Friday, April 06, 2012

မွေးရပ်မြေမှ ပေးစာ (၁)

အားလုံးပဲ … ကျမကို မေ့နေကြလောက်ပြီ ထင်ပါရဲ့။

ဘလော့တွေလဲ မလည်ဖြစ်၊ စာတွေလဲ မဖတ်ဖြစ်ဘဲ ဝေးကွာနေခြင်း အကြောင်းရင်းကတော့ ဒက်ဖိုဒေးလ် daffodils တို့ရဲ့ နယ်မြေကို ခေတ္တကျောခိုင်းပြီး ပိတောက်, ငုနဲ့ ကံ့ကော်တွေလွှမ်းတဲ့ ကိုယ့်မြေစခန်းကို ပြန်ဖြစ်ခဲ့လို့ပါပဲ။ အ၀ါရောင်ချင်း တူပေမယ့် ကျမနှလုံးသားထဲမှာ အမြဲငြိတွယ် တည်ရှိနေတာက ကိုယ့်မြေက ပန်းတွေသာလေ … ။
...
(၁) မပြန်ခင် နောက်ဆုံးရိုက်ယူလာခဲ့တဲ့ daffodils ပန်းတွေ ... (၂) အိမ်ပြန်အရောက် အိမ်အပင်က ပွင့်တဲ့ ကံ့ကော်ပန်း

ဘာလိုလိုနဲ့ ကိုယ့်ပြည် ကိုယ့်မြေကို ပြန်ရောက်တာ တလနီးပါး ကြာခဲ့ပြီ။ ဒီခရီးစဉ်ဟာ ကြိုတင် မစီစဉ်ထားဘဲ … မမျှော်လင့်ဘဲ … ပြန်ဖြစ်ခဲ့တဲ့ ခရီးစဉ်တခုပါ။ ခွဲခွါခဲ့စဉ်ကလဲ ကြိုတင်မစီစဉ်ဘဲ ခွဲခွါခဲ့ရသလို ပြန်ရတော့လဲ ကသုတ်ကရက်နဲ့ ရုတ်တရက် စီစဉ်ခဲ့ရတာပါပဲ။ ဒါပေမဲ့ ဒီခရီးဟာ ကျမအတွက် အလည်သက်သက် မဟုတ်သလို အပျော်ခရီးလဲ မဟုတ်ခဲ့ဘူး၊ လုပ်ဆောင်ရမယ့် တာဝန်နဲ့ ၀တ္တရားတွေကို ရင်ထဲအပြည့် ထည့်ရင်း ကျမ အိမ်ပြန်ခဲ့တယ် … ။
ထိုင်ခုံရှေ့က စခရင်မှာ လေယာဉ်ပျံသန်းရာ မြေပုံကိုကြည့်ပြီး ပြန်ရောက်ချိန်ကို လက်ချိုးရေနေခဲ့ရ

အိမ်ပြန်ခဲ့တယ် … ဆိုတော့ … အမေမရှိတဲ့ နေရာကို အိမ်လို့ မခေါ်ဘူးဆိုရင် ကျမရဲ့ ဒီခရီးစဉ်ဟာ အိမ်ကိုပြန်တယ်လို့ ပြောလို့ဖြစ်ပါ့မလား … ကျမ စဉ်းစားနေမိတယ်။ အမေနဲ့ အဖေက မွေးရပ်မြေနဲ့ မိုင်ပေါင်းများစွာဝေးတဲ့ နေရာမှာ … ။

ငါးနှစ်နီးပါး ခွဲခွါခဲ့ရတဲ့ မွေးရပ်မြေကို ပြန်တဲ့ အပြန်လမ်းမှာ ကျမ စိတ်လှုပ်ရှားနေခဲ့တယ်။ ဘာတွေပြောင်းလဲ နေပြီလဲ … ဘာတွေထူးခြားနေပြီလဲ … သတင်းတွေထဲမှာ ကြားရ သိရ ဖတ်ရပေမဲ့ ကိုယ်တိုင်ကိုယ်ကျ တွေ့ရ မြင်ရ ခံစားရတော့မယ် မဟုတ်လား။ တရိပ်ရိပ် ပျံသန်းနေတဲ့ လေယာဉ်ကြီးပေါ်မှာထိုင်ပြီး တလိပ်လိပ် လွင့်မျောနေတဲ့ တိမ်စိုင်တွေကို ငေးမောရင်း ကျမစိတ်တွေက လေယာဉ်ကြီးထက် အရင် ရှေ့ကိုစောပြီး ရောက်နေမိတယ်။
...
***
လေဆိပ်အ၀င် …

ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ရောက်တော့ အင်မီဂရေးရှင်းမှာ တန်းစီနေတဲ့ လူတန်းရှည်ကြီးထဲ ကျမလဲ ၀င်စီလိုက်တယ်။ ကျမစီးလာတဲ့ စင်္ကာပူလေကြောင်း silk air က တစီးလုံးလိုလို မြန်မာတွေချည်းပဲမို့ လူတန်းကြီးက အရှည်ကြီး။ လန်ဒန်မှာရှိတဲ့ မြန်မာသံရုံးကနေ အခွန်ကင်းရှင်းကြောင်း စာရွက် ယူမလာခဲ့ တာမို့ ရစ်ခံရမလားလို့ စိတ်ထဲ တွေးမိပေမဲ့ သိပ်တော့ စိတ်မပူမိပါဘူး၊ ကိုယ့်တိုင်းကိုယ့်ပြည်ကို ပြန်တာပဲလေ၊ သံရုံးက စာရွက်မပါပေမဲ့ တခြားလိုအပ်တဲ့ စာရွက်စာတမ်း အပြည့်အစုံ ကျမမှာ ပါတာပဲ။ အဝေးက မိဘနှစ်ပါးကတော့ စိုးရိမ်စိတ်နဲ့ ပြည်အ၀င် အဆင်ပြေအောင် အသိအကျွမ်း ဟိုလူဒီလူလွှတ်ပြီး လာကြိုဖို့ စီစဉ်ခိုင်းပေမဲ့ ကျမက ဘယ်သူ့ကိုမှ ကိုယ့်အတွက် တာဝန်မပိုစေချင်လို့ ဘာမှ စီစဉ်စရာ မလိုဘူးလို့သာ ပြောခဲ့တယ်။ လူတန်းရှည်ကြီးနောက်မှာ တန်းစီနေတုန်း ကျောင်းသားဆိုရင် ဒီဘက်ကိုလာ ဆိုတာနဲ့ ကျမလဲ ရှေ့ဘက်ရောက်သွားတယ်၊ သိပ်အကြာကြီး တန်းမစီလိုက်ရတော့ဘူး။

ကျမအလှည့်မှာ ကောင်တာက အရာရှိက သံရုံးစာကို မေးတော့ … “မပါဘူး ဒါတွေပဲပါတယ်” လို့ ကိုယ်ပါတဲ့ စာရွက်စာတမ်းတွေကိုပဲ ပြလိုက်တယ်၊ အေးအေးဆေးဆေးပါပဲ၊ ဖတ်တောင် ဖတ်ရဲ့လား မသိဘူး၊ တချက် ယူကြည့်ပြီးတော့ ပြန်ပေးရင်း … ပြန်ရင် D-Form လုပ်ရမယ်လို့ ပြောပြီး ၀င်ခွင့်ပေးလိုက်တယ်။ ပါလာတဲ့ အိတ်တွေသွားရွေးပြီး စက်မှာဖြတ်တော့ ဖွင့်ပြပြီး အစစ်ခံရအုံးမလား … ဟိုဟာဒီဟာ တောင်းကြ ယူကြအုံးမလားရယ်လို့ ရှေးရှေးက သူများပြောတာ ကြားဖူးနားဝနဲ့ တွေးမိပေမဲ့ တကယ်တမ်း အိတ်လဲ ဖွင့်မပြရသလို ဘာမှလဲ မတောင်းကြပါဘူး။ အိတ်တွေ မနိုင်မနင်း သယ်နေတဲ့ ကျမကိုတောင် ကူပြီး မ-ပေးကြပါတယ်။
***
အမ-အချ …

ဘယ်သူမှ လာမကြိုနဲ့ ကိုယ့်ဘာသာ အငှားကားနဲ့ လာခဲ့မယ်လို့ အိမ်ကို ပြောထားပေမဲ့ အလုပ်က ကလေးမလေး နှစ်ယောက် လာကြိုကြတယ်။ ကျမက အိတ်တွေတင်ထားတဲ့ ထရော်လီတွန်းလာတော့ လေဆိပ်ဝန်ထမ်းနှစ်ယောက် အပြေးအလွှားနဲ့ ရောက်လာပြီး ကျမတွန်းလာတဲ့ ထရော်လီကို ကူတွန်းပေး၊ အိတ်တွေ ကူသယ်ပေးကြတယ်။ သေချာပါတယ်၊ ဒါ ကျမရဲ့ တိုင်းပြည် … ။ ဘိလပ်ကို အသွားတုန်းက မန်ချက်စတာ လေဆိပ်မှာ conveyor belt ပေါ်ကနေ ကိုယ့်အိတ်ကို မနိုင့်တနိုင်ချ၊ ထရော်လီပေါ် မ-တင်၊ ယိုင်ထိုး ယိုင်ထိုးနဲ့ ထရော်လီတွန်းလာတဲ့ ကျမကို ဘယ်သူမှ အဖက်လုပ်ပြီး မကူကြပါဘူး။ အဲဒီလို ကိုယ့်အားကိုယ်ကိုးရတဲ့ တိုင်းပြည်မှာ ၅ နှစ်တာ နေလာခဲ့တော့ ခုလို အတင်းကာရော လုပ်ပေးကြတာ ကျမမှာ အားနာသလိုလို အနေခက်မိသေးတယ်။

ကူသယ်ပေးတဲ့ သူတို့ နှစ်ယောက်ကို တယောက် တထောင်စီ ပေးရတယ်။ ကျမမှာ မြန်မာပိုက်ဆံမပါလို့ လာကြိုသူ ကလေးမလေးကပဲ ထုတ်ပေးလိုက်တော့ သူတို့က …
“အမ စင်္ကာပူလေး နှစ်ရွက်လောက်” တဲ့ ကျမဆီက ထပ်တောင်းပါရော။ ကျမလဲ ခပ်နောက်နောက်နဲ့
“ငါ့မှာ စင်္ကာပူတော့ မပါဘူး ပေါင်ပဲပါတယ်” လို့ ပြောလိုက်အုံးမလို့ဘဲ … ဒါပေမဲ့ မပြောဖြစ်ပါဘူး။ စင်္ကာပူက လာတာ မဟုတ်ဖူး … လို့ပဲ ပြန်ပြောခဲ့ဖြစ်တယ်။
***
အငှားကားနဲ့ …

သူတို့က ကားငှားမလား မေးကြတယ်၊ အငှားကားနဲ့ သူတို့နဲ့က ချိတ်ထားပြီးသားထင်တာပဲ။ အငှားကားက လေအေးစက်ပါတယ်လို့လဲ စီးချင်အောင် ဆွယ်ကြတယ်။ အိမ်အထိကို ခုနစ်ထောင်လို့ ပြောတာ ငါးထောင်နဲ့ ဈေးဆစ်ပြီး စီးခဲ့တယ်။ ကားပေါ်မှာ လာကြိုတဲ့ ကလေးမလေး နှစ်ယောက် မေးသမျှတွေ ပြန်ဖြေရင်း လမ်းတလျှောက် မြင်ကွင်းတွေကို ကျမ အငမ်းမရ ကြည့်နေခဲ့မိတယ်။ မြင်ကွင်းတွေက တရိပ်ရိပ်နဲ့ ပြောင်းလဲ နေတယ်။ တရိပ်ရိပ်နဲ့ ပြောင်းလဲနေတဲ့ မြင်ကွင်းတွေ … ၊ ပြောင်းလဲနေတဲ့ မြင်ကွင်းတွေက တရိပ်ရိပ်နဲ့ … ။ အိမ်ခြေပိုစိပ် လာတယ်၊ ကားတွေ ပိုပိတ်လာတယ်၊ ကြော်ငြာဆိုင်းဘုတ်တွေ ပိုများလာတယ်၊ လမ်းမတန်း တလျှောက်မှာလဲ ဆိုင်တွေ ပိုများလာတယ်။ မှတ်မှတ်သားသား သတိထားမိတာက အရင်က မတွေ့ခဲ့ရတဲ့ မိုဘိုင်းဖုန်း ဆိုင်တွေ … ။

ကားပေါ်မှာ လေအေးစက်ဖွင့်ထားပေမဲ့ အပြင်က အပူကို နိုင်အောင် မကာကွယ်နိုင်ရှာဘူး။ အအေးဓာတ် ခပ်ယဲ့ယဲ့ ကားအင်ဂျင်သံ ခပ်သဲ့သဲ့ … ညက်ညောမှု မရှိတဲ့ လမ်းတွေကတော့ အရင်လိုပါပဲ။ ကိုယ့်ယာဉ်ကြောနဲ့ ကိုယ်မမောင်းဘဲ အတင်းဖြတ်ဝင် မောင်းနှင်နေတဲ့ ကားတွေ၊ တတီတီ ကြားရတဲ့ ဟွန်းသံတွေ၊ လူကူးမျဉ်းကြား ရောက်ခါမှ အရှိန်မြှင့် မောင်းကြတဲ့ ကားတွေ … အဲဒါတွေလဲ … အင်း … အရင်လိုပါပဲ။

ကားပေါ်ကဆင်းတော့ လေပူပူက မျက်နှာကို ဖြတ်တိုက်တယ်။ အသက်ကို ၀အောင် ရှူလိုက်တယ်။ ဖုန်ရယ် ကားအိတ်ဇောနံ့ရယ် ရောနှောနေတဲ့ လေပူနွေးနွေးက ကျမအဆုတ်ထဲ အလုံးအရင်းနဲ့ ၀င်ရောက်သွားတယ်။ ကျမ နှာခေါင်း မပိတ်မိဘူး၊ နှာခေါင်း မရှုံ့မိဘူး၊ လိုမှ မလိုအပ်ဘဲလေ … ။ ဒီဂန္ဓာရုံနဲ့ ယဉ်ပါးခဲ့တာ နေသားကျခဲ့တာ နှစ်ပေါင်းများစွာ မဟုတ်လား … ။ ငါးနှစ်လောက်ကလေး ခွဲခွါခဲ့ရတာနဲ့ ဒီအနံ့တွေကို ကျမ လက်သင့်မခံနိုင်စရာ အကြောင်း မရှိပါဘူး။ ဒါနဲ့ပဲ … မရှူရတာ ကြာပြီဖြစ်တဲ့ ခပ်ညစ်ညစ် ဒီလေထုကို အားပါးတရ ရှူရှိုက်ရင်း ဒီမြေကြီးပေါ်မှာ အားပါးတရ နင်းလျှောက်ခဲ့မိပါတော့တယ်။
***
မေဓာဝီ
၆ ဧပြီ၊ ၂၀၁၂
တန်ခူးလပြည့်
မြန်မာစံတော်ချိန် ၂၀း၁၂ နာရီ

မှတ်ချက်။ ။ များမြောင်လှတဲ့ ကိစ္စတွေအပြင် မြန်မာပြည်က အင်တာနက် ကွန်နက်ရှင်ရယ်၊ လျှပ်စစ်မီးရယ်ကြောင့် ဘလော့တွေ မလည်ပတ် မဖတ်ဖြစ် မမန့်ဖြစ်တဲ့အတွက် အားလုံးကို အားနာစွာ တောင်းပန်ပါတယ်။ အချိန်ရရင် စာဆက်ရေးပါအုံးမယ်။

11 comments:

Anonymous said...

daffodils
ပန်းတွေပါတဲ့ပုံပြင်လေးတစ်ပုဒ်
ငယ်ငယ်တုန်းကစိတ်ဝင်တစ်စားသင်ခဲ့ရဖူးတယ် :)
ကြုံတွေ့ခဲ့ရတဲ့မြန်မာပြည်အကြောင်းလေး
အချိန်ရရင်ထပ်တင်ပေးပါအုံးနော်အစ်မ
ပျော်ရွှင်ဖွယ် နေ့ပေါင်းများစွာ
ပိုင်ဆိုင်ပါစေရှင်..

ညိမ်းနိုင် said...

ညန်မာပြည်အကြောင်း ပြောင်းလဲနေသောမပြောင်းလဲ
ခြင်းများကို နဖူးတွေ့ဒူးတွေ့ တွေ့နေရပြီပေါ့ ဟုတ်
လားမမေ...:)))))

Nyi Linn Thit said...

ပြန်ခဲ့တဲ့ လမ်းကြောင်းလည်း အတူတူမို့ လေယာဉ် ထိုင်ခုံရှေ့က စခရင်လေးကို ပြန်မြင်ရတဲ့အခါ ကျနော်လည်း စိတ်တွေ စောနေခဲ့တာ သတိရမိတယ် မမေ..၊ ပြီးတော့ အိတ်တွေ လာကူသယ်တဲ့ လူတွေ၊ ကားဟွန်းသံ၊ အပူချိန်၊ မောင်းချင်သလို မောင်းနှင်မှု..၊ ဒါတွေကိုလည်း တဝကြီး ခံစားခဲ့တာပဲ၊ မျက်နှာကို လာတိုက်တဲ့ လေနွေးနွေးကပဲ မြန်မာပြည် ပြန်ရောက်ပြီ လို့ ကိုယ့်ကို ခပ်ပြင်းပြင်းလေး ပါးပုတ် နှိုးလိုက် သလိုပဲ၊

ထမ်းရွက်ရမယ့် တာဝန်တွေ၊ အငန်းအတာတွေကို မမေတစ်ယောက် ကိုယ်ရောစိတ်ပါ ကျန်းမာစွာနဲ့ ဆောင်ရွက် ပြီးမြောက်နိုင်ပါစေလို့ ဆုတောင်းပါတယ်ဗျာ..။

Anonymous said...

ပန်းနှစ်မျိုးစလုံးကကိုယ်နဲ့ အရမ်းရင်းနှီးတယ်။
နှစ်မျိုးစလုံးရဲ့ ရနံ့ တွေကိုတောင်ရမိသလိုဘဲ။
အဲဒီပန်းပုံလေးတွေကြည့်ပြီးတစ်မျိုးဘဲခံစားရတယ်။
ကံ့ကော်ပန်းအိုးလေးနဲ့ နံရံကပြက္ခဒိန်ကပိုပြီးလွမ်းဆွတ်သလိုခံစားရတယ်။
အိုင်အိုရာ

Heartmuseum said...

ပျောက်နေပါတယ်လို့ အောက်မေ့နေတာ ပြည်တော်ပြန်နေတာကိုးးးး
ဆက်ရန်တွေ မျှော်နေမယ်ဗျာ...

ချော(အစိမ်းရောင်လွင်ပြင်) said...

မမေ...
ပျောက်နေတယ် မှတ်တာ
လက်စသပ်တော့ ရွှေပြည်ကြီး ပြန်ရောက်နေတာကိုး.
အလုပ်နဲ့ဘဲပြန်ပြန် အလည်ဘဲပြန်ပြန် တကယ်ကို ပျော်ရွှင် စိတ်လှုပ်ရှားစရာဘဲနော်။ မမေ
ခုချိန်ပြန်တယ်ဆိုတော့ ပိတောက်ပန်း အနံ့လေးတောင် ရဦးမှာ သေချာတယ်
ဘယ်ပန်းတွေဘယ်လောက်လှလှ ကိုယ့်တိုင်းပြည်မှာပွင့်လေ့ရှိတဲ့ ပန်းတွေနဲ့ ပိတောက်ပန်းကိုတော့ မှီတယ်မထင်တာ မြန်မာတွေရဲ့ စိတ်ရင်းဖြစ်မယ် ထင်ပါတယ်။
အစစ အဆင်ပြေပါစေ မမေရေ
သတိရလျှက်ပါ

ဟန်ကြည် said...

အယ်...ရွှေပြည်တောင် ရောက်နေမှကိုး...ဒါကြောင့် ပျောက်ချက်သားကောင်းနေတာပေါ့လေ...
တိုင်းပြည်ကြီး တိုးတက်နေတာကို လာလေ့လာတယ်ထင်ပါ့...အမေတော့ လွှတ်တော်ထဲရောက်နေပြီနော...

ဘာပန်းတွေဘယ်လောက်လှလှ ပိတောက်နဲ့ငုဝါကို မမြင်ရရင် ရင်ထဲမှာ ဟာတာတာနဲ့ ခံစားရတာ အဲဒါ မြန်မာပေါ့ မမေရေ...မြန်မာ အစစ်ပေါ့...

နေ၀သန် said...

သြော်... မြန်မာပြည်ပြန်ရောက်နေတာလား...း).. ပျော်စရာကြီး..း))

ခင်မင်လျက်
နေ၀သန်

Anonymous said...

how amazing.. i m your regular blog reader and now i am also in Myanmar to visit my parents. how i wish i could meet you......

san htun said...

မမေရေ ဓာတ်ပုံတွေ အများကြီး ရိုက်ခဲ့နော်..အလွမ်းပြေ ကြည့်ရအောင်

Angelhlaing(May everybody be happy and healthy! said...

ဒီပို့စ်လေး ဖတ်မိတော့ ပိုလွမ်းသွားသလိုပဲမမ.. အိမ်ပြန်ချိန်တွေ အားကျမိတယ်... မပြောင်းလဲသေးတဲ့ ဒေသဆိုပေမယ့် ညီမလေးတို့အတွက်တော့....အမေ့အိမ်ပဲ မဟုတ်လား...လေ။