Saturday, January 20, 2018

အ​ဝေးမြင်

***
မနေ့က ဆူး​လေရှန်​ဂရီလာ ဟိုတယ်​ ၂၁ ထပ်​မှာ Pearson Edexcel က ပြုလုပ်​တဲ့ အစည်းအ​ဝေး သွားတက်​ရတယ်​။ ၉ နာရီက ၁၁ နာရီ အစည်းအ​ဝေးအပြီး ​မပြန်​ခင်​ ၂၁ ထပ်​ အမြင့် ပြတင်း​ပေါက်​ က​နေ ​ရွှေတိဂုံဘုရားကြီးကို လှမ်းပြီး မြင်လိုက်ရလို့ ကြည်​နူး ကြည်​ညိုစွာ လက်အုပ်ချီရင်း ဓာတ်ပုံ လှမ်းရိုက် မှတ်တမ်းတင်ခဲ့ လိုက်တယ်။
.

ရာသီဥတုက သာယာ​တော့ ​ကောင်းကင်​ကြီးက ကြည်​လင်​ပြီး အမြင်​ရှင်း​နေတာပဲ။ ရန်​ကုန်​မြို့ကြီးကို အ​ပေါ်စီးက ခုလို မကြည့်​ဖူးဘူး​မို့ အားပါးတရ ကြည့်​​နေမိတယ်​။ ​ ကြည့်​နေဆဲ မြင်​ကွင်းထဲမှာ ​ပေါက်​ဖတ်​ တ​ကောင်​ တ​ရွေ့​ရွေ့ သွား​နေသလို ရထား​လေး တစင်းက တ​ရွေ့​ရွေ့နဲ့။
.

အရာအားလုံးက ​သေးငယ်​​နေတယ်​။ ကိုယ့်​​အောက်​မှာ ပြားပြားဝပ်​​နေသလိုပဲ။ အ​ပေါ်စီးက ကြည့်​ရတာ သိပ်​​ကောင်းတယ်​။ မှန်ပြတင်းကြီးတွေက ပတ်ပတ်လည် ဆိုတော့ အကုန် မြင်နေရတာပဲ။ ​ဟော ဟိုဘက်မှာ အချွန်​အတက်​​တွေနဲ့က ဘူတာကြီး​ပေါ့၊ အ​ပေါ်က ကြည့်​​တော့ သပ်​သပ်​ရပ်​ရပ်​နဲ့ လှလိုက်​တာ။ 


သူ့​ရှေ့က ကွင်းကြီးက ​အောင်​ဆန်းကွင်း​လေ၊ ပွဲကြည့်​စင်​မှာ Myanmar လို့​ရေးထားတာ အကြီးချဲ့ကြည့်​ရင်​ မြင်​ရတယ်​။ ဟောဟိုက သစ်​ပင်​အုပ်​အုပ်​က ကန်​​တော်​ကြီး၊ သစ်​ပင်​​တွေ ကြားမှာ အဝါလုံးကြီး ​တွေ့တယ်​ဟုတ်​၊ မိုးပျံ လူစီး​ ဘောလုံးကြီး​ပေါ့။ ဘယ်​သူ​တွေ လာစီးကြလဲ​တော့မသိဘူး။
.

တိုက်​​တွေက အတို အရှည်​ မတူကြဘူး၊ အိမ်​​ခေါင်​မိုး​လေး​တွေက အပြာ အစိမ်း နီညို လိ​မ္မော်​ အ​ရောင်​​တွေ မတူကြဘူး။ ​ဆေး​ရောင်​ အသစ်​ အ​ဟောင်း မတူကြဘူး။ ​ဆောက်​လက်​စ အ​ဆောက်​အဦးတွေရှိသလို ... ​မဆောက်​ရ​သေးတဲ့ ​မြေကွက်​လပ်​​တွေမှာ ​အသစ်​ဆောက်​ဖို့ ပြင်​ဆင်​​နေကြတာလည်း ​တွေ့ရတယ်​။
.

မျက်နှာချင်းဆိုင်က ဆာကူရာတာဝါကြီးကတော့ မားမားမတ်မတ် ရှေ့တည့်တည့်မှာ ရပ်လို့။ 
.
 
မှန်​ပြတင်းနား ကပ်​ပြီး ​အောက်​ကိုငုံ့ကြည့်​တော့ ဆူး​လေ လမ်းမကြီးက ​အောက်​မှာ ပြားပြားဝပ်လို့ ... ။ ရပ်ထားတဲ့ ကားလေးတွေ၊ သွားနေတဲ့ ကားလေးတွေက အရုပ်ကားလေး တွေလို ... ကြည့်လို့တောင် ကောင်းသေးတော့။
.
 
 ဟော ဟိုဘက် ဘေးနားမှာ နေပြည်တော် ရုံနဲ့ ရှေ့ဆောင်ရုံ၊ နေပြည်တော်မှာက ဂျပန်ရုပ်ရှင်ပွဲတော် ပြနေတယ်။ ရှေ့ဆောင်ရုံမှာတော့ ဘာဇာတ်ကား ရုံတင်နေတယ် မသိဘူး။
.

ဆာကူရာ တာဝါကြီးရဲ့ အနောက်ယွန်းယွန်း၊ ထိုးထိုးထောင်ထောင် ထနေတဲ့ တိုက်တွေရဲ့ ဟိုး အဆုံးကို လှမ်းမျှော်ကြည့် လိုက်တော့ မြစ်ရေပြင်ကို မြင်ရတယ်။ ပုဇွန်တောင်ချောင်း လား၊ ရန်ကုန်မြစ်လား ... စဉ်းစားလိုက်ရသေးတယ်။ အဲဒီဘက် ဆိုရင်တော့ ပုဇွန်တောင် ချောင်း ဖြစ်ဖို့ များမယ် ထင်တာပဲ။ ရေထဲမှာ သဘောင်္လေးတွေ သွားနေတာက အမှိုက်ဖတ်၊ ဒိုက်ဖတ် လေးတွေ မျောနေသလိုပဲ။ 
.

ကိစ္စ ဝိစ္စ ပြီးလို့ ဓာတ်လှေခါးနဲ့ အောက်ကိုဆင်းပြီး ဟိုတယ်ရှေ့မှာ ကားစောင့်နေတဲ့ အချိန် ... ဟိုဒီဝဲယာ ကြည့်တော့ ကားတွေ သစ်ပင်တွေ တိုက်တာ အဆောက်အဦတွေ အရာအားလုံးက ပုံမှန်အရွယ်အစား ဖြစ်သွားပါပြီ။ ကိုယ်ရပ်နေတဲ့ အနောက်က ဟိုတယ်ကြီးရဲ့ ဟိုးအထပ် အမြင့်ကြီးပေါ်က တစုံတယောက်ကများ ကိုယ့်ကို အပေါ်စီးက လှမ်းကြည့်နေလေဦးမလားလို့ ကျောမလုံစွာ နောက်ပြန် လှည့်မော့ကြည့်ရင်း တယောက်ထဲ ပြုံးရတယ်။
.
အပေါ်စီးက ကြည့်တော့ မြင်ကွင်းကျယ်တယ်။ မြင်ကွင်းကျယ်တော့ အရာအားလုံးကို မြင်ရတယ်။ အရာအားလုံးကို မြင်ရတိုင်း အမြင်​မှန်​တယ်​လို့​တော့ မဆိုနိုင်​ဘူးပေါ့။ အရွယ်အားဖြင့် သေးမယ်၊ အမြင်အားဖြင့် ဝေးမယ်။ မလှတာတွေကို လှတယ် ထင်ချင်လည်း ထင်နိုင်တယ်။ လှနေတာတွေကို မလှဘူး ထင်ချင်လည်း ထင်နိုင်တယ်။ ကိုယ်က အမြင့်ကြီး အဝေးကြီးက​နေကြည့်ပြီး အမြင်​ကျယ်​တယ်​ အထင်​နဲ့ တခုခုကို အလွယ်တကူ ဆုံးဖြတ် ​ကောက်​ချက်​ဆွဲမယ်​ ဆိုရင်​​တော့ ... ။
***
မေဓာဝီ
20.01.18

2 comments:

မီးမီးငယ် said...

ကိုယ်က အမြင့်ကြီး အဝေးကြီးက​နေကြည့်ပြီး အမြင်​ကျယ်​တယ်​ အထင်​နဲ့ တခုခုကို အလွယ်တကူ ဆုံးဖြတ် ​ကောက်​ချက်​ဆွဲမယ်​ ဆိုရင်​​တော့ .....
............................ကောင်းလိုက်တဲ့ စကား...ထိမိလွန်းတယ်...

Thura said...

အလွန်ထိမိတာပဲ။