Tuesday, June 15, 2010

အမောများ

ဝှူးးးးးးးးးးးးးးးးးးးး
အဲဒီလို အဖျားရှူးသွားတဲ့ သက်ပြင်းအလုံးကြီးကြီး ချလိုက်မိတယ်။
ဟုတ်ကဲ့ … စာမေးပွဲ ပြီးသွားပါပြီ။
ကျောင်းလည်း ၃ လ ပိတ်ပါပြီ။
စာသင်နှစ် တနှစ်တော့ နိဋ္ဌိတံ ပြန်ပေါ့။
ကျေးဇူးပြုပြီး ခင်တယ်ဆိုရင် ဖြေနိုင်လားလို့ မမေးပါနဲ့။
နတ်သံလေးနှောပြီး ငိုချင်းချမိမှာစိုးလို့ပါ။
***
သနားကြပါ …

ငယ်ငယ်တုန်းက စာမေးပွဲ ဖြေပြီးရင် စာမေးပွဲဆိုတာ အောင်ရင်အောင် မအောင်ရင် တံ့နေတာပဲ၊ ကျတယ်ဆိုတာ မရှိဘူးလို့ ညစ်ကျယ်ကျယ် ပြောခဲ့ဖူးတယ်။ ပြောမှာပေါ့ ခဏခဏလည်း တံ့နေဖူးတာကိုး။ (ကြုံတုန်း တော်ကြောင်း ကြွားရတာပါ။) စာမေးပွဲဆိုတဲ့ အသံကြားရင် ခေါင်းကိုက် ဇက်ထိုး ရင်ပူ လေထ ဗိုက်နာ ကိုယ်လက်မအီမသာ ဖြစ်တတ်လွန်းလို့ စာမေးပွဲဆိုတာကြီးကို စိတ်ပျက် စိတ်ကုန် စိတ်နာ စိတ်ဆိုး စိတ်တို နေမိတာ။ စာမေးပွဲကို အင်မတန်မုန်းတဲ့ကျမ (တကယ်တော့ ကြောက်တာ) စာမေးပွဲပေါင်းများစွာ ဖြေရမယ့် ဘာသာကိုမှ သင်မိရက်သား ဖြစ်နေပါတယ်။ ၀က်ဖြစ်မှတော့ ဟိုဒင်းကြောက်လို့ မဖြစ်ဘူး ဆိုတဲ့စကားအတိုင်း မချစ်သော်လည်း အောင့်ကာနမ်းပြီး ခြောက်လတခါ စာမေးပွဲ ၀င်နေရတဲ့ သနားစရာ သတ္တ၀ါလေးပေါ့။ ဒီပို့စ်ကို ကျမရဲ့ ချစ်လှစွာသော အမကြီး ဖတ်မိရင်တော့ နင့်ကိုသနားအောင် ကမ္ဘာဖြန့်ပြန်ပြီလားလို့ ပြောအုံးတော့မှာပဲ။ တတ်နိုင်ဘူး ဖြန့်စရာဆိုလို့ ဒီဘလော့ပဲ ရှိတာကိုး။ သနားတယ် မဟုတ်လား ဟင်။
***
ကြိုးစားပုံ

စာမေးပွဲကို ကြောက်လို့ နှစ်စကတည်းက တနှစ်လုံး စာကို မနားမနေ ကြိုးစားပါတယ်။ (ယုံတယ် မှတ်လား) ကျောင်းမှန်မှန်တက် စာမခက် ဆိုရိုးစကားအတိုင်း (black ice ပေါ်မှာ ချော်လဲတဲ့နေ့ကလွဲလို့) ကျောင်းကိုလည်း တရက်မှ မပျက်ခဲ့ပါဘူး။ သို့ပေသိ စာတွေကတော့ လွယ်မလာပါဘူး။ ကျောင်းဘယ်လောက်သွားသွား ခက်တဲ့စာက ခက်တာပါပဲ။ ကျောင်းမသွားရတဲ့ နေ့ဆိုလည်း အသောက်အစား အပျော်အပါး ဝေရာမဏိ ဝေးစွာရှောင်ကြဉ်၊ ပါတီ နိုက်ကလပ် ဘား ဘယ်မှမသွားဘဲ အခန်းထဲပဲ အောင်းပြီး လက်ပ်တော့လေးမှာ မျက်နှာအပ် အွန်လိုင်းကနေ စာတွေ အသကုန် ဖတ်မှတ် လေ့လာပါတယ်။ မျက်စိတွေေ၀၀ါးပြီး စုတ်မှိတ် စုတ်မှိတ် ဖြစ်လာတဲ့အထိ စာကို ဖတ်တာပါ။ စာမေးပွဲနီး တော့လည်း ဘလော့ကိုတောင် မရေးတော့ဘဲ နားထားပြီး စာကို ဘယ်လောက်တောင် ဖတ်သလဲဆိုရင် မနက် ၄ နာရီထ၊ ၅ နာရီ ပြန်အိပ် (အဲဒီလို မလုပ်ပါဘူး) မနက် ၄ နာရီက စပြီး အချိန်ဇယားအတိုင်း စာကြည့်စားပွဲမှာ ထိုင်ပါတယ်။ (စာရတာ မရတာတော့ မသိဘူးပေါ့၊ ထိုင်တော့ ထိုင်နေတာပဲ။)

မယုံရင် ဟောဒီမှာကြည့်။

စာကြိုးစားသူ တယောက်ရဲ့ စာကြည့်စားပွဲ။ အမှတ်တရ မှတ်တမ်းတင်ထားတယ်။ စာချည်းပဲ ဖတ်နေရတာ ဘယ်လောက် ငြီးငွေ့စရာကောင်းလဲ။ ဘေးနားမှာ စားစရာ သောက်စရာလေးပါမှ အိပ်မငိုက်မှာ မဟုတ်လား။ ဒါကြောင့် လက်ဆောင်ရထားတဲ့ ရွှေကြက် ပဲလှော်၊ ရှောက်သီးဆေးပြား၊ အိန္ဒိယ စာကလေးချီး၊ စပျစ်သီး၊ လိမ္မော်သီး စသဖြင့် ရှိတာလေးတွေ ခြံရံပြီး စာဖတ်ပါတယ်။ အစာကြေဆေးတောင် ပါသေး။ တော်တော်ကောင်းပါတယ် (စားလို့)။ အဲဒါတွေကုန်သွားပြီး ဘာမှ စားစရာမရှိတော့လဲ ရေနွေးကြမ်းလေး ဘလက်ကော်ဖီလေးနဲ့ ပြီးရတာပါပဲ။
***
သက်သေ

စာကြည့်စားပွဲမှာ ထိုင်ရုံထိုင်ပြီး စာမလုပ်ဘဲ တွေးမိတွေးရာ တွေးနေတယ် မထင်ပါနဲ့။ သက်သေပြပါမယ်။ မြင်တယ် မဟုတ်လား၊
အဲဒီလို စာမျက်နှာ ၄၀၀ ပါတဲ့ အေဖိုးဆိုက် စာအုပ် ၃ အုပ်ခွဲကုန်တယ်။ စာမျက်နှာ ၁၆၀ ပါတာက တအုပ်၊ ပရင့်ထုတ်တဲ့ အေဖိုးအလွတ်က အထုတ် တ၀က်၊ အကြမ်းသုံးဖို့ ဦးရီးတော်ဆီက မ-လာတဲ့ တဖက်လွတ် အေဖိုးတွေကလည်း တော်တော်များပါတယ်။ အကုန်ပြောင်တာပဲ။ ကျမက ရေးပြီးသား စာရွက်တွေလည်း လွှင့်မပစ်ဘူး။ ကိုယ့်လက်ရေးနဲ့ ရေးထားတာတွေ အကြမ်းပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် လွှင့်ပစ်ရမှာ မပစ်ရက်လို့ သိမ်းထားတာ အထုတ်က တော်တော်ကြီးနေပြီ။ မြန်မာပြည်မှာလို "ဗလာစာအုပ်တွေ ၀ယ်ဒယ် ... သတင်းစာစက္ကူတွေ ၀ယ်ဒယ်" ဆိုတဲ့ လူတွေဆီမှာ ပိဿာချိန်နဲ့ သွင်းလို့ရလည်း အကောင်းသား။ သိမ်းလို့ မနိုင်တော့မှပဲ ရီဆိုင်ကယ်ပုံးထဲ ထည့်တော့မယ်။ လောလောဆယ်တော့ အခန်းဆန့်သေးတယ်။ မင်ကုန်သွားတဲ့ ဘောပန် အဟောင်းတွေလည်း မပစ်သေးဘူး၊ အဲဒါကတော့ သက်သေအလို့ငှာ ခေတ္တ သိမ်းထားတာပါ။ တချို့ဘောပန်တွေ စိတ်တိုလို့ ချိုးပစ်ထားတာလည်း ပါသေးတယ်။ မင်ကုန်မှချိုးတာပါ၊ မကုန်မချင်း မချိုးဘူး။
***
အနှိပ်စက်ခန်း (၀ါ) စာမေးပွဲ ခန်းမ

ဒီနေ့က နောက်ဆုံးနေ့ဆိုတော့ ထုံးစံအတိုင်း ကင်မရာလေး သယ်သွားပါတယ်။ စာမေးပွဲခန်းမကို ဓာတ်ပုံ ရိုက်ခွင့် ရှိမရှိတော့ မသိပါဘူး။ ဖြေရမယ့် exam centre ကို အစောကြီးသွားပြီး ခန်းမကို ဓာတ်ပုံ ခိုးရိုက်လာခဲ့တယ်။
မှန်တံခါးကတဆင့် ရိုက်တာမို့ ပုံကတော့ ခပ်ဝါးဝါးပဲ။ ငါတို့ကို သတ်မယ့် နေရာ၊ ၃ နာရီနဲ့ ၁၅ မိနစ်တိတိ ကိုယ့်ပိုက်ဆံနဲ့ကိုယ် နှိပ်စက်ခံရတဲ့ နေရာ။ ပြန်ပြန်ကြည့်ပြီး စိတ်နာချင်တိုင်း နာရအောင် မှတ်တမ်းတင်ထားတာပါ။ တနှစ်လုံး ဘယ်လောက်စာလုပ်လုပ် ဒီ ၃ နာရီနဲ့ အဆုံးအဖြတ်ပေးတာ မတရားဘူး၊ မျှတမှု မရှိဘူးလို့ အမြဲတွေးမိတယ်။ မေးခွန်းဖတ်ချိန် ၁၅ မိနစ် အပါအ၀င် ၃ နာရီနဲ့ ၁၅ မိနစ်တိတိ တနေရာထဲမှာ ထိုင်နေပြီး ခြေကုန်လက်ပန်းကျ ပင်ပန်းအောင် ပညာရှိနှိပ်စက်နည်းနဲ့ နှိပ်စက်ခံရသော အနှိပ်စက်ခန်းမ ပါ။
***
တပွဲပြီးပြန်တော့ …

စာမေးပွဲပြီးတော့ နားရမလား မှတ်တယ်၊ နောက်ပွဲတွေက ဆက်တိုက် ရှိနေပြန်တယ်။ တခြားပွဲ ဟုတ်ရိုးလား။ ၄ နှစ် တကြိမ်မှ ရှားရှားပါးပါး ကြုံရတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တွေ ပဲပေါ့။ တိုက်တိုက်ဆိုင်ဆိုင် စာမေးပွဲဖြေနေတုန်းမှာ ဖွင့်ပွဲလုပ်တယ်။ အလွန်ကြည့်ချင်တဲ့ အင်္ဂလန်နဲ့ အမေရိကန်ပွဲလာတယ်။ ဘယ်ပွဲကို ဦးစားပေးရမလဲ စဉ်းစားတော့ … အင်း … စာမေးပွဲက ၆ လ တခါ ပြန်ဖြေလို့ရတာပဲ၊ ကမ္ဘာ့ဖလားက ၄ နှစ်မှ တခါကန်တာ …. ဆိုပြီး စာမေးပွဲမဖြေဘဲ ဘောလုံးပွဲပဲ ကြည့်တော့မယ်လို့ စိတ်က ဖြစ်မိပါသေးတယ်။ (တကယ် မလုပ်ပါဘူး စိတ်ကူးထဲက တွေးမိတာ ပြောပါတယ်)

ဒီလိုနဲ့ စာမေးပွဲပြီးတဲ့ ဒီညမှာ ဘရာဇီးနဲ့ မြောက်ကိုရီးယားပွဲကလေး အားပေးလိုက်ပါတယ်။ ဘရာဇီးအသင်းကို ကြိုက်လို့ အားပေးမယ် စိတ်ကူးပေမဲ့ မကန်ခင် နိုင်ငံတော်သီချင်း ဆိုနေတုန်း မြောက်ကိုရီးယား ကစားသမား (နံပါတ် ၉) ငိုတော့ သနားသွားပြီး မြောက်ကိုရီးယားဘက်ကနေ အားပေးမိတယ်။ (မိန်းမပီပီ မျက်ရည်မြင်တော့ သနားမိတာပေါ့) ကြည့်နေရင်းနဲ့ … သြော် … မြောက်ကိုရီးယားတောင် ကမ္ဘာ့ဖလားမှာ ယှဉ်ပြိုင်ဖို့ အဆင့်မီသေးတယ်၊ တို့များ မြန်မာအသင်းကတော့ ဘယ်တော့များပါလိမ့်ကွယ် … လို့ … တွေးရင်း ငေးရင်း ဆွေးရင်းနဲ့ပဲ … အိပ်ချင်လာပြီမို့ အိပ်ပါတော့မယ်။
***
မေဓာဝီ
၁၅၊ ဇွန်၊ ၂၀၁၀
၂၂း၄၉ နာရီ
***
နောက်ဆက်တွဲ

ကျောင်းပိတ်ပြီမို့ ဦးရီးတော်အိမ်မှာ တနွေခိုရပါဦးမယ်။ လာမယ့် စနေနေ့ကျရင် သူ့မိတ်ဆွေအိမ်မှာ တရားထိုင်ပွဲရှိလို့ ဒီဘက်ကို လာရင်းနဲ့ ကျမကို ၀င်ခေါ်မှာပါ။ ကျမလည်း သူတို့နဲ့အတူ တရားထိုင်ရပါမယ်။ တညနဲ့ တရက် ရိပ်သာဝင်ရမယ်ဆိုပါတော့။ ပြီးရင်တော့ ဦးရီးတော်အိမ်မှာ တနွေလုံး အေဘီစီဒီတွေ ပြန်ကျက်ရလေဦးမလား မသိပါဘူးရှင်။

ကျမ ဘလော့နားထားစဉ်မှာ လာရောက် ဖတ်ရှုကြသူများ ကွန်မန့် ပေးကြသူများ၊ စာမေးပွဲဖြေနိုင်အောင် ဆုတောင်းပေးကြသူများ၊ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျောင်းစာတဖက်နဲ့မို့ ၀တ္တရားမကျေတာကို ခွင့်လွှတ်ကြပါနော်။

31 comments:

Harry said...

ငယ်ငယ်က ကြည့်ဖူးတဲ့ ရုပ်ရှင်ကားတကား နာမည် သွားသတိရတယ် ...
"ဖြေနိုင်ပေါင်" တဲ့ .... ဟီဟိ :D

ကိုပေါ said...

ကျနော်လည်း နှစ်ခါလောက် တန့် ဖူးတယ်ဗျ။ ၆ တန်းမှာ တခါ။ မာစတာတန်းမှာ တဘာသာ။ စာမေးပွဲက အခုနောက်ပိုင်း မဖြေရတော့ပေမယ့် စာမေးပွဲဖြေတဲ့ အိပ်မက်တွေကတော့ နှိပ်စက်တုန်းဗျိုး။ ဖြေရမယ့် ဘာသာမှားပြီး ကြည့်သွားမိတဲ့ အိပ်မက်က အဆိုးဆုံးပဲ။

အိမ့်ချမ်းမြေ့ said...

မမေ စာမေးပွဲပြီး ၃လနားတော့ စာတွေဖတ်ရတော့မည်း)))

မလေးလည်း အဲဒီမြောက်ကိုရီးယားနံပါတ်ကိုးက အရမ်းကြီးငိုနေတော့ ဘာလုပ်ရမှန်းမသိတော့ဘူး...။ ကိုယ်တိုင်ပါ ၀င်ငိုပေးရမယ့်ပုံဖြစ်နေတယ်သူ့ဟာက။ နဂိုကတည်းက (ဘရာဇီးကလွဲပြီး) underdog တွေကို အားပေးလာခဲ့တာဆိုတော့ ဒီပွဲမှာတော့ မြောက်ကိုရီးယားကိုပဲ အားပေးလိုက်တော့တယ်..

Elano ဂိုးသွင်းတုန်းကလည်း သူလည်း ငိုမလိုကိုဝမ်းသာနေသေးတယ်.. ဟင်းးး..

Anonymous said...

Welcome Back Sis

Anonymous said...

ကြီးမေ

စာဖတ်သွားတယ်ဗျာ မေးနဲ့ဆိုလို့ မမေးတော့ပါဘူးနော် တရားဖြောင့်ဖြောင့်ထိုင်ခဲ့နှော
နှိပ်စက်ခန်းထဲ မရောက်ဘူးတာတောင် တော်တော်ကြာနေပြီ....

ခင်တဲ့
seesein

Anonymous said...

ဖြေနိုင်လားလို့မေးရင်....
ဖြေနိုင်တယ်လို့ ဖြေချင်ပေါင်

မဖြေနိုင်ဘူးလားလို့မေးရင်...
ဟင်...ဘာလဲလို့မေး

ဖြေတော့ ဖြေလိုက်တာပဲ...
၃နာရီဆိုတဲ့အချိန်မှာ အဆုံးအဖြတ်ပေးတာတော့ သိပ်မဟုတ်သေးဘူးပေါ့...

သာမီးက ၁နှစ်လုံး အပတ်တကုန် ဘလော့တွေဖတ်..အဲ..စာတွေဖတ်ထားပေမဲ့ ဒီအချိန်လေး ၃နာရီမှာ သာမီးက သိပ်မဖြေနိုင်တာဟုတ်ဘူး။ မေးခွန်းထုတ်သူတွေက မဟုတ်တာ။

ညီမ

ရွှေရတုမှတ်တမ်း said...

မြောက်ကကြီး ဂတုံးမျက်ရည်သနားနေတယ်ပေါ့....
သူလဲ စာမေးပွဲဖြေတဲ့သူကို သတင်းကြားနားနဲ့ဝမ်းနဲပက်လက်ဖြစ်သွားထင်ပါရဲ့....

P.Ti said...

စာမေးပွဲမှာ အရောင်ပျံတွေနဲ့ အောင်ပါစေ။
အမအားပေးပေမယ့်လဲ မြောက်ကိုရီးယားရှုံးသွားတယ်...

သက်ဝေ said...

အခုလို သက်သေ သက္ကာယတွေနဲ့ အတူ ပြထားတော့ မေ ဘယ်လောက် စာကြိုးစားတယ် ဆိုတာကို မျက်ဝါးထင်ထင် မြင်ရပါပြီလေ...

အမှတ်တွေ အများကြီးနဲ့ အောင်ပါစေလို့ ဆုတောင်းတယ်နော်... ကျောင်း ၃ လ အပိတ်မှာ စာတွေလဲ အများကြီး ရေးပါအုံး...း))

Anonymous said...

ဖတ်ပြီးတော့ မသနားတော့ဘူး..
အစားတွေ ခြံရံထား လို့..


ပေါက်

Anonymous said...

ACCA? What paper you sit for? I took P2(yesterday) . I didn't do well in exam although I worked hard on this paper :(.

တြိရတနာ said...

လာလည်သွားပါတယ်။နေရိပ်လို နေရိပ်ရှိရာသွားရမှာပေါ့။
နောင်ကောင်းကြောင်းဆို နုပျိုတုန်းနှိပ်စက်ထားမှ ကြိုးစားပစ်လိုက်ပါ အားနွဲ့တဲ့အတွေးနဲ့လေသံ လက်မခံ ဒဏ်ပေးမယ်ဆိုတောင် ဒဏ်ပဲလက်ခံလိုက်ပါ။

SHWE ZIN U said...

မမေဓါဝီ ရေ

စာအုပ်တွေ ကြည့်ပြီး အတော် သနားသွားပါတယ်..မတန့်စေဘို့ဆုတောင်းပါတယ်..

ရွှေစင်ဦး ကတော့ ဒီဘဝမှာ စာမေးပွဲတွေနဲ့ ဝေးရတဲ့ အတွက် အပျော်ဆုံးဘဲ..

စာတွေလည်း အများကြီးတင်ထားပါတယ် .. စိတ်အပန်းဖြေ ဖတ်လှည့်ပါနော်..

မမေဓါ ပြောတဲ့ စာအုပ် တွေ လောလော ဆယ်ဆယ် ရွှေစင်ဦး မှာ မရှိသေးပါဘူး ရှာလို့ရရင် ရှာပြီး တင်ပေးပါမယ်နော်..

အခု ကျနော် တို့ ရွှေပြည် မှာ ဟိုကပိတ် ဒီကဆို့နဲ့ မနဲတင်နေရတယ် ဟိုရက်ပိုင်းက တင်နေကျ ပရောက်စီတွေ ဘမ်းသွားလို့ မနဲ ကျော်ဝင်ရတာ ညတိုင်း မိုးချုတ်မှ တင်ရတယ် အခု နောက်ဆုံးရတဲ့ ပရောက်စီလေး နဲ့ မနေ့ကထိ အဆင်ပြေသေးတယ် ဒီနေ့ မရတော့ပြန်ဘူး

အခု ခြံစည်းရိုးပျက်ကနေ ကျော်ဝင်ထားတာပါ.. ဖတ်လို့ဘဲရတယ် ပိုစ် တင်ချင်ရင် မိုးချုပ်လိုင်းကောင်းမှ ရပါတယ်

မမေဓါဝီ ရေ ကျနော် လည်း ဝါသနာ ပါလွန်းလို့သာ ကျိုးစားလုပ်နေတာ တခါတခါ စိတ်တော်တော်ပျက် ပျက်သွားတယ်

ညီမ စည်းစိမ် ကလည်း ညီမ စာမေးပွဲ ဖြေနေကထဲက ခဏခဏ ပြောနေတာ သတိရလို့တဲ့ ... ခင်ကြတာကိုးနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သိင်္ဂါကျော် said...

စာမေးပွဲက ၆ လ တခါ ပြန်ဖြေလို့ရတာပဲ၊ ကမ္ဘာ့ဖလားက ၄ နှစ်မှ တခါကန်တာ ..

အဲဒီလို တွေးပြီး ဘောလုံးပွဲကြည့်တဲ့ ကျောင်းသားတွေ တကယ်ရှိတယ်.. မေဓါဝီက တွေးရုံပဲ တွေးတော့ တော်တာပေါ့.. :)

Sint Si said...

Have a great summer!
Btw, I like a news paper that say "USA win 1-1"

သစ်သစ် said...

မမရေ သစ်စာတွေလာဖတ်သွားတယ်နော်....

ကိုအောင် said...

စာကျက်ရတာ များလို့ စာကြည့်စားပွဲပေါ်က မျက်မှန်
လည်း ပါဝါတွေ တက်အုံးမယ် မမေဓါဝီ၊ ကမ္ဘာ့ဖလား
တက်ဂ်ကို ရေးပေးဖို့ အချိန်မှီပါသေးတယ်၊ မျက်ရည်
ကျတာကို သနားတတ်ရင် အမှုသည်ဆီက အမှုအပ်ခ ရသင့်သလောက် ရပါ့မလား ...း)

ကလူသစ် said...

ဖြေနိုင်လားမမေးတော့ပါဘူး။ အောင်တော့ အောင်လောက်တယ်မဟုတ်လား။ တံ့ဖူးနေမှ နောက်တခါလောက် အမှတ်တရ ထပ်တံ့လိုက်လို့ မထူးပါဘူး...........လို့ မပြောဘူးမှတ်ပါ။

:P said...

အောင်စာရင်းထွက်တော့ "at the top of the ထိပ် " ကနေ အောင်မှာပါလေ..။

ကိုလူထွေး said...

ဖြေနိုင်လားး))
စာဖတ်ရင်း ဂဏန်းပေါင်းစက်တွေနဲ့ ကဏန်းတွေ ပေါင်းစားနေတာကိုး...

းဝ)

ဧပရယ်လ်ပူး@ပူးတေ said...

မမမေ စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်ပါစေနော်...
ဒါနဲ့မြောက်ကိုရီးယားက နံပါတ် ၉ လူက ဘာလို့ငိုတာလဲ.... အရင်ကမ္ဘာ့ဖလားပွဲတွေတုန်းက မြောက်ကိုရီးယားက မပါသေးဘူလားဟင်... တကယ်စိတ်ဝင်စားမိပြီး သိချင်လို့ပါမမ ဘောလုံးနဲ့ ပက်သက်ရင် ဘာမှကို မသိဘူး..

Anonymous said...

ယုံပါတယ်.. အောင်မှာကို.. ကျနော်သူငယ်ချင်းကတော့ စာမေးပွဲဖြေပြီးတဲ့ နေကစပြီး စာစစ်မည့် ပုဂ္ဂိုလ်တွေကို နေ့တိုင်း မပျက်မကွက် မေတ္တာပို့တယ်ဗျို .. ဂေဇတ်ထွက်ပြီး အောင်မှ မေတ္တာပို့ ရပ်သွားတော့တယ်.. (သူ့မေတ္တာပို့ကလဲ တစ်မျိုးပဲ) ဒါပေမဲ့..အောင်သွားတယ်။ ဆိုတော့ .. မမေလဲ မေတ္တာများများပို့ပါ..လို့ ..တိုက်တွန်းလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် မေတ္တာဘာဝနာလဲ ပွါးများဖြစ်တာပေါ့။
ကျိုးစားတဲ့ လူတိုင်း အောင်မြင်ကြပါတယ်.. မမေကိုတော့ ကျနော် ခုကထဲက မေတ္တာပို့ပေးပါတယ် .. ရွှေမန်းတင်မောင်ရဲ့ သီချင်းလေးနဲ့... အောင်ပါစေ..လို့...(မောင်ကြီး)

မောင် လေး said...

စာမေးပွဲအောင်ပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်
အစ်မမေ.......

တန်ခူး said...

မေရေ... တို့ ညီမက တော်ပြီးသားမို့ အောင်မှာပါ...အောင်မှာသိပြီးသားမို့ ဖြေနိုင်လားလို့ မမေးတော့ဘူး... စာကြည့်စားပွဲပုံလေးကြည့်ပြီး ပြုံးမိသွားတယ်... အမလဲ အဲလိုပဲ...ဦးနှောက်များများသုံးရပြီဆို ဗိုက်တွေဆာလာတတ်တာ... ကျောင်းတုန်းက သူများတွေက စာမေးပွဲနားနီးရင် ပိန်ကြတယ်...အမကတော့ မပိန်ဘူး...စားကောင်းသောက်ကောင်းလေ...ဒါပေမယ့် တကယ်ဖြေမယ့်နေ့ ကျတော့ ရေတောင်မသောက်နိုင်တော့ဘူး...ဟီး... မေ့စာမေးပွဲခန်းကြီးက ကြောက်စရာကြီး... ဦးရီးတော်အိမ်တော့ မေ့ အေဘီစီ ရွတ်သံတွေနဲ့ စိုပြေဦးမှာပေါ့...

မေဓာဝီ said...

အားလုံးပဲ ကျေးဇူးတင်ပါတယ်ရှင်။
ဘောလုံးပွဲကိုက်နေတာနဲ့ ကွန်မန့်တွေ ချက်ချင်း မပြန်နိုင်ဘူး။ :P
ညီမလေး ပူးတေ မြောက်ကိုရီးယားကစားသမား ငိုတာက သူတို့ ကမ္ဘာ့ဖလားပွဲမှာ ၀င်ကန်ခွင့်ရတာကို ၀မ်းနည်းဝမ်းသာ ဖြစ်လို့ ထင်တာပဲ။ သူတို့လဲ ခြေစစ်ပွဲအောင်လို့ ၀င်ကန်နိုင်တာလေ။ ၁၉၆၆ တုန်းက အုပ်စုပွဲမှာ အီတလီကို နိုင်ပြီး ကွာတားဖိုင်နယ်ထိ ရောက်တယ်ပြောတယ်။ အဲဒီနောက်ပိုင်းတော့ မသိဘူးညီမရဲ့။

စာမေးပွဲအတွက် ဆုတောင်းပေးသူ ကွန်မန့်ရေးသူ မရေးဘဲ စာလာဖတ်သူ အားလုံးအားလုံးကို ကျေးဇူးတင်ပါတယ်နော်။ ဘောလုံးပွဲဆက်ကြည့်လိုက်အုံးမယ်။ :D

Anonymous said...

တရေးနိုးသော် အကြံပေါ်.. ပေါ်တဲ့အကြံ ပြန်ကြည့်ရန်ပေါ့... (ဘော့ပွဲ)

ဏီလင်းညို said...

မမေရေ.......

မမောပါနဲ့ဗျာနော့်........
အနော်လည်း...........ထုမှရောက်စ်တယ်လေ......ခိခိ...း))
စာလေးဖတ်ရင်း.......ရယ်နေမိတယ်......။
ဘောပင်တွေချိုးပစ်တာဘာလို့တုန်းဗျ.......း))

စာကြည့်စားပွဲက.........ရွှေကြက်ပဲဂျီးလှော်..နည်းနည်း.....ကျွေးဗျာ..........။ အနော်က....အားကြီးကြိုက်သကိုး..........း))

ဘောလုံးပွဲတော့......ဘုန်းဘုန်းနဲ့ ဆံပင်ဖြောင့်စက်လိုပါပဲဗျာ...အနော်နဲ့လေ........။
မကြည့်တတ်ဘူးကိုး.....ဟိဟိ....း))

စာမေးပွဲ.... အောင်ပါစေကြောင်း...........ဆုတောင်းမေတ္တာပို့သပါတယ်ခင်ဗျာ..........။

စာတွေရေးဦးနော်.......။ ဘောပွဲပဲကြည့်မနေပါနှင့်ခင်ညာ.......း))

ခင်မင်တဲ့
ဏီလင်းညို

နေ၀သန် said...

ခင်မင်ပျော်ရွှင်ဖို့ကောင်းတဲ့ ဘလော့ခ်လေးနဲ့ ဘလော့ခ်ကာလေးပါပဲ မေဓါဝီရေ.. ပထမဆုံးအကြိမ်ရောက်ဖူးပေမယ့် စာတွေ ဖတ်လိုက်မိတာနဲ့ တန်းပြီး ခင်မင်သွားမိတယ်... (လင့်ခ်ယူသွားတယ်ဗျာ... )

ခင်မင်တဲ့
နေ၀သန်

Thet Oo said...

အော်... အနှိပ်ခန်းတွေများတဲ့ နိုင်ငံကနေ နှိပ်စက်ခန်း ရှိတဲ့နိုင်ငံကို ရောက်နေတော့လဲ...

SHWE ZIN U said...

မမေဓါဝီ ရေ

လင်ခ်ပြောင်းချိတ်ထားလို့ မနက်ဖြန်လောက်တော့ ပြန်ရမယ်ထင်တယ် စိတ်ပူနေမှာဆိုးလို့ ပြီးတော့ အကြာကြီးပျောက်နေတယ်နော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကြည်ဖြူပိုင် said...

အောင်မှာမမ
လုံးဝမပူနဲ့ မမဒီလိုစာကြည့်ပုံမျိုးနဲ့ဆို
ဂရိတ် ၄.၅ လောက်အနည်းဆုံးရနိုင်တယ်...
အနော်တော့အောင်စာရင်းထွက်သွားပြီ။ပျော်လိုက်တာ
:D
မမကလိမ်မာတယ်။။
အနော့်ထက်အပြန်တစ်ရာလောက်စာကြိုးစားတယ်။ ရှယ် ဂ၇ိတ်နဲ့ကိုအောင်မှာသေချာတယ်ဗျား/

ဟဲဟဲ...စာကြည့်စားပွဲမှာအစားအသောက်တွေပုံနေတာတော့ အနော်နဲ့တူတူပဲ။ အနော်လဲအဲလိုပဲ။။အစားတွေအကုန်စားလို့ကုန်မှ..စာကိုအသစ်ကျက်ဖြစ်တာ နို့မို့ဆို Module အသစ်မတက်ဖြစ်ဘူး။
စာမေးပွဲဝေးတုန်းကတော့အင်တာနက်သရဲလုပ်နေပြီး နီးတော့မှ ဘယ်နှစ်ရက်အပြတ်ဘာညာကျက်ပြီး...
အထက်ကမောင်ကြီးပြောသလို အဆန်းမေတ္တာပို့နည်းနဲ့ဆ၇ာတွေကိုမေတ္တာပို့တာ..အဟဲ.....ခုတော့ရပ်သွားပြီ :D :)