Thursday, April 04, 2013

ချမ်းမြေ့ရိပ်သာ တပတ်တာ ...

ပျော်မမွေ့နိုင်ဘု၊
ဓလေ့ကိုတဲ့ ငြီးတော့တယ်။
 
ကိုင်ပုတီး၊
သစ်သီး ညှာအကြွေနဲ့၊
မေဓာဝေ သူတို့ထုံးလို၊
ဘုန်းမွေ့တော့မယ်။
 
ရုပ်ခန္ဓာ အကောင်ပုပ်ကိုလ၊
စက်ဆုပ်လို့ ငြိမတွယ်၊
ဖြတ်မယ်ပ ခင်လေး။
 
ဘာဝနာ၊
သစ်နက်ကယ် လျှော်တေဟာနှင့်၊
မန်းသေလာ တောင်အကွေ့မှာလ၊
ယနေ့ပင် တ၀ါဆိုတော့မယ်၊
ယဉ်နဂို ညိုညိုနုရယ် ...
မင်း သာဓုပေး ... ။ ... ။
(ဦးပုည - သံဝေဂ လေးဆစ်)
***
တကိုယ်ကောင်းဆန်တယ်ပဲ ပြောပြော ... အပူတောကနေ ကိုယ်လွတ်ရုန်းပြီး "ဝေးရာ"ကို ခေတ္တခဏ ပြေးခွါသွားတဲ့ မေဓာဝီတယောက် နီးရာကို ပြန်ရောက်လာပါပြီ။ တလောက ရေးခဲ့တဲ့ "ကျမရဲ့ နွေ" ပို့စ်မှာ နွေနေပူပေမဲ့ ပီတိတွေနဲ့ အေးချမ်းလို့ ... ဆိုပြီး ရေးခဲ့ပြီးမှ ... အစစ အရာရာ စိတ်ရှုပ်ထွေးစရာတွေနဲ့ ကြုံလာခဲ့ရတယ်။ တိုင်းရေးပြည်ရေး ... စီးပွါးရေး ... အိမ်တွင်းရေး ... ကိုယ်ရေးကိုယ်တာ ... နေရာတကာမှာ စိတ်ရှုပ်စရာလေးတွေ ဟိုတစ ဒီတစက များလာတော့ စိတ်တိုလိုက် ... စိတ်အားငယ်လိုက်နဲ့ ... ဒေါသတွေ တက်လိုက် ကျလိုက် ဖြစ်နေလိုက်တာ ... ပူလောင်လို့ ... ။ ပူလောင်လွန်းတဲ့ ဒဏ်ကို မခံနိုင်တဲ့ တရက်တော့ အိမ်နားက ဘုရားမှာ ခဏသွားပြီးထိုင်ရင်း အေးချမ်းတဲ့ အရသာကို ခံစားရတဲ့အခါ ... ဒီ့ထက်ဒီ အေးချမ်းရာကို ရှာဖို့ ... ကျမအတွက် break တော့ လိုအပ်နေပြီလို့ သိလိုက်တယ်။ ၂၀၁၂ ရဲ့ အောက်တိုဘာ ၂၁ ရက် ဘိလပ်က ပြန်ရောက်ကတည်းက တရက်မှ မနားဘဲ ဆက်တိုက်လှုပ်ရှားခဲ့တာ ... အဲဒီနေ့ မတ်လ ၂၀ ရက်နေ့ကဆို ငါးလပြည့်ပြီပေါ့။  
 
အိမ်ပြန်ရောက်လို့ ပြက္ခဒိန်ကြည့်တော့ မတ်လ ၂၆ နဲ့ ၂၇ ရက်က ဆက်တိုက်ပိတ်ရက် ဖြစ်နေတာနဲ့ ကျမ အသက်ရှူနည်းနည်းချောင်သွားတယ်။ ဒါနဲ့ပဲ ၂၄ ရက်နေ့ တနင်္ဂနွေနေ့ကနေ ၂၉ ရက် သောကြာနေ့ထိ ငါးရက်လောက် ရိပ်သာဝင်လိုက်အုံးမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ၀င်မယ့် နေရာကို မြို့ပြရဲ့ အရိပ်က ကင်းလွတ်အောင် မှော်ဘီက ချမ်းမြေ့ရိပ်သာမှာ ၀င်ဖို့ရွေးချယ်လိုက်ပါတယ်။ ၁၉၉၁ ခုနှစ် ပထမဆုံး ရိပ်သာစ၀င်ဖြစ်တာလည်း ချမ်းမြေ့ရိပ်သာမှာပါပဲ၊ အဲဒီတုန်းကတော့ ကမ္ဘာအေးချမ်းမြေ့ရိပ်သာပါ။ ၂၀၀၄ ခုနှစ် ဧပြီလတုန်းကတော့ မှော်ဘီချမ်းမြေ့ရိပ်သာမှာ သီလရှင်ဝတ်ခဲ့ဖူးတယ်။ အခု ၉ နှစ်အကြာမှာ ယောဂီအနေနဲ့ ဒုတိယအကြိမ် မှော်ဘီချမ်းမြေ့ရိပ်သာကို ပြန်ရောက်ရခြင်းပါ။
***
ချမ်းမြေ့ရိပ်မြုံ နားခိုလှုံ ...
 
နှုတ်ဆက်ချိန်လေး ...
 
ဒီလိုနဲ့ မတ်လ ၂၄ ရက် မနက်မှာ အဝေးရောက် မိဘနှစ်ပါးကို အွန်လိုင်းကနေ နှုတ်ဆက်တော့ အမေက "တရားထူးရရင် အမေ့ကို အရင်ဟောနော်" ... တဲ့၊ :) အဖေကတော့ "ရတဲ့အချိန်လေးမှာ အကျိုးရှိရှိ ဖြစ်အောင် လုပ်ပါ" ... တဲ့။ အစ်ကိုတယောက်လို လေးစားချစ်ခင်ရသူ တဦးကတော့ "မေ ... ကြိုးစားနော် ... အရာရာ အောင်မြင်ပါစေ" ... တဲ့ ... စသဖြင့် မှာတမ်းတွေ ချွေပါတယ်။
 
အားလုံးကို ကျေးဇူးတင်စွာ နှုတ်ဆက်၊ မနက် ၉ နာရီမထိုးခင် လိုအပ်တဲ့ ပစ္စည်းပစ္စယလေးတွေ ယူဆောင်ပြီး မှော်ဘီကို သွားခဲ့တယ်။ မှော်ဘီချမ်းမြေ့ရိပ်သာ ကျောင်းကို ရောက်တော့ ၁၀ နာရီ ကျော်ကျော် ... ။ ကျောင်းထိုင်ဆရာတော် ဦးကိတ္တိကို ဂါရ၀ပြု လျှောက်ထားပြီး ရုံးခန်းမှာ နာမည်စာရင်းသွင်းရတယ်။ အဲဒီနေ့မှာ မင်္ဂလာဆောင် အလှူနဲ့တိုးနေလို့ ထောပတ်ထမင်းတို့ ရေခဲ့မုန့်တို့ စားလိုက်ရသေးတယ်။ ယောဂီမဖြစ်ခင် အမှတ်လွတ် စားရတဲ့ နောက်ဆုံးထမင်းပွဲလေး ဆိုပါတော့။ ရုံးခန်းရောက်တော့ နာမည်စာရင်းသွင်းပြီးတဲ့အခါ အဆောင်သော့နဲ့ ယောဂီခြင်ထောင်လေး တလုံးပေးပါတယ်။ ယောဂီတဦးအတွက် ဆွမ်းစရိတ်က တရက်မှ ၅၀၀ ကျပ်ထဲပါ။ ကျမက ၅ ရက်ထဲ နေမယ် စိတ်ကူးပေမယ့် ပိုပိုသာသာ ၅၀၀၀ ကျပ် သွင်းထားခဲ့လိုက်တယ်။ 
 ***
အဆောင်သူ ...
 
မေဓာပျော်တဲ့ ကျောင်းသင်္ခမ်း
ကျမနေရမယ့် အဆောင်က ဂျပန်ကျောင်းဆောင်တဲ့။ အဆောင်လေးတွေကို နာမည်တွေ ပေးထားတယ်။ မလေးရှားဆောင်၊ စင်္ကာပူဆောင်၊ ကနေဒါဆောင်၊ အမေရိကဆောင် ... စသဖြင့်ပေါ့။ ကျမနေရမယ့် ဂျပန်ကျောင်းဆောင်လေးရဲ့ အဆောင်နံပါတ်က ၇၂ တဲ့။ တဆောင်မှာ ၂ ခန်းပါပါတယ်။ ကျမက ညာဘက်ခန်းမှာ နေရတယ်။ ဘယ်ဘက်ခန်းမှာက ယောဂီတယောက် ရှိနေနှင့်တယ်။ အိမ်သာနဲ့ ရေချိုးခန်းကတော့ နှစ်ယောက် ရှယ်ပြီးသုံးရတယ်။ ဂျပန်ဆောင်က ဆွမ်းစားကျောင်းနဲ့ နီးသလို တရားထိုင်တဲ့ ဓမ္မာရုံနဲ့လဲ သိပ်မဝေးလှဘူး။ အဆောင်လေးတွေက ဘန်ဂလိုပုံစံ နေချင့်စဖွယ်လေးတွေပါ။ ကျမအခန်းဘေးမှာ ပိတောက်ပင်ကြီးရှိတယ်။ အရှေ့တည့်တည့်မှာတော့ ခရေပင် ... ။ တဖြုတ်ဖြုတ်ကြွေကျတဲ့ ခရေပန်းတွေက ကျမရဲ့ သမာဓိကိုပါ ခြွေချနေသလို ... ။
 
လျောင်းစက်နေရာ တကိုယ်စာ ...
 
အခန်းထဲမှာ ကြမ်းခင်းပါကေး ခင်းထားတယ်။ ကုတင်တလုံးနဲ့ ဖျာတချပ်ရှိတယ်။ ဗီရိုပုလေး တလုံးနဲ့ ကုလားထိုင် တလုံးရှိတယ်။ သူ့ဟာနဲ့သူ သပ်သပ်ရပ်ရပ် လေးပါပဲ။ အခန်းကို သန့်ရှင်းရေးလုပ်၊  ယူသွားတဲ့ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတို့ကို နေရာတကျ စီစဉ် ခင်းကျင်းပြီးတဲ့နောက်  ၀တ်ကြောင်ကို ပယ်ခွါကာ ... ။
 
ဂျပန်ဆောင်မှာ ဒေါ်မေဓာ
***
အသုံးအဆောင် ...

ရိပ်သာဝင်တဲ့အခါ လိုအပ်တဲ့ ဆေးဝါးနဲ့ အသုံးအဆောင်တချို့လဲ မပါမဖြစ် ပါရပါသေးတယ်။ ဒါတောင် မစ္စတာဘင်း(န်) ခရီးသွားသလို အတော်လေး လျှော့ထားရတာပါ။ သွားတိုက်ဆေး တ၀က်ညှစ်ခဲ့တာတို့ ဘာတို့ပေါ့။ :) သွားခါနီး အလုပ်က ကလေးမလေးက တီချယ် ငါးရက်ထဲ ရိပ်သာဝင်မှာကလဲ ပစ္စည်းတွေ များလိုက်တာ ... ဆိုလို့ ပြောခဲ့ရ သေးတယ်။ ငါက ခရီးသွားသလို ဟိုတယ်မှာ တည်းမှာလဲ မဟုတ်ဘူး၊ room service လဲ မရှိဘူး၊ ပိုက်ဆံရှိတောင် ၀ယ်ချင်တိုင်း ၀ယ်လို့လဲ မရဘူး ... လို့။ စွာတာ မဟုတ်ပါဘူး၊ စဉ်းစားကြည့်လေ ... ရိပ်သာမှာ ဘယ်သူ့ကို ပိုက်ဆံပေးပြီး ခိုင်းလို့ရမှာလဲ၊ ကိုယ်လိုအပ်တဲ့ အသုံးအဆောင် ဆေးဝါး ပစ္စည်းဆိုတာ ပိုပိုလိုလို သယ်သွား ရမှာပဲ မဟုတ်လား။

ထွေရာလေးပါး အသုံးအဆောင်များ ...
 
အဲဒါနဲ့ ပတ်သက်ပြီး မသွားခင် ရက်ပိုင်းက အစ်မကြီးကို စိတ်ကောက်ရသေးတယ်။ ကျမ ယူမယ့် ပစ္စည်းတွေ ပြောပြတော့ ... နင်ကလဲ ပစ်ကနစ်ထွက်မှာ ကျနေတာပဲတဲ့၊ ဒါနဲ့ စိတ်ကောက်ပြီး အကုန်ပြန်ချခဲ့တာ။ အဖေနဲ့ အွန်လိုင်းမှာ စကားပြောတော့ သနားအောင် ပြောမိသေးတယ်။ "အဖေရယ် ... ဘုရားလောင်း သိဒ္ဓတ္ထမင်းသားလောက် စည်းစိမ်ခံစားခဲ့ရတဲ့သူ ရှိမလား ... သူတောင် တောထွက်တော့ အိပ်ရာလိပ်တွေဘာတွေ သယ်နေတာ မှ မဟုတ်တာ ... ။ သမီးလဲ ဘာမှမယူတော့ပါဘူး ... တော်ပါပြီ ..." လို့ ... ။ အဖေကတော့ စိတ်ပူစွာ ပြောရှာတယ်။ "ခေတ်ချင်းမတူဘူးသမီး ... စားရ သောက်ရ နေထိုင်ရတာချင်း ကွာတော့ ဘုရားလောင်းတို့ခေတ်က လူတွေက ပိုပြီးကျန်းမာရေး ကောင်းတယ်၊ သစ်တပင် ၀ါးတပင်အောက်လဲ နေနိုင်တယ်၊ သမီးကတော့ အဲဒီလိုနေလို့မရဘူး၊ ဒါကြောင့် လိုအပ်တာတွေ ယူသွားပါ" ... တဲ့။ (ကိုယ်ကလဲ ဒီစကားပဲ ကြားချင်တာပါ။) ဘိလပ်က အစ်မလတ်ကလဲ မသွားခင်ညမှာ ကျမယူသွားသင့်တဲ့ ပစ္စည်းစာရင်းကို ချရေးခိုင်းပြီး မမေ့မလျော့ ထည့်သွားဖို့ အထပ်ထပ်မှာပြန်ပါတယ်။
***
တနေ့တာ အချိန်ဇယား

စုပေါင်း ၀တ်တက် မပြုမီ

မနက်ဆို ၃ နာရီ ၄၅ မိနစ်မှာ လျှပ်စစ်အုံးမောင်း တီးသံကြားရင် အားလုံးအိပ်ရာက ထရပါတယ်။ ၄ နာရီတိတိမှာ ယောဂီအသစ်တွေက အလုပ်ပေးတရား တနာရီ နာရပြီး၊ ယောဂီအဟောင်းတွေ ကတော့ ဓမ္မာရုံကြီးထဲမှာ တရားထိုင်ရတယ်။ ၅ နာရီ ခွဲမှာတော့ အရုဏ်ဆွမ်းစား၊ ပြီးရင် စုပေါင်း ဘုရားဝတ်တက်ပြီး ဓမ္မာရုံထဲနဲ့ ကိုယ့်အဆောင်၊ အဆောင်ဝန်းကျင် သန့်ရှင်းရေး လုပ်ကြရတယ်။ နေ့ဆွမ်းကတော့ ၁၀ နာရီခွဲမှာ စားရပြီး၊ နေ့လည် ၂ နာရီမှာ တရားနာရပါတယ်။ ညနေ ၆ နာရီနဲ့ ၇ နာရီကြားမှာတော့ တရားလျှောက်ရတယ်။ ည ၉ နာရီထိုးရင်တော့ ကိုယ့်အဆောင် ကိုယ်ပြန်ပြီး နားရုံပါပဲ။  ကျန်တဲ့အချိန် အားလုံးမှာတော့ စင်္ကြံတလှည့် ထိုင်တလှည့်နဲ့ မရပ်မနား တရားရှုမှတ်ရပါတယ်။
***
 ဘယ်-ညာ၊ ပိန် - ဖောင်း
ဘယ်-ညာ စင်္ကြံ ရှုမှတ်ဟန်

စင်္ကြံ လျှောက်တဲ့အခါ စစချင်းမှာ ဘယ်လှမ်းတယ် ညာလှမ်းတယ် စမှတ်ရတာပါ။ ကျမက လှမ်းတယ် ဆိုတာတွေ ထည့်ရမှာ ရှုပ်ပါတယ်ဆိုပြီး ဘယ်-ညာ ဘယ်-ညာ နဲ့ လှမ်းနေတာ နောက်မှ ငါ စစ်ချီတက်သလို ဖြစ်နေပါပကော ဆိုပြီး ဘယ်လှမ်းတယ် ညာလှမ်းတယ် ပြန်မှတ်ရတယ်။ ဒါတောင် သတိလွတ်တဲ့အခါ ဘယ်နဲ့ညာ ခြေထောက်ချင်း မှားဆိုနေမိသေးတယ်။ ဘယ်နဲ့ညာ မှားလို့ နောက်ဆို ဆရာတော်က ကောက်ရိုး ခြေထောက်၊ မြက် ခြေထောက်လို့များ မှတ်ခိုင်းမလား မသိ။ ဖောင်းတယ် ပိန်တယ် မှတ်တော့လဲ အတူတူပါပဲ၊ ကျမက အဆိုကိုပဲ ဦးစားပေးနေမိတာ ... ၀မ်းဗိုက်က ဖောင်းချင်ဖောင်း ပိန်ချင်ပိန်၊ စိတ်ထဲက ဖောင်းတယ် ပိန်တယ်ချည်း လှိမ့်ရွတ်နေတော့ အကုန်လွဲကုန်ရော ... ။ သြော် ... သတိ ... သတိ ... ဘ၀မှာ သတိလက်လွတ် နေခဲ့တဲ့အချိန်တွေ များနေတော့ သတိထားရတာ အစပိုင်းမှာ အလွဲလွဲအချော်ချော်နဲ့ပေါ့။
***
ဝါးမြိုခြင်း ...
 
ဆွမ်းကျောင်းပေါ်မှာ ဆိတ်ငြိမ်စွာ ...
စားတဲ့သောက်တဲ့ နေရာမှာ အလွန်ဖြည်းညင်းစွာ သတိနဲ့ မှတ်ပြီးစားကြရပါတယ်။ ဘုန်းကြီးတွေကလည်း တ၀ိုင်းပြီးတ၀ိုင်း လိုက်ကြည့်ရင်း "ယောဂီတွေ အမှတ်နဲ့စားကြနော်"လို့ သတိပေးတတ်သေးတယ်။ ကိုယ့်ကို အဲဒီလို လိုက်ကြည့်နေတော့ စားရသောက်ရမှာ သိပ်မြိုမကျတော့ဘူး၊ စိတ်ကျဉ်းကျပ်သလိုပဲ။ ဒါပေမဲ့ အဲဒီလို လိုက်ကြည့်နေမှလည်း အမှတ်မလွတ်အောင် စားဖို့ သတိရတာမို့ တကူးတက လိုက်စောင့်ကြည့်နေကြတဲ့ ဘုန်းဘုန်းတွေကို ကျေးဇူးတင်မိပါတယ်။ ဝေယျာဝစ္စ ယောဂီတွေ သီလရှင်တွေကိုလည်း ကျေးဇူးတင်ဖို့ အလွန်ကောင်းပါတယ်။ ကိုယ့်လက် ကိုယ့်ခြေ မြှောက်စရာတောင် မလိုဘဲ လိုလေသေးမရှိ ဘေးကနေ ထည့်ပေးပြုပေးကြတယ်။
ဝါးရင် ၀ါးတယ်လို့ မှတ်ပြီး ၀ါးရင်းဝါးရင်းနဲ့ ၀ါးဖတ်တော် ကဆီနှစ်တွေကို မြိုမပစ်ချင်လောက်အောင် ဖြစ်တတ်တာကို ဟိုးငယ်ငယ်က အတွေ့အကြုံအရ သိထားနှင့်တာမို့ အနှစ်ပေါက်အောင် ၀ါးပြီး မှတ်မနေတော့ပါဘူး။ ၀ါးတယ် ... ၀ါးတယ် ... ၀ါးတယ် .. ပြီးတော့ မြိုတယ် ... ဂလု ... ။ အဲ ... အမှတ်နဲ့ မြိုချလိုက်တာ ဂလုခနဲ လည်ချောင်းထဲ ၀င်သွားရော ... ။ အမှတ်နဲ့ စားတာဆိုတော့ ချိုသည် ခါးသည်လဲ မသိတော့ပါဘူး။ ထည့်ထားတဲ့ တပန်းကန် ကုန်အောင် တလှုပ်လှုပ် ၀ါးလိုက် မြိုလိုက်နဲ့ ဆွမ်းကိစ္စ ပြီးခဲ့ရတာပါပဲ။ ဆွမ်းစားကျောင်းရဲ့ လှေခါးထစ်က ဆင်းပြီဆိုရင်တော့ သက်ပြင်းကြီးကြီး အမြဲလိုလို ချဖြစ်တယ်။
***
အသံတွေ ကြားနေရတယ် ...

ချမ်းမြေ့တိတ်ဆိတ် သစ်ဝါးရိပ်
နေခဲ့တဲ့ ရက်သတ္တ တပတ်တာအတွင်း အမှတ်တရဖြစ်စရာ အသံတွေလဲ ရှိပါသေးတယ်။ လျှပ်စစ် အုံးမောင်း တီးသံလိုမျိုး မနက်စောစောစီးစီး ရင်ကို ဗရမ်းဗတာ လှုပ်ရှားစေတဲ့ အသံမျိုးအပြင် မိုက်ခရိုဖုန်းနဲ့ အော်တယ် ထင်ရလောက်အောင် ကျယ်လောင်တဲ့ ဓမ္မာရုံထဲက တောက်တဲ့အော်သံ၊ ကျောင်းခွေးကြီးတွေရဲ့ ဆွဲဆွဲငင်ငင် အူသံ၊ ညဘက် တရေးနိုး အိပ်ရာထဲကနေ ကြားရတဲ့ အဆောင်ခေါင်မိုးပေါ်ကို သစ်ရွက်တွေ အသီးတွေ တရှဲရှဲ တဖြုတ်ဖြုတ် ပွတ်တိုက်ပြုတ်ကျသံတွေ ... ။ ချိုးကူသံ ... ဥသြသံတွေ ... ။ ဥသြသံဆိုလို့ ...  ဟိုးအဝေးက ခပ်သဲ့သဲ့ ဥသြသံမျိုးက လွမ်းစရာကောင်းနိုင်ပေမယ့် အနားနား ကပ်အော်တဲ့ ဥသြသံမျိုးကိုတော့ဖြင့် ဘယ်လို လွမ်းရမယ် မသိတော့ပါဘူး။ တကယ်ပါ ... မပြန်ခင်တနေ့လည်ခင်း ဥသြတကောင် ဓမ္မာရုံအနားက သစ်ပင်ပေါ် လာအော်နေလိုက်တာ ... ဒီလောက် အသံကျယ်တဲ့ ဥသြသံ ဒီတခါပဲ ကြားဖူးပါသေးတယ်။

ဒါ့အပြင် တပေါင်းလပြည့်မတိုင်ခင် အဖိတ်နေ့က ဘယ်နားမှာ ဇာတ်ပွဲက'နေလဲ မသိပါဘူး။ လေသင့်တိုင်း သီချင်းသံတွေက အကျယ်ကြီးကို ကြားနေရတာ၊ ကြားရင် ကြားတယ်လို့ မှတ်ရင်းနဲ့ စိတ်ထဲမှာတော့ ... "ဟင်း ... ဒီမင်းသားအသံက ကောင်းလဲ မကောင်းဘူး၊ ကရုဏာသံလေးနဲ့ သီချင်းဆိုတတ်တဲ့ ဟို ဥရောပရောက် အညာသား ဘလော့ဂါ ဇာတ်မင်းသားကြီး အသံလောက်တောင် နားဝင်ပီယံ မရှိပါလား ..."  စသဖြင့် တွေးနေမိသေး။ နောက်မှ ကမန်းကတန်း ... အတွေးတွေကို ပြန်မှတ်ရင်း ပေါက်ကရ အတွေးတွေက ရပ်တန့်သွားလေရဲ့။
***
သူတော်ကောင်းတို့ အာဝါသ
 
ရိပ်သာရောက်ပြီး ဒုတိယရက်မှာ ကျမစိတ်ထဲ အရမ်းအေးချမ်းပြီး စိတ်ထဲ သိပ်ကြည်နူးလွန်းလို့ ... "သူတော်ကောင်းတို့ အရိပ်အာဝါသက အလွန်အေးချမ်းပါလား ... ဒီလိုနေရာမျိုးမှာ တသက်လုံး နေမယ်ဆိုရင် နေနိုင်ပါတယ် ..." လို့ တွေးမိတယ်။ အင်တာနက်မရှိ၊ ဖုန်းမရှိ၊ ဘာသတင်းမှလဲ မသိ၊ ဘယ်သူနဲ့မှ စကားမပြော အဆက်အသွယ်မလုပ်ဘဲ နေရတဲ့ အရသာက အင်မတန် အေးချမ်းပါတယ်။ ကျမက နာရီမပတ်လို့ အချိန်သိဖို့နဲ့ alarm လုပ်ဖို့ ဆက်လို့မရတဲ့ ဘိလပ်နက်ဝေါ့ခ် မိုဘိုင်းဖုန်းလေးတော့ ယူသွားဖြစ်တယ်။  
 
 
နောက်ရက်တွေမှာ အစားအသောက်လဲ ချေးမများ ဇီဇာမကြောင်ဘဲ ဟင်းပွဲထဲ အသားဟင်းပါရင်တောင် မစားဖြစ်တော့ဘူး၊ အရွက်ကြော်တမျိုးမျိုးနဲ့ အရည်သောက် လောက်ပဲ စားဖြစ်တော့တယ်။ အစက ၅ ရက်ထဲ နေမယ် စိတ်ကူးခဲ့ပေမယ့် အစ်မကြီးဆီ ဖုန်းဆက်တော့ သူ အဆင်ပြေတယ် ... တပတ်နေချင် နေ ... ဆိုတဲ့ အခွင့်ရတာနဲ့ တပတ်နေမယ်လို့ စိတ်ကူးလိုက်တယ်။ အဲ ... ဖြစ်ချင်တော့ အဲဒီလို ပြောပြီး နောက်တရက်မှာ ကျမ ဗိုက်တွေနာပြီး ၀မ်းပျက်ပါလေရော ... ။


တရားရိပ်လှုံ ဓမ္မာရုံ ...
 
နေမကောင်းဘူးဆိုရင် လူက အိမ်ကို သတိရစိတ် ဖြစ်လာတယ်၊ ၅ ရက်ပြည့်ရင် အိမ်ပြန်ရ ကောင်းမလား ... အိမ်ကို ဖုန်းဆက်ရင် ကောင်းမလား ... စသဖြင့် တွေးမိတယ်။ ဒါပေမဲ့ ... နောက်တခါ ဒီလိုအခွင့်အရေးရဖို့ ဆိုတာ လုံးဝမလွယ်တာမို့ ... မပြန်ဘူးလို့ အားတင်းပြီး ပါလာတဲ့ ဆေးတွေသောက်၊ ဓာတ်ဆားရည်တွေသောက်ပြီး ရှုမှတ်မှုလဲ မပျက်စေရဘဲ အဲဒီတရက်တာကို အပင်ပန်းခံ ကျော်ဖြတ်လိုက်တယ်။  နောက်တနေ့ အိပ်ရာအထမှာတော့ မနေ့က ခံစားရတဲ့ ဝေဒနာ အားလုံး ရှင်းရှင်းလင်းလင်း ပျောက်သွားပါတယ်။ တရားရဲ့ အာနိသင်အစွမ်းကြောင့်ပဲ ထင်ပါရဲ့ ... ဘာမှ မဖြစ်တော့ဘူး။
***
စိတ်အနှောက်အယှက် ဖြစ်စရာတချို့


ကျမ ရှိတဲ့အချိန်မှာ အမျိုးသမီး ယောဂီစုစုပေါင်းမှ ၂၅ ယောက်လောက်ပဲ ရှိတယ်၊ အမျိုးသား ယောဂီနဲ့ နိုင်ငံခြားသား ယောဂီ၊ ဒုလ္လဘ ဘုန်းကြီးတွေပေါင်းရင် ၃၅ ယောက်လောက်ပါပဲ။ အများအားဖြင့် လူလတ်ပိုင်းတွေ များတာမို့ အားလုံးက သိတတ်စွာ ငြိမ်ငြိမ်ဆိမ်ဆိမ် နေကြပေမယ့် အငယ်ဆုံး ဆယ်ကျော်သက် ယောဂီပေါက်စလေး တယောက်ကတော့ဖြင့် တော်တော်လေး လက်လက်ထရှာတယ်။ ခြေသံတဒုန်းဒုန်းနဲ့ လမ်းလျှောက်တဲ့အပြင် ဓမ္မာရုံထဲ ပြေးနေသေးတယ်။ အဆိုးဆုံးကတော့ ကျောင်းက ခွေးနက်ကြီးနဲ့ ကော်ရစ်ဒါမှာ စိမ်ပြေးတမ်း ကစားနေတာပဲ။ (ဘုန်းကြီးတွေလဲ မသိဘူး ထင်ပါရဲ့။)

နောက်တခုက ကျမရဲ့ တဆောင်ထဲနေသူ အမျိုးသမီးပါ။ ရက်ပြည့်လို့ ပြန်သာသွားရော ကျမတို့ချင်း စကား မပြောဖြစ်ကြပါဘူး။ စကားပြောခြင်းဟာ အပြစ်အကြီးဆုံးလို့ ဆိုထားတာကြောင့် ကျမ ရိပ်သာနေစဉ် ဘယ်သူနဲ့မှလဲ စကားမပြောဖြစ်ဘူး၊ မိတ်ဆွေလဲ မဖြစ်ခဲ့ဘူး၊ အဲ ... သူကတော့ အဆောင် ပြန်ရောက်လို့ ခဏတဖြုတ်နားချိန်ဆို မိုဘိုင်းဖုန်းတလုံးနဲ့ သူ့အလုပ်ထဲကို ဖုန်းဆက်ပါလေရော။ အသံကျယ်ကြီးနဲ့ ရှိသမျှ ရုံးသူ ရုံးသားတွေဆီ ဖုန်းလွှဲခိုင်းပြီး တယောက်ပြီး တယောက်နဲ့ ပြောတယ်။ ဒီအသံတွေနဲ့ ကင်းဝေးအောင် ထွက်ပြေးလာခါမှ ပြန်ကြားနေရလို့ အဲဒီအချိန်တွေမှာ စိတ်အနှောက်အယှက် ဖြစ်ခဲ့ရတယ်။ ယောဂီဝတ်မယ့်သူတွေ ဆင်ခြင်စရာပါ ... ။
***
မပြန်ခင် ...


ညဥ့်မှာကြွေတဲ့ ပန်းခရေ ...
ဒီလိုနဲ့ တရက်ပြီးတရက် ရှုမှတ်တဲ့အခါ ပိုပြီး စိတ်တည်ငြိမ်လာပေမယ့် နောက်ဆုံးမှာတော့ ပြန်ရမယ့် ရက်ကို ရောက်လာပါပြီ။ စိတ်ထဲမှာလဲ မကောင်းဘူး။ ဒီနေရာ ဒီဌာန ဘယ်အခါမှ ပြန်လာရပါ့မလဲ ... တွေးရင်း မပြန်ခင် အလှူဒါနလေးတွေ ကိုယ်တတ်နိုင်သလောက် ပြုဖြစ်ခဲ့တယ်။  နေ့စဉ် တံမြက်စည်းလှည်းတိုင်း အဆောင်ရှေ့ ခရေပင်ကြီးဆီက ကြွေကျတဲ့ ခရေပွင့်လေးတွေကို လှည်းကျင်းရတဲ့အခါ "ငါ့ကို ခွင့်လွှတ်ပါ ခရေတို့ရေ ..." လို့ တိတ်တိတ်လေး ဆုတောင်းမိခဲ့တဲ့ ကျမဟာ မပြန်ခင်တော့ ခရေပန်းတွေ အ၀ကောက်ပြီး လက်သုတ်ပုဝါလေးနဲ့ ထုတ်ယူသွားခဲ့တယ်။


တပတ်တာ ဘာဝနာ ပွါးများရာ ...
နောက်ဆုံး တရားထိုင်တဲ့ တနင်္ဂနွေ မနက်ခင်းမှာ တရားဖြုတ်တော့ ကျမထိုင်နေကျ နေရာလေးကို အမှတ်တရ ဓာတ်ပုံရိုက် ယူဖြစ်ခဲ့တယ်။ လွယ်အိတ်တလုံးနဲ့ ရေတဗူးကို ဘေးမှာထားပြီး တပတ်တာ တရားထိုင်ခဲ့တဲ့ နေရာလေး ...၊  အစွဲအလမ်းကြီးတယ်ဆိုဆို ... ဒီနေရာလေးကို ကျမ လွမ်းနေအုံးတော့မှာပါပဲလေ ... ။ 
***
ပတ်စာခွါ ဖျာသိမ်း ...
 
မတ်လ ၃၁ ရက်၊ တနင်္ဂနွေနေ့ မနက် ၈ နာရီ မထိုးခင်မှာ တော့ အားလုံး သိမ်းဆည်းထုပ်ပိုးပြီး ပြန်ဖို့ အသင့် ဖြစ်နေပါပြီ။ ကျမကို လာကြိုမယ့် ကားကို စောင့်ရင်း ကျောင်းဝင်းထဲ လှည့်ပတ်ပြီး ပါလာတဲ့ မိုဘိုင်းဖုန်းလေးနဲ့ ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့သေးတယ်။
 
အိမ်ပြန်ဖို့ပင် အထုတ်ပြင် ...

ချမ်းမြေ့ရိပ်သာ ကျောင်းကို တည်ထောင်သူ ချမ်းမြေ့ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ၊ ကျောင်းထိုင် ဆရာတော် ဦးကိတ္တိအပါအ၀င် သံဃာတော်များ၊ ဝေယျာဝစ္စ သီလရှင်များ၊ ယောဂီများ၊ ဝေယျာဝစ္စ ဗိုလန်တီယာ လာရောက်လုပ်ကိုင် ပေးကြသူ လူငယ် မောင်မယ်များ ... အားလုံးကို ကျေးဇူးတင်စွာနဲ့ မေတ္တာပို့ရင်း လာကြိုတဲ့ကားနဲ့ ကျမ အိမ်ပြန်ခဲ့ပါတယ်။
 
အအေးမှ ... အပူ၊
အငြိမ်မှ ... အလှုပ်၊
အရှင်းမှ ... အရှုပ် ...
သြော် ... ကျင်လည် လှုပ်ရှားရအုံးမည်ပေါ့ ... ။
*** 
မေတ္တာဖြင့် ...
 
မေဓာဝီ
၎၊ ၀၄၊ ၁၃
၂၂း၅၅ နာရီ
 
(မှတ်ချက်။   ။ ခုနစ်ရက်တာ ဖြည့်ကျင့်ခဲ့တဲ့ ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှုအစုစုကို စာဖတ်သူများအား အမျှပေးဝေပါတယ်၊ ပြန်ရောက်တဲ့ နေ့ကတည်းက တင်ဖို့ ကြိုးစားနေတာ ကွန်နက်ရှင် အခက်အခဲ ကြောင့် ဒီနေ့မှပဲ ပြီးပါတော့တယ်၊ ပုံတွေများ စာတွေများလို့ မျက်စိနောက်သွားခဲ့ရင် ခွင့်လွှတ်ကြပါရှင်)

11 comments:

ဘုန်းတောက် said...

လျှပ်စစ်အုံးမောင်းရဲ့အသံကို ကြားဖူးချင်လိုက်တာ။

ဘယ်ညာ၊ ဘယ်ညာနေရာမှာ ရယ်လိုက်ရသေး။

ဖလမ်းဖလမ်းထနေတဲ့ အငယ်ဆုံးယောဂီလေးကိုလည်း ပြုံးဖြစ်အောင် ပြုံးလိုက်မိသေး။

ကျန်းမာပျော်ရွှင်ပါစေ မေဓာရေ...

ညိုလေးနေ said...

သာဓု သာဓု သာဓု ပါ :)

Ma Tint said...

သာဓု သာဓု သာဓု။
တီတင့်လည်း သင်္ကြန်အတွင်းကို ရိပ်သာဝင်ဘို့ စီစဉ်ထားတာ အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားတယ် မမေရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးငွေ့........ said...

သာဓု သာဓု သာဓုပါအစ်မ... အဲလို ငြိမ်ချမ်းတဲ့ ရိပ်သာကို မခိုလုံဖြစ်တာကြာပေါ့

သစ်နက်ဆူး said...

"ဟင်း ... ဒီမင်းသားအသံက ကောင်းလဲ မကောင်းဘူး၊ ကရုဏာသံလေးနဲ့ သီချင်းဆိုတတ်တဲ့ ဟို ဥရောပရောက် အညာသား ဘလော့ဂါ ဇာတ်မင်းသားကြီး အသံလောက်တောင် နားဝင်ပီယံ မရှိပါလား ..." စသဖြင့် တွေးနေမိသေး။ နောက်မှ ကမန်းကတန်း ... အတွေးတွေကို ပြန်မှတ်ရင်း ပေါက်ကရ အတွေးတွေက ရပ်တန့်သွားလေရဲ့။

ကိုယ့် များ ပြောလား မသိ...
အို....... ပြောရင် လဲ ပြောတယ်မှတ်
ဂလု...
ကွန်မန့် ရေးပြီးပြီ.... ပြန်တော့မယ်နော်
ဘယ်ညာ....ဘယ်ညာ...။

တန်ခူး said...

တကယ့်ငြိမ်းချမ်းအကျိုးရှိတဲ့breakလေးပါပဲမေရေ... အဲဒီချမ်းမြေ့ကျောင်းလေးကို ဓာတ်ပုံထဲတွေ့ ကတည်းက အတော်ငြိမ်းချမ်းမှာပဲလို့  ထင်နေတာ... မေ့ဓာတ်ပုံလေးတွေတွေ့ တော့ တရားဝင်ချင်စိတ်ပေါက်သွားတယ်... တရားတန်ခိုးကြောင့် မေ့မှာအင်အားတွေပြည့်သွားမှာပါ... အထူးသဖြင့်စိတ်အင်အားပေါ့နော်... မေ့ဖေနဲ့ မေက အဝေးမှာရောက်နေတာလား... အစစအဆင်ပြေပါစေညီမရေ...

မြသွေးနီ said...

မမေရေ...
ဝမ်းမြောက်စွာ သာဓုခေါ်ပါတယ်.. ကိုယ်တိုင်တော့ ဒီနှစ် ရိပ်သာ ၀င်ဖြစ်ဖို့ ကြိုးစားဆဲပါ...

San Htun said...

လျှပ်စစ်အုန်းမောင်းသံကိုတော့ မကြားဘူးသေးဘူး..မမေ တရားမှတ်တာဖတ်ရင်း ၂၀၀၆၊ ၂၀၀၇ တရားစခန်းဝင်တာ အမှတ်ရသေးတယ်..ပစည်းသယ်တာကိုတော့ ထောက်ခံတယ်..စန်းထွန်းနဲ့ တူလို့း)...သာဓု..သာဓု...သာဓု..

စံပယ်ဖြူ (Jasmine White) said...

စိတ်ကြည်နူးစရာလေးကိုဖတ်လိုက်ရလို့ ကျေးဇူးတင်ပါတယ် အမ။ သာဓုခေါ်ပါတယ်။
(ညီမက တောသူမမျက်လုံးနဲ့ ကြည်တာဆိုတော့ ပစ္စည်းတွေက များနေတယ်။)

ညီလင်းသစ် said...

ဘယ်ညာ၊ ဘယ်ညာ အရောက်မှာ အစီအစဉ်တကျ ဖတ်လာတာတွေ အားလုံး ကမောက်ကမဖြစ်ပြီး အသံထွက် ရယ်မိသွားတယ် မမေရေ...၊းD ကျောင်းကလေးက သစ်ရိပ်၊ ဝါးရိပ်တွေနဲ့ အတော့်ကို အေးချမ်းမယ့် ပုံပဲနော်၊ ရယ်ချင်၊ ပြုံးချင်စရာ အရွှန်းကလေးတွေနဲ့ ရေးသွားတာမို့ မမေရဲ့ ပို့စ်လည်း ဆုံးရော ကိုယ်ပါရောယောင် လွမ်းသွားရတယ်၊ ဗဟုသုတတွေလည်း အများကြီး ရသွားတယ်...၊

အလုပ်တွေများလို့ အခုမှပဲ ရောက်ဖြစ်တော့တယ် မမေရေ..၊ ပျော်ရွှင်ဖွယ်ရာ သင်္ကြန်ရက်များနဲ့အတူ မင်္ဂလာရှိသော မြန်မာ့နှစ်ကူး ဖြစ်ပါစေနော်....။

ဇွန်မိုးစက် said...

အစ်မမေ... အမြဲမရောက်ဖြစ်ပေမယ့် ရောက်တဲ့အခေါက်တိုင်းမှာလည်းတစ်ခါမှ ခြေရာမချန်ခဲ့ဖူးဘူး။ ခုတော့ ချန်ဖြစ်ပြီ။း) ညီမ အစ်မနာမည်ကိုစပြီး ကြားခါစက ဖေဖေ့ကို ကုပေးခဲ့တဲ့ ဒေါက်တာမေဓာဝီများလားဆိုပြီး ထင်ခဲ့သေးတာ။း) နောက်တော့မှ မဟုတ်လောက်ပါဘူး၊ ဟိုဒေါက်တာဆိုရင် မမေခုလောက်ဆို အသက် ၆၀ လောက် ရောက်နေမှာပေါ့လို့ တွေးမိတယ်။ :D
ယောဂီဝတ်လေးနဲ့ အစ်မကိုကြည့်ရတာ အေးချမ်းလိုက်တာ။ ဇွန်တောင် တရားစခန်းမ၀င်ဖြစ်တာ တော်တော်ကြာသွားပြီ။ အစ်မပြုစုအားထုတ်ခဲ့သမျှကုသိုလ်တိုင်းအတွက် သာဓု၊ သာဓု၊ သာဓု လို့ သုံးကြိမ်တိုင်အောင် ခေါ်သွားပါတယ်။း))