော်လည်း ခံစားဖူးတယ် တစ်ခါတုန်းက ယောက်ျားတန်မဲ့ မျက်ရည်ကျမိအောင် ၀မ်းနည်းဖူးတော့ သူငယ်ချင်းတစ်ယောက်က ကျနော့်ကိုဖက်ပြီး အားလုံးအဆင်ပြေသွားလိမ့်မယ်တဲ့ ကျနော့်ကျောကိုသပ်လို့ပေါ့ ခဏလေးပါပဲ ဒါပေမယ့် အရှိန်ဟုန်တော့ပြင်းတယ် ကျေးဇူးလည်းတင်မိတယ်ဗျ။ဒီမှာကတော့ အဲ့ဓလေ့နည်းတယ်မှတ်လားး စိမ်းတုန်းပဲ ။

သတင်းစာတွေမှာတော့ အိုဘားမားရဲ့ အနမ်းက ပေါ်ပြူလာဖြစ်နေတယ်း) ကျေးဇူးလည်းတင်တယ် ငါတို့အမေ ငါတို့ပြည်သူတွေကို သူ တကယ်ကို တန်ဖိုးထားတာပဲလို့ ခံစားမိလိုက်တယ် ။

မောင်မျိုး said...

ဒါနဲ့ ကျနော့်ဆီ အစ်မ မလာတာကြာပြီ လာနေကျ ဧည့်သည် အိမ်မှာမမြင်ရတာကြာတော့ ၀မ်းတွေတောင်နည်းလို့ * ကျနော့်ကို ခဏလောက် ဖက်ထားပေးပါလားဗျာ *း))))

Anonymous said...

အမ..ဒေါ်စုကို နမ်းသွားတဲ့ အနမ်းကို မြင်ရတာတော့ ကြိုက်တယ်..
ဘယ်လိုမှ မခံစားရဘူး။


သို့သော်....
ညီမကတော့ ညီမကို အဲလိုလာနမ်းရင်တော့ မကြိုက်ဘူး။ လက်ခံမှာမဟုတ်ဘူး အမ. သူ့ယဉ်ကျေးမှုကို မလိုက်နာတာ မဟုတ်ဘူး ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းတာပါ။
မိန်းကလေး အချင်းချင်းတော့ လက်ခံပါတယ်။

ညီမ

Anonymous said...

အမ...

ပြောဖို့ကျန်လို့... ကျနော့်ဘာသာ ခံစားမိတဲ့အကြောင်းနော်..တော်ကြာ ဒေါ်စုကို ပြောတယ် ဖြစ်နေဦးမယ်..

အိုဘားမား နမ်းသွားတဲ့ ပုံတွေကို တော့ ကြိုက်တယ်။
ကြိုက်လို့ သိမ်းတောင်ထားတယ်..

ညီမ

ညိမ်းနိုင် said...

ဟုတ်ပါ့အစ်မရယ်.....၊အဲ့ဓာတ်ပုံလေးကို ဘယ်လိုသဘော
ကျမှန်းမသိဘူး...၊မလိုသူတစ်ချို့ကလွဲလို့ အတော်များ
များလည်း သဘောကျ ကြရဲ့...၊အစ်မပြောသလိုပါပဲ....ဂန္ထ
ဝင်အနမ်း၊သမိုးဝင်အနမ်း ပါပဲလေ....၊အနမ်းလေးတစ်ပွင့်
ထဲမှာ ချစ်ခင်နှစ်လိုခြင်းတွေ၊ဂုဏ်ယူဝမ်းသာမှုတွေ၊
အားပေးလေးစားမှုတွေ၊ချီးကျူး ကျေနပ်မှုတွေ၊အားလုံး
ပါသွားလေရဲ့....။

Anonymous said...

မေတ္တာတရားဟာ ဘယ်အရာနဲ့မှ နှိုင်းယဉ်လို့ မရဘူးလို့ပဲ ကျွန်တော်ခံယူမိပါတယ်ဗျာ။ ရိုးရှင်းတဲ့ မေတ္တာတရားလို့ပဲ ခံစားနိုင်ကြပါစေဗျာ။ ကျွန်တော်တို့ နိုင်ငံသားအားလုံးလည်း ထာဝရမေတ္တာတွေနဲ့ အမြဲအတူ လက်တွဲနိုင်ကြပါစေလို့ပဲ ကျွန်တော် ဆုတောင်းမိပါတယ်ဗျာ

ကိုကိုမောင်(ပန်းရနံ့) said...

နားနားကပ်ပြီး အမေစုကို ရယ်စရာ တစ်ခုခု ပြောနေတယ်မှတ်တယ်။ အမေစုတစ်ယောက် ဟက်ဟက်ပက်ပက် ပြုံးလို့။း)

အမေစုပြုံးတာ အမိပြည်ပြုံးတာနဲ့ အတူတူပါဘဲ။
အကူအညီများစွာနဲ့
မြန်ပြည်အောင်နိမိတ်ထွန်းတော့မဲ့သဘောပါဘဲ။

မင်းနေဝေး said...

စိတ်ကြည်နူးစရာကောင်းပါတယ်

Anonymous said...

I would like to have a very different view about a smooch President Obama planted on a cheek of Daw Aung San Su Kyi during his trip to Myanmar. The trip was highly publicized in the U.S. and around the world, because he was the first sitting president to visit Myanmar in all these years. Even though the kiss can be defined as a warmly and friendly kiss, it is still inappropriate in my opinion. Journalists travelling along with President Obama called the moment as one of the most awkward moments during the trip. An American Journalist Matt Spetalnick even described it as “…… another awkward moment at the end when he embraced and kissed the devout Buddhist, leaving her visibly uncomfortable.” Both Daw Aung San Su Kyi and the journalist did their part; the journalist showed his understanding of Myanmar culture and Daw Aung San Su Kyi showed respect of her own culture by displaying discomfort when being kissed even though she once lived in England and had a British husband. The proverb “If you are in Rome, do as the Romans do” does exist for a reason: to abide by the customs of the society when one is a visitor. President Obama should have done his homework by studying about Myanmar Culture before he went there.
Cultural assimilation is very dangerous if one does not know how to absorb it. The U.S. and Myanmar have now agreed to start Military practice in Myanmar. Meaning is that more and more American service men and women will be going into the country. When they go there, they will bring their own culture; hugging, kissing, living together, one night stand, extra marital affair, separation, and divorce_ that will escalate many social problems in Myanmar. It is time for us to decide what cultural standards and tradition we hold as Myanmar, what American cultural aspect we should take, and what their cultural practice we should reject. I understand that acceptance and tolerance is a good way to emerge two cultures, but it should come with a boundary. Imitation of hugging, kissing, living together, one night stand, extra marital affair, separation, and divorce does not and will not make us Americans or Europeans. When we imitate their work ethic (hard working), respects to human rights, and practice of democracy, our country will become the nation we all hope to see in one of these days.
I prefer to use "Anonymous," becasue name does not matter. Content of the comment does matter.

Thu said...

Some kind of cultural shock, but very delicate.
Obama is outspoken person,he might have fulfilled with kind sympathy and dedication to long struggling woman.
His physical manner shown for warm soothing, encouraging and shouldering to her.
Don't judge by appearance, explore the beneath of it and whether ethical or not.

စံပယ်ဖြူ (Jasmine White) said...

အဆိုးအကောင်း မဝေဖန်လိုပေမဲ့ အနမ်းပုံတွေ မြင်လိုက်တော့ စိတ်ထဲအီလည်လည်ကြီး ဖြစ်သွားတာအမှန်ပဲ။ Cultural Exchange ကို လက်ခံနိုင်လောက်အောင် အမြင်မပွင့်လင်းသေးဘူး လို့ပဲ ကိုယ့်ကိုကိုယ် ပြန်သုံးသပ် လိုက်ပါတယ်။

Sint Si said...

I didn't realized where you were lading. good job!! "The kiss" is a little brother is so proud of the big sister kind of kiss! It was many words behind the kiss. Like, I hear you, you had been through so much and I feel for you with the whole heart.

Harry Lwin said...

အနမ်းကို သိသတဲ့ ...ေိခိ