Tuesday, November 06, 2012

English for Buddhism သင်တန်း ...

ဒီနှစ် သီတင်းကျွတ် ကျောင်းပိတ်ရက်အတွင်း ကျောင်းသား လူငယ်တွေအတွက် English for Buddhism သင်တန်းလေးကို MAY International School မှာ အောက်တိုဘာ ၂၇ ရက်နေ့ကနေ နိုဝင်ဘာ ၄ ရက်နေ့ထိ ၉ ရက်တိတိ ဖွင့်ဖြစ်ခဲ့ပါတယ်။ ကလေးတွေ ယဉ်ကျေးလိမ္မာစေချင်တဲ့ အပြင် သူတို့ရဲ့ ရင်ထဲမှာ ဘာသာရေးအသိ ကိန်းအောင်းပြီး ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ အင်္ဂလိပ်လို အခြေခံ သိနားလည်အောင်၊ နိုင်ငံခြားသားများ ကိုယ့်ကို မေးမြန်းလာရင်လဲ ပိုင်ပိုင်နိုင်နိုင် ပြန်လည် ရှင်းပြနိုင်အောင် ရည်ရွယ်ပြီး ဖွင့်ခဲ့ရခြင်း ဖြစ်ပါတယ်။ ခုလို English for Buddhism လို့ နာမည်တပ်ပြီး မဖွင့်ခင် ကတည်းက နွေရာသီသင်တန်းတွေမှာ Moral ဆိုတဲ့ ဘာသာရပ် တခု ထည့်ပြီး သင်ပေးခဲ့ပါတယ်။ သင်ရိုးညွှန်းတန်း စာအုပ်တွေကတော့ ဘာမင်ဂန် ဆရာတော် ဒေါက်တာဥတ္တရဉာဏ ချီးမြှင့်တဲ့ Buddhism key stage 1 & 2 စာအုပ်များပါပဲ။ အဲဒီစာအုပ်လေးတွေဟာ ဘာသာရေးစကားလုံး အမြင့်ကြီးတွေ သုံးမထားဘဲ ရိုးရှင်းတဲ့ အင်္ဂလိပ်စကားနဲ့ ရေးထားတာ ဖြစ်တဲ့အတွက် ကလေးတွေအနေနဲ့ နားလည် သဘောပေါက်လွယ်ပါတယ်။ နွေရာသီသင်တန်းမှာ Moral ဘာသာရပ်ကို ထည့်သင်ပေးတဲ့အခါ မိဘတွေကလည်း သဘောကျ၊ ကျောင်းသားတွေကလဲ နှစ်သက်ကြတယ်။ ဒါကြောင့် အခု ဒီနှစ် သီတင်းကျွတ် ကျောင်းပိတ်ရက်မှာတော့ ကျမ အမကြီးက English for Buddhism အမည်တပ်ပြီး ဘာသာရေး သင်တန်းစစ်စစ် ဖွင့်ဖြစ်အောင် ဖွင့်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။


သင်တန်းဖွင့်မယ် ဆုံးဖြတ်လိုက်ကတည်းက ကျမအမကြီး ဦးဆောင်ပြီး နေရာအသီးသီးက မောင်နှမအားလုံး တတ်နိုင်သလောက် ၀ိုင်းဝန်း လှုပ်ရှားရပါတယ်။ အဝေးရောက် အဖေနဲ့ အမေရဲ့ အကြံဉာဏ်တွေကလဲ အင်အားတရပ်ပါပဲ။ ဒီလိုနဲ့ သင်မယ့် ဆရာတွေရှာ၊ course outline ဆွဲ၊ သင်ရိုးညွှန်းတမ်း စာအုပ်ပြင်ဆင်၊ လက်ကမ်းကြော်ငြာ လုပ်၊ တီရှပ်နဲ့ ယောဂီတဘက် တံဆိပ်ရိုက် ... စသဖြင့်ပေါ့။ အဓိက လှုပ်ရှားသူကတော့ ကျမ အမကြီးပါပဲ။ သူဟာ စိတ်အားထက်သန်လွန်းတော့ ကျန်းမာရေး သိပ်မကောင်းတဲ့ကြားက ရှိသမျှ အလုပ်တွေ အားလုံးလိုလို သူပဲ ဒိုင်ခံပြီး လုပ်ပေးခဲ့တယ်။ ဒီလိုနဲ့ အောက်တိုဘာ ၂၇ ရက်နေ့ မနက် ၈ နာရီတိတိမှာ English for Buddhism သင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။


သင်တန်းကို level ၃ ခု ခွဲထားပါတယ်။ level 1 မှာ အသက် ၅ နှစ်က ၈ နှစ်ထိ၊ level 2 မှာ ၉ နှစ်က ၁၂ နှစ်၊ အသက် ၁၃ နှစ် အထက်က level 3 လို့ သတ်မှတ်ထားပါတယ်။ လာတက်ကြတဲ့ သူတွေထဲမှာ အငယ်ဆုံး ၅ နှစ် ကနေ ၁၇ နှစ်ထိ ပါပြီး ကျောင်းသားပေါင်း ၅၀ နီးပါး လာတက်ကြတယ်။



ကျောင်းသားတွေ တူညီဝတ်စုံဖြစ်အောင် MAY တံဆိပ် တီရှပ်နဲ့ ယောဂီတဘက်လေးတွေ တယောက်တထည်စီ ပေးပါတယ်။ ယောဂီတဘက်လေးတွေ ဆင်တူနဲ့ ကလေးတွေကို ကြည့်ရတာ အင်မတန် ကျက်သရေ ရှိလှတယ်။


အောက်တိုဘာ ၃၀ ရက် သီတင်းကျွတ် လပြည့်နေ့ မှာတော့ မေတ္တာနဲ့ လာရောက် ကူညီ သင်ကြားပေးတဲ့ ဘုန်းဘုန်း ၂ ပါးနဲ့ ဆရာ ၂ ဦးကို ဂါရ၀ပြုတဲ့ ဆရာ ကန်တော့ပွဲလေး ကျင်းပပြုလုပ်ခဲ့ပါတယ်။ သင်ပေးတဲ့ ဘုန်းဘုန်း ၂ ပါးကတော့ ဒေါက်တာဦးဝိသုတနဲ့ ဦးသီလာစာရ တို့ ဖြစ်ပြီး ဆရာ ၂ ဦးကတော့ ဆရာကြီး ဦးလှမင်း နဲ့ ဆရာဦးသန့်ဇင် (ဘလော့ဂါ ကိုမင်းထက် MA Religion-UK) တို့ပါပဲ။ ဆရာတွေကို ကန်တော့ဖို့ ကျမရေးထားတဲ့ ကန်တော့ချိုးလေးကို ရှေ့က တိုင်ပေးပြီး ကလေးတွေက လိုက်ဆိုကြတယ်။ ကလေးတွေကို စေတနာ သဒ္ဓါသလို ကန်တော့လို့ရတယ်၊ ပစ္စည်းနဲ့မှ မဟုတ်ဘူး၊ လက်အုပ်ချီပြီး ကန်တော့လဲ ရတယ် လို့ ပြောထားပေမဲ့ သူတို့လေးတွေ ဆရာကန်တော့ဖို့ ယူလာတဲ့ ပစ္စည်းတွေဟာ မနည်းမနောပါပဲ။



အပေါ်ထပ် ဘုရားခန်းထဲမှာ အားလုံးစုပေါင်း ဘုရားဝတ်ပြု၊ သီလယူပြီး တရားနာကြတယ်။ သီတင်းကျွတ်နဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ်ရာတွေကို ဆရာတော် ဦးဝိသုတက ဟောကြားခဲ့ပါတယ်။



မနက် ၈ နာရီ သင်တန်းစချိန်တိုင်း နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး နိုင်ငံတကာ ဗုဒ္ဓတေး၊ ဓမ္မတေးတွေကို သင်ပေးပါတယ်။ အဲဒီအချိန်မှာ တာဝန်ယူရတာကတော့ ကျမပါပဲ။ သံပြိုင်သီဆိုကြတဲ့ တေးသံတွေဟာ ကြားရသူ စိတ်နှလုံး ညွတ်နူးစေတဲ့အပြင် ကြက်သီးများတောင် ထရတယ်လို့ နားထောင်သူတွေက ပြောပြကြတယ်။


နေ့စဉ်လိုလို ကျောင်းသားတွေထဲက အလှူရှင်တွေ ရှိပါတယ်။ အချိုရည်၊ မုန့်၊ သစ်သီး စသဖြင့် လှူကြတယ်။ အလှူရှင် မရှိတဲ့နေ့အတွက်တော့ ကျမတို့ ကျောင်းက တာဝန်ယူ လှူဒါန်းပါတယ်။


သင်တန်းမပြီးခင် တရက်မှာ MRTV4 က ကိုထွဋ်ခေါင်နဲ့အဖွဲ့ ရောက်လာပြီး ဒီသင်တန်းကို ရုပ်သံ လာရိုက်ပါတယ်။


ရုပ်/သံ ရိုက်တာမို့ အဖန်ဖန် အထပ်ထပ် ရိုက်ရပေမဲ့ ကလေးတွေက ပျော်နေတာပါပဲ။


သီချင်းတွေ အခေါက်ခေါက် ဆိုပေးရလဲ မမောမပန်းတမ်း ဆိုကြတယ်။


ကလေးတွေကို အလွှမ်းမိုးနိုင်ဆုံးကတော့ ဆရာဦးသန့်ဇင်ပါပဲ။ သူ့ကလေးတွေကို ရုပ်/သံရိုက်ရင် ဘယ်လိုနေရမယ် ပြောရမယ်ဆိုတာ ညွှန်ကြားပေးနေတာပါ။

ရုပ်/သံ ရိုက်ဖို့ ညီညီညာညာ ဘုရားရှိခိုး

ဘုန်းဘုန်း ၂ - ပါး နဲ့ အင်တာဗျူး

ဆရာဦးသန့်ဇင်နဲ့ အင်တာဗျူး

level 3 ကျောင်းသူလေးနဲ့ အင်တာဗျူး


အားလပ်ချိန် lunch break မှာ ဘောလုံးကစားနေကြတဲ့ ကလေးတွေကို ကြည့်ပြီး ကျမက အမေရိကန်ရှောင်လင် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို သွားသတိရမိတယ်။


ယောဂီတဘက်တွေပတ် ပုဆိုးလေးတွေမ-ပြီး ပြေးလွှားကစားနေကြတဲ့ ကလေးတွေကို ကြည့်ရတာ ရယ်လဲ ရယ်ရ အင်မတန်လဲ ချစ်ဖို့ကောင်းပါတယ်။

ထိပ်ဆုံးမှာ မမြသွေးနီသားလေး အံ့မော်ကွန်း (သားပြည့်)

ကစားချိန်မှာ ကစားသလို mock test လုပ်တော့လဲ တလေးတစား ဖြေဆိုကြတယ်။


Life of Buddha ထဲက unit 1 Buddha အကြောင်း ဖြေနေကြတဲ့ level 2 ကလေးတွေပါ။ ကျမ အချစ်ဆုံး ချာတိတ်လေး တွေပေါ့။ သူတို့အတန်းက လူအညီဆုံးနဲ့ ပျော်ဖို့အကောင်းဆုံးပါပဲ။


level 2 မှာ စုစုပေါင်း ကျောင်းသား ၁၈ ယောက်ရှိပြီး ၁၅ ယောက်က ယောက်ျားလေးတွေ ဖြစ်နေတယ်။ ၃ ယောက်ပဲ မိန်းကလေးပါတာကို အံ့သြစရာ တွေ့ရတယ်။


သင်တန်းဆင်းပွဲမှာ ပေးဖို့ certificate မှာ လက်မှတ်ထိုးနေကြတဲ့ ဆရာတွေပါ။ ဆရာတွေလဲ ဒီလို သင်တန်းမျိုးမှာ သင်ပေးရတာ ကျေနပ် ပီတိ ဖြစ်နေကြပါတယ်။

သင်တန်းဆင်းပွဲနေ့ level 2  (group 1) ကလေးတွေရဲ့ သီဆိုမှု

သင်တန်းဆင်းပွဲနေ့ level 2 (group 2) ကလေးတွေရဲ့ သီဆိုမှု

level 3 ကျောင်းသား ကျောင်းသူများရဲ့ သီဆို ဖျော်ဖြေမှု
level 1 ကလေးများရဲ့ သရုပ်ပြ သီဆို ဖျော်ဖြေမှု

ဆရာများ နားနားနေနေ

သူတို့လဲ စိတ်ဝင်တစား လာကြည့်တယ်။

သင်တန်းနောက်ဆုံးနေ့က ကျောင်းသား ကျောင်းသူများ

သင်တန်းနောက်ဆုံးနေ့မှာ quiz လေးတွေ အမေးအဖြေ မေးပြီး ပြိုင်ပွဲလေးကျင်းပပေးပါတယ်။ level အလိုက် ပ၊ ဒု၊ တ ဆုကြေးတွေ သတ်မှတ်ပေးထားတာမို့ ကလေးတွေလဲ စိတ်လှုပ်ရှားစွာ ယှဉ်ပြိုင်ကြတယ်။ အချိန်အခက်အခဲကြောင့် သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲနဲ့ ဆုချီးမြှင့်ပွဲကို အဲဒီနေ့က မလုပ်ခဲ့လိုက်ရဘူး။ ကျမအမကြီးကတော့ ဟိုတယ် တခုခုမှာ လုပ်ပေးမယ်လို့ ကြေငြာခဲ့ပါတယ်။


ဒါက သီတင်းကျွတ် သင်တန်းရဲ့ leaflet ပါ။ ဆက်သွယ်ဖို့ လိပ်စာ ဖုံးနံပါတ် ပါပါတယ်။
၉ ရက်တာ သင်တန်းလေးပေမဲ့ ပြင်ဆင်ရတာက အတော်များပါတယ်။ ၉ ရက်ဆက်တိုက် မနားတမ်းမို့ အားလုံးလဲ ပင်ပန်းကြတယ်။ ဒါပေမဲ့ မငြီးမငြူဘဲ ကျရာတာဝန်ကို ပျော်ပျော်ပါးပါး ဆောင်ရွက်ကြပါတယ်။ ကျမတို့ ညီအမ နှစ်ယောက်လဲ တနေ့တနေ့ ပီတိတွေနဲ့ မောရမှန်း မသိပါဘူး။ တနေ့တာ ပြီးဆုံးတိုင်း အဝေးက မိဘနှစ်ပါးနဲ့ ကျန် မောင်နှမ နှစ်ယောက်ကို ပြန်ပြောရင်း ကုသိုလ်တွေ ပွါးများစေပါတယ်။ ဒီသင်တန်းလေး ပြီးသွားတော့ ထပ်တက်ချင်ကြတဲ့ ကလေးတွေ၊ နောက်ကျမှ သိရလို့ မတက်လိုက်ရတဲ့သူတွေ ... အားလုံးအတွက် ကျမအမကြီးက ဒီဇင်ဘာ ပိတ်ရက်မှာ ၉ ရက်သင်တန်းလေး ထပ်လုပ်အုံးမယ်လို့ စိတ်ကူးထားပါတယ်။ တက်ချင်တဲ့သူတွေရှိရင်လဲ ကျမတို့ MAY International School ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

***
မေဓာဝီ
၆၊ ၁၁၊ ၁၂
မြန်မာစံတော်ချိန် ၈း၁၅ နာရီ

(မှတ်ချက်။ ။ အင်တာနက်နှေးလွန်းလို့ ပုံတွေကို မနည်းတင်ရတယ်၊ ပုံတွေများလွန်းလို့ ကြည့်ရတာ မျက်စိနောက်ရင် သည်းခံကြပါရှင်။ ၉ ရက်စာ ရိုက်ထားတာ မနည်းမနောမို့ ဘရိတ်အုပ်ပြီး ဒီလောက်ပဲ တင်လိုက်ပါတယ်။)

16 comments:

Anonymous said...

A Ma May Dar Wi,
I want to buy Buddhism Key stage 1 and 2 books for my daughter.Can you tell me where can I buy them,please?
Thanks in advance!
Regards,
Lay Thwe

Anonymous said...

ကလေးလေးတွေက ချစ်စရာ...။
ကလေးကြီးက ရီစရာ... :)

ညီလင်းသစ် said...

ဖတ်ရတာ ကြည်နူးစရာ ကောင်းလိုက်တာ မမေရေ..၊ ကျောင်းသားပေါင်း ၅၀ နီးပါးဆိုတော့ တကယ့်ကို မနည်းမနောပဲ..၊ ဒီအရွယ်လေးတွေကို ဗုဒ္ဓဝင်၊ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် သိစေတဲ့ အပြင် အင်္ဂလိပ်လို သင်ကြားတာလည်း ဖြစ်လို့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ထိစေတဲ့ သင်တန်းပါပဲ..၊ ပညာငှက်နဲ့ ကုသိုလ်ငှက် နှစ်ကောင်ကို သူတို့လေးတွေ ရသွားကြမှာ သေချာတယ်...၊

မမေတို့လည်း မောပန်းရပေမယ့် ကြည်နူးစိတ်နဲ့အတူ ကုသိုလ်တွေ ပွားများနေမှာပေါ့၊ ခက်ခဲလှတဲ့ ကွန်နက်ရှင်ကို အံတုပြီး ဓါတ်ပုံတွေ အများကြီးနဲ့ ဝေမျှတဲ့ အတွက်လည်း ကျေးဇူးပါလို့ ဆိုရင်း သာဓုခေါ်ဆို သွားပါတယ် မမေရေ...။

တောက်ပကြယ်စင် said...

ဗုဒ္ဓဘာသာဖြစ်ရတာ အဲဒါလေးတွေ အနှစ်သာရပဲ။ သင်ပေးသူရော သူယူသူပါ အားလုံးပေါ့။ ကလေးတွေရဲ့ မိဘတွေလည်း ဘယ်လောက်ထိတောင် ပီတိဖြစ်နေကြမလဲ မသိဘူး။ ဒီပိုစ်ကို ဖတ်မိသူတောင် ပီတိလေးတွေ ဖြစ်လို့မဆုံးပါပဲ။ ဘုရားရှင်ရှိနေရင်တော့ ချီးမွမ်းမှာ သေချာပါတယ်။ အဲဒါလည်း တစ်နည်းအားဖြင့် ပြောရရင် သာသနာပြုနည်းတစ်နည်းပဲပေါ့ ကြီးမေရေ။
အားလုံးပဲ ချမ်းမြေ့ကြပါစေ...
ခင်မင်တဲ့

Maung Myo said...

ကောင်းမွန်တဲ့ လုပ်ရပ်ကလေးအတွက် ကြည်နူးမိတယ် ခလေးတွေ လိမ်မာရေးခြားရှိဖို့က ဘာသာတရားရဲ့ အဆုံးမကလည်း လိုသေးတာပဲ ။

မိဘတွေ မအားလပ်တဲ့ ခုလိုခေတ်မှာ ဒီသင်တန်းမျိုး တကယ်ကို လိုအပ်ပါတယ် ။

TYZ said...

သင်ရိုးစာအုပ်တွေပါ Ebook နဲ့ တင်ပေးနိုင်ရင် ပိုကောင်း မယ်နော်... ဒါမှမဟုတ် ဘယ်မှာဝယ်ယူလို့  ရ နိုင် မလဲ Buddhism Key stage 1 and 2 စာအုပ်ကိုလည်း ၀ယ်လို့ရနိုင်မဲ့နေရာ လမ်းညွှန်ပေးနိုင်ရင် ကျေးဇူးအများကြီးတင်ပါတယ် လေးစားလျှက် TYZ

Anonymous said...

အမ..

ကုသိုလ်လဲရ ဝမ်းလဲဝ။
အရမ်းကောင်းတယဲ့အစီအစဉ်လေး..


ကျေနပ်ကြည်နူးစရာ အတိလေး။

နောက်နှစ်တော့ လက်တို့ပါနော်။ အိမ်က တူမလေးကို တက်ခိုင်းရမယ်။

ညီမ

မေဓာဝီ said...

(မ) Lay Thwe - key stage 1 စာအုပ်ကို ဒီလင့်ခ်မှာ ဒေါင်းလုတ် လုပ်နိုင်ပါတယ်။ http://www.vipassana.com.my/eBooks/Budkid1.pdf

ကိုနတ္ထိ - ကလေးကြီးကို ရယ်စရာပြောလို့ စိတ်ဆိုးလိမ့်မယ်နော် :)

ကိုညီလင်း - ခဲတလုံးနဲ့ ငှက်နှစ်ကောင် ဆိုတာ သဘောကျတယ်ရှင် ... ပညာငှက်နဲ့ ကုသိုလ်ငှက်အပြင် လောဘခပ်ကြီးကြီးနဲ့ နောက်ထပ် ငှက်တကောင်လဲ ဖြည့်စွက်ချင်သေးတယ် ... ငြိမ်းချမ်းရေးငှက်ပေါ့။

ဘုန်းဘုန်းတောက် - မှန်ပါတယ် ဘုရား၊ ဒါဟာ သာသနာပြုတာပါပဲ။ တပည့်တော်တို့ လူပုဂ္ဂိုလ်တွေ အနေနဲ့ တတ်နိုင်သလောက် လူငယ်တွေကြားထဲမှာ ကိုယ့်ဘာသာတရား ပျံ့ပွါးအောင် ကြိုးစားပေးတာပါဘုရား။

မောင်မျိုး - ဟုတ်တယ် မောင်မျိုးရေ ... ခေတ်ရဲ့ လိုအပ်ချက်လေးကို ဖြည့်ဆည်းတဲ့ အနေနဲ့ ဖွင့်ဖြစ်တဲ့ သင်တန်းလေးပါ။

TYZ - သင်ရိုးညွှန်းတန်းစာအုပ်ကို အီးဘွတ် မလုပ်ရသေးပါဘူး။ အီးဘွတ်ရော စာအုပ်ထုတ်ဖို့ရော အစီအစဉ် ရှိပါတယ်။ ဒါက ပထမဦးဆုံး အကြိမ်မို့ ကွန်ပျူတာ စာစီ၊ ကော်ပီဆွဲပြီး စာအုပ်ချုပ်ပေးခဲ့တာပါ။

သင်တန်းသားအများစုက ကြိုတင် အပ်မထား စာရင်းပေးမထားတဲ့အတွက် materials တွေကို ကြိုတင် ပြင်ဆင်လို့ မရခဲ့လို့လဲ ပါပါတယ်။ စဖွင့်တဲ့နေ့မှ မထင်မှတ်ဘဲ လူတွေ အများကြီး ရောက်လာကြတာ။ စာအုပ်လိုချင်ရင် ကျမ အီးဘွတ် လုပ်ပေးပါမယ်။ key stage 1 and 2 ကတော့ အင်တာနက်ကနေ ဒေါင်းလုတ် လုပ်လို့ရပါတယ်။ လင့်ခ်ကို အပေါ်မှာ ပေးထားပါတယ်။

ညီမ - ကုသိုလ်ရလို၍သက်သက်ပါ ညီမရေ ... ၀မ်းဝစေဖို့ မဟုတ်ပါဘူး။ အမတို့ ဘာသာရေးနဲ့ လုပ်မစားပါဘူး ညီမ။ ဒီသင်တန်းကို ပညာဒါန အခမဲ့ သင်ပေးတာပါ။ တီရှပ်၊ ယောဂီတဘက်နဲ့ စာရွက်စာတမ်းကြေး အနေနဲ့ တယောက်ကို ငါးထောင်ကျပ်မျှသာ ယူပါတယ်။ ဆရာတွေက မေတ္တာနဲ့ ကူညီတယ်ဆိုပေမဲ့ အမတို့က ဆရာအားလုံးကို ဉာဏ်ပူဇော်ခ ထိုက်ထိုက်တန်တန် ကန်တော့ပါတယ်။ ကလေးတွေ အေးအေးဆေးဆေး သက်သောင့်သက်သာ သင်ကြားနိုင်ဖို့လဲ တတ်နိုင်သလောက် ပံ့ပိုးပေးပါတယ်။
အမတို့ ရတဲ့ ကုသိုလ်ပီတိနဲ့ပဲ အများကြီး ကျေနပ်လှပါတယ်။
လာမယ့် ဒီဇင်ဘာကျောင်းပိတ်ရက်မှာ ဖွင့်ဖို့ အစီအစဉ် ရှိကြောင်း ကြိုတင် လက်တို့လိုက်ပါတယ်။

Anonymous said...

Thank you so much,Ma May Dar Wi!
Regards,
Lay Thwe

TYZ said...

ဟုတ် အစ်မ Ebook လည်းဒေါင်းယူမယ် စာအုပ်ထုတ်ရင်လည်း ၀ယ်မယ်။ ညီမလည်း ကိုယ့်ရပ်ရွာမှာ ကိုယ့်အားနဲ့ ပညာဒါနပြုချင်တဲ့ စိတ်ကူးလေးရှိတယ်။ ဒါကြောင့်မို့ပါ။ အရမ်းကျေးဇူးတင်တယ်နော်အစ်မ။ သာဓုလည်းခေါ်တယ် သိလား။ လေးစားစွာဖြင့် TYZ

ညိမ်းနိုင် said...

သိပ်ကောင်းတဲ့သင်တန်းလေးပါလားအစ်မရယ်...၊တွေ့ရ
တာ ကျက်သရေရှိပါ့...၊Level 2 က ကလေးတွေက သိပ်
ချစ်ဖို့ကောင်းတယ်နော်....။သာဓုပါအစ်မရေ......။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောင်းလိုက်တာ မမေရယ်
အိမ်က တူတွေတူမတွေသာ ရန်ကုန်မှာနေတယ်ဆို တကယ်ကို လာတက်ခိုင်းမှာ သေချာတယ်။
ကလေးတွေကြည့်ပြီး စိတ်ကြည်နူးမိသလို ချီးလည်း ချီးကျုးမိပါတယ်။
အပင်ပန်းခံပြီး ဒီလိုသင်တန်းကို စီစဉ်ဆောင်ရွက်ပေးတဲ့ မမေတို့အားလုံးကိုလည်း လေးစားမိပါတယ်။

Anonymous said...

Please don't write about Buddhism with tha-khoe zawgyi font as ar-bart-thint is too BAD.

http://tiny.cc/hoke-pa

သီဟသစ် said...

သိပ်ကောင်းတဲ့ အစီအစဉ်ပါဗျာ။ ကလေးတွေ အတွက်သာမက တက္ကသိုလ်ကျောင်းသူ၊သားတွေ အတွက်ပါ ဖွင့်သင့်တယ် ထင်ပါတယ်။ သာဓု သာဓု သာဓု ပါဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

ဆန်းစနေ၀န်း said...

အရမ်းကောင်းတဲ့ အစီအစဉ်လေးပါ

သူကြီးမင်း (တုံးဖလား) said...

(သာဓု သာဓု သာဓု)
(သာဓု သာဓု သာဓု)
(သာဓု သာဓု သာဓု)

သာဓုသုံးကြိမ် သုံးခါတိတိ ခေါ်ဆိုသွားပါတယ်။

ပထမသာဓုက သုံးကြိမ်က အခုလို သင်တန်းမျိုးဖြစ်အောင် အခမဲ့ စီစဉ်ပေးခဲ့တဲ့ မေ သင်တန်းတာဝန်ရှိသူတွေအတွက်ပါ။

ဒုတိယသာဓုသုံးကြိမ်က စေတနာနဲ့ အခမဲ့ လာရောက် သင်ကြားပေးကြတဲ့ ဘုန်းဘုန်းများ ဆရာများအတွက်ပါ။

တတိယသာဓုသုံးကြိမ်ကတော့ ဗုဒ္ဓဘာသာကို စိတ်ဝင်တစ်စားရှိကြတဲ့ ငယ်ငယ်ရွယ်ရွယ်ကလေးတွအတွက်ပါ။

အားလုံးဆင်ပြေအောင်မြင်ကြပါစေ။