Tuesday, March 13, 2018

သင်္ဘောကြီးနဲ့ ခရီးသွားကြမယ် - အပိုင်း (၄)

(၈)
 
တညလုံးဆိုးတဲ့ ချောင်း
.
လမင်းနဲ့ ပင်လယ်ကို စိတ်တိုင်းကျ ခံစားပြီးနောက် အခန်းလေးကို ပြန်ခဲ့ကြတယ်။ Thai massage လုပ်မလားလို့ အကိုကမေးတယ်။ အစတုန်းကတော့ အနှိပ်ခံမယ်လို့ စိတ်ကူးခဲ့တာ၊ နေမကောင်း ဖြစ်တော့ အနှိပ်မခံနိုင်တော့ဘူး။ ထိုင်းအနှိပ်ခန်းက တနာရီကို ရင်းဂစ် ၁၀၀ပါ။ စင်ကာပူဒေါ်လာနဲ့ဆို ၃၀ လောက်ပဲ ဆိုတော့ တန်တယ် ဆိုရမယ်။ သင်္ဘောပေါ်ရောက်ရင် လုပ်မယ်လို့ အားခဲထားတာတွေ မလုပ်နိုင်တော့လို့ ကိုယ့်ကိုယ်ကိုယ် အားမလို အားမရနဲ့။
.
ညကျတော့ အခန်းကျဉ်းလေးထဲမှာ လေအေးပေးစက်က တော်တော်အေးလာတယ်။ လေအေးပေးစက်က central type မို့ အအေး လျှော့လို့မရ၊ ပိတ်လို့မရပေါ့။ ပုံမှန်ဆိုရင်တော့ ကျွန်မက အအေးကြိုက်တာမို့ အဲဒီ အအေးလောက်က ကိစ္စမရှိပါဘူး။ အဲဒီတုန်းက ဖျားနေတော့ တော်တော်အေးတယ်လို့ ခံစားရတယ်။
.
အအေးဓာတ်ကြောင့်လား၊ ပင်လယ်လေ တိုက်ခံထားလို့လား၊ ခရီးပမ်းလို့လား … အားလုံးကြောင့်ပဲလား … အိပ်ရာထဲလည်း ရောက်ရော ချောင်းတွေ အရမ်းဆိုးပြီး အဖျားတက်ပါတော့တယ်။ ကိုယ်ပူ ချောင်းဆိုး ရင်ကျပ် သလိပ်ကပ် မျက်ရည်ပူတွေကျ တညလုံး ကောင်းကောင်း အိပ်မရဘဲ မိုးလင်းခါနီးမှ မှေးခနဲ အိပ်ပျော်သွားတယ်။
.
“မနက်ကျရင် ပင်လယ်ကြီးထဲက နေထွက်တာ ကြည့်ရအောင် …. စောစောထကြမယ်နော်” … လို့ မအိပ်ခင် တိုင်ပင်ထားကြပေမဲ့ တညလုံး ကျွန်မချောင်းဆိုးတော့ သူပါ အိပ်မရတာကြောင့် မနက်မိုးလင်းတော့ နှစ်ယောက်လုံး မနိုးကြတော့ဘူး။ နိုးတဲ့အချိန် နာရီကြည့်လိုက်တော့ ၈ နာရီ။ ကျွန်မ မျက်စိတဘက်လည်း ကျိန်းစပ် နီရဲနေပြီ။

***
(၉)

နံနက်ခင်း သင်္ဘောပေါ်
.

သင်္ဘောပေါ်မှာ မနက်စာကို ၁၀ နာရီထိ စားလို့ရပါတယ်။ ၁၀ နာရီကျော်ရင်တော့ မနက်စာ မရတော့ပါဘူး။ ဒါနဲ့ ကျွန်မတို့လည်း မျက်နှာသစ် အဝတ်လဲပြီး  ၈ နာရီခွဲလောက်မှာ မနက်စာ သွားစားကြတယ်။ လည်ချောင်းနာနေတဲ့ ကျွန်မက ဆန်ပြုတ်နဲ့ ကြက်ဥလက်ဘက် စားပြီး အကိုက ကော်ရည် ခေါက်ဆွဲ စားတယ်။ မနက်စာကလည်း အမယ်စုံနေတာပါပဲ။
.
မနက်စာစားပြီး သဘောင်္ပေါ် လျှောက်ကြည့်ရင်း မနက် ရှုခင်းလေးတွေ ဓာတ်ပုံရိုက်ကြတယ်။ ကောင်းကင်မှာ တိမ်အနည်းငယ်ရှိပေမဲ့ ရာသီဥတုက သာသာယာယာပါပဲ၊ ပင်လယ်ပြင်ကြီးမှာတော့ လှိုင်းဂယက်သေးသေးလေးတွေ လူးလွန့်တယ် ဆိုရုံလေး… ။
.

သင်္ဘောပေါ်မှာ တချို့ဝန်ထမ်းတွေ နားရက်မို့ထင်ပါရဲ့ စာဖတ်သူဖတ်၊ အင်တာနက်နဲ့ စကားပြောလိုပြော၊ ဖုန်းပွတ်သူပွတ်၊ ထိုင်ပြီး ပင်လယ်ကြီးကို ငေးနေတဲ့သူက ငေးလို့။ မြန်မာဝန်ထမ်း တချို့နဲ့ အကိုက စကားသွားပြောတယ်။ သင်္ဘောကြီးပေါ်မှာ မြန်မာဝန်ထမ်းပေါင်း သုံးဆယ်ကျော်လောက် ရှိသတဲ့။ deck cadet တို့ house keeping တို့ကစပြီး သင်္ဘော ဆရာဝန်တို့ စာရင်းကိုင်ချုပ်တို့လို ရာထူးမျိုးထိ မြန်မာ ဝန်ထမ်းတွေ ရှိကြတယ်။ အကိုမေးတဲ့ ဝန်ထမ်းလေးကတော့ တလကို စင်္ကာပူ ၄၅၀ လောက် ရတယ်လို့ ဆိုပါတယ်။
 .
“ညီလေးတို့ ဘာလိုသေးလဲ၊ အမက မြန်မာပြည်ပြန်မှာ  အိမ်ကို ဘာမှာချင်သေးလဲ” … စသဖြင့် အကိုက မေးတော့
“ကျွန်တော်တို့ အားလုံးပြည့်စုံပါတယ် အစ်ကို၊ အဆင်လည်း ပြေပါတယ်၊ ဒီမှာ မလေးနက်ဝါ့ခ်နဲ့ ဖုန်းလိုင်း အင်တာနက်လိုင်းလည်း ရတယ်ဆိုတော့ အဆက်အသွယ်လည်း မပြတ်ပါဘူး၊ ကျေးဇူးပါ အစ်ကို” တဲ့။

***
(၁၀)

သင်္ဘောကြီးရဲ့ ရာဇဝင်
 .

Amusement World သင်္ဘောကြီးက ၁၉၆၇ ခုနှစ်က တည်ဆောက်ခဲ့ပြီး အဲဒီတုန်းက သူ့နာမည်က ပက်ထရစ်ရှာ တဲ့။ လှတယ်နော်။  ပက်ထရစ်ရှာ ဘဝတုန်းကတော့ ကား နဲ့ ခရီးသည်တွေ တင်တဲ့ ဖယ်ရီ အနေနဲ့ ဥရောပ မြောက်ပိုင်းမှာ ပြေးဆွဲခဲ့ပါသတဲ့။ အဲဒီတုန်းက ကားအစီးရေ ၁၇၅ စီးနဲ့ ခရီးသည်ပေါင်း ၇၅၀ ကို သယ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ပိုင်ရှင် တယောက်ပြီး တယောက်ပြောင်းတိုင်း နာမည်တွေ ပြောင်းခဲ့ရတဲ့ ၅၁ နှစ်အရွယ် ပက်ထရစ်ရှာဟာ အမည်ပေါင်း ရှစ်ခုတောင် ရှိခဲ့တယ်။
.
အဲဒီနာမည်တွေကတော့ … Patricia, Stena Oceanica, Stena Saga, Crown Princess Victoria, Pacific Star, Sun Fiesta, Lion Queen နဲ့ အခု Amusement World တို့ပါပဲ။ ပက်ထရစ်ရှာက စခဲ့တဲ့ သင်္ဘောကြီးဟာ နောက်ဆုံးတော့  Amusement World အမည်ရ ကာစီနို လောင်းကစား သင်္ဘောကြီးအဖြစ် ပြောင်းလဲသွားပါတော့တယ်။ ဒီ Amusement World သင်္ဘောကြီးကိုတော့ အခုအချိန်မှာ New Century Maritime Tour က အလားတူ သင်္ဘော နှစ်စီးဖြစ်တဲ့ Aegean Paradise နဲ့ Leisure World တို့နဲ့ အတူ ပိုင်ဆိုင်ပါတယ်။ 


.
Amusement World သင်္ဘောကြီးရဲ့ dining room ကို ပထမဆုံး သင်္ဘော နာမည်ဖြစ်တဲ့ Patricia အမည်အတိုင်းပဲ Patricia restaurant ဆိုပြီး ရေးထားတာ တွေ့ရပါတယ်။ Patricia restaurant မှာ လူပေါင်း ၂၅၀ တပြိုင်ထဲ စားသုံးနိုင်ပြီး အရှေ့တိုင်း အနောက်တိုင်း စားဖွယ်တွေနဲ့ ဘူဖေး တည်ခင်း ဧည့်ခံပါတယ်။
.
movie theater

သင်္ဘောက အထပ် ၆ ထပ်ရှိပြီး cabin ခန်းလေးတွေ ပါတာက ၃ ထပ်ရှိပါတယ်။ ကျွန်မတို့ သွားရင်းလာရင်း ဝန်ထမ်းတွေနေတဲ့ cabin ခန်းတွေ ရှိတဲ့ အထပ်ကို မှားပြီး ရောက်သွားမိသေးတယ်။ သင်္ဘောကြီးမှာ ခရီးသည်ပေါင်း ၉၀၀ ကျော်ကနေ ၁၃၀၀ လောက်ထိ စီးနင်းလိုက်ပါ နိုင်ပြီး သင်္ဘောပေါ်မှာ ဆေးပေးခန်း၊ ရုပ်ရှင် ဗီဒီယို ပြခန်း၊ ဆံပင်ညှပ်ဆိုင်၊ အနှိပ်ခန်း၊ ပစ္စည်းအရောင်းဆိုင် တွေလည်း ရှိပါတယ်။

***
(၁၁)

နှုတ်ဆက်ခဲ့ပါတယ် …

ဒီလိုနဲ့ လျှောက်ကြည့်ပြီး နေ့လည် ၁၂ နာရီမထိုးခင်မှာ ပစ္စည်းတွေ သိမ်းပြီး အခန်းကို check out လုပ်ရတယ်။ သော့တွေအပ်၊ အောက်ဆုံးထပ်မှာ ပစ္စည်းတွေ အပ်ထားပြီးမှ နေ့လည်စာ သွားစားကြတယ်။ အားလုံးပြီးတော့ အချိန်တွေပိုနေသေးတာနဲ့ လုံးဝမရောက်သေးတဲ့ အခန်းကို သွားကြည့်ကြပါတယ်။ အဲဒီအခန်းကတော့ … ။

The Pharaoh Chamber ဆိုတဲ့ လောင်းကစား ခန်းမကြီးပါ။
.

အခန်းထဲကို ဝင်လိုက်တော့ စီးကရက်နံ့တွေ ထောင်းထောင်းထနေပါတယ်။ စားပွဲတွေတိုင်းမှာ လူတွေ အပြည့်ပဲ။ စားပွဲကို ပတ်ပြီး လူတွေထိုင်နေကြတယ်။ ကာစီနို၊ ဖဲ နဲ့ တခြား ကိုယ်မသိတဲ့ လောင်းကစားတွေ ကစားနေကြတာကို ကြည့်ပြီး တကယ့်ကို လောင်းကစား မြို့တော်ထဲ ရောက်သွားသလို ခံစားရပါတယ်။ ဒိုင်ကိုင်နေတာက ယူနီဖောင်းဝတ်ထားတဲ့ သင်္ဘောဝန်ထမ်းတွေပါ။ (ဒိုင်ကိုင်တာလို့ ထင်တာပါ၊ ဘေးက ကြည့်တာတောင် သူတို့ ကစားနည်း အကြောင်းတွေ မသိခဲ့ပါဘူး။)
.
အခန်းထဲမှာ အစားအသောက် မှာစားလို့ရတာမို့ စားပွဲကြီးတွေမှာ ထိုင်ကစားရင်း ကော်ဖီ/ အအေး/ ဘီယာ အရက် / စီးကရက် သောက်နေ စားနေလိုက်ကြတာ၊ သူတို့ ဘေးနားမှာ ရပ်ကြည့်လည်း ဂရုကို မစိုက်ပါဘူး၊ ကိုယ့်ကစားပွဲမှာပဲ မဲပြီး ကစားနေကြလေရဲ့။
.
အခန်းထဲ လှည့်ပတ်ကြည့်ရင်း အပေါ်မျက်နှာကြည့်ကို ရုတ်တရက် မော့ကြည့်မိတော့ အိုး စီစီတီဗီ ကင်မရာတွေ တပ်ထားတာ ဆိုတာ စားပွဲတလုံးမှာ ၁၀  လုံးလောက်ရှိမယ်။ ဓာတ်ပုံရိုက်ခွင့် မရှိလို့ မျက်စိနဲ့ပဲ အဝကြည့်လာခဲ့ပါတယ်။ အခန်းထဲ မပြောနဲ့ အခန်းဝမှာတောင် ဓာတ်ပုံရိုက်လို့မရပါဘူး။
.

ခေါင်းနောက်လာတာနဲ့ အခန်းထဲက ပြန်ထွက်ခဲ့ပြီး အပြင်က ခုံလေးမှာထိုင်ရင်း အပြန်လာခေါ်မယ့် စက်လှေကို စောင့်နေလိုက်ပါတယ်။ စက်လှေဆိုက်မှ ကိုယ်အပ်ထားတဲ့ ပတ်စ်ပို့နဲ့ ကတ်တွေ ပြန်ယူပြီး စက်လှေပေါ် တက်ကြရတယ်။ ကျွန်မလို ဧည့်သည်အနေနဲ့ လာသူဆိုရင် လေယာဉ်ပေါ်ဖြည့်တဲ့ white card ကို တောင်းခဲ့ပါ၊ စင်္ကာပူ အဝင်မှာ white card ပြန်ပြဖို့ လိုပါတယ်။
.

အလာတုန်းကလိုပဲ အပြန်မှာလည်း စက်လှေ နှစ်ဆင့်စီးရပါတယ်။ စင်္ကာပူရောက်တော့ immigration မှာ တန်းစီပြီး ပတ်စ်ပို့ပြ white card ပြပြီး ဝင်ရတယ်။ ကျွန်မကို မေးတော့ ငါ Amusement World ကို သွားတာ ဘယ်ဆိပ်ကမ်းမှာမှ မဆင်းဘူးလို့ ပြောလိုက်တယ်။ immigration officer က ကျွန်မကို အဝင်ရက်ကနေ နောက်ထပ် တလ တုံးထပ်ထုပေးလိုက်ပါတော့တယ်။
***
ပြီးပါပြီ။
ဖတ်ရှုအားပေးသူများ အားလုံးကို ကျေးဇူးတင်လျက် …

မေဓာဝီ
၁၃ မတ်၊ ၂၀၁၈
၂၃း၄၅ နာရီ

No comments: