Friday, December 21, 2012

မတူညီသော ရလဒ်များ …

***
ကျောင်း ၁၀ - ရက် ပိတ်ပြီ။

ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက်က စပြီး ဒီဇင်ဘာ ၃၁ ရက်နေ့ထိ ကျောင်း ၁၀ - ရက် ပိတ်လိုက်ပါပြီ။ အစတုန်းကတော့ ဒီဇင်ဘာ ကျောင်းပိတ်ရက် ၁၀ ရက်အတွင်း သင်တန်းတခုခု ဖွင့်ဦးမလို့ပဲ။ မနှစ်က Christmas course ဆိုပြီး ဖွင့်ခဲ့တယ်တဲ့၊ ဒီနှစ်တော့ ပြီးခဲ့တဲ့ သီတင်းကျွတ် ပိတ်ရက်တုန်းကလိုပဲ English for Buddhism ၉ ရက်သင်တန်း ဖွင့်ကြမလားလို့ စဉ်းစားဖြစ်သေးတယ်။ သီတင်းကျွတ် မတိုင်ခင် ကျမ ပြန်ရောက်ခဲ့ပြီး ရောက်ရောက်ချင်းပဲ ၉ ရက် ဆက်တိုက် မနားတမ်း ဖွင့်ရတဲ့ သင်တန်းမို့ တကယ်ကို ပင်လဲ ပင်ပန်း၊ ပျော်စရာလဲ ကောင်းပါတယ်။ အခု ဒီဇင်ဘာ ပိတ်ရက်မှာ ဘာသင်တန်းဖွင့်ကြမလဲ စဉ်းစားရင်း နောက်ဆုံးတော့ ဒီ ၁၀ ရက်ကို ဘာသင်တန်းမှ မဖွင့်ဘဲ နားလိုက်မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျမ ပြန်ရောက်တဲ့ နေ့ကစပြီး ဒီနေ့ထိ တရက်မှ မနားရသေးဘူးလေ။

ကျောင်းမပိတ်ခင် နောက်ဆုံးနေ့တွေရဲ့ ထုံးစံအတိုင်း ကျောင်းမှာ second term အတွက် စာမေးပွဲ စစ်ပါတယ်။ မယူမနေရ ယူရတဲ့ ဘာသာရပ်တွေ အပြင် option အဖြစ် သင်ရတဲ့ ဂီတနဲ့ ပန်းချီကိုပါ စာမေးပွဲထဲ ထည့်စစ်ပေးခဲ့တယ်။ အံ့သြစရာ ကောင်းတာတခုက ခုခေတ် ကလေးတွေဟာ ကျမတို့ ငယ်ငယ်ကလို မဟုတ်ဘူး၊ စာမေးပွဲဆိုတာ ကြောက်စရာလို့ မခံယူထားကြဘူး။ စာမေးပွဲတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ကြတဲ့ ကျောင်းသားလေးတွေကို ကြည့်ပြီး ကျမ ချီးကျူးမိတယ်။ ကျမဖြင့် ခုထက်ထိကို စာမေးပွဲ ဆိုရင် ကြောက်နေတုန်းပဲ။

Grade 7 က ကျောင်းသားလေးတယောက်က …
“သားက စာမေးပွဲကို ကြောက်တော့ မကြောက်ဘူး၊ ဒါပေမဲ့ မကြိုက်ဘူး တီချယ်” … လို့ ကျမကို ပြောတယ်။

ကျမလဲ စာမေးပွဲတွေကို မုန်းခဲ့ပါတယ်။ ကိုယ်ဘယ်လိုပဲ ဖြစ်ခဲ့ပေမယ့် ကိုယ့်ကျောင်းသားတွေ စာမေးပွဲကို မုန်းမှာကိုတော့ မလိုလား ပါဘူး။

“စာမေးပွဲကို ဂိမ်းကစားတယ်လို့ သဘောထားလိုက်၊ သားတို့ ဂိမ်းကစားရင် ကိုယ် အနိုင်ရအောင်, အမှတ်များများ ရအောင် ကြိုးစားရတယ် မဟုတ်လား၊ ဂိမ်းအိုဗာ မဖြစ်ဘဲ တဆင့်ပြီးတဆင့် တက်ပြီး နောက်ဆုံး ပန်းတိုင် ရောက်တဲ့ထိအောင် အစွမ်းကုန် ကစားကြရတာလေ၊ စာမေးပွဲဆိုတာလဲ စိန်ခေါ်ခြင်း တမျိုးပဲ … သားတို့ရဲ့ မှတ်မိနိုင်စွမ်းနဲ့ ပြန်အသုံးချနိုင်စွမ်းကို စိန်ခေါ်တာပဲ … ကိုယ့်ကို challenge လုပ်လာတဲ့သူကို ကြိုက်ကြိုက် မကြိုက်ကြိုက် နိုင်အောင် ဖိုက်ရမှာ …”

ဂိမ်းကစားနည်းနဲ့ ယှဉ်ပြောတော့ သူတို့ သဘောကျတယ်။ မျက်လုံးလေးတွေ အရောင်တောက်လို့ နားထောင်ကြလေရဲ့။

မြန်မာကျောင်းသင်ရိုးထဲက မြန်မာစာကိုပါ ထည့်သင်တော့ တချို့ကလေးတွေက မြန်မာစာ မသင်ချင်ကြဘူး၊ ကျောင်းဖွင့်ပြီး တလကျော်ရှိမှ တခြားကျောင်းက ပြောင်းလာတဲ့ ကျောင်းသားတယောက်ဆိုရင် အရင်ကျောင်းမှာ မြန်မာစာ မသင်ရလို့ ဆိုပြီး မြန်မာစာ လုံးဝ မတတ်ပါဘူး။ အသက် ၁၂ နှစ်ကျော် ၁၃ နှစ် ရှိနေပြီ ဖြစ်တဲ့ သူ့ကို ပထမတန်း မြန်မာစာ ပြန်သင်ပေးရတယ်။ အင်္ဂလိပ်စာနဲ့ သင်္ချာမှာ အခက်အခဲ မရှိပေမဲ့ မြန်မာစာက သူတို့အတွက် ခက်ခဲလွန်းနေတယ်၊ ခက်နေတော့ မသင်ချင်ပြန်ဘူး။ အဲဒီလို ကလေးတွေကိုတော့ မြန်မာစာ သင်ချင်လာအောင် ဆွဲဆောင်ရပြန်တယ်။

“မင်းတို့ နိုင်ငံရပ်ခြား သွားတဲ့အခါ အဲဒီက လူတွေက မြန်မာစာ ဖတ်ပြခိုင်း ရေးပြခိုင်းရင်၊ မြန်မာစာ သင်ပေးပါလို့ ဆိုရင် … ကိုယ်က မတတ်တော့ ရှက်စရာ မကောင်းဘူးလား၊ မြန်မာတယောက်အနေနဲ့ မြန်မာစာကို ရေးတတ် ဖတ်တတ်ရမယ်”

ရုပ်ပုံတွေမပါ၊ စာရွက်သား ညံ့ညံ့၊ ရိုက်ထားတာ မထင်မရှားနဲ့ မြန်မာကျောင်းက ဖတ်စာအုပ်ကို သူတို့ ငြီးငွေ့ကြသေးတယ်။

“စာရွက်သားတွေ၊ စာအုပ်ဒီဇိုင်းတွေက အဓိက မဟုတ်ဘူး၊ အတွင်းမှာပါတဲ့ စာရဲ့ တန်ဖိုးက အဓိကပဲလေ … အကြော်ထုတ်တဲ့ စက္ကူပေါ်က ဆီစွန်းနေတဲ့ စာတပုဒ်ပဲဖြစ်ဖြစ်၊ ခြစားလို့ တပိုင်းတစ ဖြစ်နေတဲ့ စာတအုပ်ပဲ ဖြစ်ဖြစ် ကိုယ့်အတွက် အသုံးတည့်ရင် တန်ဖိုးရှိတာပဲ”

တကယ်တော့ ကျောင်းသုံးစာအုပ်လေးတွေကို ကလေးတွေအတွက် ဆွဲဆောင်မှုရှိတဲ့ စာအုပ်မျိုးလေးတွေ ဖြစ်စေချင်ခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ မဖြစ်သေးတဲ့ အချိန်မှာ သူတို့ကို ဖြေသိမ့်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေပြီး ပြောပြခဲ့ရတယ်။ ကလေးဆိုတာ ကိုယ်က အဆိုးမြင်ပြရင် သူတို့လဲ အဆိုးမြင်ကြမှာပဲလေ။
***
ကျမနဲ့ ဆုံရတဲ့ ဒီကျောင်းသားလေးတွေဟာ မိဘတွေ ပြည့်စုံတဲ့အတွက် သူတို့တက်ချင်တဲ့ ကျောင်းကို ရွေးချယ်တက်နိုင်ကြတဲ့ သူမျိုးတွေပါ။ အများစု ကျောင်းသားတွေကတော့ ရွေးချယ်ခွင့်မရှိကြပါဘူး။ ဒီကျောင်းနေ၊ ဒီစာကျက်၊ ဒီလိုမေး၊ ဒီလိုဖြေနဲ့ ဒီလိုပဲ အောင်လာကြတဲ့ ကျောင်းသားတွေက အများကြီးပါပဲ။ အဲဒီထက် ဆိုးတာက … ဒီလို အောင်ဖို့ … ဒီလို ဖြေဖို့ … ဒီစာကျက်ဖို့ … ဒီကျောင်းနေဖို့တောင် မတတ်နိုင်ကြတဲ့ သူတွေရဲ့ ဘ၀ပါ … ။

လမ်းဆုံတွေ မီးပွိုင့်တွေမှာ ဂျာနယ်တို့ စပယ်ပန်းတို့ ရောင်းနေရတဲ့ ကလေးတွေ၊ လက်ဘက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေမှာ တောက်တိုမယ်ရ လုပ်နေရတဲ့ ကလေးတွေ … စာသင်ရမယ့်အရွယ်၊ စာသင်ခန်းထဲ ရောက်နေရမယ့် အချိန်တွေမှာ ၀မ်းစာအတွက် ရုန်းကန်နေကြရတဲ့ ဘ၀လေးတွေ အတွက် ရင်ထဲမှာ မချိတင်ကဲ နာကျင်မိတာ အခါခါ … ။

မှော်ဘီမြို့နားက ပန်းတပွင့်တောင် ဘုန်းတော်ကြီးသင် စာသင်ကျောင်း စဖွင့်ခါစကတည်းက ကျမတို့ တတ်နိုင်သလောက် ကုသိုလ်ပါဝင်ခဲ့တော့ ဆရာတော်က ခုလို ပြောပြခဲ့ဖူးပါတယ်။

“လမ်းပေါ်က ကလေးတွေကို စာသင်ခန်းထဲ ရောက်အောင် ဆွဲခေါ်ဖို့ရာ မလွယ်ဘူး၊ စာကို အလကား သင်ပေးပါမယ် ဆိုတာတောင် သူတို့ စာသင်ခန်းထဲမှာ နေရတာ ပိုက်ဆံမရဘူး၊ အဲဒီအချိန် ဈေးသွားရောင်းရင် ပိုက်ဆံရတယ်လို့ တွက်ကြတာ …”

ကျောင်းဝင်ကြေး၊ ကျောင်းလခ၊ စာအုပ်ဖိုး၊ ကျောင်းဝတ်စုံ ဘာမှမကုန်ရင်တောင် သူတို့အတွက် လတ်တလော ငွေရနိုင်တဲ့ အချိန်လေးကို ပညာနဲ့ မလဲနိုင်ခဲ့ဘူး။ အဲဒီလို ကလေးတွေ ကျမတို့ ပတ်ဝန်းကျင်မှာ အများကြီးမှ အများကြီး … ။

ကျမက ယှဉ်ပြီးတွေးမိတယ်၊ နိုင်ငံတကာ သင်ရိုးနဲ့ သင်နေတဲ့ ကျောင်းတွေ, ပုဂ္ဂလိက ကျောင်းတွေမှာ တက်တဲ့ ကလေးတွေရယ်၊ အစိုးရကျောင်းမှာတက်ပြီး ဂိုက်တွေယူ, ၀ိုင်းတွေတက်နိုင်တဲ့ ကလေးတွေရယ်၊ အစိုးရကျောင်းမှာ တက်ပေမဲ့ ကျူရှင်တောင် မယူနိုင်တဲ့ ကလေးတွေရယ်၊ အစိုးရကျောင်းတောင် မတက်နိုင်လို့ ဘုန်းတော်ကြီးသင်ကျောင်းမှာ တက်နေရတဲ့ ကလေးတွေရယ်၊ ဘာကျောင်းမှ မတက်နိုင်တဲ့ လမ်းပေါ်က ကလေးတွေရယ် … … အကျိုးပေးခြင်းမတူလို့ အခြေအနေတွေ ခြားနားခဲ့ကြတယ်။

အခြေအနေတွေ ခြားနားကြလို့ ရလဒ်တွေလဲ ခြားနားကြပါတယ်။ ရလဒ် သက်သက်ကိုသာ ကြည့်ပြီး အခြေအနေကို နားမလည်ရင် မဖြစ်နိုင်သလို အခြေအနေကိုပဲ ကြည့်ပြီး ရလဒ်ကို မသိလို့လဲ မဖြစ်ပါဘူး။ လူချင်းတူပေမဲ့ ကံအကျိုးပေးခြင်းကွဲကြတဲ့အခါ နောက်ဆုံးရလာမယ့် မတူညီတဲ့ ရလဒ်တွေကို ကျမတို့ ညီမျှခြင်း ချကြည့်လို့ မရဘူး မဟုတ်လား … ။ … ။
***
မေဓာဝီ
၂၁၊ ၁၂၊ ၂၀၁၂
မြန်မာစံတော်ချိန် ၂၃း၃၀ နာရီ

6 comments:

ညီလင်းသစ် said...

ကလေးတွေကို ရှင်းပြ၊ ပြောပြတဲ့အခါ မမေရဲ့ ချဉ်းကပ်ပုံကို သဘောကျမိတယ်၊ သူတို့နားလည်တဲ့ ရှုထောင့်ကနေ အခုလို အတူလိုက်ပါပြီး ဆွဲခေါ်သွားတာ ထိရောက်မှုရှိမယ်လို့ ယူဆပါတယ်၊ ကလေးတွေအတွက် မြန်မာစာ စာအုပ်တွေ၊ စီဒီတွေ၊ ဒီဗီဒီတွေကို အခုထက်ပိုပြီး အရောင်စုံ၊ အသွေးစုံစေချင်တဲ့ ဆန္ဒ ကျနော်လည်း မကြာခဏ ဖြစ်မိတယ်၊ တိုင်းပြည်ပွင့်လင်းလာတာနဲ့အမျှ တိုးတက်လာမယ့် နည်းပညာ အကူအညီနဲ့ တဖြည်းဖြည်း ဖြစ်လာမယ်လို့ပဲ မျှော်လင့်ရတာပါပဲ..၊

ကျောင်းကလေးနဲ့ ကျောင်းသားလေးတွေ အကြောင်းကို အလျင်းသင့်သလို ရေးပါ မမေရေ...၊ စိတ်ဝင်တစားနဲ့ ဖတ်ချင်မိတဲ့ အကြောင်းအရာ ပါပဲ...။

Anonymous said...

အမရေ........

အမတို့ကျောင်းက အတွေ့အကြုံလေးလည်းရေးပါဦး

နောက်ထပ် မြန်မာပြည်မှာ ဆင်းရဲလို့ စာမသင်ရတဲ့ စာဆက်မသင်နိုင်တဲ့ ပို့စ်မျိုးလေးတွေလဲရေးပါဦးနော်..


ညီမ

ချော(အစိမ်းရောင်လွင်ပြင်) said...

မမေရေ
ကျွန်မလဲ စာသင်ခန်းထဲက ကလေးတွေကို ရင်းရင်းနှီးနှီး သိကျွမ်းခဲ့ရဖူးသလို ကျောင်းမနေတဲ့ကလေးတွေတစ်ချို့ရဲ့ ဘဝ တစ်ပိုင်းတစ်စတွေကို သိခဲ့ဖူးတော့ ပညာရေးကို ခုထက်ပိုပြီး ထိရောက်စေချင်မိတာ အမှန်ပါ.. ကျောင်းနေပျော်တဲ့ကလေးတွေ အများကြီးရှိလာစေချင်သလို ကျောင်းမှာ နေပျော်အောင် (ကလေးတွေ အပြင်မှာ မပျော်အောင်) ဘယ်လိုများ ကိုယ်တွေတတ်အားသရွေ့ လုပ်ပေးနိုင်မှာပါလိမ့်နော်..
ကျောင်းမှာ လုပ်ခဲ့စဉ်ခဏမှာတော့ စာအုပ်မရှိသူတွေကို စာအုပ်၊ ခဲတံမရှိသူတွေကို ခဲတံ၊ ငွေကြေးအနည်းငယ် စသဖြင့်တော့ တတ်အားသရွေ့ ထောက်ပံ့ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကိုယ်တတ်နိုင်တဲ့ အားသေးသေးလေးက သိပ်တော့ အရာမရောက်ခဲ့ဖူးပေါ့ မမေရေ

ဘုန်း ၂ တောက် said...

ကြီးမေရေ မင်္ဂလာပါ။ ကြီးမေက ပညာရေးနဲ့ပတ်သက်ပြီး ရေးရင် မှတ်သားစရာတွေ အပြည့်ပါတယ်နော်။ ဘုန်းဘုန်းတောက်လည်း ကလေးတွေကို စာပြန်သင်ဖို့ ရှိနေတော့ သေချာကို ဖတ်၊ မှတ်သွားတယ် ကြီးမေရေ။ ရွှင်လန်းချမ်းမြေ့ပါစေနော်...

san htun said...

ကလေးတွေကို မြန်မာစာ သင်ပေးရတယ့်အခါ ကြုံတွေ့ ရတာတွေ ရေးပါဦး မမေ..ကလေးတွေ အားလုံး စာသင်ခန်းမှာ ပျော်ပျော်ရွှင်ရွှင် စာသင်ကြားနိုင်မယ့် အချိန်လေးကို မျှော်လင့်မိပါရဲ့ 

Mi Mi Kyaw said...

Dear May,

Firstly, let me introduce myself.
I am your fun since 2007 and we had a few email contacts in 2007 or 2008. May be you do not remember. It was since before you left for UK.
Your posts are unique and always give a thought after reading them.
Recently I had not much chance to read the blogs as before and missed some of your posts.

Now, I find 2 new posts of yours are very interesting for me.

Are you working for May International Education and Training Center?
As I am very much interested, I checked in the Internet.
It is a bit out-dated and not mentioning the location.

I have a daughter of age 14 and I am very much concern about her education.
Furthermore, it is more interesting about your Buddhism class.

May be I cannot afford for the school if it is too expensive, but I want to get information. May be I can afford for Summer school.
Can you please kindly tell me to whom should I contact and where is it?

Anyway, I wish you best of luck, and more time and chance to write in your blog.

Sincerely,

Mi Mi Kyaw