Wednesday, April 05, 2017

လာဗင်ဒါအရပ်က ကမ်းခြေလမ်း (၄) နိဂုံး


(၈)

အဲဒီအိမ်ကလေးမှာ နေခဲ့တဲ့ကာလတလျှောက် ကြည်နူးခဲ့ရချိန်လေး ကတော့ သူ့ အလုပ်အားရက်မှာ အိမ်နားက Kallang မြစ်ကမ်း နံဘေးဆီ လေညင်းခံ လမ်းလျှောက်ကြချိန်ကလေးပါပဲ။ မြစ်ကမ်းနားက မြက်ခင်းလေးပေါ် ထိုင်ပြီး နှစ်ယောက်သား စကားစမြည်ပြော၊ ယူလာတဲ့ စားသောက်စရာလေးတွေစား၊ မြစ်ရေပြင်ထဲက လှေလေးတွေ ... ငါးမျှားနေသူတွေ ... အပြေးလေ့ကျင့်နေသူတွေကို ငေးမော ... အဲဒီ အချိန်လေးတွေ ကုန်သွားမှာကို နှမြောနေမိတယ်။
.

သာယာလှပတဲ့ အပမ်းဖြေနေရာ ဖြစ်နေတဲ့ Kallang မြစ်ကမ်းခြေဟာ တချိန်က ရွှံ့ညွန်တွေ ထူထပ်ပြီး ညစ်ထေးတဲ့ မြစ်ရေတွေ စီးဆင်းခဲ့တယ်ဆိုတာ မယုံနိုင်စရာပါပဲ။ လူတွေရဲ့ စွမ်းအားဟာ တစုံတရာကို ပျက်စီးအောင် ဖျက်ဆီးနိုင်သလို ကောင်းမွန်အောင်လည်း တည်ဆောက်ယူလို့ ရတယ်ဆိုတာကို မြစ်ကမ်းနံဘေးမှာ ထိုင်ငေးရင်း တွေးခဲ့ဖူးတယ်။
.

သူများတွေထက် အနှစ် ၂၀ လောက် နောက်ကျပြီးမှ ဘဝတခု အတူတကွ တည်ဆောက်ခဲ့ရသူတွေမို့ အတူနေရချိန်လေးတိုင်းဟာ အဖိုးတန်လှပါတယ်။ နှစ်ယောက်လုံးက စာပေချစ်မြတ်နိုးသူတွေ ဖြစ်နေတာ၊ အပေါ်ယံ ရွှေမှုန်ကြဲတဲ့ ပကာသနတွေကို မနှစ်သက်တာ၊ ရှော့ပင်ထွက်ရတာကို ဝါသနာမပါတာ ... နိုင်ငံရေး ဘာသာရေး စာပေရေးရာ အယူအဆချင်း တော်တော်များများ တူကြတာတွေကို ကြည့်ရင် များသောအားဖြင့် စိတ်သဘောချင်း တိုက်ဆိုင်တယ် ဆိုနိုင်ပေမဲ့ ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်နဲ့ နေထိုင်မှုစရိုက်ချင်း မတူကွဲလွဲမှုလေးတွေလည်း အထိုက်အလျောက်တော့ ရှိကြတာပါပဲ။ ဒါတွေကို နားလည်စွာ သည်းခံ ညှိနှိုင်းရင်း နှစ်ယောက်သား အတိုးအလျှော့ လုပ်ပြီး နေကြရပါတယ်။
.

သူက သဘောကောင်းပြီး လူချစ်လူခင်များပေမဲ့ တချို့ကိစ္စတွေမှာ အားမနာဘဲ စာအုပ်ကြီးအတိုင်း တွေးတတ် လုပ်တတ်သူမို့ တခါတလေတော့ စိတ်ညစ်ရတယ်။ သူကလည်း စိတ်ကောက် ဂျီကျ ဇီဇာကြောင်တတ်တဲ့ ဇနီးသည်ကို တခါတလေ စိတ်ညစ်မှာပါပဲ။
.
ဘယ်လိုပဲဖြစ်ဖြစ် တယောက်နဲ့ တယောက် ညှိနှိုင်းရင်း သည်းခံရင်း နားလည်မှုတွေနဲ့ နေ့ရက်လေးတွေ ဖြတ်သန်းခဲ့တာ ခုဆိုရင် ၂ နှစ်နဲ့ တစ်လ ရှိခဲ့ပါပြီ။ တနှစ် တလပြည့်တုန်းက ရေးခဲ့သလိုပဲ သူ့ဆီလိုက်လာတဲ့ နေ့ကစပြီး အရာရာကို ရောင့်ရဲ သည်းခံနိုင်အောင် စိတ်ကိုပြင်ဆင်ထားခဲ့တာမို့ အထိုက်အလျောက်တော့ ခံနိုင်ရည် ရှိနေခဲ့ပါပြီ။
***
(၉)

တနေ့က ရောက်ခဲ့တဲ့ ဂျာနယ်ကျော်မမလေး နှစ် ၁၀၀ ပြည့်အခမ်းအနားမှာ သူလိုလူ ဆိုတဲ့ စာအုပ်ကလေး ထပ်ဝယ်ဖြစ်ခဲ့တယ်။ အဲဒီစာအုပ်ကလေးကို စပြီး ဖတ်ခဲ့မိချိန်က ဆယ်ကျော်သက်အရွယ်။ အကြိမ်ကြိမ် အထပ်ထပ် ဖတ်ရင်း သူလိုလူဟာ ဆယ်ကျော်သက် မိန်းကလေးတယောက်ရဲ့ ဖတ်စာ ဖြစ်ခဲ့သလို စိတ်ကူးယဉ်စရာလည်း ဖြစ်ခဲ့တယ်။
.

ဂျာနယ်ကျော်ဦးချစ်မောင်ကို အထင်ကြီး လေးစားသလို ဂျာနယ်ကျော် မမလေးကိုတော့ မိန်းမသားချင်းမို့ ပိုပြီး ကရုဏာသက် လေးစား ချစ်ခင်မိတယ်။ ဘယ်တော့မှ မမေ့နိုင်တဲ့ အခန်းကတော့ ဒေါ်မမလေး ထမင်းတရက် အငတ်ခံခဲ့ရတဲ့ နေ့ပါပဲ။ ငယ်ငယ်ကတည်းက ခုချိန်ထိ အဲဒီအခန်း ဖတ်တိုင်း ရင်ထဲမှာ ကြေကြေကွဲကွဲ ခံစားခဲ့ရတယ်။
.

ဒါကြောင့် အခက်အခဲတွေ ဘယ်လောက်ကြုံကြုံ ဒေါ်မမလေးလို ထမင်းတော့ အငတ်မခံဖူးသေးဘူးမို့ အများကြီး သာသေးတယ်လို့ စိတ်ကို အားတင်းထားဖြစ်တယ်။ အသိပညာ အတတ်ပညာမှာ ဂျာနယ်ကျော် မမလေးကို မယှဉ်နိုင်ပေမဲ့ ခင်ပွန်းသည် အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာမှာတော့ ယှဉ်နိုင်ချင်မိပါတယ် ... ။
.
သူ့အပေါ် ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ သူ့ ရင်ကို နွေးထွေးစေချင်တယ်၊ သူ့စိတ်ကို အေးမြစေချင်တယ် ... သူ့ ဂုဏ်ရောင်တွေ လင်းလက်တောက်ပ စေချင်တယ်။ တခြားဘာမှ သူ့ဆီက မလို ... မတောင်းဆိုချင်ပါဘူး ... ဒါတွေကို သူ သိရင် ပြီးတာပါပဲ။
***
(၁၀)

လာဗင်ဒါအရပ် ကမ်းခြေလမ်းက အိမ်ကလေးမှာ စတင်ခဲ့ကြတဲ့ နှစ်ယောက်ဘဝဟာ ခုချိန်ထိ အတူကြာရှည် နေထိုင်ခွင့် မရခဲ့သေးပါဘူး။ အတိတ်ဘဝ ကံကြောင့် ပိယေဟိ ဝိပ္ပယော ကြရတာမို့ အနာဂတ်မှာ အတူ ဆုံနိုင်အောင် တတ်နိုင်သလောက် ကုသိုလ်အတူ ပြုကြမယ်လို့ သဘောတူထားကြပါတယ်။ ဘဝဆက်တိုင်း မခွဲမခွါဖို့ဆိုတာ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ ... အတူတူ ညီမျှပါမှ ဖြစ်နိုင်မှာ မဟုတ်လား။ 
.

လောလောဆယ် နှစ်ယောက်အတူ မနေနိုင်ခင်မှာ သူ့ကို ခုလိုကဗျာလေး ရေးပေးခဲ့ဖူးတယ်။
.
“သို့ ... / မှ ... ချစ်သူ ...”
.
သတိရရင်
ကောင်းကင်ကို မော့ကြည့်
တိမ်တွေလို ရှိနေမှာ ... ။
.
နီးတခါ ဝေးတလှည့်
အတူရှိခဲ့တဲ့ နေ့များ
အားတဲ့အခါ လွမ်းနေပါ ... ။
.
ပြက္ခဒိန်တခုဟောင်း
ရက်မှ နှစ် ပြောင်းသွား
အမှတ်တရနေ့များကို သတိရပါ ... ။
.
အလုပ်ခွင်မှာ ဂရုစိုက်
အိပ်ငိုက်ရင် သီချင်းဆို
စိတ်ကို ပျော်အောင် ထားပါ ... ။
.
ပြန်ဆုံစည်းမယ့်ရက်
လက်ချိုးရေတွက်ကာ
စိတ်ကူးနဲ့ ကြည်နူးပါ ... ။
.
သတိရရင် ...
မြေပြင်ကို ငုံ့ကြည့်
အရိပ်ကလေးလို ရှိနေမှာ ... ။ 
***
ချစ်တဲ့
မေ

***
ပြီးပါပြီ။

မေဓာဝီ
၅ ဧပြီ ၂၀၁၇
(၂ နှစ်တလ မင်္ဂလာ  အမှတ်တရ)

No comments: