Tuesday, April 10, 2012

မွေးရပ်မြေမှ ပေးစာ (၂)

ရောက်ရောက်ချင်း ဘုရားခန်းထဲဝင်တော့ ဘုရားခန်းက အရင်နဲ့မတူဘဲ ပိုပြီး သပ္ပါယ်အောင် အမကြီးက ပြင်ဆင်ထားတာမို့ ကြည်ညို ညွတ်နူးဖွယ်ရာ မြင်တွေ့ရတယ်။ ဘုရားကန်တော့ရင်း ရတနသုတ်ထဲက …
“၀နပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊ ဂိမှာန မာသေ ပဌမသ္မိံ ဂိမှေ”
“နွေဥတု၏အစဖြစ်သော တန်ခူးလ၏ ပင်လုံးကျွတ်ပွင့်သော တောအုပ်သည် ကျက်သရေရှိ၍ တင့်တယ်သကဲ့သို့ …”
ဆိုတဲ့ စာသားလေး စိတ်ထဲက ရေရွတ်ပူဇော်မိပါသေးတယ်။


မြတ်စွာဘုရား ရုပ်ပွါးတော်နောက်ခံ မှန်ပြတင်းကနေ မြင်နေရတဲ့ ကံ့ကော်ရွက်တွေကလည်း နောင်ပွင့်တော်မူမယ့် အရိမေတ္တယျဘုရား ကံ့ကော်ပင်အောက်မှာ သီတင်းသုံးနေသယောင် … ။
***
ဥသြသံ …

ပြန်ရောက်ပြီး နောက်တရက်မနက်မှာ ကျမအိပ်ခန်းခေါင်းရင်း ကံ့ကော်ပင်ကြီးဆီက ဥသြတွန်သံနဲ့ အိပ်ရာ နိုးထလာခဲ့တယ်။ နာရီကြည့်လိုက်တော့ မနက် ၉ နာရီတောင် ကျော်နေပေါ့။ ကြည်နူးစရာ သာယာလွန်းတဲ့ ဥသြတွန်သံကို အိပ်ရာက မထသေးဘဲ နားထောင်ရတာ အရသာရှိလွန်းလှတယ်။ နွေရာသီမှာ ဘယ်လောက် ပူပြင်းတယ်ပြောပြော ဥသြသံ ချိုချိုလေး ကြားရတာနဲ့တွင် နွေမနက်ခင်းက အဓိပ္ပါယ် ပြည့်စုံသွားပြီလေ။

မနက်စာ စားသောက်ပြီး ခဏအကြာ ခြံထဲဆင်းတော့ အိမ်ရှေ့ လမ်းမကြီးပေါ်က ဥသြသံ ထပ်ကြားရတယ်။ အဆက်မပြတ် … ဆက်တိုက် … ဆူညံ … ကျယ်လောင်တဲ့ ဥသြသံ … ။ ကျမလန့်သွားပြီး လက်နှစ်ဘက်နဲ့ နားကို ပိတ်လိုက်မိသလား မသိဘူး။ အဲဒီအသံကို ကျမ မုန်းတယ် … ကြောက်တယ် … ။ ဟုတ်တယ် … အဲဒီဥသြသံက နွေရာသီဆိုရင် ကျမတို့ကို ခြောက်လှန့်တတ်တဲ့ မီးသတ်ကား ဥသြသံပါပဲ။ ဘယ်နေရာမှာ မီးလောင်နေသလဲလို့ မီးသတ်ကား သွားရာဘက်ကို လှမ်းမျှော်ကြည့်ရင်း သတ္တ၀ါတွေ ဘေးရန်ကင်းဝေးဖို့သာ စိတ်ညွှတ် ဆုတောင်းလိုက်မိတယ်။

အဲဒီနေ့ကစလို့ ရောက်ခါစ တပတ်မှာ မီးသတ်ကားဥသြသံ မကြားရတဲ့ နေ့ရယ်လို့ မရှိသလောက်ပဲ။ ခုချိန်ထိ အနည်းဆုံး တပတ်တခါလောက် ကြားနေရသေးတယ်။ တခါဆိုရင် အိမ်ရှေ့က လမ်းမကြီး တဘက်ခြမ်းမှာ ကားတွေပိတ်နေတဲ့အချိန် မီးသတ်ကားကြီး နှစ်စီးက ဆူဆူညံညံ ဥသြဆွဲပြီး ရောက်လာတယ်။ ကားတွေက မီးသတ်ကားကို လမ်းဖယ်ပေးဖို့ မဆိုထားနဲ့ တုတ်တုတ် လှုပ်လို့တောင် မရဘူး။ ဒါနဲ့ပဲ နောက်ပြန်ဆုတ်ပြီး တဘက်လမ်းကနေ လမ်းပြောင်းပြန် မောင်းသွားလိုက်ရတယ်။ အဲဒီ လမ်းတဘက်ခြမ်းမှာ ကားရှင်းနေလို့သာ တော်ပါသေးရဲ့။

ငှက်ဥသြက သာတောင့်သာယာ နာပျော်ဖွယ် နွေဦးရဲ့ ဂီတသံ …
စက်ဥသြကတော့ ထိတ်လန့် ရင်တုန်စရာ အမင်္ဂလာသံ …
ဒါတွေကို တပြိုင်နက် ခံစားစေနိုင်တဲ့ … ကျမတို့ရဲ့ နိုင်ငံ … ။
***
ရွာရိုးကိုးပေါက် …

.

အဲဒီနေ့ ညနေခင်း ကျမ ပျင်းပျင်းရှိတာနဲ့ ခြေညောင်းလက်ဆန့် ရွာရိုးကိုးပေါက် လျှောက်ခဲ့တယ်။ ကျမကို ငယ်ငယ်က ထိမ်းပေးခဲ့တဲ့ ကရင်အမကြီးနဲ့ အတူပေါ့။ လမ်းတဖက်မှာ ဂျာနယ်သည်၊ ထီသည်တွေကိုတွေ့ရတယ်။ ဂျာနယ်တွေ အားလုံးထဲမှာတော့ အားကစား ဂျာနယ်က ထိပ်ဆုံးက ပြေးနေတုန်းလို့ ထင်တာပဲ။ သတင်းလွတ်လပ်ခွင့် နည်းနည်းပို ရလာတာနဲ့အမျှ ဂျာနယ်တွေကို လူတွေ ပိုစိတ်ဝင်စားလာကြသလို ပိုလဲရောင်းရလာတယ်လို့ ဆိုကြတယ်။

.

သွားရင်းနဲ့ တနေရာအရောက် လမ်းဘေး ဓာတ်တိုင်အောက်မှာ ထိုင်ရောင်းနေတဲ့ ပြောင်းဖူးဖုတ်သည်ကို တွေ့တော့ ပြောင်းဖူး မီးသင်းနံ့ကလေးက စားချင်စိတ်ကို မြှူဆွယ်လာပါရော … ။ ကိုယ့်ရှေ့မှာ ၀ယ်နေတဲ့ ကောင်မလေးကို ပြောင်းဖူးဖုတ်သည်ကြီးက သူ့ကိုယ်မှာ လွှမ်းထားတဲ့ ညစ်နွမ်းနွမ်း ပုဆိုးစုတ်ပိုင်းနဲ့ ပြောင်းဖူးဖုတ် တဖူးကို သုတ်ပြီး လှမ်းပေးလိုက်တာ မြင်တော့ စိတ်ထဲ နည်းနည်း သရိုးသရီဖြစ်မိသား။ ဒါပေမဲ့ အဲဒီအချိန်မှာ ဟိုင်ဂျီးနစ်ခ် တွေဘာတွေ ကျမ မတွေးတော့ဘူး။ တဖူး ၃၀၀ ဆိုတော့ နှစ်ဖူး ဖုတ်ထားပေးပါ အပြန်ဝင်ယူမယ်လို့ မှာခဲ့လိုက်တယ်။ ဆက်သွားတော့ ကောက်ညှင်းပေါင်းသည် အဘွားကြီး တယောက်ကို တွေ့တယ်။ အသက်အတော်ကြီးနေရှာပြီ၊ ကောက်ညှင်းပေါင်း တောင်းကြီး ခေါင်းရွက်လို့ လမ်းတကာလှည့် ရောင်းနေရတုန်း။ သြော် ...သက်ကြီးရွယ်အိုများရဲ့ မသေချာတဲ့ ဘ၀တွေ … ။
***
အမှိုက်ပြဿနာ …

တခါတုန်းက ရေးဖူးတဲ့ ဈေးကလေးကို သွားဖို့ ဘေးလှေခါးကနေ တက်ပြီးသွားတယ်။ လှေခါးထိပ် ရောက်တော့ အမှိုက်ပုံက ဆီးကြိုနေလေရဲ့။ ကြည့်လေ အမှိုက်မပစ်ရဆိုတဲ့ သတိပေးစာသားလေးတောင် အမှိုက်တွေကြားထဲမှာ။ အခု ဖြစ်နေတဲ့ အမှိုက်ပြဿနာက အတော်ခက်တယ်။ အရင်တုန်းက အရပ်ထဲမှာ နေ့လည်ခင်းဆို ကလောင် ကလောင်နဲ့ ခေါင်းလောင်းခေါက်ပြီး အမှိုက်တွေလာသိမ်းတဲ့ အမှိုက်ကား ရှိတယ်။ ပိုက်ဆံလဲ ပေးစရာမလိုဘူး။ ဒါမှမဟုတ်ရင်လဲ တွန်းလှည်းနဲ့ အမှိုက် အမှိုက်လို့ အော်ပြီး လာသိမ်းတဲ့ အမှိုက်လှည်းတွေ ရှိတယ်။ ၁၅ ကျပ် ၂၀ ပေးရတာပဲ။ သူတို့က အမှိုက်ပေးသူကို ကျေးဇူးတောင် တင်သေး။ အမှိုက်ထဲက ရတဲ့ ပုလင်းခွံ ဗူးခွံတွေ ပြန်ရောင်းစားကြသေးတာကိုး။ ခုတော့ အမှိုက်ကားလဲ မလာ၊ အမှိုက်လှည်းလဲ မလာဘူး။ ... ဆိုတော့ လူတွေကလဲ အမှိုက်တွေ တွေ့ကရာနေရာ ပစ်ကြ ပုံကြတယ်။

.

လမ်းမတန်း တလျှောက် လိမ္မော်ရောင် ၀တ်ထားတဲ့ မြူနီစပယ် ၀န်ထမ်းတွေ လက်အိတ်တွေစွပ် mask တွေအုပ်ပြီး တံမြက်စည်းလှည်းနေတာတော့ နေရာတကာ မြင်ရပါရဲ့။ သူတို့လှည်းထဲ အမှိုက်ထည့်ချင်ရင် ၁၅၀ - ၂၀၀ လောက် တောင်းသတဲ့။ တနေ့ ၂၀၀ ဆို တလ ၆၀၀၀ ကျပ်။ လူတွေက မပေးချင်/နိုင်တော့ အဆင်ပြေသလို ပစ်ကြတော့တာပဲ။ ခုတော့ အမှိုက်အိတ် ဆိုတာလေးတွေ မိတ်ဆက်တယ်။ အစိုနဲ့ အခြောက်တဲ့။ မီးဖိုချောင်ထွက် အမှိုက်က အစိုပေါ့ … အိတ်အပြာနဲ့ ထည့်ရတယ်။ တခြားခြောက်သွေ့တဲ့ အမှိုက်တွေကိုတော့ အိတ်အစိမ်းနဲ့ ထည့်ရတယ်။ အိတ် ၅၀ ပါတဲ့ တထုတ်ကို ၁၃၀၀ ကျပ်ပေးရတယ်။ bin bag အိတ်မဲကြီးတွေလောက် မကြီးဘူး။ ခပ်သေးသေးပဲ။ ကြိုးကလေးနဲ့ စည်းရသေးတယ်။ အဲဒါကို အမှိုက်ကား ရပ်ထားတဲ့ဆီ သွားပစ်ရတယ်တဲ့။ အဲဒီလိုကရိကထ မခံနိုင်သူကတော့ ဒုံရင်း ဒုံရင်း ပစ်ချင်သလို ပစ်နေကြဆဲပါပဲ။
***
ဈေးထဲမှာ …

.

အမှိုက်ပုံကို ဖြတ်ကျော်ပြီး ဈေးကလေးဆီ ရောက်တယ်။ အုန်းသီး ငှက်ပျောသီး ရောင်းတဲ့ဆိုင်မှာ ဖီးကြမ်း ငှက်ပျောသီးတဖီး ၁၅၀၀ ကျပ်ဆိုလို့ များလှချည်လား လို့ထင်မိသေးတယ်။ နှစ်ဖီးယူမယ် ၂၄၀၀ ထားဆိုပြီး ဈေးဆစ်တော့လဲ ရတာပါပဲ။ တဖီး ၁၂၀၀ ဆိုတော့ စတာလင်ပေါင်နဲ့ဆို တပေါင်ပဲမို့ တန်တယ်လို့ ဆိုရမယ်။ လက်ဖက်က တဆယ်သား ၈၀၀ ကျပ်၊ အကြော်ဆံလဲ ၁၀၀၀ ကျပ်အောက် မရှိဘူး။ တောင်ကြီးပဲကြော် စားချင်တာနဲ့ ၀ယ်တော့ ၁၀၀၀ ကျပ်ပါပဲ။ ကတ္တီပါဖိနပ်တရံ ၀ယ်တော့ ၃၅၀၀ ကျပ်တဲ့။ ဟိုနားဒီနား သွားတာမို့ တသောင်းလောက်ပဲ အိတ်ထဲ ထည့်လာတာ ကျပျောက်သလိုပဲ ဘယ်ရောက်သွားမှန်း မသိဘူး။ ကျမ အမလတ် မြန်မာပြည် ခဏပြန်ပြီး ပြန်ရောက်တုန်းက ပြောခဲ့ဖူးတာ အမှတ်ရမိတယ်။ မြန်မာပြည်မှာ အစစအရာရာ ဈေးတွေကြီးလွန်းလို့ အင်္ဂလန်မှာ ငါ တနှစ်ရှာတာ မြန်မာပြည် ပြန်သုံးရင် တလတောင် ခံမှာ မဟုတ်ဖူးတဲ့။ သေချာတာပေါ့ ... အဲဒါ ကျမတို့ တိုင်းပြည်ပါ။
***
ပေးစာ အပိုင်း (၂) ကို ဒီမှာ ခဏနားပါအုံးမယ်။ ဒီကနေ့ ပိတောက်ပန်းတွေပွင့်လို့ ဈေးက၀ယ်ပြီး ဘုရားတင်ဖြစ်တဲ့ ဓာတ်ပုံလေးတွေ လက်ဆောင်အဖြစ် တင်ပေးလိုက်ပါတယ်။ ဒီနေ့အဖို့တော့ အိမ်က ဘုရားခန်းမှာ ပိတောက်ရနံ့တွေ လွှမ်းနေခဲ့တယ်။ ပိတောက်ဆိုတာ သင်္ကြန်ရဲ့ သင်္ကေတ ဖြစ်သလို မြန်မာရဲ့ သင်္ကေတပဲမို့ မြန်မာပြည် ပြန်ရခြင်းမှာ အနှစ်သာရတွေ ပြည့်ဝသလို ခံစားမိပါတယ်။

.

.

မကြာခင် ကျရောက်တော့မယ့် သင်္ကြန်နှစ်သစ်ကူး အခါသမယမှာ ကျမ သိသောသူ မသိသောသူ ... ကျမကို သိသောသူ မသိသောသူ ... အားလုံး ဘေးရန်ကင်းကွာ အေးချမ်းသာယာ ရှိပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။
***
မေတ္တာဖြင့် ...

မေဓာဝီ
၁၀၊ ဧပြီ၊ ၂၀၁၂
မြန်မာစံတော်ချိန် ည ၁၀ နာရီ

11 comments:

ဟန်ကြည် said...

မမေက ရောက်လေရာ ကင်မရာ ယူသွားပုံရတယ်...ကျွန်တော်တော့ ရွှေပြည်သားအကျင့်အတိုင်း တွေ့ကရာ ဓာတ်ပုံမရိုက်ရဲဘူးဗျာ...ဒီမှာက ခဏဆိုပြီးခေါ်သွားရင် အနည်းဆုံး သုံးနှစ်ကိုးး)

အမှိုက်ပုံတွေအကြောင်းကတော့ မပြောချင်တော့ပါဘူးလေ...မနှစ်က ရန်ကုန်ခဏရောက်သွားတော့ လမ်းဘေးအမှိုက်ပုံကြီးတွေ ဟီးထနေတာကြည့်ပြီး ကြက်သီးတောင် ထတယ်...

တိုးတက်နေတဲ့ ရွှေပြည်မှာ ချမ်းမြေ့ပျော်ရွှင်ပါစေဗျား...း)

Nyi Linn Thit said...

ဂျာနယ်သည်၊ ကောက်ညှင်းပေါင်းသည်နဲ့ အုန်းသီးသည် တို့က မမေရဲ့ ကင်မရာကို စိုက်ကြည့်နေကြတယ်၊ တိုးရစ်နဲ့ သတင်းထောက်.. နှစ်ခုထဲက တစ်ခုခုပဲလို့ တွေးနေကြပုံပဲ၊း) ခုခေတ်မှာ ပိုက်ဆံ တစ်သောင်းလောက်နဲ့ အပြင်ထွက်ဖို့ဆိုတာ သိပ်တော့ မလွယ်တော့ဘူးနော်၊ လူကြီးတွေ ပြောကြသလို ငွေဟာ အသုံးမခံတော့ဘူးလို့ ပြောရတော့ မှာပါပဲ၊း))

ပိတောက်တွေကို ဘုရားစင်မှာ ပူဇော်ထားတာ ကျက်သရေ ရှိလိုက်တာ..၊ မမေနဲ့ အမကြီးတို့ အတွက်လည်း ကြည်နူးဖွယ်ရာ အတာသင်္ကြန်နဲ့ မင်္ဂလာရှိသော နှစ်ကူးအခါ သမယ ဖြစ်ပါစေလို့ နှုတ်ခွန်းဆက် ပါတယ်ဗျာ..။

နေ၀သန် said...

ဦးဟန်ကြည်ပြောတာကိုဖတ်မိပြီး ပြုံးတော့တာပဲ.. ဟုတ်တယ်.. ရန်ကုန်မှာ တွေ့ကရာဓါတ်ပုံမရိုက်ရဲဘူးဗျာ... မမေတို့ မချောတို့တွေကိုတော့ လေးစားပါရဲ့.. :D.. ရွှေပြည်ကြီးမှာ ပျော်ရွှင်ပါစေဗျာ.

ခင်မင်လျက်
နေ၀သန်

The Queen said...

ဘုရား စင် လေးက သပ္ပါယ်လိုက်တာ.... နောက်ပေးစာတွေကို မျှော်နေမယ်နော် အမ

sosegado said...

အတာမှာ ရန်ကုန်မှာ ရှိမှာပေါ့၊
ပိတောက်ပန်းတွေ ဘုရားတင်ထားတာ သာဓုသာဓုသာဓု

အိမ့်ချမ်းမြေ့ said...

မမေလည်း နှစ်ကူးအခါမှာ...
ဘးရန်ကင်းကွာ အေးချမ်းသာယာ ရှိပါစေကြောင်း ဆုတောင်းလိုက်ပါတယ်...

ချစ်တဲ့
မလေး

ပြန်မလာသေးဘူးလား မမေ..

Kay said...

မင်္ဂလာ နှစ်သစ်မှာ..ပျော်ရွှင်ကြည်နူးစရာ မိသားစု အချိန်လေး များ ဖြစ်ပါစေ..မမေ..။
ခေမရဌ် ရှေ့က စောင့်နေနော်..လာခဲ့မယ်.. ။ :D

Sint Si said...

I miss the smell of Padauk. Happy New Year!!

san htun said...

ဟုတ်ပါ့ မမေရေ..နိုင်ငံခြားမှာ တနှစ်ရှာတာ မြန်မာပြည်မှာ တလသုံးရင် ပြောင်ပြီ..အမှိုက်ပုံကလည်း ခုထိ အဆင်မပြေနိုင်သေးဘူး..နောက်ထပ် ပေးစာများကို မျှော်နေပါတယ်နော့

Angelhlaing(May everybody be happy and healthy! said...

ပိတောက်ပန်းလေးတွေ မြင်ရတာ ..အလွမ်းပိုစေတယ်မမ..:):)

Thet Oo said...

အော် ... မြန်မာပြည် ...။