Tuesday, July 07, 2015

ချောင်းကျိုး ရွာ ခရီး ...

ဒီခရီးစဉ်လေးကို သွားဖြစ်ခဲ့တာကတော့ ဖေ့စ်ဘွတ်မှာ မမြသွေးနီ တင်ထားတဲ့ ပို့စ်လေးကို ဖတ်မိလို့ပါပဲ။ ရင်ငြိမ်းမေတ္တာ ပရဟိတ အဖွဲ့က တိုက်ကြီးမြို့နယ်က ချောင်းကျိုးရွာက ဘုန်းကြီးကျောင်းကလေးကို သွားရောက်လှူဒါန်းမယ် ဆိုတဲ့ အကြောင်း ဖတ်ရလို့ လိုက်သွားချင်တာနဲ့ မမြသွေးကို ဆက်သွယ်ပြီး လိုက်ပါခွင့်တောင်းခဲ့ပါတယ်။

သွားမယ့်နေ့က … ၅ ဇူလိုင် ၂၀၁၅

ကျမတို့နှစ်ယောက်ရဲ့ အမှတ်တရနေ့။ မင်္ဂလာ ၄ လ ပြည့်တဲ့နေ့။
***

အဲဒီနေ့က တနင်္ဂနွေနေ့မို့ အရုဏ်တန်းဆွမ်း လောင်းပြီးတာနဲ့ ရေမိုးချိုးအဝတ်လဲပြီး ကိုညိုရင့် မမြသွေးနီ တို့နဲ့ ချိန်းထားတဲ့ ၃၇ လမ်းကို အငှားကားလေးနဲ့သွားခဲ့တယ်။ ကိုညိုရင့်နဲ့ မမြသွေးတို့က ရင်ငြိမ်းမေတ္တာ ပရဟိတအဖွဲ့ဝင်တွေ ဖြစ်ပြီး ပရဟိတ လုပ်ငန်းတွေ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေကြသူတွေပါ။
ကားငှားဖို့ အိမ်ကထွက်လိုက်ရင်ပဲ သည်းထန်နေတဲ့ မိုးက ကြိုဆိုပါတယ်။ မိုးသည်းသည်းမှာ ထီးလေးတချောင်းနဲ့ ရရာကားကို လက်တားစီးပြီး ဆုံရပ်ဆီ ၇ နာရီ သာသာမှာ ရောက်ခဲ့တယ်။ ဟိုရောက်တော့ မမြသွေးတို့က ရောက်နှင့်နေပါပြီ။ မုန့်ဟင်းခါးဆိုင်လေးမှာ မိုးခိုရင်း မမြသွေးဝယ်ကျွေးတဲ့ မုန့်ဟင်းခါးပူပူလေးနဲ့ ရေနွေးကြမ်းလေး သောက်လို့ မိုးသည်းနံနက်ခင်းက နွေးထွေးခဲ့ရတယ်။


လိုက်မယ့် လူအားလုံး စုံအောင်စောင့်၊ ပစ္စည်းတွေကားပေါ်တင်ပြီး ၇ နာရီခွဲ ကျော်ကျော်မှာ စထွက်ခဲ့ကြပါတယ်။ တလမ်းလုံးမိုးက ခပ်စွေစွေ ရွာနေခဲ့တယ်။ ပြည်လမ်း မာလာဆောင်ရှေ့မှာ သူသူ (ရွှေအိမ်စည်မေ) ကို ဝင်ခေါ်ပြီး ရှေ့ဆက်သွားကြတယ်။


မှော်ဘီလောက် ရောက်တော့ မိုးမရွာတော့ပါဘူး။ မိုးမရွာပေမဲ့ ပတ်ဝန်းကျင်က စိမ်းစိမ်းစိုစို။ လယ်ကွင်းတွေ စိုက်ခင်းတွေကို ဖြတ်တိုက်လာတဲ့ လတ်ဆတ်တဲ့ လေကိုရှူရှိုက်ရင်း မွန်းကျပ်တဲ့ မြို့ပြကို ကျောခိုင်းပြီး အရိုင်းဆန်တဲ့ ကျေးလက်ဆီ ဦးတည်ခဲ့ကြတယ်။


ကျမတို့သွားမယ့်နေရာက တိုက်ကြီးမြို့နယ်၊ မိုင်တိုင်အမှတ် ၄၅ အလွန် ဘယ်ဘက်အခြမ်း လမ်းဆုံမှာရှိတဲ့ တာခွ သရက်ချောင်းလမ်းကိုဝင်ပြီး ချောင်းကျိုးကျေးရွာဆိုတဲ့ ဆိုင်းဘုတ်လေးရှိရာ မြေနီလမ်းလေးထဲက အာစိဏ္ဏသိရီ ပရဟိတ‬ဓမ္မရိပ်သာပါ။ ကျောင်းကလေးကို စတင်ခဲ့တာ ၄ လလောက်ပဲ ရှိပါသေးတယ်။ ထိုင်းနယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့မှာ နေထိုင်ပြီး နွမ်းပါးချို့တဲ့ ပညာမသင်နိုင်တဲ့ ကလေးငယ်တွေကို ခေါ်ယူစောင့်ရှောက် ပညာသင်ပေးရာ နေရာကလေး ဖြစပါတယ်။

ကျောင်းကို ရောက်တော့  မြတ်စွာဘုရားဆင်းတုတော်ကို ဦးချပြီး ဝါးကြမ်းခင်း ထရံကာ ကျောင်းကလေးကို လှည့်ပတ်ကြည့်ရှုပါတယ်။ ကျောင်းကလေးဟာ အခုမှ ထူထောင်ခါစမို့ အဖက်ဖက်က လိုအပ်နေပါတယ်။ ကျောင်းလေးဟာ ရေဝင်နေတဲ့ လယ်ကွင်းပေါ်မှာ တည်ဆောက်ထားပြီး ခင်းထားတဲ့ အခင်းဝါးကြမ်းကလေးဟာ ကျိုးတိုးကျဲတဲ၊ အကာကလဲ ဓနိလား သက်ကယ်လား အဲဒီလိုမျိုးကို ကာထားရပြီး အမိုးကတော့ သွပ်မိုးထားတာကို တွေ့ရပါတယ်။


ကိုရင်လေးတွေရဲ့ သံသေတ္တာလေးတွေက အစီအရီ၊ ဆရာတော် ပြောစကားအရ ဒီနေရာမှာပဲ အိပ်၊ ဒီနေရာမှာပဲ စား၊ ဒီနေရာမှာပဲ စာသင်ရတယ်လို့ သိခဲ့ရပါတယ်။ ဒီအခင်း ဒီအကာလေးတွေကို ကြည့်ပြီး ညဆိုရင် အေးနေကြမလား၊ မိုးရွာရင် မိုးပက်နေမလားလို့ တွေးပူမိပါသေးတယ်။


ကျောင်းလေး အတွက် ရင်ငြိမ်းမေတ္တာ ပရဟိတ အဖွဲ့သားတွေက လိုအပ်တဲ့ ဆန်, ဆီ, ငရုတ်, ကြက်သွန်, အာလူး, ငါးခြောက်, မုန့်, စာရေးကိရိယာ, အဝတ်အထည်, ရေပုံး, အမှိုက်ပုံး, ဆေးဝါးနဲ့ ဝတ္ထု ငွေကြေးတွေကို သွားရောက် လှူဒါန်းကြတာပါ။ ကျမလည်းပဲ တတ်နိုင်သလောက် ငွေအားနဲ့ လုပ်အား ဒါနလေးတွေ ပြုခဲ့ပါတယ်။

ကျောင်းကို လှည့်ပတ်ကြည့်တုန်းချိတ်ထားတဲ့ ကြေးစည်ကြီးကို သဘောကျလို့ ဓာတ်ပုံရိုက် ယူလာခဲ့ပါတယ်။ ကြေးစည်ကြီးမှာ  ပဋ္ဌာန်း ၂၄ ပစ္စည်း ရေးထိုးတာတာ တွေ့ရတယ်။


ကျမတို့ ရောက်နေစဉ်မှာပဲ နောက်ထပ် ပရဟိတ အဖွဲ့တခု ရောက်လာပြီး အလူမီနီယမ်ဘီရို, သင်ထောက်ကူ ပစ္စည်းအချို့, ဆန်အိတ်နဲ့ အခြား အစားအသောက်တွေ လာလှူဒါန်းကြပါတယ်။ အဲဒီလို မြင်ရတာ အလွန်ကြည်နူးစရာ ကောင်းပါတယ်။ ရေများရာ ရွာတဲ့မိုး မဟုတ်ဘဲ ရေရှားရာ ရွာတဲ့မိုးမို့ မိုးရေစက် တစက်ချင်းစီဟာ အသုံးဝင် အကျိုးရှိနေတယ် မဟုတ်လား။


ရောက်လာသူတွေကိုလဲ ဆရာတော်တို့ဘက်က ဧည့်ဝတ် ကျေပွန်လှပါတယ်။ အသင့် တည်ခင်းထားတဲ့ ရေနွေးကြမ်းနဲ့ လက်ဖက်ပွဲကတော့ အထူး စွဲမက်စရာပဲပေါ့။ ဆီတွေ အိနေအောင် စိမ်ထားတဲ့ လက်ဖက်နဲ့ အကြော်စုံ အုပ်ကလေးတွေ၊ ရေနွေးကြမ်းပူပူလေးတွေက သန့်သန့်ရှင်းရှင်း စားချင့်စဖွယ်မို့ ကျမနဲ့သူသူတို့ နှစ်ယောက်သား လက်ဖက်ပွဲနားမှာ နေရာယူထားကြတာပေါ့။


နေ့လည် ၁၁ နာရီ ခွဲခန့်မှာ သံဃာတော်တပါးက ဆွမ်းစား ခေါင်းလောင်းခေါက်ပါတယ်။ တဖက်က တဲဆောင်လေးတွေကနေ ကိုရင်လေးတွေ ကျောင်းသားလေးတွေ စီတန်းပြီး ဆွမ်းစားဖို့ လာကြပါတယ်။ ဖိနပ်ချွတ်နေရာမှာ ဖိနပ်လေးတွေ သေသေသပ်သပ် စီတန်းပြီး ချွတ်ထားတာကို မြင်ရတော့ မြို့ပြ နိုင်ငံတကာ သင်တန်းကျောင်းတွေက ကလေးတွေကို ခေါ်ပြချင်မိတယ်။


ထုံးစံအတိုင်း ဆွမ်းမစားခင် ပစ္စဝေက္ခဏာ ဆင်ခြင်ကြရပါတယ်။ “ဤသည့် စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မစားပါဘူး ...” စသဖြင့် အားလုံး သံပြိုင်ညီညာ ရွတ်ဆိုနေကြတာ ကြည်နူးစရာ။ ကျမလည်းပဲ တိတ်တိတ်ကလေး လိုက်ဆိုနေမိတယ်။


ပစ္စဝေက္ခဏာ ဆင်ခြင်ပြီး အလှူရှင်တွေကို မေတ္တာပို့ကြရပါတယ်။ ဒါမှလည်း သူတို့စားတဲ့ ဆွမ်းတနပ်၊ ထမင်းတနပ်ဟာ အလဟဿ မဖြစ်မှာ မဟုတ်လား။ တကယ်ကောင်းတဲ့ စနစ်ပါ။ စားသောက်တော့လဲ ငြိမ်ငြိမ်သက်သက် အိနြေ္ဒရရ စားကြသောက်ကြပါတယ်။ အသက်အရွယ်အရ အလွန်ငယ်သေးတဲ့ ကလေးတွေပေမယ့် ဘဝပေးအခြေအနေအရ ကလေးမဆန်နိုင်တော့ဘဲ တည်ငြိမ်ရင့်ကျက် နေကြရပုံပါ။


သံဃာတော်တွေလည်း အရှေ့ဝိုင်းမှာ တပြိုင်တည်း ဆွမ်းဘုဉ်းပေးကြပါတယ်။ ကျမလည်း အဖွဲ့သားတွေနဲ့အတူ ဆရာတော်ရဲ့ဝိုင်းကို ပါဝင် ဆွမ်းကပ်ခွင့်ရခဲ့လို့ ပီတိဖြစ်မိပါတယ်။ အားလုံးနဲ့အတူ ကုသိုလ်ရေစက် ဆုံကြအုံးမှာပေါ့။

အားလုံးစားပြီးတဲ့အခါ ကျမတို့ စားကြပါတယ်။ ပါလာတဲ့ ဒန်ပေါက်တွေရယ်၊ ကျောင်းက ချက်ထားတဲ့ ကြာဆံကြော်ရယ်၊ ဂေါ်ဖီချဉ်၊ ငံပြာရည်နဲ့ ပုဇွန်ခြောက်ကြော်ရယ် ... ဝါးကြမ်းခင်းပေါ်မှာ အားရပါးရ ထိုင်စားကြရင်း စားလို့မြိန်တဲ့ နေ့လည်စာတနပ် ဖြစ်ခဲ့ရပါတယ်။


စားသောက်ပြီးတဲ့နောက် ရင်ငြိမ်းမေတ္တာအဖွဲ့ကို ကူညီအားဖြည့်ပေးတဲ့ Youth Doctor လူငယ် ဆရာဝန်အဖွဲ့က ကိုရင်တွေ ကျောင်းသားတွေ ဦးဇင်းတွေရဲ့ ကျန်းမာရေးကို စစ်ဆေးပြီး အားဆေး သံချဆေးအပါအဝင်လိုအပ်တဲ့ ဆေးဝါးတွေ လှူဒါန်းခဲ့ကြတယ်။ သူတို့ကို ပေါင်ချိန် အရပ်တိုင်း နာမည် အသက် စာရင်းမှတ်တဲ့ နေရာမှာ ကျမလည်း ဝိုင်းပြီး ကူညီ ပေးခဲ့ပါသေးတယ်။ 


အများစုက ကရင်တိုင်းရင်းသားလေးတွေမို့ မြန်မာလို ရေလည်အောင် မပြောတတ်ကြပါဘူး။ ကိုရင့်ဘွဲ့နာမည်မေးလို့ ပြောလဲ နားမလည်၊ အသက်မေးလဲ နားမလည် ဖြစ်နေတာမို့ နောက်ဆုံး ကရင်လိုရော မြန်မာလိုပါ ရေလည်အောင် ပြောနိုင်တဲ့ စကားပြန်ကောင်လေး တယောက် အနားခေါ်ထားရတယ်။ တချို့ကလည်း ပေါင်ချိန်စက်ကို ပြောင်းပြန်တက်လိုတက်၊ တချို့ကလည်း တက်ရမှာ ကြောက်လိုကြောက်၊ တချို့ကတော့ နင်းတယ်ဆိုရုံလေး ဖြတ်နင်းသွားလိုသွား လုပ်နေကြတဲ့ သူတို့ကို ကြည့်ပြီး ကျမတို့မှာ သနားလည်း သနား၊ ရယ်လည်း ရယ်မိတယ်။

ဆရာတော်ကို ဝါဆိုသင်္ကန်းကပ်၊  ရေစက်ချ တရားနာပြီး ၃၁ ဘုံသားအားလုံးကို အမျှဝေခဲ့တယ်။ ကြုံတောင့် ကြုံခဲ ကုသိုလ်ပါဝင်ခွင့်ရခဲ့တာမို့ ကျမအတွက်တော့ ဒီကနေ့ဟာ ပျော်စရာ ကြည်နူးစရာ ကောင်းတဲ့ မမေ့နိုင်တဲ့ နေ့တနေ့ပါပဲ။



မပြန်ခင်မှာ ခဏတဖြုတ်နားပြီး အမှတ်တရ အုပ်စုဓာတ်ပုံရိုက်ကြတယ်။ အားလုံးရဲ့ စိတ်နှလုံးမှာ ကုသိုလ်တွေ ကိန်းအောင်းနေတာမို့ မျက်နှာမှာလဲ အပြုံးတွေ ကိုယ်စီနဲ့ ... ။ 



ပြန်တော့မှာမို့ တဖက်က ကျောင်းဆောင်လေးတွေကို ဓာတ်ပုံရိုက်ခဲ့တယ်။ ကြည့်ပါအုံးလေ ... ဒီကျောင်းဆောင်ကလေးတွေမှာ ... သံဃာနဲ့ ကိုရင် စုစုပေါင်း ၅၅ ပါး၊ ကျောင်းသား ၃၂ ယောက် မှီခိုနေထိုင် နေကြရတယ်။ မိုးရွာရွာ နေပူပူ ငြူစူလို့လည်း မရ ... ။ မိုးရွာတော့ ရွှံ့ထူ၊ နေပူရင် ဖုန်ထ ဒီလိုဘဝမှာ နေနေကြရသူတွေ ... ။


သောက်သုံးရေနဂိုက မရှိသေးဘူး။ အခုမှ ဒီရေတွင်းလေး ပြီးလို့ အဆင်ပြေသွားတယ်လို့ ဆိုပါတယ်။  အစစအရာရာ လိုအပ်ချက်တွေနဲ့ အခက်အခဲကြားက ရုန်းကန် တည်ဆောက်ထားတဲ့ ကျောင်းငယ်ကလေးရှေ့မှာတော့ သာသနာ့အလံ တလူလူလွင့်လို့ ... ။


ရေစပ်စပ် လယ်ကွက်ထဲက ကျောင်းငယ်လေးကို နှုတ်ဆက်ပြီး ပြန်ခဲ့ကြတယ်။ အပြန်လမ်းမှာတော့ ရာသီဥတုက သာသာယာယာ၊ အားလုံးကလည်း ကုသိုလ်ပီတိတွေနဲ့ ပျော်ပျော်ရွှင်ရွှင်၊ နောက်တခေါက် သွားမယ့်နေရာကို ခုကတည်းက တိုင်တိုင်ပင်ပင်။ သြော် ... ပရဟိတစိတ်ဓာတ်ဆိုတာ ငွေကြေးပြည့်စုံတိုင်းလည်း မရှိနိုင်ပါလားလို့ တွေးရင်းနဲ့ ဒီကနေ့ပြုခဲ့တဲ့ ကောင်းမှုကုသိုလ်လေးကို အထပ်ထပ် ဆင်ခြင်ရင်း ကြည်နူးပီတိတွေနဲ့ ကျမ အိမ်ပြန်ခဲ့ပါတယ်။
***
မေဓာဝီ
၇ ၊ ဇူလိုင် ၊ ၂၀၁၅
၁၃း၄၅ နာရီ

2 comments:

linthuriyanwe said...

ဝမ်းသာ ပီတိဖြစ်မိပါတယ်။

Maung Myo said...

မြို့ပြရဲ့ မွန်းကြပ်မှုကတော့ သာယာတဲ့ အထိအတွေ့ပတ်ဝန်းကျင်လေးရလိုက်တာကော ကုသိုလ်ကောင်းမှု အတွက်ပါ ၀မ်းသာမိပါတယ် အစ်မရေ ။