ဒီနှစ် စနေ တာစားသတဲ့။ အမေကပြောတယ်။ ပြက္ခဒိန်ကြည့်တော့လဲ သင်္ကြန်အတက်နေ့က စနေနေ့ တည့်တည့်မှာ ရောက်နေတာဆိုတော့ ... အင်း ... တာစားတယ်ပဲ ဆိုပါတော့။ တာစားတယ် တာစားတယ်လို့သာ ပြောနေတာ တကယ်တမ်း တာစားတယ်ဆိုတာ ဘာမှန်းညာမှန်း မသိပါဘူး။ သင်္ကြန်အတက်နေ့နဲ့ တိုက်ဆိုင်တဲ့နေ့ဟာ တာစားတယ်ဆိုတာရယ်၊ တာစားတဲ့ နေ့နံသမားတွေက အညံ့တွေပျောက်အောင် ကုသိုလ်ရေးတွေ ပိုလုပ်ရတယ်ဆိုတာရယ်တော့ ငယ်ငယ်တုန်းက ကြားဖူးနားဝ ရှိခဲ့တယ်။ ဘာကြောင့် ညံ့တာလဲ ဘာလဲ ညာလဲတော့ မသိပါဘူး။ ငယ်ငယ်က စနေတာစားတာနဲ့ ကြုံတဲ့နှစ်မှာ အတက်နေ့ ရွှေတိဂုံဘုရားသွားပြီး တာအိုးလေးနဲ့ ပန်းတွေထည့်ပြီး ဘုရားသွားကပ်ခဲ့ဖူးတာ မှတ်မိတယ်။ ကိုယ်ကတော့ တာစားစား မစားစား ညံ့နေပြီးသားပေမဲ့ ကိုယ့်နေ့နံ စနေတာစားတဲ့နှစ်မှာ ဘုရားသွားပြီး ကုသိုလ်ကောင်းမှုလေးဘာလေး ပြုချင်တယ်။ ဘိလပ်က တခုတည်းသော စေတီဖြစ်တဲ့ ဘာမင်ဂန်ဘုရားကို သွားမယ်လို့ စိတ်ကူးနဲ့ပေါ့။ ဒါပေမဲ့ ဒီရက်ပိုင်းမှာမှ ချစ်လှစွာသော ဦးရီးတော်က ဖလော်ရီဒါကို ဟောလီးဒေးသွားနေပြန်ပါတယ်။ ဧပြီ ၂၁ ရက်နေ့မှ ပြန်ရောက်မယ် ဆိုတော့ လိုက်ပို့မယ့်သူက မရှိ၊ အဲဒီကို ဘတ်စ်နဲ့ မသွားဖူးဘူး၊ သွားရင်လဲ ဘုန်းဘုန်းတွေအတွက် ဆွမ်းဟင်းတို့ဘာတို့ သယ်သွားချင်သေးတာ ဆိုတော့ ဘတ်စ်နဲ့က အဆင်မပြေဘူးလေ။
အမေနဲ့ စကားပြောရင်း ညည်းမိတော့ အမေက ... "ကိုယ့်စာကိုယ်သာ ကျက်ပါအေ၊ အမေ ဒီကနေ လုပ်ပေးပါမယ်။ တကယ်တော့ အဲဒါတွေက ဗြဟ္မဏ အယူတွေပါ။ ကုသိုလ်ရအောင် ဥပုသ်စောင့်ပြီး အိမ်က ဘုရားမှာပဲ သစ်သီးလေး ပန်းလေးကပ်ပေါ့" ... လို့ ပြောပါတယ်။ ဟုတ်တော့လဲ ဟုတ်တယ်။ သွားသာ သွားချင်တာ အချိန်က များများစားစား မအားပါဘူး။ ကျောင်းက ပေးထားတဲ့ progress test တွေကလဲ လူကို စိတ်ဖိစီးစေတယ်။ မကြာခင် အနားရောက်လာတော့မယ့် စာမေးပွဲကလဲ နေ့စဉ်နဲ့အမျှ စိတ်ကို ပူပန်ခြောက်ခြားစေတယ်။ ဦးရီးတော် မရှိတဲ့ ရက်တွေမှာ အစားလဲ ဖြစ်သလိုပဲစား၊ အိပ်တော့လဲ တယောက်ထဲ ခြောက်ခြားပြီး အိပ်မက်ဆိုးတွေမက်လို့ တရေးတွေ ခဏခဏနိုး၊ စားချိန်မမှန် အိပ်ချိန်မမှန်နဲ့ စိတ်ပင်ပန်း လူပင်ပန်းပြီး ဖျားချင်သလို နာချင်သလို သရိုးသရီကလဲ ခဏခဏ ဖြစ်သေးတယ်။ အင်း ... တာပဲစားစား ဘာပဲ စားစား ဘာမင်ဂန်ဘုရားကို မသွားတော့ပါဘူးလေလို့ စိတ်ဒုန်းဒုန်းချလိုက်တယ်။
ညတုန်းက နေလို့သိပ်မကောင်းတာနဲ့ စနေနေ့မှာ နောက်ဆုံးတင်ရမယ့် progress test ကို ဖြေတာ မပြီးသေးဘူး။ နောက်ဆုံးတပုဒ် report ရေးဖို့ ကျန်သေးတယ်။ ဆရာမကတော့ စာတိုက်က ပို့လို့ရတယ်ဆိုတော့ တော်ပါသေးရဲ့။ ကျောင်းကို သွားတင်ဖို့ မလိုဘူးပေါ့။ ကျောင်းသွားရင် လမ်းစရိတ်က အသွားအပြန် ရထားခရော ဘတ်စ်ကားခရော အပါအ၀င် ၆ ပေါင်နဲ့ ပြား၈၀ ပေးရတယ်။ ပြီးတော့ အချိန်လဲကုန် လူလဲ ပင်ပန်းတာမို့ စာတိုက်ကပဲ ပို့မယ် ဆုံးဖြတ်လိုက်တယ်။ စာတိုက်က ပို့ရင် ပိုသက်သာမယ် ထင်တာပဲ။
ဒီမနက် အိပ်ရာကနိုးထိ ခေါင်းက သိပ်မကြည်သေးဘူး။ ရာသီဥတုကလဲ မှုန်မှိုင်းမှိုင်း၊ စိတ်တွေကလဲ ထုံထိုင်းထိုင်း။ ဒါပေမဲ့လဲ မပြီးသေးတဲ့ စာကို နည်းနည်း ဖြည့်ရေး၊ မျက်နှာသစ်၊ ဘုရားသောက်တော်ရေကပ်၊ ဘုရားရှိခိုးတဲ့ အချိန်ကျတော့မှ ဒီအခါတွင်းမှာ ကျန်တဲ့ ၃ ရက်စလုံး ဥပုသ်စောင့်မယ် စိတ်ကူးနဲ့ ဘုရားရှေ့မှာ န၀င်္ဂသီလ စောင့်ထိမ်းဖို့ ကတိပြုလိုက်တယ်။ ဘုရားတင်ထားတဲ့ ပန်းကလဲ ခြောက်နွမ်းစပြုနေပြီ၊ သစ်သီးတွေကလဲ မလတ်ဆတ်တော့ဘူး။ ဒါကြောင့် ဘုရားပန်းတွေ သစ်သီးတွေဝယ်ရင်းနဲ့ ကျောင်းကို စာအဖြေလွှာပို့ဖို့ အိမ်နားက စာတိုက်ကို သွားလိုက်တယ်။
အိမ်ကနေ စာတိုက်ကို လမ်းလျှောက်ရင် ၅ မိနစ် သာသာလောက်ပဲ ကြာပါတယ်။ မနက်ဖြန် (စနေနေ့) အရောက် ပို့ရမှာမို့ စာတိုက်ဖွင့်ချိန် ၉ နာရီ အရောက်သွားရတယ်။ အဖြေလွှာထည့်ဖို့ အေဖိုးဆိုက် စာအိတ်ညို တလုံးယူ၊ ကျောင်းလိပ်စာတပ်ပြီး first class mail နဲ့ ပို့ဖို့ ပြောတော့ စာတိုက်ဝန်ထမ်း အမျိုးသမီးကြီးက စာအိတ်ကို အလေးချိန် ချိန်တွယ်ပြီး special delivery နဲ့ ပို့မလား မေးတယ်။ ရိုးရိုး first class က ၄ ပေါင်ကျော် စပယ်ရှယ်က ၅ ပေါင်ကျော်ဆိုတော့ သိပ်မကွာပါဘူးလေ ... စပယ်ရှယ်နဲ့ ပို့မယ်ပေါ့။ အဲ ... စပယ်ရှယ်နဲ့ ပို့မယ်ဆိုမှ သူက ထပ်ပြောလာပြန်တယ်။ နက်ဖြန်က စနေနေ့ဆိုတော့ စပယ်ရှယ်နဲ့ ပို့တောင် နက်ဖြန်ရောက်ဖို့ ဂရန်တီမပေးနိုင်ဘူးတဲ့။ နက်ဖြန်ရောက်ဖို့ သေချာချင်ရင် စနေအထူးစာဝေစနစ်နဲ့ ပို့မှ ရမယ်။ အဲဒါက ၂ ပေါင်နဲ့ ၂၅ ပြားကျမယ်ဆိုပဲ။ နက်ဖြန်မရောက်လို့ကလဲ မဖြစ်ဘူး။ နောက်ကျမှ ရောက်တဲ့ အဖြေလွှာတွေကို ၂၅ ပေါင် fine တပ်မယ်လို့ ကျောင်းက စာထုတ်ထားတယ်။ အင်္ဂလိပ်တွေများ ပိုက်ဆံကို အဲဒီလို ကြံဖန် ညှစ်ယူနေကြတာပဲ။
ဒါဆို စုစုပေါင်း ၇ ပေါင်ကျော်ကျမှာပေါ့။ အိုကေလေ ... ကျောင်းကိုသွားရင် လမ်းစရိတ်က ၆ ပေါင် ပြား ၈၀ ဆိုတော့ သိပ်မကွာပါဘူး။ လုပ်ပါကိုယ့်လူ ... ပေါ့။ စနေအထူးဆိုတော့လဲ ထူးလိုက်ရတာပ။ ဒါနဲ့ ပိုက်ဆံပေးမယ်လဲ ဆိုရော အဲဒီအမျိုးသမီးက တစခန်းထပြန်တယ်။ ခုနပြောတာ ဆောရီးတဲ့။ အဲဒါ VAT မပါသေးဘူး ဆိုပဲ။ အမ် ... ဒုက္ခ။ ကဲပါလေ ... ရောက်မှတော့ မထူးပါဘူး။ ဘယ်လောက်လဲ VAT ပါရင် ... မေးရင်းနဲ့ စိတ်ထဲက တွက်နေလိုက်တယ်။ ပထမပြောတဲ့ ၅ ပေါင် ၄၅ ပြား + စနေအထူး ၂ ပေါင်၂၅ ပြား = ၇ ပေါင် ပြား ၇၀ + VAT ၂၀% = ၉ ပေါင်နဲ့ ၂၄ ပြား။
အင်း ... မလွယ်ပါလား။ လမ်းစရိတ်ထက်တော့ ကျော်နေပြီ။ စိတ်ထဲကနေ အမြန်စဉ်းစားတယ်။ ကျောင်းသွားရမလား၊ စာတိုက်ကပဲ ပို့ရမလား။ အမျိုးသမီးကြီးကတော့ ကိုယ်ဘယ်လို ဆုံးဖြတ်မလဲဆိုတာ စောင့်နေတယ်။ ကဲပါလေ ... ကျောင်းသွားရင် လမ်းမှာတွင် အချိန်က အသွား တနာရီ အပြန် တနာရီကုန်မှာ။ လူလဲ ပင်ပန်းအုံးမယ်။ နေ့လည် နေ့ခင်း ကော်ဖီဝယ်သောက်ရင် ပိုက်ဆံပိုကုန်ပါတယ်။ ဒီတော့ စာတိုက်ကပဲ ပို့ပါတော့မယ် ... ။ အဲဒီလိုသာ ဆုံးဖြတ်လိုက်ရတယ်၊ စိတ်ထဲကတော့ အောင့်သက်သက်နဲ့။
စာတိုက်ကထွက်ပြီး အနားက စူပါမားကတ်ထဲ ပန်းသီး၊ လိမ္မော်သီး၊ ဘုရားပန်းနဲ့ ပေါင်မုန့် ၀င်ဝယ်ရင်းမှ ရုတ်တရက် သတိရလိုက်မိတယ်။ စာတိုက်က မိန်းမကြီးက စာအိတ်ဖိုး ထည့်မှယူလိုက်ရဲ့လား မသိဘူး။ စာအိတ်ညိုကြီးက သူတို့ စင်ပေါ်က ယူလိုက်တာ။ အဲဒါကို ကိုယ်ကလဲ မပြောမိ၊ သူကလဲ သတိမထားမိတာလား မေးဖို့ မေ့သွားတာလားပဲ။ ဒါနဲ့ သူပေးတဲ့ ပိုက်ဆံ လက်ခံဖြတ်ပိုင်းကို ပြန်ထုတ်ပြီးကြည့်တော့ ထင်တဲ့အတိုင်းပဲ စာအိတ်ဖိုး ၃၅ ပြား ထည့်ယူမထားဘူး။ အင်း ... စာပို့ခက တတိတိနဲ့ ငါထင်ထားတာထက် ပိုပေးလိုက်ရတာပဲ စာအိတ်ဖိုး မပေးလိုက်ရတော့ ၃၅ ပြား သက်သာသွားတာပေါ့။ ပိုတောင် ကောင်းသေးတယ် ... ဟင်း။ အဲလို ညစ်တစ်တစ် စိတ်နဲ့ တွေးနေမိတယ်။
နောက်မှ လမ်းလျှောက်နေရင်း ... ဟယ် ... ငါ ကိုးပါးသီလ ယူထားတာပဲ။ ဒီ ၃၅ ပြားကို သိရက်သားနဲ့ မသိချင်ယောင် ဆောင်လိုက်ရင် အဒိန္နဒါနာကံ မြောက်တော့မယ်။ ပြီးတော့ သူ့ခမျာ စာရင်းပိတ်လို့ ၃၅ ပြားလိုနေရင် ငါ့အတွက် စိုက်ရရှာမှာ။ မေတ္တာသဟဂတေန ဆိုပြီး ဘုရားရှေ့မှာ ကတိက၀တ်ပြုထားပြီး သူတပါးကို မေတ္တာမထားရာ ရောက်နေပြီ ... လို့ တွေးမိတော့ နဂိုအတွေးအတွက် တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ ဆိုးလိုက်တဲ့ ငါပါလား ... ဘာမဟုတ်တဲ့ ၃၅ ပြားနဲ့ သီလကျိုးပျက်ချင်သေးတယ်လို့ ရင်တွေပူ၊ နောင်တတွေရပြီး စာတိုက်ရှိရာ ခပ်သုတ်သုတ် ခြေဦးလှည့်လိုက်တယ်။
စာတိုက်ရောက်တော့ ကိုယ့်ရှေ့မှာ ၂ ယောက်လောက် ရှိတာမို့ တန်းစီစောင့်ရင်း ကိုယ့်အလှည့်ကျတော့ ရောက်သွားတဲ့ ကောင်တာက စောစောက အမျိုးသမီးကြီး ကောင်တာ မဟုတ်တော့ဘူး။ ဒါပေမဲ့ အဲဒီအမျိုးသမီးဘက်ကို လက်ညှိုးထိုးပြရင်း ...

"စောစောက သူ့ကို စာအိတ်ဖိုး ပေးဖို့ မေ့သွားလို့" လို့ ပြောလိုက်တယ်။ ဒီတော့မှ အဲဒီအမျိုးသမီးကြီးက
"အင်း ... ဟုတ်သားပဲ" ဆိုပြီး စာအိတ်ကို ယူကြည့်ပြီး "စာအိတ်အတွက်က ၃၅ ပြား" ... လို့ ဒီဘက်ကောင်တာက အမျိုးသမီးကြီးကို လှမ်းပြောတယ်။
"ငါလဲ နောက်မှ ဖြတ်ပိုင်းကို ကြည့်မိတော့ စာအိတ်ဖိုး ထည့်မထားတာတွေ့လို့ ... " လို့ ပြောရင်း တပေါင်တန်အကြွေစေ့လေး လှမ်းပေးလိုက်တယ်။ သူက ပိုက်ဆံပြန်အမ်းရင်း ပြောတယ် ... you are very honest တဲ့။ သူပြောသလို ကိုယ်က very honest ဟုတ်ရဲ့လား ... ကိုယ်တိုင် အသိဆုံးပဲမို့ သူတို့ကို နှုတ်ဆက်ထွက်လာရင်းနဲ့ ကိုယ့်ဘာသာ မလုံမလဲ ပြုံးမိပါရဲ့။
သြော် ... အစကတော့ သုံးဆယ့်ငါးပြားကို သီလနဲ့ လဲလိုက်မိတော့မလို့ ... လေ ... ။
***
သတ္တ၀ါအားလုံး အချင်းချင်း အပြစ်မမြင်ဘဲ ချစ်ခင်စွာဖြင့် မင်္ဂလာနှစ်သစ်ကို ကူးပြောင်းနိုင်ကြပါစေ ... ။
မေတ္တာဖြင့် ...
မေဓာဝီ
၁၅၊ ဧပြီ၊ ၂၀၁၁
မဟာသင်္ကြန် အကြတ်နေ့
၁၄း၃၈ နာရီ
5 comments:
အမြဲတမ်းကုသိုလ်ကောင်းမှုသီလတရားကိုထိန်းသိမ်းတတ်တဲ့ညီမလေး ချမ်းမြေ့အောင်မြင်သောနှစ်သစ်ကို ပိုင်ဆိုင်ရပါစေ...
သာဓုခေါ်ပါတယ် မမေဓာဝီရေ...၊ ၃၅ ပြား ထက်မက အဆပေါင်းများစွာ ပိုတန်တဲ့ အပြုအမူလေးကို (ခဏလေးပဲ ညစ်တစ်တစ် ဖြစ်သွားပေမယ့် ချက်ချင်း ပြန်ပြီး) ဖြူစင်သွားတဲ့ စိတ်ကလေးနဲ့ လုပ်လိုက်လို့..၊း) စကားမစပ် VAT က ၂၀% ဆိုတော့ များတယ်နော်..။ တဆက်တည်း ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်လည်း ဖြစ်ပါစေလို့ ဆုတောင်းပါတယ်ဗျာ...။
အဲလိုတွေ ကြုံလာတိုင်း လွန်ဆွဲမိတာ .. သူနိုင် ကိုယ်နိုင်ပဲ...။ တစ်ခါတစ်လေတော့လဲ... သမုဒ္ဒရာ ပမာ ၀မ်းတစ်ထွာအတွက်...သူများမေ့ကျန်ခဲ့တာ ငါနဲ့ ထိုက်လို့ ဆိုပြီး လုပ်ခဲ့သေးသဗျာ...
သာဓု သာဓု သာဓု ပါ ဒေါ်လေးမေ။
အင်း...ခုလို ရေးလိုက်တာကလည်း very honest ပါပဲ....။
သာဓုပါ မမေရေ....၊
မမရေ စာလေးဖတ်ရင်း ရေလောင်းမလို့ အဟီးးး
ဥပုဒ်စောင့်တယ်ဆိုလို့....:P:P
မင်္ဂလာရှိသောနှစ်သစ်လေးဖြစ်ပါစေမမ။
Post a Comment