Thursday, July 02, 2015

ငပျင်း ဖတ်စာ



“ငပျင်း ဖတ်စာ”

ကျနော်ဟာ ငပျင်းပါ -
မနက်စောစောအိပ်ရာက … ထချင်မှလဲထတယ်။
မနက်စာနဲ့ ညစာ … တခါတခါ ရောစားတယ်။
ဈေးမဝယ် ဟင်းမချက် … ကော်ဖီတခွက်နဲ့ အသက်ဆက်ချင် ဆက်တယ်။

ကျနော်ဟာ ငပျင်းပါ -
အများနဲ့ ရောနှော … စကားတွေပြောရမှာ ပျင်းတယ်။
ဟိုသတင်း ဒီအတင်း … ငြင်းခုန်ရမှာလဲ ပျင်းတယ်။
ခြေကန် လေထန် … ဝေဖန်ရမှာလဲ ပျင်းတယ်။

ကျနော်ဟာ ငပျင်းပါ -
လူတကာကို မနာလို … ဝန်တိုရမှာလဲ ပျင်းတယ်။
လိမ်ညာလှည့်ဖျား … မာယာနဲ့ကစားရမှာ ပျင်းတယ်။
လူတွေကိုခုတုံးလုပ်ပြီး … အမြင့်ကြီးတက်ဖို့လဲ ပျင်းတယ်။

ကျနော်ဟာ ငပျင်းပါ -
ခေါင်းပုံဖြတ် အမြတ်ကြီးစား … လောဘထားရမှာ ပျင်းတယ်။
မျက်ထောက်နီ သံကုန်ဟစ် … ဒေါသဖြစ်ဖို့လဲ ပျင်းတယ်။
မာနတွေထောင်လွှား … ကြွားဝါဖို့လဲ ပျင်းတယ်။

ကျနော်ဟာ ငပျင်းပါ -
ပျင်းတဲ့အခါ တခါတလေ … ကဗျာတွေတော့ ရေးတယ်။
ဘုရားရှိခိုး မေတ္တာပွါး … အားတဲ့အခါ စာဖတ်တယ်။
ဟိုတွေးဒီတွေး … တခါတလေလဲ စာရေးတယ်။

ဟုတ်ကဲ့ … 
ငပျင်းဟာ ကျနော် ...
ကျနော်ဟာ ငပျင်းပါ ...
အဲဒီလိုပျင်းဖို့အတွက် ရင်းနှီးလိုက်ရတာတွေ …
ပြန်ပြောနေရမှာ ပျင်းတယ် ... ။ ... ။ 
***
မေဓာဝီ
၂ ဇူလိုင် ၂၀၁၅
၁၂း၂၂ နာရီ


2 comments:

Aunty Tint said...

တီတင့်လဲ ငပျင်းပါ ... :P
ဒီကနေ့ မမေရဲ့ ကဗျာလေးတွေဖတ်ခွင့်ရသွားပြီ ...

ဝေ ဖြိုး လှိုင် said...

ကျွန်တော်လည်း ငပျင်းဖြစ်ချင်တယ်