Sunday, January 27, 2013

ခက်တယ် ...

*
တခါတလေ ...
ဆန္ဒတွေ ရုပ်သိမ်း
ချုပ်ထိမ်းဖို့ ခက်တယ် ... ။

တခါတလေ ...
မာနတွေ နှိမ်ချိုး
ရိုကျိုးဖို့ ခက်တယ် ... ။

တခါတလေ ...
အတ္တတွေ ဖယ်ရှား
နားလည်ဖို့ ခက်တယ် ... ။

တခါတလေ ...
တွယ်တာခြင်းတွေ ရပ်
မေ့ပစ်ဖို့ ခက်တယ် ... ။

တခါတလေ ...
တခါတလေ ...
တခါတလေတွေ ပေါင်းစု
ထုထည်ကြီးမားလာတဲ့အခါ
ဆန္ဒ, မာန, အတ္တနဲ့ သံယောဇဉ်
စိတ်အစဉ်မှာ ငြိကပ်
သံသရာရပ်ဖို့ ခက်တယ် ... ။
***
မေဓာဝီ
၂၇၊ ၀၁၊ ၁၃
၂၁း၅၄ နာရီ (မြန်မာစံတော်ချိန်)

10 comments:

San San Htun said...

တခါတလေ..တွေက ခက်တယ်..း) မမမေ ကဗျာလေးက လူ့ စိတ်သဘောကို ထင်ဟပ်နေတယ်..

သစ်နက်ဆူး said...

ညီမမေ
ကဗျာ လာဖတ်သွားပါတယ်...
အခုဘယ်ရောက်နေလဲ...
ဦးရီးတော်ဆီမှာလား...း)

ချော(အစိမ်းရောင်လွင်ပြင်) said...

တခါတလေ စာဖတ်ချင်ပေမဲ့
မဖတ်အား
အချိန်ရှားတော့ ခက်တယ်း))
ခက်တယ် ခက်တယ် မမေရေ။

Aunty Tint said...

မမေရေ...ခက်ခဲမှုအပေါင်း သရဖူဆောင်းတဲ့
လောကီလူသားတို့ သံသရာကွန်ရက်ထဲမှာ
အဖြေထွက်ဘို့လည်း ခက်နေအုံးမယ် ထင်ပါတယ်ကွယ်
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

သောကြာမေ said...

မေဓာရဲ့ ကဗျာလေးကို အရမ်းအရမ်းကိုကြိုက်ပါတယ် မေဓာရဲ့ ချစ်စရာအဖွဲ့ အနွဲ့ လေးတွေကို မကြာမကြာတင်ပေးပါနော်....

ရင်ခုန်ရသူ said...

ခက်တယ်......
.....ခက်တယ်။
ကဗျာလေးတွေးစရေးမို့
အားပေးဖတ်ရှုသွားပါတယ်ခင်ဗျ။

ညိမ်းနိုင် said...

ရပ်ဖို့ခက်ဆို ဘရိတ်ပျက်နေလို့များလားအစ်မမေရ.... :))
စတာ......၊ကဗျာလေးက ဖတ်လို့ကောင်းတယ်ဗျ....။

ညီလင်းသစ် said...

အမေ့မေ့ အလျော့လျော့နဲ့ လွတ်ထွက်သွားတဲ့ ခဏတာလေးတွေ သိပ်များလာတဲ့အခါ အခက်ကလေးကနေ အခက် အကြီးကြီး ဖြစ်သွားမှာကို တွေးမိသွားစေတယ် မမေ...၊

မမေရဲ့ ကဗျာလေးတွေက ရိုးရိုးလေးတွေနဲ့ ပြေပြေပြစ်ပြစ် စီးဆင်းကြလို့ ဖတ်ရသူမှာ တန်းပြီး သဘောပေါက်ရတယ်...။

ဟန်ကြည် said...

တစ်ခါတစ်လေ
အစာမကြေတဲ့စိတ်
မြိုသိပ်ဖို့ ခက်တယ်...

တစ်ခါတစ်လေ
ကမ္ဘာမကျေတဲ့ဘဝ
မြန်မာပြည်လှဖို့ ခက်တယ်...

တစ်ခါတစ်လေ...
တစ်ခါတစ်လေ...
ကြာရှည်တွယ်ရစ်
ချစ်မိလေသော ပြည်မြန်မာ...
ဝဋ်ရှိနေသမျှ ကျင်လည်ရာ...

ဘုန်း ၂ တောက် said...

တခါတလေ...
စိတ်တွေက
မိုးတိမ်လို လွင့်ပျံ့
ရပ်တန့်ပစ်ဖို့ ခက်တယ်။

တခါတလေ...
စိတ်တွေက
စပါးပင်လို
ဟိုယိမ်းသည်ယိမ်း
ထိန်းချုပ်ဖို့ ခက်တယ်။

တခါတလေ...
တခါတလေ...
တခါတလေတွေ များတော့
တားဆီးရပိုခက်ပေါ့။