သြဂုတ်လ ၂၄ ရက်နေ့က ရေးခဲ့တဲ့ “မြင်သမျှ … ဘ၀င်မကျ” ပို့စ်မှာ ကျောင်းသားဟောင်းဆိုသူရဲ့ ကွန်မန့် ၂ ခုကို ဖတ်လိုက်ရပါတယ်။ အဲဒီကွန်မန့်နဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင်းချင်လို့ ဒီစာကို ရေးပါတယ်။
***
အမည်မပါသော ကျောင်းသားဟောင်း ဆိုသူရှင့် …
အဲဒီကွန်မန့်နဲ့ ပတ်သက်ပြီး နည်းနည်းလောက် ပြန်ပြောပါရစေ … ။
(၁) ကျမရဲ့စာကို ဟစ်တိုင်မှာ ဖော်ပြတဲ့အတွက် အခကြေးငွေ တပြားတချပ်မှ မရပါဘူး။ ဟစ်တိုင်က ကျမစာကို ဖော်ပြချင်တယ်လို့ ကွန်မန့်ပေးထားတဲ့ အတွက် ကျမက ခွင့်ပြုလိုက်ရုံ သက်သက်ပါ။ ကလောင်အမည်နဲ့ပတ်သက်ပြီး ကျမပြောင်းလဲလိုက ပြောင်းပေးမယ်လို့ ဟစ်တိုင်က ပြောခဲ့ပေမဲ့ ကျမဘလော့ မှာ မေဓာဝီလို့ ပေးထားပြီးဖြစ်လို့ (အားလုံးသိပြိးဖြစ်တဲ့အတွက်) ဒီတိုင်းသာ ထည့်ဖို့ ခွင့်ပြုလိုက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် professional ဆန်တယ်ဆိုတဲ့ စကားကို ရုပ်သိမ်းပေးစေလိုပါတယ်။
(၂) ကျမရဲ့ မည်သည့်စာမဆို ကိုယ်ပိုင်ခံစားချက်နဲ့ ရေးသားခြင်းဖြစ်ပါတယ်။ ဒီစာမှာရေးထားတဲ့ ကိုယ်ပိုင်ခံစားချက်ဆိုတာကတော့ မိဘ၊ သားသမီး၊ အုပ်ချုပ်သူ၊ ပြည်သူ … အားလုံးကို ကိုယ်စားပြုတဲ့ ကိုယ်ပိုင်ခံစားချက် ဖြစ်ပါတယ်။ ဒါကြောင့် ကျမစာဟာ ကျမဘလော့မှာပဲရှိရှိ ဟစ်တိုင်မဟုတ်တဲ့ တခြား ဘယ်နေရာမှာပဲ ဖော်ပြ ဖော်ပြ ကျမရဲ့ ရည်ရွယ်ချက်နဲ့ ရပ်တည်ချက်က သွေဖယ်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျမ လိပ်ပြာသန့်စွာ ဟစ်တိုင် အတွက် ခွင့်ပြုခဲ့ခြင်း ဖြစ်ပါတယ်။
(၃) ကျမဟာ နိုင်ငံရေးသမားတယောက် မဟုတ်ပါဘူး။ နိုင်ငံရေးလည်း နားမလည်ပါဘူး။ ကျမ ရေးချင်တဲ့စာကို ကျမ လွတ်လပ်စွာရေးသားခွင့်ရှိတဲ့ ကျမဘလော့မှာ ကျမ ရေးနေတာပါ။ ကျမခံစားချက်ဟာ ဒီကနေ့ ခေတ်ကို ထင်ဟပ်တဲ့ စာဖြစ်ချင်ဖြစ်မယ်၊ ရှေးကဗျာတွေအကြောင်းဖြစ်ချင်ဖြစ်မယ်၊ ဘာသာရေးနဲ့ ပတ်သက်ချင်ပတ်သက်မယ်။ ကျမစာတွေ အားလုံးကို ဖတ်ကြည့် ရင် ကျမရဲ့ သဘောထားကို သေချာသိနိုင်ပါတယ်။ တခုရှိတာကတော့ အမြင်မတော်ရင် ကျမက ဝေဖန်တတ်ပါတယ်။ အဲဒါကို နိုင်ငံရေးလို့ သတ်မှတ် ပါသလား။ ကျမ ဒီသတင်းစာ ဆောင်းပါး တခုထဲကို ဝေဖန်ခဲ့တာ မဟုတ်ပါဘူး။ အရင့်အရင်ကလည်း ဒီလိုပဲ ဝေဖန်ချက်တွေ ရေးခဲ့ဖူးပါတယ်။ နောက်ဆုံး ခေတ်ပြိုင်က ဆောင်းပါးကိုပါ ဝေဖန်ခဲ့သေးတာပဲ။
(၄) များသောအားဖြင့် ကွန်မန့်တွေမှာ ဆဲဆိုကြရင် ကျမ လစ်လျူရှု လေ့ရှိ ပါတယ်။ ကျမကိုဆဲထားတာတောင်မှ ကျမ ဖျက်လေ့မရှိပါဘူး။ လူတိုင်းရဲ့ လွတ်လပ်စွာရေးသားခွင့်ကို ပိတ်ပင်ရာကျမှာစိုးလို့ပါ။ တရားလွန် စော်ကား လာရင်တော့ ကျမ ကန့်သတ်မှာဖြစ်ပါတယ်။ ဒါက ကျမဘလော့အတွက် ကျမရဲ့ ကိုယ်ပိုင်စည်းမျဉ်း တခုသာ ဖြစ်ပါတယ်။
“မမေဓာဝီကိုယ်တိုင် ဒီလို အောက်တန်းကျတဲ့လုပ်ရပ်ကို အားပေးသလို ဖြစ်နေတာကို ပြန်လည် ဆင်ခြင်နိုင်စေဖို့ပါ။”
အဲဒီလို ပြောပုံအရ ကျမကပဲ အောက်တန်းကျတဲ့ လုပ်ရပ်ကို အားပေးနေ သလိုဖြစ်နေပါတယ်။ အဲဒီပို့စ်မှာ လာရေးသမျှ ကွန်မန့်တွေကို ကျမက ဘာများ တုန့်ပြန်ခဲ့လို့ ဒီလို စွပ်စွဲရတာပါလဲရှင်။
(၅) ကျမကို ရယ်တဲ့ ကျောင်းသားဟောင်းရဲ့ ကွန်မန့်ကို ဖတ်ပြီး ကျမလည်း ရယ်နေမိပါတယ်။ ကျမ အကြောင်း မသိလို့ ဒီလိုရေးတာပဲ။ “အိမ်ကြီးပေါ်မှာ အခန့်သားအင်တာနက်သုံး၊ သွားစရာရှိကားလေးနဲ့သွား …” ဒီစာသားတွေဟာ ကျမအကြောင်းမသိလို့သာ ရေးတာပဲလို့ တွေးမိပြီး ကျမ ရယ်နေမိတာပါ။ နောက်တခုက ကျမက သူများ မြှောက်တိုင်း မြောက်ပြီး ကိုယ်ပိုင်ဉာဏ်နဲ့ မစဉ်းစား မဆင်ခြင် လျှောက်လုပ်တတ်တဲ့ ဆယ်ကျော်သက် နှစ်ဆယ်ကျော် သက် အရွယ်မဟုတ်ပါဘူးရှင်။ ကျမအကြောင်း သေချာစုံစမ်းလိုက်ပါဦး။
(၆) “အခုရေးတဲ့ပို့စ်ဟာ ရာသီပေါ် သီးနှံလိုပါပဲ။ ငါးပွက်ရာ ငါးစာချတဲ့ မမေဓာဝီရဲ့ လုပ်ရပ်ကို မချီးကျူးတဲ့အတွက် ကျွန်တော့်ကို ကြိုက်သလို အပြစ်တင်စကား ပြောနိုင်ကြောင်းပါ။”
ကျမကို မချီးကျူးတဲ့အတွက် အပြစ်မတင်ပါဘူး။ သို့ပေမဲ့ အဲဒီပို့စ်ကို ရေးရခြင်း ရဲ့ ရည်ရွယ်ချက်ကတော့ အုပ်ချုပ်သူနဲ့ ပြည်သူဟာ မိဘနဲ့ သားသမီး ဆိုတဲ့ လွဲမှားတဲ့အယူအဆကို လက်မခံနိုင်တဲ့အတွက် ရေးရခြင်းပါပဲ။ ဒါကို ရာသီပေါ် သီးနှံ … ငါးပွက်ရာ ငါးစာချခြင်းလို့ ဘာကြောင့်များ သတ်မှတ်ရတာပါလဲ။ ကျမဖြင့် စဉ်းစားလို့ မရပါဘူး။ အဲဒီစာကို ရေးလိုက်လို့ ရလာမယ်ထင်တဲ့ အကျိုးအမြတ်ကို ကျောင်းသားဟောင်းကပဲ ခန့်မှန်းပေးကြည့်ပါအုံး။
(၇) “ကိုယ်နာမည် ကြီးဖို့အတွက် လျှောက်မလုပ်ပါနဲ့ မမေဓာဝီ။ လိုင်းမပူးပါနဲ့။ စာပေဆိုရင် စာပေပေါ့။ နိုင်ငံရေးဆိုရင် နိုင်ငံရေးပေါ့။”
အဲဒါလည်း အတော်ရယ်ရတာပဲ။ စာပေနဲ့ နိုင်ငံရေးကို တလိုင်းစီခွဲထားတဲ့ ကျောင်းသားဟောင်းရဲ့ စကားကို ကျမ အလွန်သဘောကျမိတယ်။ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဂျာနယ်ကျော်ဦးချစ်မောင်၊ သိန်းဖေမြင့် စတဲ့ နိုင်ငံရေးသမားကြီးတွေဟာ စာပေရော နိုင်ငံရေးရော လုပ်ခဲ့သူတွေ မဟုတ်ပါလား။ ဒီလိုပြောလို့ ကျမက နိုင်ငံရေးလုပ်နေသူလို့ မထင်ပါနဲ့အုံးနော်။ ကျောင်းသားဟောင်းပြောတဲ့ နိုင်ငံရေးမျိုး ကျမ နားမလည်ပါဘူး။ ဒါပေမဲ့ ဒီနိုင်ငံမှာနေတဲ့ နိုင်ငံသားတယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ဒီနိုင်ငံရဲ့ အရေးကိစ္စကို ကျမ တတ်စွမ်းသလောက် လုပ်ပါတယ်။ ဒါဟာ နိုင်ငံသားတိုင်းမှာ ရှိတဲ့ တာဝန်မို့ လုပ်တာပါ။ ကိုယ်နာမည်ကြီးဖို့ လျှောက်လုပ်တယ်ဆိုတဲ့ စကားကို ရုပ်သိမ်းပေးစေလိုပါတယ်။ ဘာကြောင့်ဆိုတော့ ကျမနာမည်ကြီး ချင်ရင် ဘလော့မရေးပါဘူး။ စာနယ်ဇင်းတွေမှာ ရေးမှာပေါ့။ ကိုယ်ပိုင် စာအုပ် တွေ ထုတ်မှာပေါ့။ ကျမ အပျော်တမ်း ဘလော့ရေးတယ်၊ ကိုယ်မြင်တွေ့ ကြားသိ ခံစားနေရတဲ့ လက်ရှိဘ၀တွေကို ရေးတယ်။ ဒါဟာ နာမည်ကြီးချင်စိတ်နဲ့ လုပ်နေတာ လုံးဝမဟုတ်ဘူးဆိုတာ ကျောင်းသားဟောင်းအနေနဲ့ သိစေချင် ပါတယ်။
(၈) “ကျွန်တော်တို့နဲ့ အမှန်တကယ် ပူးပေါင်းလိုရင် မမေဓာဝီဘလော့ဂ်မှာ ပို့စ်တစ်ခုတင်ပြီး မမေဓာဝီရဲ့ ခံယူချက်တွေ၊ အယူအဆတွေကို ပြောပြပေးပါ။ ကျွန်တော်တို့ ရအောင် ဆက်သွယ်ပါ့မယ်။”
ကျမရဲ့ ခံယူချက်၊ ရပ်တည်ချက်နဲ့ အယူအဆတွေကတော့ ကျမဘလော့မှာ စဉ်ဆက်မပြတ် ရေးခဲ့တဲ့ စာတွေကို ဖတ်ရင် သိနိုင်ပါတယ်။ ဒါတွေကိုသိလို့ ကျမကိုဆက်သွယ်လိုရင်လည်း လွယ်လွယ်လေးပါ။ ကျမ ဘာကိုမှ လျှို့ဝှက် မထားပါဘူး။ ကျမစာတွေကို ဖတ်ကြည့်ပြီးတာနဲ့ ကျမအမည်ရင်း၊ နေရပ်၊ လုပ်နေတဲ့ အလုပ်အကိုင် အားလုံးကို သိနိုင်ပါတယ်။ ကျမရုပ်ပုံကြီးကလည်း ဟိုးနဖူးစည်းမှာ ရှိနေတာပဲမို့ လူလည်း မမှားလောက်ပါဘူး။
(၉) “သြော် ဒါနဲ့ မမေဓာဝီ ရေးထားတာလေးတွေ့လို့ပါ။ အမှားတွေ့ရင် ထောက်ပြပါ။ ပြင်မှလည်း တိုးတက်မယ် ဆိုလို့ပါ။ မမေဓာဝီရဲ့ လုပ်ရပ်တွေကို ပြန်လည် သုံးသပ်ဖို့ ကျွန်တော်က ထောက်ပြနေပါပြီဗျာ။”
ကျမစာထဲမှာ မှားယွင်းမှု တစုံတရာ တွေ့ရင် ထောက်ပြဖို့ မနေ့ကပို့စ်မှာ ပြောခဲ့ပါတယ်။ အခု ကျမကို ထောက်ပြတာက စာကိုလား လူကိုလား။ ကျမ မြင်သလောက်တော့ အဲဒီနေ့က တင်ခဲ့တဲ့ စာထဲက အချက်အလက် မှားယွင်းလို့ ထောက်ပြတာမျိုး တစုံတရာ မတွေ့ရဘဲ ကျမကိုသာလျှင် သက်သက်မဲ့ တိုက်ခိုက် နေသလို ဖြစ်နေပါတယ်။
နိဂုံးချုပ်ရရင်တော့ … ကျောင်းသားဟောင်းရဲ့ ကွန်မန့် အစအဆုံးဖတ်ပြီး လိုရင်း က စာကိုပြောချင်တာလား၊ လူကို ပြောချင်တာလား နားလည်ရခက်လှစွာ ကျမ တွေးနေမိပါတော့တယ်။
***
မေဓာဝီ
1st Sep, 2007
10:40 am

19 comments:
၁။ ကျနော်တို့ရဲ့ အမှားတွေထဲမှာ သတ်ပုံမှားတာက အများဆုံးဖြစ်မယ်ထင်တယ်။ ခုခေတ်ကလေးတွေများ တယ်ကံကောင်း၊ ဆရာဆရာမတွေကိုယ်တိုင်
အထူးမွမ်းမံသင်တန်းကြီးတွေ ရက်ရှည်တက်ကြရတာမို့ သူတို့က သတ်ပုံမမှားတဲ့သူတွေ ဖြစ်လာမယ်ထင်ပါရဲ့။
၂။ မမေရဲ့ ဘလော့ဂ်မှာ ဒီနှစ် မတ်လ ၅ ရက်နေ့ နေ့စွဲနဲ့ သတ်ပုံမှားတဲ့အကြောင်းတွေ ရေးထားတယ်။ ရှစ်တန်းစာအုပ်အဖုံးကိုလည်း ပုံဖတ်ပြီးတင်ထားတယ်။ အဖုံးမှာ အဋ္ဌမ မဟုတ်ဘဲ အဌမဖြစ်နေတဲ့အကြောင်းဗျာ။ အဖုံးမှာသတ်ပုံမှားသလို အတွင်းကဗျာ နဲ့ ခက်ဆစ်အဖွင့်ထဲမှာလည်း စာလုံးပေါင်း အမှားအယွင်း တွေ့ရတယ်လို့ ဆိုတယ်။
၃။ ပညာရေးဝန်ကြီးဌာနက ထုတ်တယ်လို့ စာအုပ်မှာ ဖော်ပြထားပေမယ့် အဲဒီသတ်ပုံအမှားတွေဟာ အစိုးရမင်းတွေမှာပဲတာဝန်ရှိတယ်လို့ ကျနော်တော့ မထင်ပါဘူး။ သုံးထားတဲ့စာရွက်အသားတွေ မကောင်းဘူးဆိုတော့ စီးပွားရေးလုပ်ငန်းသမားတွေရဲ့လက်ရာဖြစ်မှာပေါ့။ စီးပွားရေးသမားတွေဆိုတော့လည်း သူတို့မှာ သတ်ပုံစစ်တဲ့အယ်ဒီတာအဖွဲ့ ဘယ်ရှိပါ့မလဲ။
၎။ ကျနော်ထင်တာက ဒီလိုဗျာ၊ နိုင်ငံတော်မှာ တံတားတွေဆောက်တာ များသွားတော့ ပြဋ္ဌာန်း စာအုပ်တွေ လိုအပ်သလောက် ပုံနှိပ်ဖို့ မဖြစ်နိုင်တော့ဘူး။ ကျနော်တို့ငယ်တုန်းက တံတားတွေမဆောက်တုန်းကလည်း ပြဋ္ဌာန်း စာအုပ်ဆိုတာ မလောက်ပါဘူးဗျာ။ ၁၉၇၉ ၊ ရှမ်းပြည်နယ် ကျနော် ၄တန်းကျောင်းသားဘ၀တုန်းက ကိုင်ခဲ့ရတဲ့ ပြဋ္ဌာန်း စာအုပ် ဖတ်စာအုပ်တွေဟာ အဟောင်းတွေပဲ။ (အင်း- အသက်ကို စကားမစပ် ကြေညာသလိုဖြစ်သွားတာ စိတ်မချမ်းသာစရာ။)
၅။ ဈေးကွက်လိုအပ်ချက်က များလာတော့ စီးပွားရေးသမားတွေကလည်း စာအုပ်တွေ ရိုက်ထုတ်ရပြီပေါ့။ ကျောင်းသားများလည်း ကျနော်တို့တုန်းကလိုမဟုတ်ဘဲ ဖတ်စာအုပ်အသစ်ကိုင်ရ၊ စီးပွားရေးသမားများလည်း ပိုက်ဆံရ။ ဟုတ်နေတာပဲ။ သတ်ပုံမှားတာကတော့ ဘေးထွက်ဆိုးကျိုး။ စာပေစိစစ်ရေးဌာနကို မတင်ဘဲ ထုတ်တာမို့ သတ်ပုံအမှားတွေ ပြင်ပေးသူမဲ့သွားတာလို့လည်း ဆိုနိုင်ပေတာပေါ့။ (ကဲ- မှတ်ပလား၊ စာပေကင်ပေတိုင်ရုံးဆိုပြီး သရော်ချင်ဦး။)
၆။ အင်း- မှတ်ချက်ရေးတာလည်း များသွားပြီ။ နောက် ကြုံမှပဲ ထပ်ပြီး မှတ်ချက်ပေး လေရှည်ဦးမယ်ဗျာ။ သတ်ပုံမမှားအောင်လည်း ဂရုစိုက်ဦးမှ။ မှားရင် မှတ်ချက်ကို မှတ်ချက်ပြန်ပေးခံရနိုင်တယ်။
၇။ မမေရဲ့ ဘလော့ဂ်မှာ ကိုမောင်မောင် ရေး(တယ်လို့ယူဆရ)တဲ့ နေညိုချိန်အတွေး သီချင်း တင်ဖူးတယ်မဟုတ်လား။ ကျနော်လည်း အဲဒီသီချင်း ကြိုက်သဗျာ။ လူငယ် လူလွတ်ဘ၀တုန်းက ဆိုခဲ့အော်ခဲ့တဲ့သီချင်း။ အဲဒီသီချင်းကို မမေ ပြန်ကူးထားတာ စာကြောင်းတစ်ကြောင်း မှားနေသလားလို့။ မမေ မမှားဘူးဆိုရင်တော့ ကျနော်မှားတာပဲ။ နေညိုညိုရေ သားမွေးမယ့်မြက် ရေလိုနေဆဲပါ စသဖြင့် - - ။ အဲဒီသီချင်း စာသားတွေက အင်မတန် ကောင်းတာပဲ။ သံစဉ်လည်း ကောင်း။
၈။ ဒီသီချင်းဟောင်းကြီးကို ကြိုက်တယ်ဆိုကတည်းက သူများတွေ ကျနော့်အသက်ခန့်မှန်းလို့ ရမှာပဲလို့ တွေးနေမိတယ်။ ခက်တာပဲ။ ရှက်စရာမဟုတ်ဘဲ ရှက်သလိုလိုဖြစ်နေတယ်။
တော်သေးပြီ။
http://phyuphyuthin.blogspot.com/ မွမ်းမံသူ
မမောဓာဝီ ကွန်မန့် ကနေ ပဲ ကျွန်တော့်ကိုဆွေးနွေးခွင့်ပြုပါ…
အမည်မပါသောကျောင်းသားဟောင်းခင်ဗျား…
မမောဓာဝီ တင်ပြချက်များသည် အမှန်တရားများနှင့်ပြည်သူ ရဲ့ ရင်ထဲကစကားများကိုယ်စားပြုထားခြင်းသာဖြစ်ပါသည်။
ရာသီပေါ်သီးနှံလိုရောင်းကုန်တစ်ခုမဟုတ်ပါ။ professional ဆန်သည်ဆိုသည့် တိုင်အောင်ကျောင်းသားဟောင်းဆိုသူရဲ့ တိုက်ခိုက်သည့်စကားလုံး အတိုင်းဘလော့ဂရေးသူအများစုသည် ကြေးစားမဟုတ်ပါ။
မိမိသက်ဆိုင်ရာဘာသာရပ်မှာကျွမ်းကျင်သော တတ်သိပညာရှင်များအနေဖြင့် သာပြင်ပလောကတွင် professional အဖြစ်ရပ်တည်ပါသည်။ ဘလော့ ဂရေးသဖြင့် ပို့ စ များအတွက် ငွေကြေးမရပါ။.
ငါးပွက်ရာ ငါးစာချကြေးဆို ခေတ်ကိုကိုယ်စားမပြုတဲ့နာမည်ကြီး စာနယ်ဇင်းသမားတစ်ချို ဆီမှာသွားပြောစေလိုပါတယ်။ကျွန်တော်ကိုယ်တိုင်ထောက်ပြတင်ပြသွားပါမယ်။
နိုင်ငံရေး ဆိုသည်မှာ ကျွန်တော်တို့ နေစဉ်ကြုံတွေနေရတဲ့ ဘ၀အရေးများသာဖြစ်ပါတယ်။ နိုင်ငံရဲ့ လိုအပ်ချက် ကိုထောက်ပြ တိုင်း ပြည်သူများရဲ့ လိုအပ်ချက် ပြသနာများ ကိုတင်ပြတိုင်း နိုင်ငံသားတိုင်းအရေးဖြစ်ပါသဖြင့် နိုင်ငံရေး လို့ ခေါ်နိုင်ပါသည်.။ ကျွန်တော်တို့ နိုင်ငံရေး သမားမဟုတ်ပါ။ နိုင်ငံရေး ဘာလဲဆိုတာသေချာသိချင်လျင်တော့ ကျွန်တော့်ဘလော့ဂ မှ ဗိုလ်ချုပ်ပြောတဲ့နိုင်ငံရေး ပို့ စ ကို ဖတ်စေချင်ပါတယ်။
အောက်တန်းကျတဲ့လုပ်ရပ် ဆိုတာ မည် သည် လုပ်ရပ်ကိုရည်ညွန်းပါသလဲ။ ဘာကိုဆိုလိုချင်ပါသလဲဆိုတာ မည်သူမှနားမလည်ပါ။ ကျွန်တော်တို့ အနေ နဲ့ တော့ အင်မတန်မှအထက်တန်းကျလှသော အမှန်တရားများ အရှိတရားများကို သုံးသပ်တင်ပြခြင်းလို့ ပဲမြင်ပါတယ်။
နာမည် ကြီးဖို့သက်သက်အတွက် ဆိုရင်တော့ နည်းလမ်းများစွာရှိပါတယ်ခင်ဗျား။ ဥပမာပြရလျင်တော့ ငါးမင်းဆွေ ဆိုတာ အင်မတန် နာမည်ကြီးပါတယ်။
မမေဓာဝီနှင့် ကျွန်တော်လူချင်းမသိပါ။ အမည်မပါသောကျောင်းသားကျောင်းသား ဟောင်း ရဲ့ ဝေဖန်ချက်ဟာ ပုဂ္ဂိုလ်ရေး
တိုက်ခိုက်မှုသက်သက်ဟု သာ မြင်မိသဖြင့် ဝင်ရောက်ဆွေးနွေးခြင်းဖြစ်ပါသည်။
အမည်ပါသော တက်ကသိုလ် ကျောင်းသားဟောင်း (အစစ်)
မောင်ရင်
အစ်မ။ ကျနော့ ဘလော့ကို အလည်လာဖို့ ဖိတ်ခေါ် ပါတယ်ခင်ဗျာ။ ကျနော်ဟာ လွတ်လပ်တဲ့ အမြင်တွေ ရေးသားခဲ့လို့ နအဖ လူလို့ စွပ်စွဲခံထားရပါတယ်။ ကျနော်ရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံမယ်လို့ မျှော်လင့်ပါတယ်။
http://lightofmyanmar.blogspot.com
အစ်မခင်ဗျာ၊ ကျွန်တော်ကအင်တာနက်သုံးရင်အမဘလော့ကိုအမြဲ
ဝင်ကြည့်နေသူပါ။ အမရဲ့ပို့စ်တွေကိုဖတ်ပြီးရင်၊ ရင်ထဲမှာတစ်ခုခု ကျန်နေခဲ့ပါတယ်။ အမရဲ့စာတွေကိုဖတ်ရင်း လေးစားနေသူတစ်ယောက်ပါ။
အမစာတွေဖတ်တာများလာတော့ အမရဲ့စိတ်နေစိတ်ထားကိုလည်း မှန်းဆမိသူတစ်ယောက်ပါ။
ဒါပေမယ့် ကွန်မန့်တော့တခါမှ ၀င်မရေးဘူးပါဘူး။
အခုတော့ရေးလိုက်ပါတယ်။ ကျွန်တော်ရေးထားတာတွေများလို့ပြန်ဖျက်လိုက်
ပါတယ်။ကျွန်တော့်ကိုအဖွဲ့အစည်းတခုခုကလို့ထင်နေမှာစိုးလို့ပါ။
ကျွန်တော်ကအင်တာနက်ယူဇာချာတိတ်တစ်ယောက်ပါ။ အမရေ ကိုယ့်လမ်းကိုယ်သာဆက်လျှောက်ပါ။ ဘာမှဂရုစိုက်မနေပါနဲ့။ သူရေးထားတာကြည့်ရတာတစ်ယောက်ယောက်က
ရေးခိုင်းလို့နဲ့တူတယ်။ ????
အမြဲတမ်းလိုလိုဖတ်ဖြစ်ပါတယ်.ပြိး၇ငိလဲတခါတလေဘ၀င်မကျမိတာတွေလဲရှိတယ်.
လူတွေဟာဘာကိုမှအလိုမကျတတ်ဘူးထင်တယ်နော်.များသောအားဖြင့်ဘလောက်ေ၇းနေကျတဲ့လူတွေ
ဟာအကောင်းမြင်စိတ်လေးများနှမ်းစိလောက်တောင်မထားတတ်ကျဘူးလို့ မြင်မိတယ်၊ လက်ရှိအစိုး၇ကိုလည်းအ၇မ်းကောင်းတယ်လို့ တော့မမြင်မိဘူး ။ အုပ်ချုပ်ခံနေတဲ့ပြည်သူတွေကေ၇ာ သူတို့ ရှိ၇မယ့်အတိုင်းအတာနဲ့ ကောင်းကြ၇ဲ့ လား ။ တာဝန်ကျေကြရဲ့ လား လို့ မေးချင်တယ်။ ဘေးထိုင်ဘိုင်ကျပြီးကိုယ်ထင်၇ာကိုမျက်စိမှိတ်ဘုပြောနေကြသလားလို့ ပါ
မမေကနိုင်ငံရေးမလုပ်ဘူးလို့ ပြောပေမဲ့ တကယ်တမ်းမှာ တော့ယုံကြည်ရာ တစ်ခုကို စာပေနဲ့ တိုက်ပွဲဝင်နေတယ် လို့ တော့ ကိုယ်ကိုကိုယ် ခံယူထားတယ်မဟုတ်လား၊ ကျေးဇူးပြု ပြီးကိုယ်ကိုကိုယ်တော့ ဗိုလ်ချုပ်တို.၊ ဦးချစ်မောင်တို့ နဲ့ တော့မနှိုင်းလိုက် ပါနဲ့ ၊ သူတို့ ကတိုင်းပြည်အတွက်တကယ်ကိုအနစ်နာခံကိုယ်ကျိုးစွန့် ပြီး
တော့ တိုက်ပွဲဝင်ခဲ့ ကြတဲ့သူတွေပါ၊ မမေလို ပုဆိုးချုံထဲကလက်သီးပြနေတဲ့သူမျိုးမဟုတ်ဘူး၊ တတယ်လုပ်ချင်၇င် ကျောင်းသားဟောင်းပြောသလို လမ်းမပေါ်သာထွက်ခဲ့ပါတော့ စောင့်ကြည့်ပြီး လက်ခုတ်တီးပါမယ်။
ဟေ့ ...sit
ဘလော့ဆိုတာလွပ်လွတ်စွာ ရေးခွင့်ရှိတယ်ကွ။ ခင်ဗျားက အားအားယားယား သူများဘလော့လည်းကြည့်သေးတယ်၊
ဝေဖန်တိုက်ခိုက်တာတွေလည်းလုပ်သေးတယ် ဆိုတော့ တော်တော်ယဉ်ကျေးမှုမရှိတာပဲ။ ခင်ဗျားမှာ ကိုယ့်ဘာသာယုံ
ကြည်မှုရှိတယ်ဆိုရင် ဘလော့လုပ်ရေးပါလား။ သူများတွေကိုလိုက်မဝေဖန်ပါနဲ့။ ခင်ဗျားဘယ်သူလည်း ဘာလဲဆိုတာလည်း
မသိချင်ဘူး။ ဘလော့ရှိလား မရှိလားလည်းမသိဘူး။ မမေက သူ့ဘလော့မှာသူရေးတာ။ သူများတကာဆီလိုက်ဝေဖန်နေတာ
မဟုတ်ဘူး။
anonymous သို့ 
မမေကလူတွေဖတ်စေချင်လို့ဘ လောက်ပေါ်မှာေ၇းတာလေ။ ဒါဆို၇င်ဝေဖန်လို့ လဲ၇၇မှာပေါ့ 
သူတောင်မှဘဲ သတင်းစာကို ဝေဖန်သေးတာဘဲဟာ။
အားတဲ့အချိန်လေးမှာ ၀င်ဖတ်ပြီးတော့ စိတ်ထဲပေါ်လာတာ
လေးေ၇းခဲ့  မိတာပါ၊ ဘလောက်ေ၇း၇လောက်အောင်လဲ
ကိုယ်ကိုကိုယ် စာေ၇းကောင်းသူလို့ မထင်မိတာ၇ယ်၊ အချိန်တွေလဲပိုမနေတာ၇ယ်ကြောင့်မေ၇းနိုင်ပါဘူး။ ဝေဖန်ေ၇းကိုမကြိုဆိုချင်ဘူးဆို၇င်တော့လည်းတမျိုးပေါ့
အဲဒါဘဲကြည့် လေ၊လူ့ သဘာဝ ဘဲ ကိုယ်ကသာသူများအပြစ်တွေထောက်ပြမကောင်းပြော၇
တာကိုမွေ့ လျှော်တာ ၊ ကိုယ့်ကိုပြောလာ၇င်တော့
သည်းခံနိုင်တာနည်းပါတယ်။
ကျနော် နည်းနည်းလောက် ၀င်ဆွေးနွေးကြည့်ချင်ပါသေးတယ်။
လွန်ခဲ့တဲ့ ဆယ်လလောက်က ပို့စ်တခုနဲ့ ပတ်သက်ပြီး ကျနော်တို့တွေ ပြောကြဆိုကြ၊ ဆွေးနွေး ငြင်းခုန်ကြတုန်းက မနေတတ်မထိုင်တတ် ဆိုတဲ့ နာမည်နဲ့ မိတ်ဆွေတယောက် ပြောဖူးခဲ့တာလေးကို ကျနော် အခုထိတိုင်အောင် မှတ်မိသိရှိနေပါသေးတယ်။ မှတ်သားစရာလဲ ကောင်းတာမို့ ပြန်လည် ဖောက်သည်ချပါရစေ။
စာပေဝေဖန်ရေး ၂မျိုးရှိတယ်လို့ကြားဖူးပါတယ်။
၁။စာအတွင်းသားကိုဝေဖန်ရေးဖြစ်ပါတယ်။(ဥပမာ-ဒီစာတစ်ပုဒ်က ကောင်းတယ်၊ ဆိုးတယ်၊ ဘာကြောင့်ကောင်းတယ်၊ ဘာကြောင့်မကောင်းဘူးကို အကိုးအကားနဲ့ ပြောဆိုပါတယ်။ စာ အပေါ်မှာပဲ ဝေဖန်သုံးသပ်တဲ့ ဝေဖန်ရေးပါ)
၂။စာအတွင်းသားကို ဝေဖန်ဖို့ ချဉ်းကပ်တဲ့အခါမှာ ပြင်ပသဘောနဲ့ဝေဖန် ချဉ်းကပ်ခြင်း ဖြစ်ပါတယ်။(ဥပမာ-အယူအဆရေးရာ(သို့မဟုတ်) စာရေးဆရာရဲ့ ပုဂ္ဂိုလ်ရေးတွေပါ ထည့်သွင်းစဉ်းစားသုံးသပ်ခြင်းပါ။ အဓိကကတော့ ဝေဖန်ရေးရဲ့ အဆုံးသတ်က စာပေကို ကောင်းတယ် မကောင်းတယ်ဆိုတာနဲ့ အဆုံးသတ်ကြပါတယ်။ မြန်မာပြည်မှာတော့ ထိုကဲ့သို့ ဝေဖန်မှုမျိုးတွေများပါတယ်။ ဝေဖန်ရေးကနေ ပုတ်ခတ်ရေး အသွင်ကို အများဆုံးပြောင်းတာလဲ ထိုဝေဖန်ရေးအမျိုးအစားပဲဖြစ်တယ်လို့ ကျွန်တော် တစ်ဦးတည်းအမြင်နဲ့ပြောပါရစေ။)
အထက်က အပိုဒ် ၁ နဲ့ ၂ ဟာ အဲဒီ မိတ်ဆွေ မှတ်ချက်ပေးသွားဖူးတဲ့ စကားလေးပါ။ ဒီတော့
စာပေဝေဖန်ရေး လုပ်တာဟာ အင်မတန်ကောင်းပါတယ်။ ဒါပေမယ့် စာရေးသူ ပုတ်ခတ်ရေးကတော့ မကောင်းပါဘူး။
နောက်တခု ကျနော် သတိထားမိတာ ပြောချင်ပါသေးတယ်။ မမေဘလော့ဂ်မှာ မမေကို ဝေဖန်ကြတဲ့လူ အတော်များများ (ကိုဖြိုး ကတော့ကိုယ့်နာမည်နဲ့ကိုယ်ပဲ ဝေဖန်ခဲ့ဖူးပါတယ်) ဟာ သူတို့ရဲ့ အမည်ကို ထုတ်ဖော်မပြောကြတာပါ။ ထူးဆန်းစရာ အံ့သြစရာကောင်းပါတယ်။ ထားလိုက်ပါတော့…။
ယေဘုယျ အခြေအနေအရ သုံးသပ်ကြည့်ရင် ကျောင်းသားဟောင်းဆိုသူရော၊ sit အမည်ခံထားသူပါ မမေရဲ့ စာအပေါ်မှာ ဝေဖန်လိုတာထက် မမေကို ပုဂ္ဂိုလ်ရေးအရ ဝေဖန်လိုတဲ့ သဘော၊ ပုတ်ခတ်လိုတဲ့သဘောက ပိုများပါတယ်။ ဒါဟာ ဘေးထွက်ဆိုးကျိုးတွေသာ ဖြစ်လာနိုင်တဲ့ အရိပ်လက္ခဏာတွေမို့ မကောင်းပါဘူး။ လူကြီးလူကောင်းဆန်စွာနဲ့ အဲဒါကို ရပ်ဖို့ မေတ္တာရပ်ခံပါတယ်။
Sit ကို ပြောတဲ့ အမည်မသိ မိတ်ဆွေရဲ့ စကားကိုလည်း ကျနော် အပြည့်အ၀ လက်မခံပါဘူး။ ကိုယ့်ဘလော့ဂ် ကိုယ်ရေးချင်ရာ ရေးနိုင်ပေမယ့် စာဖတ်သူမှာလဲ သူမြင်ချင်ရာ မြင်ပြီး သူဝေဖန်ချင်သလို ဝေဖန်ခွင့်ဆိုတာက ရှိနေပါသေးတယ်။ အရေးကြီးတာက စာတပုဒ်ကို စာသားပါ အကြောင်းအရာကိုသာ ဦးတည်ဆွေးနွေး ဝေဖန်ဖို့ပါ။ ဘယ်နေရာလေးမှာ ရေးသွားတာကတော့ ဘယ်လို လိုအပ်သွားတယ်။ ဘယ်အချက်အလက်ဟာဖြင့် မှားယွင်းနေတယ်၊ စသဖြင့်ပါ။
ဒါပေမယ့် Sit ပြောတဲ့ `ကျေးဇူးပြု ပြီးကိုယ်ကိုကိုယ်တော့ ဗိုလ်ချုပ်တို.၊ ဦးချစ်မောင်တို့ နဲ့ တော့မနှိုင်းလိုက် ပါနဲ့ ၊ သူတို့ ကတိုင်းပြည်အတွက်တကယ်ကိုအနစ်နာခံကိုယ်ကျိုးစွန့် ပြီး
တော့ တိုက်ပွဲဝင်ခဲ့ ကြတဲ့သူတွေပါ၊ မမေလို ပုဆိုးချုံထဲကလက်သီးပြနေတဲ့သူမျိုးမဟုတ်ဘူး´ ဆိုတဲ့ လူကို ဦးတည် ပုတ်ခတ်ရေးတာမျိုးကြတော့ မကောင်းပါဘူး။
မမေရဲ့ ဆိုလိုရင်းက ဗိုလ်ချုပ်တို့၊ ဦးချစ်မောင်တို့နဲ့ သူ့ကိုယ်သူ နှိုင်းလို့တဲ့ သဘောမဟုတ်ပါဘူး။ စာပေနဲ့ နိုင်ငံရေးဆိုတာ ဆက်စပ်နေတယ်။ အဲဒီလို ဆက်စပ်နေတာဟာကို ဥပမာအနေနဲ့ အဲဒီ ပုဂ္ဂိုလ်တွေရဲ့ စာတွေကို လေ့လာရင် သိနိုင်တယ်။ ဒီသဘောပါ။ နောက်ပြီးတော့ မမေက `ငါ့စာကို လာမဝေဖန်နဲ့´ လို့လည်း တကြိမ်တခါမှ ပြောဖူးတာ မတွေ့ခဲ့ဖူးပါဘူး။ အဲဒီတော့ သူများကိုသာ ထောက်ပြဝေဖန်တာကို မွေ့လျော်ပြီး ကိုယ့်ကိုပြောလာရင်တော့ သည်းခံနိုင်တာ နည်းပါတယ်လို့ ပြောဆိုစွပ်စွဲဖို့ စောလွန်းပါသေးတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင် လူတွေ ဖတ်စေချင်လို့ ဘလော့ဂါတွေ ဘလော့ဂ် ရေးနေတယ် ဆိုတာ သိပ်မှန်ပါတယ်။ ဝေဖန်ပါ၊ ထောက်ပြပါ။ ဒါပေမယ့် ကိုယ့်ဝေဖန်ရေးက အကောင်းဘက်ကို ဦးတည်တဲ့ စာပေဝေဖန်ရေးသာ ဖြစ်ဖို့ လိုပါတယ်။ စာရေးသူဝေဖန်ပုတ်ခတ်ရေးကိုတော့ အားမပေးပါဘူး။
ကလိုစေးထူး
စစ်… ဆိုတဲ့အသံထွက်နဲ့
စစ်ဘက်က.. အကောင်ရယ်…
မင်းနှမ… အလှူပေးရင်တောင်…
ဝေးဝေးက… ရှောင်မယ်…
ပြည်တွင်းနေ… ဘလော့ရှင်ဟာ…
သတ္တိမကြောင်ပါ….
မင်းရဲ့ဝေဖန်ချက်ကို တုန့်ပြန်သူဟာ.. ဘလော့ပိုင်ရှင်မဟုတ်ပါ…
မင်းတို့လို့..သူ့ရဲ့ စာဖတ်ပရိတ်သတ်တယောက်သာဖြစ်ပါတယ်…
လူတိုင်းမှာ အမြင်အမျိုးမျိုးရှိသလို… မိမိအမြင်ကိုလည်း လွတ်လပ်စွာ
ထုတ်ဖော်ပိုင်ခွင့်ရှိပါတယ်… ဒီလုပ်ပိုင်ခွင့်ကို ပြည်တွင်းက စာနယ်ဇင်းတွေမှာ
ထုတ်ဖော်ခွင့်မရှိလို့… မိမိတို့ရဲ့ ကိုယ်ပိုင်ဘလော့စာမျက်နှာမှာ
ထုတ်ဖော်ကြပါတယ်… သို့ဖြစ်လင့်ကစား… အစိုးမရတဲ့မင်း.. အုပ်ချုပ်တဲ့တိုင်းပြည်မှာ…
နေထိုင်ရသူတွေအနေနဲ့.. ဖော်ထုတ်ဖို့ကြိုးပမ်းရာမှာ.. သိပ်ကို အန္တရာယ် ကြီးလွန်းပါတယ်.. လမ်းမပေါ်ထွက်လျှောက်သူတွေရော… အိမ်ထဲကနေ အားပေးသူတွေပါ… မလိုရင်မလိုသလို… အကောက်ကြံခံရနိုင်ပါတယ်…
ဒီဘလော့ပိုင်ရှင်ဟာ… အိမ်ထဲမှာနေသော်လဲ… ကမ္ဘာ့နေရာအနှံ့က လက်လှမ်းမှီတဲ့ မျက်နှာစာမှာ ထုတ်ဖော်ဆန္ဒ.. ရေးသားနေသူမို့… စောင့်ကြည့်ခြင်းခံရနိုင်တဲ့ အနေအထားထဲမှာ ပါဝင်ကောင်း ပါဝင်နေနိုင်ပါတယ်…
သို့သော်လဲ… အန္တရာယ်ကို မမှုပဲ မိမိစိတ်သန်ရာကို အမျိုးသားရေးရှေးရှုလုပ်ဆောင်နေတာ
ဟာဖြင့်.. လေးစားထိုက်တဲ့ အရည်အသွေးတရပ်ပါ…
မင်းတို့ကိုယ်တိုင်တောင်မှ သူ့လိုမျိုး စွမ်းဆောင်ရဲတဲ့သတ္တိမရှိရင်…
မလေးစားရင်နေပါ… မင်းတို့ပထွေးတွေရဲ့ အသုံးချခံ… စစ်ခွေးဘ၀နဲ့…
သခင်အားရအောင်… လှည့်ပတ်ဟောင်ပြမနေပါနဲ့… ရပ်တန်းက ရပ်ပါ…
ီ ဘလော့ဂါတယောက်က သူ့ဘလော့ဂ်မှာ သူတင်ချင်တဲ့စာ တင်ခွင့်ရှိသလို လာဖတ်တဲ့လူကလည်း မြင်ချင်သလို မြင်ခွင့် ရှိပါတယ်။ ကောင်းတယ်ထင်ရင် ချီးကျူးမယ်၊ အမြင်မတူတာတွေ့ရင် ဝေဖန် ထောက်ပြမယ်၊ အဲဒီအမြင်တွေကို သက်ဆိုင်ရာ ဘလော့ဂ်မှာ မှတ်ချက်ရေးပြီး ထားခဲ့ချင်ထားခဲ့နိုင်သလို မိမိရဲ့ ကိုယ်ပိုင် ဘလော့ဂ်ကနေလည်း ပို့စ်တခုအနေနဲ့ ချေပ တင်ပြခွင့် ရှိပါတယ်။ ဒါဟာလည်း သူ့ရဲ့ လွတ်လပ်ခွင့်ပါပဲ။
ဒါကိုကလိုစေးထူးပြောခဲ့ဘူးတဲ့စကားပါ ...
အမြင်မတူတာကိုဝေဖန်တာ ထောက်ပြတာ ကနေ
စာေ၇းသူကိုပါ ထိခိုက်သွားမှန်း သတိထားမိပါတယ်၊
့ပြန်လဲမဖျက်ချင်တော့တာနဲ့ ဘဲဒီတိုင်းထားလိုက်တာ
လူတိုင်းဟာလွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ်
လက်ရှိအစိုး၇ကိုလည်းမကြိုက်၊ နောင်လာမဲ့အာဏာ၇ပါတီကိုလည်းသဘောမကျ ဒီလိုလူမျိုးတယောက်မို့ ဝင်ေ၇းမိတဲ့ စာတွေက တခြားသူတွေတွက်တော့ ဖတ်၇တာ ဘောင်ဝင်လှမယ် မထင်ဘူး
ဟုတ်ပါတယ် Sit .. :)
အဲဒါ ကျနော် ပြောခဲ့ဖူးတဲ့ စကားပါ။ အဲဒီ အတိုင်းပဲလဲ ခံယူထားပါတယ်။ လူတိုင်းက လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် ရှိတာကိုး။ ကျနော်တို့ ရေးသမျှတိုင်းက အမှားအယွင်း ကင်းမှာ မဟုတ်တဲ့ အတွက် ကောင်းစေလိုတဲ့ ရှေ့ရှုမှုနဲ့ ဝေဖန်မှုတိုင်းကတော့ လိုအပ်ပါတယ်။ ကျနော်က စာကို ဝေဖန်ရာကနေ စာရေးသူကိုပါ ပုဂ္ဂိုလ်ရေးရာ အရ ထိခိုက်တာမျိုး မဖြစ်စေချင်တာပါပဲ။ ကျနော်ရေးခဲ့တာတွေကို ဝေဖန်စရာ၊ ထောက်ပြစရာ ရှိရင်လဲ အားလုံးကို ကြိုဆိုပါတယ်။ Sit ဝေဖန်ထောက်ပြတာက စာရေးသူကို ထိခိုက်သွားမှန်း သတိထားမိတယ် ဆိုတဲ့ အတွက် ၀မ်းသာစွာ ကြိုဆိုပါတယ်။
သဘောကျတာနဲ့ ဒီဖက်မှာလါပို.တာ.... ဖတ်ပြီးသားဆို၇င်တော့လည်းမသိဘူးပေါ့လေ... ဒါမျိုးလုပ်ခွင့်မ၇ှိဘူးဆို၇င်လည်းပြောကြ
ပါ.... နားမလည်လို့ ပါ .....
ဒီလိုလေးဆိုအဆင်ပြေမလား ?
ကျနော်တို့ဆီမှာပေါ့လေ .....သိပ်မကြာခင်ရက်ပိုင်း လေးတုန်က ဒီဇယ်ဈေးတွေ တက်သွားတယ်ပေါ့ ဒါတွေကို
ဘလောက်တွေပေါ်မှာလဲ အတော်လေးရေးကြတာ တွေ့ ရသားဗျ။ ဘလောက်တစ်ခုကဆိုရင် ဘာပြောသလဲဆို
တော့ ဒါဟာ Boiling frog effect လို ဖြစ်နေတယ် လို့တောင်ပြော ကြတယ်ဗျ။ ဘလော့ရှင် ဆိုလိုချင်တဲ့ သ
ဘော ကတော့ ဗျာ တဖြည်းဖြည်းနဲ့ ဖားလေးတွေဟာ ရေပူမှန်းမသိပူလာပြီး သေသွားရသလိုမျိုးလို့ ဆိုလိုချင် ပုံရတယ်ဗျ။
ဒါပေမယ့်ပေါ့ဗျာ လက်ရှိအခြေအနေနဲ့ ဒီသီအိုရီကသိပ်မဆိုင်ဘူးလို့ ကျနော်တော့ထင်တယ်ဗျ။ ဘာလို့ လဲ ဆိုတော့ Boiling frog effect ဆိုတာက တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားတဲ့ အဖြစ်မျိုးကို ဆိုလိုချင်တာ ကို
အခုကြုံတွေ့ရတဲ့ဟာက လျှပ်တပြက် ဖြစ်သွားတာလေ ။ (ဆက်မရေးခင်ပြောချင်တာက ကျနော် နိုင်ငံရေး သမား မဟုတ်ပါ ဒါကြောင်းယင်ကိစ္စကို နိုင်ငံရေးအရ ဝေဖန်ခြင်း မဟုတ်ပါ တွေးမိတာလေးနဲ့ အဆင်ပြေနိုင်တာ လေးကို စဉ်းစားပြီးပြောကြည့်ခြင်းပါ) ။
နောက်ပြီးပေါ့လေ ဓာတ်ဆီဈေးတက်တဲ့ ဟာကိုပေါ့ ဘယ်သူတွေက လက်ခံသည်ဖြစ်စေ လက်မခံသည် ဖြစ်စေ ကျနော့်အနေနဲ့ကတော့လက်ခံနိုင်တယ်... ဘာလို့လဲဆိုတော့ ဓာတ်ဆီဈေးကိုပေါ့လေ ကမာ့္ဘ ပေါက် ဈေးထက် လျှော့ချပြီး ရောင်းနေတာဟာ တိုင်းပြည်အတွက်အရှုံးပေါ်နေပြီး ဒီင်္လိုဈေးလျှော့ရောင်းခြင်းအား ဖြင့် လူထုတစ်ရပ်လုံးအတွက် အကျိုးရှိနေတာမဟုတ်ဘဲ လူတန်းစားတစ်ခုအတွက်ဘဲ အကျိုးရှိနေတဲ့ သဘော ရှိတယ် ။ အနည်းဆုံးတော့ဗျာ ကားစီးနိုင်တဲ့ လူတန်းစားအတွက်ဘဲ အကျိုးရှိနေတယ် ။ ကားတစ်စီးကို ဂါလံ (၆၀) ပေါ့ အစိုးရက ပေါက်ဈေးထက်လျှော့ချပြီးထုတ်ပေးတယ်။ တကယ်တော့ ဂါလံ (၆၀) ကုန်အောင်သုံးတဲ့ ကားကနည်းတယ်လေ ။ ဒီတော့ပိုတဲ့ဓာတ်ဆီကိုပြန်ရောင်းတော့ မှောင်ခိုဈေးကွက်ဖြစ်လာရော။ အခုပေါ့လေ အစိုးရကတက်လိုက်တဲ့ ဓာတ်ဆီဈေးက အပြင်ပေါက်ဈေးလောက်တောင်မရှိသေးဘူးလေ ဒီတော့ ဓာတ်ဆီဈေး တက်တဲ့ဟာ လက်ခံနိုင်စရာရှိပါတယ်။
ဒါပေမယ့်ပေါ့ဗျာ ဓာတ်ဆီဈေးကိုပေါ့ ရုတ်တရက်ထိုးတက်လိုက်တဲ့ အခါကျတော့ နည်းနည်းတော့ ရိုက်ခက် သွားတာပေါ့ ဘယ်လိုရိုက်ခက်သွားသလဲဆိုတော့ Transportation cost တွေတက်သွားတယ် ဒီရိုက် ခတ်မှုနဲ့ တပြိုင်နက် transportation cost တက်တော့ ကုန်ဈေးနှုန်းတွေတက်လာမယ် ဒီတော့ဘာတွေ ဆက်ဖြစ်လာသလဲဆိုတော့ Inflation (ငွေကြေးဖောင်းပွမှု) ဖြစ်လာမယ် Inflation ဟာ စီးပွားရေး လုပ်ငန်းရှင်တွေအတွက်ခုသာခံသာရှိအောင် ကိုင်တွယ်လို့ရနိုင်ပေမယ့် ၀န်ထမ်းပေါ့ ( ကုမ္ပဏီ၊ အစိုးရ ) သူတို့ အတွက်မှာတော့သွားရေးလာရေးကအစ ကုန်ကျစရိတ်တက်သွာတယ် ၀င်ငွေထွက်ငွေ မမျှတာတွေဖြစ် နိုင်တယ် စီပွားရေးလုပ်ငန်းဆိုတာတောင် Small business တွေဆိုအထိနာနိုင်တယ် Inflation ဖြစ်လာတော့ Investment ပိုလုပ်ရမယ် ဒီတော့ အရင်းနှီးကို ထပ်မဖြည့်နိုင်ရင် လုပ်ငန်းလည်ပတ်မှု နှေးကွေးသွားမယ့် သဘောရှိတယ်။ ဒီတော့ အခြေခံကျတဲ့ လောင်စာဈေးနှုန်းပြောင်းလဲမှုဟာ င်္စီးပွားရေးဖြစ်စဉ်တစ်ခုလုံးကို ရိုက်ခက်တဲ့သဘောရှိတယ် Domino effect လို့ဘဲ ဆိုရမယ်နဲ့ တူတယ်နော်။ ဒါပေမယ် ဆူနာမီ effect ဗျ ချက်ခြင်းဖြစ်သွားတော့ဘာ လုပ်လို့လုပ်ရမှန်းကိုမသိဘူးဖြစ်ကုန်တာပြီးတော့ ဒီ wave ကြောင့် အားလုံး Shock ရသွားတယ်လေ။
ဒီတော့ ဓာတ်ဆီဈေးတက်တာဟာ မကောင်းသလို ဖြစ်နေတယ်။ တကယ်တော့ ဒီလိုလေးတွေ ဆိုရင်တော့ ပို
အဆင်ပြေနိုင်မလားလို့ပါ နော် အားလုံးဆွေးနွေပေးပါ ဘာလို့လဲဆိုတော့ ကျနော့်ထက် စီးပွားရေး သဘောတရားကိုကျွမ်းကျင်သူတွေရဲ့အမြင်လေးတွေကိုလိုချင်လို့ပါ
ကျနော်ကတော့ ဒီလိုကုစားချင်တယ် ဗျ ...........
(၁) အိမ်စီးကားနဲ့ လိုင်းကားတွေ အတွက် ဈေးနှုန်းနှစ်မျိုးပြောင်းလဲသတ်မှတ်လိုက်မယ်ဆိုရင်ပေါ့ နေ့စဉ်ခရီးသွားလာနေကြတဲ့ ကျနော်တို့လိုပြည်သူတွေ အတွက်လည်းအသက်ရူချောင်း တိုင်ပြည်လည်း ၀င်ငွေတိုးပေါ့ ....
(၂) အိမ်းစီကားတွေကို ထုတ်ပေးနေတဲ့ ဂါလံ (၆၀) ကတကယ်တော့ မကုန်ကြဘူးဗျ ဒီတော့ ပိုတဲ့ ဆီကိုရောင်းစား ကြတယ် ဒီတော့ကြားခံမှောင်ခိုဈေးကွက်ပေါ်လာတယ် မှောင်ခိုကနေမှ တကယ့်စားသုံးသူ လက်ထဲကိုရောက်ရတယ် ဒီတော့အိမ်းနီးနားချင်းနိုင်ငံတွေရဲ့ လောင်စာပေါက်ဈေးနဲ့ တွက်ပြီးလို သလောက် ရောင်းပေးလိုက်ရင် မှောင်ခိုဈေးကွက်လည်းပျောက် စားသုံးသူလက်ထဲလည်း တိုက်ရိုက်ရောက် တိုင်းပြည်လည်း ၀င်ငွေတိုး ဈေးနှုန်းလည်းတည်ငြိမ်မယ် ဘာလို့လဲဆိုတော့ အစိုးရက ဒီဇယ်ဈေး မတက်ခင်ကကိုဘဲ အပြင်မှာ က ၃၂၀၀ လောက်ပေါက်တာကို ၃၀၀၀ နဲ့သာ လိုသလောက်ရောင်းပေးနိုင်ရင် ဈေးနှုန်းငြိမ်တာပေါ့အရင်ထဲကိုက ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ ဟိုင်ဝေးခရီး သွားလုပ်ငန်းတွေက အပြင်ဆီပေါက်ဈေးနဲ့ယူထားကြတာဆိုတော့ လိုသလောက်သာရောင်းနိုင်ရင် transportation cost လည်းမတက် တိုင်ပြည်ဝင်ငွေလည်းတိုးပေါ့နော်....
နောက်ဆရာကြီး ဒေါက်တာခင်မောင်ကြည် ပြောသလိုပေါ့လေ အစိုးရက ပညာရှင်တွေအနေနဲ့ Inflation ကို
ုထိန်းနိုင်အောင် ဒီလိုဆုံးဖြတ်မှုမျိုးကို လုပ်တာဆိုရင် အထက်ပါနည်းလမ်းများနှင့်ကုစားလိုက်မယ်ဆိုရင် Inflation ကို အလိုလျှောက်ထိန်းနိုင်သွားလိမ့်မယ် သေချာတယ် ဗျာ။ လောလောဆယ်ကားဈေးတွေ ပြုတ်ကျသွားမယ် ကာဝယ်ပြီး Invest မလုပ်တော့ဘူး ဒါဆိုဒီကထွက်လာတဲငွေတွေဟာ တခြား စီပွားရေးလုပ်ငန်းတွေအပေါ်ကို flow ဖြစ်သွားမယ်ဒီတော့ ငွေကြေးလှည့်ပါတ်မှုကောင်းလာမယ် ဒါဆိုရင် ငွေသေတွေက နေ လုပ်ငန်းတွေမှငွေရှင်တွေအနေ နဲ့ လှည့်သွားရင် ငွေကြေးဖောင်းပွမှု ပြဿနာတွေလည်း ပြေလည်နိုင်တယ် လို့ထင်ကြောင်း.....
ယင်းသုံးသပ်ချက်များမှာ လက်တလောအခြေနေပေါ်တွင်မှီတည်ပြီး သုံးသပ်ထားခြင်းဖြစ်ပါသဖြင့် အမှား မှန်ကို
ကျနော့်အနေနဲ့ သေချာစွာ မပြောနိုင်ကြောင်း ဒါကြောင့်အားလုံးဝိုင်းဝန်းဆွေနွေးခြင်းဖြင့် ယင်း ဆူနာမီ effect အတွက် အကောင်းဆုံး ကုစားနည်းလေးကို
ရနိုင်စေရန်ရည်ရွယ် ကာ ရေးသားခြင်းသား ဖြစ်ပါသည်.................
posted by KO WAI @ 12:19 PM
philtre သို့ 
ပထမဆုံးပြောချင်တာတော့ စစ်ဆိုတဲ့အကောင်၇ယ်ဆိုတဲ့
စကားပါ... စစ်ဆိုတဲ့စကားလုံးက အနက်တမျိုးတည်း
ကိုမဆောင်ပါဘူးရှင်... ကျွန်မနာမည်ကလည်း မြသားစစ်တဲ့ .. အမေကပေးထားတဲ့နာမည်မှာ စစ်ဆိုတာပါတာနဲ့  ဘဲရှင့်၇ဲ့ ကောင်းချီးပေးခြင်းကိုခံလိုက်
၇တာ သိပ်တော့ မနိပ်လှတာအမှန်ပါ... ဒါပေမဲ့ လည်း
ကျွန်မကိုယ်တိုင်က ဒီနာမည်နဲ့  ကျွန်မေ၇းချင်တာကို ၀င်ေ၇း၇င် တုန့် ပြန်မှု က ဘယ်လိုနေမလဲသိချင်
စိတ်ကြောင့်သုံးလိုက်တာ ခံ၇တော့ခက်သား .....
ကျွန်မမှာ ညီမရှိခဲ့ ၇င်တောင်မှ၇ှင်လောက်ရိုင်းတဲ့သူကို
ပတ်ကိုမပတ်သက်ဘူး .....
အထီးမှန်းအမမှန်းမသိ လေသံဖမ်းပြီး ၇မ်းတုတ်ရိုင်းစိုင်းတဲ့ အကျင့်လေးကိုတော့ပြင် ပါအုံး
မြသား.. စစ် မစစ် မသိပေမဲ့..
နှမစကား.. အပြစ်ရှိလေတော့..
ထိအောင်ဆော်ပါတယ်…
လက်ရှိအစိုးရကိုလည်းမကြိုက်…
နောင်လာမဲ့အာဏာရပါတီကိုလည်းသဘောမကျ…
ရယ်လို့ မင်းပြောတယ်နော်…
လက်ရှိအစိုးရကို မကြိုက်ဘူးဆိုရင်…
မကြိုက်ရတဲ့အကြောင်းတရားကို…
အပြုသဘောဝေဖန်ဆွေးနွေးတဲ့ နေရာမှာ…
မင်းလဲပဲ တတပ်တအား… ပါဝင်ဆွေးနွေးခွင့်ရှိပါတယ်…
ကိုယ်လေ့လာ မိသလောက်တော့… ဒီဘလော့ပိုင်ရှင်ဆွေးနွေးခဲ့ဖူးသမျှ
အကြောင်းတရားတိုင်းဟာ… အဆိုးမြင်ဝါဒ သက်သက်နဲ့ဝေဖန်ခြင်းမဟုတ်ပါဘူး…
ပို့စ်တခုချင်းစီတိုင်းမှာ… အကြောင်းအကျိုးခိုင်လုံစွာနဲ့ရပ်တည်နေပါတယ်…
ဒီလိုပြောလိုက်လို့… ပုဂ္ဂိုလ်ရေးလိုက်ပြောတယ်မထင်လိုက်လေနဲ့…
မေဓါဝီ… ဖြူသလား… မဲသလား.. ပုသလား.. ၀သလား.. ကိုယ်မမြင်ဖူးဘူး..
သူရေးသားတဲ့ သဘောတရားအယူအဆကို လက်ခံနှစ်သက်ရုံသက်သက်ပါ…
လက်ရှိအစိုးရကိုမကြိုက်ဘူးပြောပေမဲ့… ထိအောင်ဆော်တော့..
မင်းအနေနဲ့ အခံရခက်သလိုမျိုး… ဝေဖန်ချက်ပေးလေတော့…
သူ့လူကိုယ့်ဖက်သား… စမူဆာလို… သုံးဖက်ချွန်များလားလို့ သံသယ
ဝင်မိပြန်ရော… နောင်လာမဲ့ အာဏာရပါတီကိုလဲသဘောမကျဆိုတာကတော့
သိပ်ကို Negative ဆန်လွန်းပါတယ်… ဘယ်သူ.. ဘယ်ပါတီ.. ဘယ်လိုမျိုးအုပ်ချုပ်စီမံမှန်း.. အတိအကျမသိရသေးခင်ကာလမှာ..
Judgment လုပ်နိုင်ရလောက်အောင်…
မြသားစစ်က… ဘ၀တပါးမှာဖြစ်နေတဲ့ မိစ္ဆာ ၀ိညာဉ်လို အသိအမြင်တွေရနေလို့လား?..
မြ.. ဆိုတဲ့မင်းအတွက်.. ရွှေဖြစ်ရမဲ့ ဖူးစာကံမျိုး ကိုယ့်မှာပါခဲ့ရင်တောင်…
ခုလို မတော်တဆ ထိခိုက်မိတဲ့ ကွန်မန့်အတွေ့အထိမှာပဲ အဆုံးသတ်ပါရစေလို့..
ဘ၀တပါးက…
မြသားစစ်ရေ…
:)
Anonymous ဆိုတဲ့အမည်နဲ့ ကျွန်တော်က စစ်ကိုတုံ့ပြန်သူပါ။ ကျွန်တော်က မမေရဲ့စာဖတ်ပရိတ်သတ်တစ်ယောက်ပါ။
စစ်ရဲ့ကောက်ချက်မှာ စာရေးသူကိုပုတ်ခတ်ထားတာကိုတွေ့ရတော့ ကွန်မန့်ဝင်ရေးလိုက်တာပါ။ စစ်ပြောသလိုပါပဲ။
ဘလော့ဂါတယောက်က သူ့ဘလော့ဂ်မှာ သူတင်ချင်တဲ့စာ တင်ခွင့်ရှိသလို လာဖတ်တဲ့လူကလည်း မြင်ချင်သလို မြင်ခွင့် ရှိပါတယ်။
ကောင်းတယ်ထင်ရင် ချီးကျူးမယ်၊ အမြင်မတူတာတွေ့ရင် ဝေဖန် ထောက်ပြမယ်၊ အဲဒီအမြင်တွေကို သက်ဆိုင်ရာ ဘလော့ဂ်မှာ
မှတ်ချက်ရေးပြီး ထားခဲ့ချင်ထားခဲ့နိုင်သလို မိမိရဲ့ ကိုယ်ပိုင် ဘလော့ဂ်ကနေလည်း ပို့စ်တခုအနေနဲ့ ချေပ တင်ပြခွင့် ရှိပါတယ်။ ဒါဟာလည်း သူ့ရဲ့ လွတ်လပ်ခွင့်ပါပဲ။
ကျွန်တော်လက်ခံပါတယ်။ နောက်ကိုစေးထူးပြောသလို "စာပေဝေဖန်ရေး လုပ်တာဟာ အင်မတန်ကောင်းပါတယ်။
ဒါပေမယ့် စာရေးသူ ပုတ်ခတ်ရေးကတော့ မကောင်းပါဘူး။
လူတိုင်းမှာ အမြင်အမျိုးမျိုးရှိသလို… မိမိအမြင်ကိုလည်း လွတ်လပ်စွာထုတ်ဖော်ပိုင်ခွင့်ရှိပါတယ်… ဒီလုပ်ပိုင်ခွင့်ကို ပြည်တွင်းက စာနယ်ဇင်းတွေမှာထုတ်ဖော်ခွင့်မရှိလို့…
မိမိတို့ရဲ့ ကိုယ်ပိုင်ဘလော့စာမျက်နှာမှာ ထုတ်ဖော်ကြပါတယ်…" နောက် Philtre ရဲ့ "ကိုယ်လေ့လာ မိသလောက်တော့… ဒီဘလော့ပိုင်ရှင်ဆွေးနွေးခဲ့ဖူးသမျှ
အကြောင်းတရားတိုင်းဟာ… အဆိုးမြင်ဝါဒ သက်သက်နဲ့ဝေဖန်ခြင်းမဟုတ်ပါဘူး…
ပို့စ်တခုချင်းစီတိုင်းမှာ… အကြောင်းအကျိုးခိုင်လုံစွာနဲ့ရပ်တည်နေပါတယ်…
ဒီလိုပြောလိုက်လို့… ပုဂ္ဂိုလ်ရေးလိုက်ပြောတယ်မထင်လိုက်လေနဲ့…" ဆိုတဲ့အတိုင်း ကျွန်တော်သည် မမေဓာဝီရဲ့
စာဖတ်ပရိတ်သတ် တယောက်ဖြစ်ပါသည်။ ပုဂ္ဂိုလ်စွဲ ၊ဂိုဏ်းစွဲ ရှိလို့ရေးခြင်းမဟုတ်ပါ။ မမေကိုလည်း လူချင်းမသိပါ။ စစ်ရဲ့ကွန်မန့်မှာ စာရေးသူကိုပုတ်ခတ်ထားတာတွေ့ရတော့ ကျွန်တော်ရေးလိုက်မိတာပါ။
နောက် အမည်မသိတစ်ယောက် ကွန်မန့်ဝင်ပေးထားတဲ့ "ဒီလိုလေးဆို အဆင်ပြေမလား" ပို့စ်ကိုလည်း ထောက်ပြစရာတွေရှိတာကြောင့် လက်မခံပါ။
"ဒီလိုလေးဆို အဆင်ပြေမလား" ပို့စ်ကို ချေပထားတဲ့ ကွန်မန့်တခုရှိပါတယ်။ ရှာကြည့်လိုက်ပါ။
philtreေ၇....
(အခုေ၇းသားသောစာများသည်
ွှအမည်ပိုင်ရှင်တစ်ယောက်တည်းကိုသာ၇ည်ရွယ်ပါသည်၊
အခြားမည်သူတဦးတယောက်ကိုမှထိခိုက်စော်ကား၇န်
စိတ်ကူးမရှိပါ)
အငိးပြော၇၇င်တော့  ကျမတော်တော်တုံးတယ်လို့  ဘဲဆို၇တော့မှာပေါ့ ..... ကျမပြောတဲ့ နောင်လာမဲ့ အာဏ၇ပါတီဆိုတာ NLD ကိုဆိုလိုတာလေ ... ကျမကတော့ ဒီလိုဘဲနားလည်မိတာလေ ... ရွေးကောက်ပွဲမှာနိုင်ထားတာ မဟုတိဘူးလား ....အခုအစိုး၇ကိုမကြိုက်ဘူး ဒါပေမဲ့ အပြုသဘောနဲ့ ဝေဖန်တာ မတွေ.သေးလို့  ပါ ၀င်ဆွေးနွေးမှာပါ...ရှင်ဆို၇င် စစ်ဆိုတဲ့နာမည်တလုံးပါမိတဲ့ ကျမကို ခွေးနဲ့ တောငိနိုင်းခဲ့သေးတာဆိုတော့ အဲလိုတော့လည်း ရှင့်လိုမျိုး ကျမအပြုသဘောမဆောင်တတ်သေးလို့ ပါ.... ကျမပြောမဲ့မကြိုက်၇ချင်းအကြောင်းကိုဝေဖန်၇င်လည်း
ရှင်.စံချိန်နဲ့ ဆို၇င် ဘောင်ဝင်မှာမဟုးတ်သေးဘူး..... ကျိုးစားပြီးတော့
ရိုင်းကြည့်လိုက်ပါအုံးမယ်။
မြသားစစ်ရေ …
ကိုယ့်ကိုယ်ကိုယ် တုံးမှန်းသိသွားတဲ့အတွက် (၀န်ခံတဲ့အတွက်) ၀မ်းသာမိပါတယ်။
အထက်က ကွန်မန့်မှာ “စစ်ခွေး” လို့ သုံးနှုန်းလိုက်ရခြင်းဟာ မြသားစစ်ကို စစ်ဘက်က ထင်လို့ အလင်္ကာလည်း မြောက်သွားအောင် ဒီစကားလုံး သုံးလိုက်ခြင်းပါပဲ။
စစ်ခွေးဆိုတဲ့ စာလုံးဟာ ရူပကအလင်္ကာဖြစ်ပါတယ်။
စစ် ဆိုတာ စစ်သားပေါ့။ စစ်သားဆိုတာ တိုင်းပြည်နိုင်ငံကို လုံခြုံအောင် စောင့်ရှောက်ရတယ်။ ကျူးကျော်လာသူတွေကို ကာကွယ်ပေးတယ် မဟုတ်လား။
ဒီလိုပါပဲ ခွေးဆိုတာကလည်း ကိုယ့်အိမ်ကို လုံခြုံအောင် စောင့်ရှောက်ရတယ်။ သူခိုး သူဝှက်ရန်က ကာကွယ်ပေးတယ်လေ။
ဒါကြောင့် ဒီလို ဂုဏ်ရည်တူစကားလုံးချင်း ထပ်တူပြုပြီး အလင်္ကာမြောက်အောင် ရေးလိုက်မိတာမို့ … ရင့်သီးကြမ်းတမ်းတယ် ထင်ရင် (ဒါမှမဟုတ်) စစ်ဘက်က မဟုတ်ခဲ့ရင် ဒီစကားလုံးကို ပြန်လည် ရုပ်သိမ်းပေးပါတယ်။
နောက်တခုက … ကိုယ့်တယောက်ထဲကို ရည်ရွယ်ပြီး ပြောချင်ရင် ကိုယ့် ဂျီမေးလ်အကောင့်ကို ပေးလိုက်ပါမယ်။ ဒီနေရာမှာ အပြန်အလှန် အချေအတင် ပြောဆိုကြရင် ဘလော့ရှင် အပါအ၀င် သူ့စာသက်သက်ကို လာဖတ်တဲ့ စာဖတ်သူများကို အားနာဖို့ ကောင်းလို့ပါ။ ဆက်လက် ဆွေးနွေးဖို့ စိတ်ကူးရှိရင် ဒီမေးလ်ကို add နိုင်ပါတယ်။
မင်းထင်သလောက် ကိုယ်မရိုင်းသလို… မင်းမဆိုးရင်.. ကိုယ်ယဉ်ကျေးပါတယ်…
အပြောကြမ်းပေမဲ့… သဘောမရမ်းပါဘူး…
မြဆိုတဲ့မင်းအတွက်… ရွှေဖြစ်ရမဲ့ဖူးစာကံ ကိုယ့်မှာပါခဲ့ရင်… စစ်ဖက်က မဟုတ်တဲ့ မြသားစစ်အတွက် ရွှေသားစစ်စစ် လည်းဖြစ်နိုင်ပါတယ်….
:)
philtre.soe@googlemail.com
oversea ကမို့ တခြား messenger account သုံးရင်လည်း…
philtremoe@hotmail.co.uk
newthibaw@yahoo.co.uk နဲ့ ဆက်သွယ်နိုင်ပါတယ်…
ကို anonymous (ဆီအကြောင်းဆွေးနွေးသူ) စဉ်းစားပြသွားတာလေးက အတော်သဘာဝကျပါတယ်။ လက်ရှိအစိုးရအနေနဲ့ ပြည်သူတွေအပေါ်မှာ စေတနာထားတယ်ဆိုရင်၊ တိုင်းပြည်အတွက် တစ်ခုခုအပြောင်းအလဲလုပ်တော့မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးတွေကို အဲလိုပဲ ဘက်ပေါင်းစုံကနေ စဉ်းစားပြီးမှ လုပ်သင့်ပါတယ်။ ဒါပေမယ့် ကို anonymous ပြောသွားတဲ့အထဲမှာ သဘာဝဓါတ်ငွေ့ဈေးတက်တာပါမလာပါဘူး။ ဖြစ်နိုင်ရင် အဲဒါလေးပါ ထည့်ပြီးစဉ်းစားစေချင်ပါတယ်။
Post a Comment