Friday, April 12, 2013

ရင်မခုန်တော့ပြီ သင်္ကြန် ...



အကြိုနေ့က အတာအိုး ...
နှစ်ဆန်းတရက်မှာ ညှိုးသွားတယ် ...

မနက်ဖြန်ဆို သင်္ကြန်အကြိုနေ့ ရောက်ပြီ ... သိကြားမင်းကို ကြိုကြပြီပေါ့။ အပေါ်က ဓာတ်ပုံလေး နှစ်ပုံက မနှစ်က သင်္ကြန်တုန်းက ရိုက်ထားခဲ့တဲ့ ပုံလေးပါ။ အကြိုနေ့က လန်းဆန်းနေတဲ့ အတာအိုးလေး နှစ်ဆန်းတရက်နေ့မှာ နွမ်းသွားသလိုပဲ ... သင်္ကြန်ရဲ့ အဝေးမှာတုန်းက ဒီလိုအချိန်ရောက်တိုင်း ရင်ခုန် တမ်းတ အလွမ်းကြီး လွမ်းခဲ့ရပေမဲ့ တကယ်တမ်း သင်္ကြန်နဲ့ ကြုံရတဲ့အခါမှာတော့ ... ။
***

"ရင်မခုန်တော့ပြီ သင်္ကြန်"
 
အဝေးက မှန်း
အဝေးက တမ်း
အဝေးက လွမ်းခဲ့ရဖူးတယ် ... ။
 
သင်္ကြန်ရဲ့ အဝေးမှာ
အတာရေ အေးအေး
ပျံ့မွှေးတဲ့ ပိတောက်
လွမ်းလောက်တဲ့ တေးချိုချို
မန်းတောင်ရိပ်ခို ဆိုညည်း
အလွမ်းတွေ ဖိစီးလို့ ... ။

တကယ်တမ်း သင်္ကြန်  ...
နန်းမဆန် မန်းဟန်ကင်း
အပြင်းစား ဂီတ
မြူးကြ မူးကြ ရူးကြ
စူးရှတဲ့ နေရောင်အောက်
တောက်လောင် နေလိုက်ကြတာ
ဒါ ... ရိုးရာ သင်္ကြန်တဲ့လား ...
သြော် ... သင်္ကြန်ခါးခါးရယ် ... ။
 
အဝေးက မှန်း
အဝေးက တမ်း
အဝေးက လွမ်းခဲ့ပေမဲ့
သင်္ကြန်နဲ့ အနီးကပ်
ရင်ခုန်သံတွေ ရပ်ခဲ့တယ် ... ။ ... ။ 
***
မေဓာဝီ
၁၂၊ ဧပြီ၊ ၂၀၁၃
၂၂း၀၀ နာရီ (မြန်မာစံတော်ချိန်)
(မနှစ်က သင်္ကြန်သို့ ... )
 
အားလုံးပဲ ... ငြိမ်းချမ်းပျော်ရွှင် ကြည်နူးတဲ့ မြန်မာနှစ်သစ်ကူး သင်္ကြန်ဖြစ်ပါစေ .... ။ 

5 comments:

Anonymous said...

နှစ်သစ်ကူးမှာ ငြိမ်းအေးပါစေ...

San San Htun said...

မင်္ဂလာနှစ်သစ် ဖြစ်ပါစေ...

ညီလင်းသစ် said...

သင်္ကြန်နဲ့ မကြုံရတာ နှစ်တွေ အတော့်ကိုကြာပြီမို့ ခုနေခါ ပြန်တွေ့ရရင် မမေလိုပဲ ခံစားမိမလား မပြောတတ်ဘူး..၊း) ကျနော် နောက်ဆုံး ကြုံခဲ့ရတဲ့ သင်္ကြန်ကတောင် အပြင်းစားသင်္ကြန် ဖြစ်နေခဲ့တာ မှတ်မိတယ်...၊း)

ဘယ်လိုပဲဖြစ်ဖြစ် အေးချမ်းငြိမ်သက်သော သင်္ကြန်ရက်များနဲ့အတူ မင်္ဂလာရှိသော မြန်မာ့နှစ်သစ်ကူး ဖြစ်ပါစေလို့ နှုတ်ခွန်းဆက်ပါတယ် မမေရေ....။

အိမ့်ချမ်းမြေ့ said...

မမေရယ်....

ရင်တော့ခုန်စေချင်ပါသေးတယ်..
မလေးတောင် ရင်မခုန်တာကြာပေမယ့်
ဒီနှစ် သင်္ကြန်အိုးလေးထိုးလိုက်တာ..
အနည်းငယ်ပြန်ရင်ခုန်လာခဲ့ပါတယ်..

မင်္ဂလာသင်္ကြန်ပါ.. မမေ...
ပျော်ရွှင်ခြင်းပြည့်ဝပါစေ..

ချစ်တဲ့...
မလေး

တန်ခူး said...

မေရေ. အမအတာအိုးလေးကတော့ သပြေနဲ့ တမာခက်လေးပဲရှိတယ်. သင်္ကြန်နဲ့ သူစိမ်းပြင်ပြင်ဖြစ်နေတာကြာပေါ့. တူ့နဲ့ နန်းဆန်တဲ့ သင်္ကြန်ကို အမလဲလွမ်းဆဲ.