Monday, March 12, 2018

သင်္ဘောကြီးနဲ့ ခရီးသွားကြမယ် - အပိုင်း (၃)

(၅)

အခန်းထဲမှာ …

သော့လေးဖွင့်ပြီး ဝင်လိုက်တော့ အခန်းလေးက ခပ်ကျဉ်းကျဉ်းနဲ့ compact ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဘွတ်ကင်  လုပ်တုန်းက အခန်းအမျိုးအစား ရွေးရာမှာ triple room နဲ့ twin room တွေ့တော့ twin ကို ရွေးလိုက်မိလို့လားတော့ မသိဘူး၊ ကုတင်က နှစ်ထပ်ကုတင်လေး ဖြစ်နေတယ်။ ရွေးစရာ အခန်း အမျိုးအစား ကလည်း အဲဒီ နှစ်မျိုးပဲ တွေ့မိသလိုပါပဲ။ triple room က ရင်းဂစ် ၁၂၀၊ twin က ရင်းဂစ် ၈၀၊ ကျွန်မတို့က နှစ်ယောက်ထဲ ဆိုတော့ twin ရွေးခဲ့လိုက်တယ်။ twin ဆိုတာက တယောက်အိပ် ကုတင် နှစ်လုံးမို့ ဘေးချင်းကပ်ပြီး အိပ်လို့ရတာပဲလေ၊ ကိစ္စမရှိဘူးလို့ တွေးခဲ့တာ အခုလို နှစ်ထပ်ကုတင်လေး လို့တော့ မမျှော်လင့်ခဲ့ဘူးပေါ့။

အပေါ်ကုတင်လေးကို တက်ဖို့ သစ်သားလှေခါးလေး ချိတ်ထားပါတယ်။ ကုတင်လေးတွေက ပုံပြင်ထဲက ကုတင်လေးတွေလို သေးသေးလေးနဲ့ ချစ်စရာလေးတွေပါ။ နှစ်ထပ်ကုတင်နဲ့ အိပ်တဲ့ အတွေ့အကြုံ မရှိတော့ ဒါဟာလဲ အတွေ့အကြုံသစ်တစ်ခုပေါ့လို့သာ သဘောထားလိုက်တယ်။ စောင်တွေ ခေါင်းအုံးတွေလည်း သိပ်အညံ့ကြီး မဟုတ်ပါဘူး။ အိပ်လို့ အဆင်ပြေပါတယ်။

အခန်းထဲမှာ မှန်တင်ခုံလေး တခုရှိတယ်။ ဆက်တီကုလားထိုင်လေး တလုံး ချထားတယ်။ နံရံမှာ အင်္ကျီချိတ်ဖို့ hooks လေးတွေ ရှိတယ်။ အိမ်သာ ရေချိုးခန်း တွဲလျက်ပါတယ်။ ဒါဆို ပြည့်စုံပြီ မဟုတ်လား။

အိမ်သာကတော့ လေယာဉ်ပေါ်က အိမ်သာတွေလိုပါပဲ လေစုတ်အားနဲ့ flash လုပ်တာမျိုး။ အိမ်သာနဲ့ ရေချိုးခန်း (Shower room) လေးကို ခန်းဆီးလေးနဲ့ ကန့်ထားတယ်။ မျက်နှာသစ် ဘေစင် တခုရှိတယ်။ မျက်နှာသုတ်ပုဝါ နှစ်ထည် shower cap နှစ်ခု ပေးထားတယ်။ ဆပ်ပြာရည်ဘူးကို နံရံမှာ ချိတ်ထားတယ်။  သွားတိုက်ဆေး သွားတိုက်တံတော့ ပေးမထားပါဘူး။ ရေပူ ရေအေးလည်း ရပါတယ်။

အခန်းထဲမှာ ပစ္စည်း ပစ္စယတွေချပြီး အပြင်ပြန်ထွက်ကြတယ်။ သင်္ဘောပေါ်မှာ လျှောက်ကြည့်မယ်၊ ပြီးရင် ညစာစားကြမယ်လေ။

***
(၆)

သင်္ဘောပေါ်က ညစာ


ကျွန်မတို့ အိပ်ခန်းတွေရှိရာ ၄ ထပ်ကနေ အပေါ်ကိုတက်လိုက်ရင် ၅ ထပ်မှာ bar တို့ dining room တို့ရှိပါတယ်။ အဲဒီ ကော်ရစ်ဒါ တလျှောက်မှာ ဂိမ်းကစားတဲ့ ကွန်ပျူတာလေးတွေ တန်းစီထားတာ တွေ့ရတယ်။ ကစားနေတဲ့ သူတွေတော့ မရှိပါဘူး။ ငွေနဲ့လဲထားတဲ့ chips ပြားလေးတွေ ထည့်ပြီး ဆော့ရတဲ့ စက်လေးတွေပါ။  လူရှင်းနေတာနဲ့ ဓာတ်ပုံလေးဘာလေး ရိုက်ပြီး ဗိုက်လည်း သိပ်မဆာသေးတာနဲ့ အပေါ်ဆက်တက်ကြတယ်။
 .
အပေါ်ဆုံးထပ်ရောက်တော့ သိပ်ကိုပျော်သွားတာပဲ။
ပင်လယ်ကြီးကို လွတ်လပ်စွာ မြင်ရတဲ့နေရာ … ။ ကျယ်ပြောတဲ့ ပင်လယ်ကြီးနဲ့ သူ့ကို အုပ်မိုးထားတဲ့ ကောင်းကင်ကြီး … ။ ဘယ်တော့မှ မဆုံနိုင်ဘူးထင်ပေမဲ့ တနေရာမှာတော့ ထိစပ်နေကြပါတယ်။ သူတို့ အလယ်မှာ မျဉ်းဖြောင့်လေး တကြောင်းဆွဲထားသလို တန်းနေတဲ့ မျဉ်းတန်းလေး … ။ သွားနေတာလား ရပ်နေတာလား မသိတဲ့ သင်္ဘောတွေက ပင်လယ်ရေပြင်ပေါ်မှာ အရုပ်ကလေးတွေ ပေါလောပေါ်နေသလို … ။ 
.
.
ကျယ်ပြောခြင်း … လွတ်လပ်ခြင်း … သဘာဝရဲ့ အရသာကို အပြည့်အဝ ခံစားရင်း အသက်ကို တဝကြီး ရှူသွင်းလိုက်တယ်။ တဖြည်းဖြည်း နေဝင်ချိန်နီးလာပြီ။ တိမ်တွေကြားမှာ ဝင်လုလု နေလုံးကြီးက ငုပ်လျှိုးလိုက် … ပြန်ပေါ်လိုက်နဲ့။
.

သင်္ဘောခေါင်းတိုင်ကြီးက မီးခိုးငွေ့တွေ တလူလူ မှုတ်ထုတ်နေတယ်။ ကုန်းပတ်ပေါ်မှာ အလှစိုက် ပန်းပင်လေးတွေ စိမ်းစိမ်းစိုစိုကို မြင်ရတာ သဘောကျစရာပါ။ အေးအေးဆေးဆေး ထိုင်နားလို့ရတဲ့ ကုလားထိုင်လေးတွေ ချထားသလို ဘတ်စကတ်ဘော ကစားတဲ့ နေရာလေးလည်း ရှိပါတယ်။ ခဏတဖြုတ် ဓာတ်ပုံတွေရိုက်ကြပြီး ညစာစားဖို့ အောက်ထပ် ပြန်ဆင်းလာခဲ့ကြတယ်။
.

ဝန်ထမ်းတွေ ထမင်းစားတဲ့အခန်းကို အရင်ဖြတ်ပြီး ကျွန်မတို့ ထမင်းစားမယ့် dining room ကို ရောက်ပါတယ်။ ဘူဖေးကျွေးတာဖြစ်ပြီး ဟင်းအမယ် စုံသလို လက်ရာလည်း ကောင်းပါတယ်။ ထမင်းဖြူ၊ ထမင်းကြော်၊ ခေါက်ဆွဲကြော် အပြင် ဆန်ပြုတ်၊ ခေါက်ဆွဲပြုတ်၊ စွပ်ပြုတ်၊ ဘာကူတေး၊ ပေါင်မုန့် အစုံရပါတယ်။ ငါး၊ ပုစွန်၊ ဂဏန်း၊ ကြက်၊ အမဲ၊ အသီးအရွက်၊ Salad တော်တော်လေး စုံပါတယ်။ အချိုပွဲက ကိတ်မုန့်မျိုးစုံ၊ သစ်သီးမျိုးစုံ တခြားဘာတွေရှိသေးလဲတော့ မသိတော့ဘူး၊ အဲဒီတုန်းက ဆိုးဆိုးရွားရွား လည်ချောင်းနာနေတာကြောင့် စိတ်တိုင်းကျ မစားနိုင်ခဲ့တာ ဝမ်းနည်းစရာပါ။ ရေနွေးကြမ်း လာချပေးတဲ့ စားပွဲထိုး ကလေးမလေးကို ဓာတ်ပုံရိုက်ပေးဖို့ အကူအညီတောင်းလို့ နှစ်ယောက် ထမင်းစားတဲ့ ပုံကောင်းလေး တပုံတော့ ရလိုက်ပါတယ်။
.


ထမင်းစားပြီး အခန်းပြန်တော့ ဝန်ထမ်းတွေ ထမင်းစားတဲ့အခန်းမှာ မြန်မာစကားသံတွေ ကြားရတယ်။ မြန်မာဝန်ထမ်းလေးတွေ စားသောက်နေကြတာပါ။ သူတို့ကို နှုတ်ဆက်ပြီး အခန်းပြန်ခဲ့ကြတယ်။ ခဏတဖြုတ်နားပြီး ညဘက်ပင်လယ်ရှုခင်းကြည့်ချင်လို့ အပေါ်ပြန်တက်ကြတယ်။ အကိုက စောစောက ဝန်ထမ်းလေးတွေ ထမင်းစားတဲ့ အခန်းကိုသွားပြီး လက်ဘက်ဗူး ၂ ဗူးနဲ့ အကြော်ဆံတထုတ် လက်ဆောင် သွားပေးလိုက်ပါတယ်။ သူတို့လေးတွေ ပျော်သွားကြတယ်တော့ ကိုယ်တွေလည်း ဝမ်းသာရတာပေါ့။

***
(၇)

လမင်းနဲ့ ပင်လယ်

ပင်လယ်ရဲ့ ညရှုခင်းက မမေ့ရက်စရာပါ။
လပြည့်ကျော် နှစ်ရက်ည လမင်းကြီးဟာ အတားအဆီးမဲ့စွာ ပင်လယ်ထဲကို ဖြာကျနေတယ်။ နက်မှောင်နေတဲ့ ပင်လယ်ရေဟာ လရောင်ကြောင့် လင်းလက်နေတာပဲ။ လရောင်ဆမ်းတဲ့ ပင်လယ် … လို့ ကျွန်မနှုတ်က တတွတ်တွတ် ရွတ်နေမိတယ်။ ဓာတ်ပုံနဲ့ မှတ်တမ်းတင်လို့ မပြည့်စုံနိုင်တဲ့ သဘာဝအလှပါ။ သင်္ဘော ကုန်းပတ်ပေါ်မှာ လေတဟူးဟူး တိုက်ခတ်နေတယ်။ ညဘက်ပေမဲ့ ပင်လယ်လေက မအေးလှပါဘူး၊ ခပ်နွေးနွေး တိုက်ခတ်နေတဲ့ ပင်လယ်လေဟာ စိတ်ရှုပ်ထွေး ညစ်ထေးမှုတွေကိုပါ အဝေးကိုလွင့်သွားအောင် တိုက်ခတ်သွားလေသလား … အတော်အသင့် စိတ်ပေါ့ပါး လန်းဆန်း စေတာတော့ အမှန်ပါပဲ။
.


နက်မှောင်နေတဲ့ ပင်လယ်ရဲ့ ဟိုမှာဘက်မှာ မီးရောင်လေးတွေ လင်းလက်နေကြတယ်။ ကျွန်းလေးတွေ ပေါ်က မီးရောင်လား၊ သင်္ဘောတွေ ပေါ်က မီးရောင်လား … ။ အမှောင်ထုကို အံတုနေကြတဲ့ မီးရောင်လေးတွေ … ဟိုးကောင်းကင်ပေါ်က လမင်းရဲ့ အလင်းရောင်နဲ့ ပြိုင်ရင် ဒီမီးရောင်လေးတွေက ဖျော့တော့ နေလေမလား။
.
လှိုင်းတံပိုးကင်းတဲ့ ပင်လယ်ကြီးကတော့ လရောင်အောက်မှ အေးဆေးငြိမ်သက်လို့ … ။
***
မေဓာဝီ
၁၂၊ မတ်၊ ၂၀၁၈

No comments: