Wednesday, July 11, 2012

မွေးရပ်မြေမှ ပေးစာ (၃)


မြန်မာပြည်ကို ပြန်ရောက်တာ ၄ လကျော်ပြီ၊ ဘလော့မရေးတာလဲ ၃ လပြည့်ပြီ။ ရေးစရာတွေ ခေါင်းထဲ ပြည့်ကျပ်နေပေမဲ့ အလုပ်တွေများလွန်းတာကြောင့် လက်က ဘလော့ဆီ မရောက်နိုင်ခဲ့ဘူး။ ခုတော့ ဖုန်တက်နေတဲ့ ဘလော့လေးကို သံယောဇဉ်မပြတ်စွာ ဖုန်တွေခါပြီး ကီးဘုတ်တည့်ရာ စာတွေစီလိုက်ပါပြီ။
***
ကျမ ပြန်ရောက်တဲ့နေ့က မတ်လ ၉ ရက် သောကြာနေ့။ စနေ တနင်္ဂနွေ နှစ်ရက်နားပြီး တနင်္လာနေ့ကစလို့ လုပ်ငန်းခွင်ထဲ စ၀င်ရတယ်။ တကယ်တမ်း ကျမပြန်ရခြင်းရဲ့ အဓိက အကြောင်းရင်းက နေမကောင်းတဲ့ အမကြီးအနားမှာ စောင့်ရှောက်ပေးဖို့ပါပဲ။ ဒါပေမဲ့ လိုအပ်တဲ့နေရာ မှန်သမျှ ဘာမဆိုအကုန်လုပ်မယ်လို့ စိတ်ပိုင်းဖြတ်ပြီး ကျမအိမ်ပြန်ခဲ့တယ်။ အဝေးရောက် မိဘနှစ်ပါးနဲ့ ကျန်မောင်နှမတွေကလဲ ကျမကို မှာကြပါတယ်၊ သူတို့မပြန်နိုင်တဲ့အချိန်မှာ ကျမက အားလုံးရဲ့ကိုယ်စား အမကြီးအနားမှာ နေပေးပြီး လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးဖို့ပါ … တဲ့။ ဟုတ်ကဲ့ … ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် လုပ်ပေးပါမယ်လို့ အားလုံးကို ကတိပေးပြီး ကျမ မြန်မာပြည်ကို ပြန်လာခဲ့တယ်။

ကျမပြန်လာတာ အပျော်ခရီးမဟုတ်ဘူး၊ ကျမပြန်လာတာ ဟိုဟိုဒီဒီ လျှောက်သွားဖို့ မဟုတ်ဘူး၊ ကျမပြန်လာတာ အနားယူဖို့ မဟုတ်ဘူး၊ မိသားစုအားလုံးကို ကိုယ်စားပြုရမယ့် တာဝန်ဝတ္တရားတွေ ပခုံးပေါ်မှာထမ်းပြီး ပြန်ခဲ့ရတဲ့ အိမ်ပြန်လမ်းပါ၊ ဒါပေမဲ့ ကျမပျော်တယ် … အိမ်ပြန်ချိန်ဆိုတာ အားလုံးအတွက် မျှော်လင့်ရတဲ့ နေ့ပဲ မဟုတ်လား။
***
ပြီးခဲ့တဲ့ ပေးစာ (၁) နဲ့ (၂) မှာရေးခဲ့သလို အိမ်ပြန်ရောက် … တရက် နှစ်ရက်လောက် ရွာရိုးကိုးပေါက် လျှောက်ပြီးနောက် အလုပ်စ လုပ်ရပါတော့တယ်။ ရန်ကုန်အိမ်မှာ အမကြီး ဦးစီးလုပ်ကိုင်နေတဲ့ ကျောင်းက သူနေမကောင်းဖြစ်တဲ့ ကာလတလျှောက် ဖိဖိစီးစီး မလုပ်နိုင်တာကြောင့် နည်းနည်းပါးပါး ကမောက်ကမ ဖြစ်နေတာလေးတွေ ပြန်တည့်မတ်ပေးဖို့ရယ် … ကလေးတွေကို စာသင်ပေးဖို့ရယ်လောက်ပါပဲ။ ကြီးကြီးကျယ်ကျယ် ပြောရရင် Admin နဲ့ Teaching ကို ကိုင်ပေးရမယ် ဆိုပါတော့။ ကိုယ်ကျွမ်းဝင်ခဲ့ဖူးတဲ့ လုပ်ငန်းခွင်မို့ အလုပ်လုပ်ဖို့ရာ တက်ကြွလို့ပေါ့။

မတ်လ ၁၂ ရက်နေ့ တနင်္လာနေ့မှာ ၀န်ထမ်းတွေ၊ ကျောင်းသားတွေ၊ ဆရာတွေနဲ့ စထိတွေ့ရပါတယ်။ ကျောင်းရဲ့ နွေရာသီသင်တန်း (Summer School) က တနင်္လာက သောကြာထိ မနက် ၉ နာရီကနေ ညနေ ၄ နာရီခွဲထိ သင်ပေးတယ်။ အင်္ဂလိပ်စာ တမျိုးထဲ သင်တဲ့ ကျောင်းသားတွေကတော့ နေ့လည် ၁၂ နာရီထိပါပဲ။ တခြားဘာသာရပ်တွေပါ သင်ရင်တော့ ၄ နာရီခွဲမှ ကျောင်းလွှတ်တယ်။ အဲဒီညနေပိုင်းမှာတော့ Health education, Moral, Science, Math စတဲ့ သင်ခန်းစာတွေအပြင် Food, Movie, Drawing အချိန်တွေပါ ထည့်ထားတယ်။ ပြီးတော့ ဒီနှစ်မှာ အတန်းကျောင်းစာကိုပါ တချိန်ထားပြီး သင်ပေးပါသေးတယ်။ မနက်ပိုင်း အင်္ဂလိပ်စာအတွက် ဆရာတွေငှားထားပြီး ညနေပိုင်းမှာတော့ လေ့ကျင့်ပေးထားတဲ့ ၀န်ထမ်းတွေရယ်၊ ကျမရယ် သင်ကြဖို့ အမကြီးက စီစဉ်ပေးထားတယ်။

ဒီလိုနဲ့ .... အမကြီး ချမှတ်ရေးဆွဲပေးထားတဲ့ curriculum အပြင် ကျမရဲ့ အတွေ့အကြုံ ဗဟုသုတတွေပါ ပေါင်းစပ်ပြီး သူတို့ကို သင်ပေးပါတယ်။ Science ချိန်ကိုတော့ သူတို့ သဘောအကျဆုံးပါပဲ။ ကျမက များသောအားဖြင့် စာသင်ခန်းထဲမှာ မသင်ဘဲ ခြံထဲကိုဆင်းပြီး သဘာဝနဲ့ သူတို့ကို တကယ် ထိတွေ့စေတယ်။ Science သင်ဖို့ သူတို့အတွက် သင်ထောက်ကူပစ္စည်း များများရှိဖို့ မလိုပါဘူး။ ကိုယ့်ပတ်ဝန်းကျင်က လက်လှမ်းမီသမျှဟာ သင်ထောက်ကူ ပစ္စည်းတွေဖြစ်အောင် ကျမဖန်တီးခဲ့တယ်။ လေတိုက်လို့ လှုပ်ရှားနေတဲ့ သစ်ရွက်တွေ၊ မိုးကောင်းကင်၊ နေရောင်ခြည်၊ တိမ်တိုက် … စတာတွေဟာ သူတို့အတွက် သင်ထောက်ကူ ပစ္စည်းတွေချည်းပါပဲ။ ရေခဲတုံးလေးတွေ လေပူဖောင်းတွေနဲ့ ဆော့ကစားရင်း Solid, liquid, gas အကြောင်းပြောပြတယ်၊ နေပူထဲထွက်ပြီး မှန်တချပ်နဲ့ ကစားရင်း reflection အကြောင်း သင်ပေးတယ်။ စာသင်ခန်းထဲမှာ စိတ်ကျဉ်းကျပ်စွာ မသင်ရဘဲ အဲဒီလို လွတ်လပ်ပေါ့ပါး ဆော့ကစားရင်း သင်တော့ သူတို့လေးတွေ ပိုလဲ မှတ်မိကြပါတယ်။

Food အချိန်မှာတော့ သူတို့ကို ကိုယ်တိုင် ကြက်ဥပြုတ်ခိုင်း၊ အခွံနွှာခိုင်း၊ ပေါင်မုန့် ထောပတ်သုတ်ခိုင်းတယ်။ သခွါသီး လှီးသူကလှီး၊ မုန်လာဥနီ နွှာသူကနွှာနဲ့ တယောက်တလက် လုပ်ကြရင်း team work သဘောကို သူတို့နားလည်သွားပြီး အတူတူ ပူးပေါင်းဆောင်ရွက် တတ်လာကြတယ်။ အိမ်မှာ မိဘလုပ်ပေးသမျှ အဆင်သင့်စားကြရတဲ့ ကလေးတွေဆိုတော့ ကိုယ်တိုင်လုပ်ရတဲ့အခါ စိတ်လှုပ်ရှားကြ ပျော်ကြတာပေါ့။
ကြက်ဥလဲနွှာ ထောပတ်လဲသုတ်
ဒို့လဲ သုတ်မယ် ချန်မထားနဲ့

ကျောင်းသားတွေထဲမှာ အဆိုးလေးတွေ အကဲလေးတွေ ပါသလို မေးရင် မဖြေတဲ့ကလေးမျိုး၊ လုပ်ခိုင်းရင် မလုပ်တဲ့ ကလေးမျိုးလဲ ပါသေးတယ်။ ပြီးတော့ ကျမတို့ ခြံထဲမှာ ကံ့ကော်ပင်ကြီးတွေ အုပ်ဆိုင်းနေပြီး အရွက်တွေက သူတို့လက်တကမ်း မှီနေတော့ သစ်ရွက်တွေကို ခူးကြ ခြွေကြတယ်။ ကံ့ကော်ရွက်တွေ ရွက်နုထွက်တော့ နီနီရဲရဲနဲ့ ကလေးတွေ မျက်စိထဲ ခူးချင် ခြွေချင်စရာ ဖြစ်နေတယ် ထင်ပါရဲ့။
ကံ့ကော်ပင်ရိပ် ..
ဝန်ထမ်းတွေက သစ်ရွက်တွေ မခြွေဖို့ ပြောတာလဲ မရဘူး၊ သူတို့ခြွေထားတဲ့ သစ်ရွက်မှိုက်တွေလဲ လိုက်သိမ်းလို့ မနိုင်တော့ဘူး။ ဒါနဲ့ ကျမက သစ်ရွက်ခြွေနေတဲ့ ကလေးကို တွေ့တုန်း ခုလို ပြောရတယ်။

“သား … ဒီသစ်ရွက်တွေ သားခြွေထားတာလား”
“ … …. …”

ဘာမှပြန်မပြောဘူး၊ စူပုတ်ပုတ်နဲ့ ပြန်ကြည့်တယ်။ ဒါနဲ့ သူ့လက်ကလေးကို ကိုင်၊ သူ့မျက်နှာကို သေချာကြည့်ပြီး …
“သစ်ရွက်လေးတွေ သစ်ပင်ပေါ်မှာရှိနေတာ မလှဘူးလား … သား …”

“လှတယ်”
အသံပြတ်နဲ့ ပြန်ဖြေတယ်။

“ဒီမှာကြည့် … မြေကြီးပေါ်ရောက်သွားတော့ အမှိုက်ဖြစ်သွားပြီ … လှသေးလား …”
တွေတွေလေး ကြည့်နေပြီးမှ ပါးစပ်ကမပြောဘဲ ခေါင်းခါပြတယ်။

“အေးလေ … သားသိသားပဲ … မလှဘူးနော် … ဒါဆို သူ့ဟာသူ လှနေတာလေးက သားလုပ်လိုက်လို့ မလှတော့ဘူးဆိုရင် ကောင်းလား”
“ဟင့်အင်း … မကောင်းဘူး”
လေသံနည်းနည်း ပျော့သွားတယ်။

“မကောင်းဘူး ဟုတ်တယ် မဟုတ်လား … ဒါဆို သစ်ရွက်လေးတွေကို မခြွေနဲ့နော် … သိလား သား … သစ်ရွက်လေးတွေ သနားပါတယ်”
“ဟုတ်ကဲ့ တီချယ် …”

ဒီလောက်ဆို အိုကေသွားပြီ။ ဒါပေမဲ့ ကျမက တဆင့်တက်ပြီး …

“လာ … သားခြွေထားတဲ့ သစ်ရွက်တွေ တီချယ်နဲ့အတူ ကောက်ရအောင်”

သူနဲ့ကျမ အတူတူ အမှိုက်ကောက်ကြတော့ တခြားကလေးတွေပါ လာကောက်ကြ အမှိုက်ပုံးထဲ ထည့်ပေးကြတယ်။ အဲဒီနောက်ပိုင်း သူတို့လေးတွေ သစ်ရွက် သိပ်မခြွေကြတော့ဘူး။
***
အဲဒီလို သူတို့လေးတွေနဲ့ ပျော်မွေ့နေဆဲမှာပဲ အခက်အခဲတွေလဲ ကြုံတွေ့ရပါသေးတယ်။

ပထမဆုံး ကြုံတွေ့ရတဲ့ အခက်အခဲက “မီး” … ။
ဧပြီလဆန်းမှာ မီးတွေကို အချိန်နဲ့သာ ပေးတော့တယ်။ တနေ့မှာ ၁၂ နာရီ မီးလာပြီး ၆ နာရီ မီးပြတ်တယ်။ နောက်တခါ ၁၂ နာရီ မီးလာတယ်၊ အဲဒီလို အလှည့်ကျ မီးပေးစနစ် ဖြစ်သွားတဲ့အခါ စာသင်ခန်းအားလုံး မီးပေးနိုင်အောင် မီးစက် အကြီးသုံးရတယ်။ ဒီဇယ်က တဂါလံ ၃၉၀၀ ကျပ်၊ မီးစက်နှိုးရင် ပိုက်ဆံအပိုကုန်တဲ့အပြင် နားညီးတယ်၊ လေထုညစ်ညမ်းတယ်။ စာသင်ခန်းထဲမှာ လေအေးပေးစက် မဖွင့်ရင် လှောင်တယ် မှောင်တယ်၊ ဒါကြောင့် ကျမသင်တဲ့ အချိန် မီးပြတ်ရင် ကလေးတွေကို စာသင်ခန်းထဲမှာ မသင်တော့ဘူး။ တခြားဆရာတွေ လေအေးပေးစက် ဖွင့်ချင်ဖွင့် ဘယ်လိုသင်သင် … ကျမကတော့ သူတို့ကို ခြံထဲ ခေါ်သွားပြီး သစ်ပင်အောက်မှာ ခုံလေးတွေချပြီး သင်တယ်။ ပြီးတော့ energy saving နဲ့ environmental protection တို့အကြောင်း ခပ်ပါးပါး ရှင်းပြဖြစ်တယ်။ ကိုယ့်ပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ဘယ်လိုထိန်းသိမ်းနိုင်တယ်ဆိုတာကို သူတို့ဦးနှောက်လေးတွေနဲ့ လက်ခံနိုင်တဲ့ အတိုင်းအတာလောက်ကို ရှင်းပြခဲ့တယ်။


သစ်ပင်အောက်က ကျောက်ခုံမှာ ပုံဆွဲနေကြတဲ့ ကလေး နှစ်ယောက်
နောက်ပိုင်းမှာ သူတို့လေးတွေ မီးသုံးတာ လေအေးပေးစက်သုံးတာ ဆင်ခြင်လာကြပြီး မီးလာတဲ့ နေ့မှာတောင် သစ်ပင်အောက်မှာ သင်ရအောင် တီချယ်လို့ ပူဆာလာကြတယ်။ တဖြည်းဖြည်းနဲ့ တခြားဆရာ သင်တဲ့အတန်းက ကလေးတွေလဲ ကျမတို့လိုပဲ အပြင်ကို ရောက်လာကြပါတော့တယ်။ ခြံထဲမှာက အရွက်စိပ်စိပ် ကံ့ကော်ရိပ်မို့ သိပ်မပူလှပါဘူး။ အပြင်မှာဆိုတော့ နွေလေရူးလေး တချက်တချက် တိုက်လိုက်ရင် အေးသွားပါသေးတယ်။ ဒါပေမဲ့ လေအေးပေးစက် တပ်ထားတဲ့ အခန်းလောက် သန့်ရှင်းသပ်ရပ်မှုတော့ မရှိဘူးပေါ့။ တခါတလေ သစ်ပင်ပေါ်က ပုရွက်ဆိတ် တကောင်စ နှစ်ကောင်စ ခုန်ချလာတတ်တယ်၊ တခါတလေ သစ်ကိုင်းအထက်မှာ ကျီးကန်းက တအာအာ အော်နေတတ်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့ ကစားရင်း စာသင်ကြတယ်၊ စာသင်ရင်း ကစားကြတယ်။ သူတို့အိမ်မှာ တိုက်ခန်းထဲမှာ မဆော့ရ မပြေးရတဲ့ ကလေးတွေ ကျမတို့ဆီမှာ အော်ကြဟစ်ကြ ဆော့ကစားကြတယ်။
အပြင်မှာပဲ ပုံဆွဲမယ် ...
***
သင်္ကြန်မတိုင်ခင် 1st tem ပြီးခါနီးမှာ သူတို့လေးတွေကို contest လေး လုပ်ပေးတယ်။ ကလေးတွေ လူအများရှေ့မှာ ပြောရဲဆိုရဲအောင် မိုက်ခရိုဖုန်းနဲ့ မစိမ်းအောင် လေ့ကျင့်ပေးတဲ့ အနေနဲ့ ပုံပြင်ဖတ်၊ ကဗျာရွတ်၊ သီချင်းဆို … ပြိုင်ကြပြီး အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယကို ဆုပေးပါတယ်။
ကဲ .. လာ ဒီနေရာမှာရပ် ... မြားပစ်မယ် ....
အဲဒီမှာလဲ မပြိုင်ခင် အရင်ဆုံး သူတို့ကို မြားပစ်ခိုင်းပြီး ရတဲ့အမှတ်တွေပေါင်း၊ အများဆုံးလူက ဦးဆုံးပြိုင်ရမယ်ဆိုတာမျိုး လုပ်ပေးတော့ ကလေးတွေ အားကြိုးမာန်တက် မြားပစ်ကြ၊ တချို့က စက်ဝိုင်းကိုတောင် ထိအောင် မပစ်နိုင်လို့ ရယ်ကြမောကြ၊ တဟားဟားနဲ့ ပျော်ကြရတယ်။
ဒို့အလှည့်က ဘယ်တော့လဲ ...
စာသင်ရင်းဆော့ ဆော့ရင်းစာသင် ...
အစက ထွက်ပြိုင်ရမှာ ရှက်တက်တက် ဖြစ်နေတဲ့သူတွေတောင် သူများပြိုင်တာ မြင်ပြီး ၀င်ပြိုင်ကြတယ်။ ပျော်နေကြတဲ့ ကလေးတွေကို ကြည့်ပြီး ကျမလဲ တကယ်ကို ကြည်နူးမိပါတယ်။ စာသစ်နှစ် တနှစ်လုံး ပင်ပန်းခဲ့သမျှ ဒီနွေရာသီကာလ လေးမှာ သူတို့လေးတွေ ပျော်ပျော်ပါးပါး စိတ်လက်ပေါ့ပါးစွာ စာသင်ယူနိုင်တာဟာ ကျေနပ်စရာပဲ မဟုတ်လား ... ။
***
မေဓာဝီ
၁၂၊ ဇူလိုင်၊ ၂၀၁၂
၀၀း၅၅ နာရီ
(မှတ်ချက်။ ။ အားရင် အားသလို အပိုင်း ၄ ကို ဆက်ရေးပါမယ်။ ကျမ ထပ်မံကြုံတွေ့ရတဲ့ အခက်အခဲတွေ ... ရယ်ရ မောရတာတွေ ... အပိုင်း ၄ မှာ ပါပါလိမ့်မယ်။ လာရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးပါ။)

20 comments:

Angelhlaing(May everybody be happy and healthy! said...

ကလေးတွေကိုကြည့်၊ရင်း ဖြစ်လာတဲ့ ပီတိကြောင့် ဆရာမတောင် လုပ်ချင်သွားတယ်မမ..:):)
က

Nyi Linn Thit said...

စိတ်ဝင်စားဖို့ အရမ်းကောင်းတယ် မမေရေ..၊ ကစားရင်း စာသင်၊ စာသင်ရင်း ကစားတဲ့ မမေရဲ့ သင်ကြားပုံကို အကြိုက်ဆုံးပဲ၊း) ကျောင်းနေပျော်၍၊ စာတော်ရမည် ဆိုတာ ရွတ်ကောင်းရုံ ဆောင်ပုဒ် မဟုတ်ဘဲ တကယ် အကောင်အထည်ဖော်ဖို့ ကလေးတွေရဲ့ စိတ်ပညာကို အနည်းငယ် တီးမိခေါက်မိ ရှိတဲ့ သင်ကြားရေး စနစ်တွေ လိုမယ်လို့ ကျနော်တော့ ထင်မိတာပဲ၊

ကျောင်းသားကို ဦးစားပေးတဲ့ active teaching မျိုးတွေ အခုလို ကြားရတာလည်း ဝမ်းသာ မိတယ်၊ ဘိလပ်ပြန် ဆရာမကြီးနဲ့ သင်ကြားခွင့်ရတဲ့ ကလေးတွေ ကံကောင်းကြတယ်..၊းP အပိုင်း-၄ ကိုလည်း စောင့်နေတယ်နော်...။

ကိုကိုမောင်(ပန်းရနံ့) said...

ဘိလပ်ပြန် တီချယ်ရေ။ ဘိလပ်ကို ပြန်ရောက်လာရင်တော့ တီချယ်ကနေ တီချက် ဖြစ်ပြန်ဦးမှာ သေချာတယ်။ ဦးရီးတော်ကို ချက်ကျွေးရလို့လေ။း)))

ဆရာမလဲ ပျော်၊ ကလေးတွေလဲ ပျော်ဆိုတော့ လာဖတ်တဲ့သူ တစ်ယောက်အနေနဲ့လဲ ပျော်သွားပါတယ်။

အားလုံးအဆင်ပြေအောင်မြင်ပျော်ရွှင်နိုင်ပါစေ။

မဒမ်ကိုး said...

မမမေ ပျောက်နေတာအကြာကြီးဘဲ
ခုလိုကလေးတွေနဲ့နပန်းလုံးနေရတာမြင်ရတာပျော်စရာကြီးဘဲနော် .
ကျောင်းနာမည်လေးသိလို့ရရင်သိချင်ပါတယ်

ချစ်တဲ့ ညီမ

ဒိုးကန်

sonata-cantata said...

ကြည်နူးစရာ ကောင်းလိုက်တာ...
ဒီလောက်ပဲ ပြောနိုင်ပါတယ် မမေဓာဝီရယ်
ပြောချင်တာတွေကတော့ အများကြီးပဲ
ကလေးတွေကိုပြောချင်တာ...

Anonymous said...

ဆရာမ တားလည်းကျောင်းတက်ချင်လှယ်း)
မတွေ့တာကြာပေါ့တွေးနေတာ
ပြန်ရောက်နေတာကိုး )း)

ကျန်းမာပျော်ရွှင်ပါစေဗျာ


မောင်ဘကြိုင်

မောင်မျိုး said...

၁ နဲ့ ၂ ပါ ပြန်ဖတ်သွားတယ် အစ်မရေ စိတ်ဝင်စားစရာ အပြည့်နဲ့ အိမ်ပြန်ခရီးပေါ့ စာသင်ရတဲ့အတွေ့ကြုံလေးကလည်း ပျော်စရာ စိတ်ဝင်စားစရာ ပျောက်နေလို့ အလုပ်တွေများနေတယ်ထင်တာ ။

ကျနော်တော့ အရင်လောက် အရှိန်မကောင်းတော့ဘူးဗျ အားယူတုန်း ။ အစစ အဆင်ပြေပါစေဗျာ ။

မေဓာဝီ said...

ညီမလေး အိန်ဂျယ်ရေ ... ဆရာမလုပ်ချင်ရင် ဒီကိုလာခဲ့နော် ...း)

ကိုညီလင်း ... တကယ်တော့ ကျမက teaching technique တွေဘာတွေ သိတာမဟုတ်ပါဘူး။ ကိုယ်ငယ်ငယ်က သင်ချင်ခဲ့တဲ့ ပုံစံ၊ ဖြစ်ချင်ခဲ့တဲ့ ပုံစံမျိုး ကလေးတွေကို ပြန်မျှပေးတာပါ။

သဂျီးကိုကိုမောင်ရေ ... တီချက် ဆိုရင်တော့ တီကောင်တွေကို ချက်ရမလို ဖြစ်နေပြီ။ ပြန်လာရင် သဂျီးဆီက ပန်းသီးအလှူခံပြီး ဦးရီးတော်ကို ချက်ကျွေးမယ် စိတ်ကူးထားတယ်။ :P

ညီမဒိုးကန် .... ကျောင်းနာမည်က ဓာတ်ပုံထဲက ဆိုင်းဘုတ်မှာ ပါတယ်လေ ... ။ :)

မသီတာ .... ပြောချင်တာတွေရှိရင် ဘလော့ကနေ ပြောပါလားဟင် ... မသီတာ ပြောချင်သလို ကျမတို့လည်း ဖတ်ချင်ပါတယ်။

ချဉ်ပေါင်ခြံက ကိုဘကြိုင်ရေ ... အသက် ငါးနှစ်အောက် ကျောင်းသားတွေကို လက်မခံဘူးနော်။ စကားပီအောင် ကျင့်လိုက်ပါအုံး။ :))

မောင်လေး မောင်မျိုး ... အိမ်ပြန်ခရီးက စိတ်ဝင်စားစရာ တကယ်ကောင်းပါတယ်။ မောင်မျိုးလဲ အားတွေသိပ်ယူမနေနဲ့အုံးလေ ... စာရေးပါအုံး။

စာလာဖတ်သူ မှတ်ချက်လေးများ ရေးသွားသူ .. အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

ညိမ်းနိုင် said...

ကလေးတွေကြားမှာပျော်စရာကြီးပါလားအစ်မရာ....၊
အစ်မစာသင်ပေးတဲ့ပုံစံလေးကတကယ်ကောင်းတယ်...၊
တစ်ခါတစ်ခါတော့ ကျောင်းဆရာအလုပ်ကိုစိတ်ကူးယဉ်
ဖူးရဲ့....၊ခက်တာကစိတ်ကူးက စိတ်ကူးပါပဲဗျာ....။

Kay said...

တကယ့်ကို ကျေနပ်စရာ ပျော်စရာ ဘ၀ ပါ.. မမေ
ဘာနဲ့မှ မလဲ နဲ့ လို့ တိုးတိုးလေး အားပေးလိုက်ပါတယ်။း)

mstint said...

ကလေးတွေကို စိတ်ပျော်အောင် စာသင်တာလည်း ပညာတစ်ခုပဲ မမေရေ။ စာတတ်တိုင်းလည်း စာသင်တတ်ကြတာမဟုတ်ဘူးလေ။ လူမမာလည်း အမြန်ဆုံး နေကောင်းကျန်းမာပါစေ။
၁၉ရက်နေ့ ရန်ကုန်မှာ ရှိသေးတယ်ဆိုရင် အဆင်ပြေခဲ့ရင် တီတင့်ကို ဆက်သွယ်ပြီး မုန့်ဟင်းခါးလာစားနော် ဘလော့ဂါတွေ ဆုံဆည်းပွဲလေး လုပ်မလို့ 01-687229 :)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော (အစိမ်းရောင်လင်ပြင်) said...

May Int'l School ကို ရန်ကုန်မှာတုန်းက ကောင်းကောင်းတွေ့ခဲ့ဖူးတယ်လို့ ထင်မိတယ်။
မမေက သင်ကြားရေးသိပ်ကောင်းတာဘဲ။
ကလေးတွေကို စာရော၊ စိတ်ဓါတ်ပိုင်းဆိုင်ရာရော၊ အားလုံးကို ကောင်းကောင်းကြီး သင်ပေးနိုင်တယ်
တော်လိုက်တာ။။
မြန်မာပြည်ပြန်ရောက်လို့ ပျောက်နေတာကိုး..
အစစ အဆင်ပြေပြီး စိတ်ချမ်းသာ ပျော်ရွှ့င်ပါစေ မမေရေ..

သိ င်္ဂါ ရ said...

ကလေးတွေက တကယ်ပဲ အပြစ်ကင်းကြတယ် ။ သူတို့တွေ ရိုးရိုးလေး အမြင်နဲ့ ပြောတဲ့ စကားတွေက တခါတခါ အတော်တာသွားတယ် ...။ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ ဆို ကလေးတွေနဲ့ စကားသာ ပြောလိုက် ... :)

seesein said...

ကြီးမေ...
အရီးတို့ငယ်တုန်းကလဲ သစ်ပင်အောက်သင်တာများတယ်ဗျို့...ငယ်ဘ၀လေးကိုတောင် သတိရသွားပြီ...အပိုင်း ၄ မြန်မြန်တင်ပေးပါဗျို့
ဆိုးတဲ့ကွန်ကြား မအားတဲ့ကြားက စာရေးပေးတဲ့ ဘလော့ဂါများအားလုံးကို ကျေးဇူးတင်ပါတယ်..

ခင်မင်တဲ့
အရီးစ

san htun said...

ကလေးတွေကတော့ ပျော်မှာ အသေအချာပဲ..ဆရာမဘဝကို စိတ်ကူးဖူးပေမယ့် လက်တွေ့ မှာ မဖြစ်ခဲ့ဘူး..နောက် အပိုင်းတွေ မျှော်နေတယ် မမမေ...

Anonymous said...

ဒီတိုင်းဆို..
ဆရာမဆီမှာ
အိုင်အက်စ်လာတက်အုန်းမှပါး))
(ဆရာမက မရိုက်တော့..ပျော်စရာကြီးကိုး)

monum said...

ဖတ်ရင်းနဲ့မျက်ရည်တောင်လည်မိတယ်မမရေ အရမ်းကိုကြည်နူးစရာကောင်းမဲ့မြင်ကွင်းလေးကို မြင်ယောင်ရင်းနဲ့ပေါ့ ဆရာမဘ၀ကိုစိတ်ကူးခဲ့ဖူးပါတယ် မဖြစ်ခဲ့ပေမဲ့ မမေတို့လိုဆရာ/ဆရာမတွေ အများကြီးရှိရင် ကလေးငယ်လေးတွေရဲ့အနာဂတ်ဟာ လှပမှုတွေနဲ့ပြည့်စုံနေမှာနော် မမေတို့ကျောင်းအမည်နဲ့လိပ်စာလေးသိချင်ပါတယ်

monum said...

လာလည်သွားပါတယ် ဖတ်ရင်းနဲ့ကြည်နူးစရာမြင်ကွင်းလေး တွေကိုမြင်ယောင်ကြည့်ရင်းနဲ့ မျက်ရည်တောင်လည်မိပါ တယ် တကယ်ပါဆရာမဖြစ်ချင်ခဲ့ပေမဲ့ မမေတို့လိုဆရာ/ ဆရာမတွေများများရှိနေရင် ကလေးတွေရဲ့အနာဂတ်ဟာ လှပနေမှာပါ ပြောချင်တာတွေတော့အများကြီးပါပဲ မမေတို့လိုရေးတတ်ချင်ပါတယ် လေ့လာပြီးကြိုးစားကြည့်ပါအုံးမယ်

Anonymous said...

မမေဓာဝီက မုံရွာဘက်က အဆက်အနွယ်လား။ ကျနော် နဲ့ ကျနော် အမျိုးတော်မယ်ထင်တယ်။ ငယ်ငယ်က အဲ့ဒီအိမ်ကို အလှူလာရင်း ခွေးကိုက်ခံရဘူးတယ်။မှတ်မိတဲ့ လူကြီးသူမနာမည်တွေက နိုင်ငံခြားမှာ နေတယ်ထင်တဲ့ ဦးကင်း၊ မြေနီကုန်းက ဆုံးသွားတဲ့ဦးခင်လှ၊ နောက် ကြီးကြီး ဒေါ်ခင်ရွှေထင်တာဘဲ။ ၂၀၀၇ ပတ်ဝန်းကျင်က ဒီဘလော့ကို မပြတ်ဖတ်ခဲ့ဘူးတယ်။ အခုလဲ အားပေးလျှက်ပါ။ Nyi Nyi

Nyi Nyi said...
This comment has been removed by the author.