Monday, April 03, 2017

လာဗင်ဒါအရပ်က ကမ်းခြေလမ်း ... (၂)

(၄)

ဓာတ်လှေခါးကထွက်ပြီး ညာဘက်ချိုးတော့ အိမ်ခန်းလေးဆီ ရောက်ပါတယ်။ အခန်းလေးက သစ်သားတံခါးရော သံတခါးပါ သော့တွေ ခတ်ထားတယ်။ သူကိုယ်တိုင်လည်း ဒီနေ့မှ ဒီအခန်းလေးကို ပြောင်းနေရမှာမို့ သူ့မှာ အခန်းသော့ မရှိပါဘူး။ သူ့ပစ္စည်းတချို့က ကြိုရောက်နေပေမဲ့ အရင်လူတွေ မထွက်သေးလို့ ဝင်မရခဲ့တာပါ။ အိမ်ခန်း အားလုံးကို တာဝန်ယူ စီမံငှားရမ်းရတဲ့ (စင်္ကာပူအခေါ် အိမ်သူကြီး) မိန်းကလေးက မြန်မာပြည် ခဏပြန်နေလို့ သူ့အခန်းဖော်ကို တာဝန်လွှဲပေးထားချိန်ပေါ့။
.
သူ ဖုန်းဆက်လိုက်တော့ တာဝန်ရှိတဲ့ မိန်းကလေး ရောက်လာပြီး သော့ဖွင့်ပေးပါတယ်။ ဝင်ဝင်ချင်း ဧည့်ခန်းရဲ့ ဘယ်ဘက်က ဘုရားစင်လေးကို မြင်လိုက်ရတဲ့ အခိုက် အလွန်ကျေနပ်သွားတယ်။ ဘုရားစင်မှာ ပန်း ရေချမ်း ရောင်ခြည်တော် လျှပ်စစ်မီးတွေ အပြည့်အစုံ ရှိနေတယ်။ နှစ်ယောက်အတူ စာမူခရတဲ့ ငွေလေးနဲ့ မြန်မာပြည်က ဝယ်လာတဲ့ ကြေးဆင်းတု ဘုရားကို ဒီဘုရားစင်လေး ထက်မှာ ပူဇော်ထားရမယ် လို့တွေးရင်း ကြည်နူးနေမိတယ်။
.
နှစ်ယောက်သားရဲ့ စာမူခငွေလေးတွေနဲ့ ဝယ်လာတဲ့ ဗုဒ္ဓရုပ်ပွါးတော်
 .
ညာဘက်မှာ ထမင်းစားပွဲနဲ့ ကုလားထိုင်လေးတွေ ချထားတယ်။ အဲဒီနောက်က မီးဖိုခန်း။ ဧည့်ခန်းကနေ ကော်ရစ်ဒါလေးအတိုင်း တည့်တည့်ဝင်သွားရင် ဘယ်ဘက်မှာ အိပ်ခန်းတစ်ခန်း ညာဘက်မှာတစ်ခန်း တည့်တည့်မှာ တခန်းရှိတယ်။ သူက ညာဘက် အခန်းတံခါးရှေ့မှာ ရပ်ပြီး "ဒီ အခန်းပဲ" လို့ ပြောပြောဆိုဆို သော့လေး လှည့်ဖွင့်လိုက်တယ်။
.
တံခါးလေး အလှပ်မှာ ဘာမှမရှိတဲ့ အခန်းလေးက ကြိုဆိုတယ်။ ဘာမှမရှိဘူး ဆိုပေမဲ့ အံဆွဲပါတဲ့ အဝတ်ဘီရို သုံးလုံး (အရင်က လူ သုံးယောက်နေသွားလို့)၊ နှစ်ယောက်အိပ် ခုတင်တလုံး၊ ခေါက်စားပွဲငယ်လေး တလုံးနဲ့ ခေါက်ကုလားထိုင်တလုံးရှိပါတယ်။ စားပွဲလေးပေါ်မှာ လျှပ်စစ် မီးအိမ်ငယ်လေး တခုတင်ထားတယ်။ ခြေရင်းဘက်ကျကျ ထောင့်မှာရှိတဲ့ ပြတင်းပေါက်တခြမ်းက လေအေးပေးစက် အထောင်လေးတပ်ထားလို့ တဝက်ပိတ်နေတယ်။ မျက်နှာကျက်မှာ မီးချောင်းတချောင်းနဲ့ တွဲလောင်းကျနေတဲ့ ပန်ကာအိုလေးတခု။
.

လေဝင်လေထွက်မရှိတော့ အခန်းထဲမှာ မွန်းကျပ်လာတယ်။ လေအေးပေးစက်ကို ဖွင့်တော့ မလည်ဘူး။
.
"အဲကွန်းက ည ၇ နာရီမှ လာမှာ ပန်ကာဖွင့်လို့ရတယ်နော်" လို့ သော့လာပေးတဲ့ မိန်းကလေးက ပြောပြီး ပန်ကာခလုတ်လေး ဖွင့်ပေးသွားတယ်။ အခန်းကျဉ်းလေးထဲမှာ မျက်နှာကျက်ပန်ကာ တဝီဝီအသံကြောင့် မူးနောက်ပြီး ချွေးစေးတွေ ထွက်လာတယ်။ တဝက်ပဲ ဖွင့်လို့ရတဲ့ ပြတင်းပေါက်မှန်ကို ဖွင့်ကြည့်တယ်။ ပြတင်းပေါက်က နောက်ဖေးဘက် တိုက်ကြားဖြစ်နေတော့ လေမဝင်ဘူး။
.

သူက လေအေးပေးစက်ခလုတ်ကို သွားကြည့်ပြီး

"timer လုပ်ထားတာ ကိစ္စမရှိဘူး by pass လုပ်လိုက်မယ်"
.
ဟိုလုပ်ဒီလုပ်နဲ့ ခဏနေတော့ လေအေးပေးစက် ထလည်လို့ ပျော်သွားတာပဲ။ သူ့ကိုလည်း အထင်တွေ ကြီးသွားလိုက်တာ။ လေအေးပေးစက် ဖွင့်လို့ရပေမဲ့ နှစ်ယောက်သား အေးအေးလူလူ မနားနိုင်ပါဘူး။ ပစ္စည်း ပစ္စယတွေ သိမ်းဆည်း နေရာတကျ ထားရသေးတယ်။ ဘီရိုသုံးလုံးရှိလို့ တော်ပါသေးတယ်။ သူတလုံး ကိုယ်တလုံး၊ နှစ်ယောက်ပစ္စည်းတွေ စုထည့်ဖို့က တလုံး။
.
"စားပွဲလေးက သေးလိုက်တာ …" လို့ ညည်းပြောလေး ပြောမိတော့ သူက
"တချို့အိမ်တွေဆို စားပွဲတောင် မပေးဘူး၊ လက်ပ်တော့ကို အဝတ်သေတ္တာပေါ် တင်ပြီးသုံးရတာ" တဲ့။ ဖြစ်မှဖြစ်ရလေ … ။
.
"အင်း … … " လို့ သံရှည် သက်ပြင်းချရင်း ထုံးစံအတိုင်း ... အင်္ဂလန်မှာဆိုရင် လို့ အစချီ နှိုင်းယှဉ်ပြောဆို ကွန်ပလိန့် လုပ်နေမိတယ်။ သူကတော့ "အေးပါကွာ ဒီမှာတော့ ဒီလိုပဲလေ သည်းခံပြီးနေပါ မေရယ်…" လို့ သနားစဖွယ် ပြောရှာတယ်။
.
စင်္ကာပူရဲ့ လူနေမှုစနစ် ပုံစံအကြောင်း ဘာမှမသိဘဲ လိုက်လာမိတာမို့ ရောက်ရောက်ချင်း ကြုံရတဲ့ အချိန်ဇယားနဲ့ လေအေးပေးစနစ်ရယ်၊ စားပွဲသေးသေးလေးနဲ့ ပန်ကာအိုကြီးရယ်၊ တဝက်ပိတ်နေတဲ့ လမ်းကြားပြတင်းပေါက်ရယ်ဟာ အင်မတန် စိတ်ပျက်စရာလို့ ထင်နေမိတာပေါ့။ ရှေ့လျှောက် ဒီ့ထက်ဆိုးတာတွေ ကြုံရဦးမယ်ဆိုတာ ယောင်လို့တောင် မတွေးခဲ့မိဘူး။
***
(၅)

တကယ်တော့ စင်္ကာပူမှာ လေအေးပေးစက် အချိန်ဇယားနဲ့ သုံးရသလိုမျိုး အပူပေးစက် အချိန်ဇယားနဲ့ပေးတာကို အင်္ဂလန်မှာတုန်းကလည်း ကြုံခဲ့ဖူးပါတယ်။ ရောက်ခါစ ပထမဆုံး တက်တဲ့ ကျောင်းမှာ ကျောင်းအိပ်ကျောင်းစား နေခဲ့ရတုန်းကပါ။ အဲဒီကျောင်းက Hull City အနီး Winestead Hall က CICD (College for International Cooperation and Development) ဆိုတဲ့ ကျောင်းပေါ့။ ကျောင်းမှာ နိုင်ငံတကာက ကျောင်းသားတွေ ချည်းပါပဲ။ ပုံမှာ မြင်ရတဲ့အတိုင်း ကျောင်းပရဝုဏ်ကြီးက အကျယ်ကြီးပါ။ ကျောင်းက တချို့ အဆောက်အဦတွေဟာ ၁၉ ရာစုက ဆောက်ထားတာလို့ ဆိုတယ်၊ ဒီကျောင်းကြီးဟာ အရင်က စိတ်ရောဂါကု ဆေးရုံတဲ့။
.

ရောက်ရောက်ချင်း နေရတဲ့ အခန်းက တယောက်ထဲ အတွက်တော့ အတော်ကို ကျယ်ပါတယ်။ တခါတလေ စုံညီပွဲရှိလို့ တခြားမြို့ရဲ့ ကျောင်းခွဲတွေက ကျောင်းသူကျောင်းသားတွေ ရောက်လာတဲ့အခါ အခန်းထဲကို လူတွေ စုပြုံထည့်လိုက်ရင်တော့ ကျဉ်းကျပ်သွားတာပေါ့။
.
ကျောင်းစတက်တဲ့အချိန်က နိုဝင်ဘာလကြီး။ တော်တော်အေးနေပြီ။ ပြောခဲ့ပြီးသလိုပါပဲ … အခန်းထဲမှာရှိတဲ့ အပူပေးစက်ကို အချိန်နဲ့ပေးပါတယ်။ ညဦးပိုင်း တခါပေးပြီး အိပ်ပျော်နေချိန်ဆို ပြန်ပိတ်သွားရော၊ နိုးခါနီး တခါပြန်ပေးတယ်။ အေးလွန်းလို့ ညအိပ်ရင် ခေါင်းစွပ် ဦးထုတ် သာမယ်လ် အင်္ကျီ ဘောင်းဘီ၊ ခြေအိတ် စသဖြင့် ဝတ်စုံပြည့် ဝတ်အိပ်ရတယ်။ ဒါတောင် တရေးနိုးရင် အေးစက် ချမ်းစိမ့်နေတာပဲ။
.

အဲဒီကျောင်းရဲ့ အပူပေးစနစ်က အတော်လေး ရှေးကျပါတယ်။ ဂက်စ်လည်း မဟုတ်၊ လျှပ်စစ်လည်း မဟုတ်၊ ကျောက်မီးသွေးက ရတဲ့အငွေ့နဲ့ ပေးတာပါ။ ကျောင်းဝင်းတနေရာမှာ ကျောက်မီးသွေး ရုံကလေး ရှိပါတယ်။ အဲဒီမှာ ကျောက်မီးသွေးတွေကို ဂေါ်ပြားနဲ့ကော်ပြီး မီးဖိုအကြီးကြီးထဲ ထည့်ရတယ်။ အဲဒီက အငွေ့တွေကိုမှ ပိုက်လိုင်းနဲ့ သွယ်ပြီး အခန်းတွေဆီ ပေးတာပါ။ ခေတ်ဟောင်း ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ကြည့်ဖူးတဲ့ ကျောက်မီးသွေးနဲ့ မောင်းတဲ့ မီးရထားတွေ မီးသင်္ဘောတွေ မှာလိုပေါ့။
.
ပိုဆိုးတာက မျက်နှာသစ်တဲ့ ဘေစင်မှာ ရေပူ ရေအေး နှစ်လိုင်း တပ်မထားဘူး၊ ရေအေးပဲ ရှိပါတယ်။ ရေချိုးကန်နဲ့ ရေပန်းမှာတော့ ရေပူရလို့ တော်သေးရဲ့။ မနက် မနက် မျက်နှာသစ်တဲ့အခါ ရေက အေးလွန်းလို့ ကျဉ်နေတာပဲ။ ဒါနဲ့ ကိုယ်တယောက်ထဲလား ဆိုပြီး သူငယ်ချင်း ဂျပန်မလေးကို မေးကြည့်တော့ ...

“အေးတော့ အေးတာပေါ့၊ အဲဒီလိုအေးတော့ ငါ အိပ်ရာက နိုးသွားတယ်လေ” တဲ့။ အကောင်းမြင်တဲ့ သူများကျတော့ အဲဒီလိုပါ။
.
နောက်တော့ အမလတ်က ရေနွေးဓာတ်ဗူးလေး လာပို့ပေးလို့ ညဘက်ကတည်းက ရေနွေးယူထားပြီး မနက်ကျတော့ ရေအေးနဲ့စပ် မျက်နှာသစ်ခဲ့ရတယ်။ အဲဒီတုန်းကလည်း အင်္ဂလန်လို နေရာမျိုးမှာ ဖွင့်ထားတဲ့ ကျောင်းတကျောင်းလုပ်နေပြီး ဘေစင်မှာ ရေပူ ရေအေး မရရကောင်းလားလို့ မကျေမနပ်နဲ့ ကွန်ပလိန့် လုပ်ခဲ့တာ မှတ်မိပါသေးတယ်။
.
ခုချိန်မှာ ပြန်စဉ်းစားကြည့်တော့ အရာရာကို အပြစ်မြင်စိတ် ဝေဖန်ချင်စိတ် များနေတာပဲလို့ ကိုယ့်ကိုယ့်ကိုယ် သုံးသပ်နေမိတယ်။
***
မေဓာဝီ
၃၊ ဧပြီ ၂၀၁၇

No comments: