Saturday, February 21, 2009

သူနဲ့ ခဲတံ


စာရေးမယ် ကြံခါမှ … ခဲတံက တုံးနေပြီ။
… … … … … … …
… … … … … … …
… … … … … … …
***
တနင်္လာနေ့မှာ အပြီးတင်ရမယ့် ကျူတိုရီယာယ်အတွက် စာကြမ်းအရင်ရေးဖို့ စာကြည့်စားပွဲမှာထိုင် ခဲတံကို ကိုင်လိုက်တော့ ခဲသားက တုံးတိတိ ဖြစ်လို့နေသည်။ စာအကြမ်းရေးတိုင်း ဘောပန် ဖောင်တိန်တို့ကို အသုံးပြုရခြင်းထက် ရေးချင်တိုင်းရေး ဖျက်ချင်တိုင်း ဖျက်၍ရသော ခဲတံကိုသာ သူအမြဲ သုံးနေကျ။ ရေးလိုက် ဖျက်လိုက် စိတ်ကြိုက် ပြုပြင်ပြီးသည်၏ နောက်မှ ထိုစာကို ဘောပန်ဖြင့် ပြန်ကူး၍ အချောရေးကာ အဆုံးသတ်လေ့ရှိသည်။

ထိုသို့ ခဲတံအသုံးပြုတိုင်းလည်း ခဲဆံလေးများ အသင့်ထည့်သုံးနိုင်သော အဆင်ပြေလွယ်ကူလှသည့် ခဲဘောပန်မျိုးကို သူမကြိုက်ပြန်ပါ။ အစွဲအလမ်းကြီးသည်ဟု ဆိုမလား၊ သစ်သားဖြင့် ပြုလုပ်ထားသော ခဲတံအမျိုးအစားများကိုသာ အစဉ်တစိုက် နှစ်ခြိုက်စွာ သုံးမိ၏။ သူစွဲလမ်းသည်က ထိုခဲတံမှ ထွက်သည့် သစ်သားနှင့် ခဲသား ရောပြွမ်းသော ရနံ့ … ။ စာရေးရင်း စဉ်းစားတိုင်း ခဲတံကလေးကို လှည့်ပတ် ဆော့ကစားရင်း ထိုရနံ့လေးကို ရှူရှိုက်မိတတ်သည်။ ထိုရနံ့ကလေးကို ငယ်စဉ်ကတည်းက စွဲလမ်းခဲ့သည်မှာ ယခုထိပင် နှစ်သက် မိနေဆဲ။
***
အမေ့ရင်ခွင်ထဲမှာ ထိုင်ရင်း ၀လုံးလေးတွေ စတင် ရေးခဲ့စဉ်က စလို့ သူ့ဘ၀တွင် ခဲတံပေါင်းများစွာ အသုံးပြုခဲ့ဖူးပါသည်။ ရေးလို့ ကောင်းသော ခဲတံ၊ ရေးလို့ မကောင်းသော ခဲတံ၊ တန်ဖိုးကြီးသော ခဲတံ၊ အလကားရသော ခဲတံ၊ လိုချင်ပါလျက်နဲ့ လက်လွှတ်ခဲ့ရသော ခဲတံ၊ မကြိုက်သော်လည်း အောင့်အည်းကာ အသုံးပြုခဲ့ရသော ခဲတံ … စသည်ဖြင့် ခဲတံပေါင်းများစွာနှင့် သူကြုံတွေ့ခဲ့ရဖူးသည်။

ကျောင်းမှ ထုတ်ပေးသော ခဲတံတွေက များသောအားဖြင့် သိပ်ကောင်းလေ့မရှိ။ ချွန်လိုက်တိုင်း ကျိုးကျိုး သွားတတ်လို့ သူတို့က ချွန်ကျိုးခဲတံဟု ခေါ်ကြသည်။ ခဲသားကလည်း ခပ်ဆတ်ဆတ်၊ သစ်သားကလည်း ပွစိစိ၊ ရေး၍လည်း မကောင်း၊ ချွန်၍လည်း အဆင်မပြေ။ ရေးလိုက်လျှင် စာလုံးတွေက မှုန်တိမှုန်ဝါး၊ ခဲသားက ကြမ်းရှရ၊ှ လက်ရေးလည်း မလှ။ ချွန်လိုက်လျှင်လည်း သစ်သားစတွေက ဖွာရရာနှင့်မို့ ဘုရားတပြီး ဖြည်းဖြည်းချင်း ချွန်ရသည်။ ထိုခဲတံမျိုး ချွန်လို့ တခါနှင့် မကျိုးဘူးဆိုလျှင် ထိုနေ့က ကံကောင်းသော နေ့ပင်။ ထိုခဲတံမျိုးကိုတော့ ကြာရှည် အသုံးမပြုချင်။ မတတ်သာလွန်းမှသာ မရှိသုံး သုံးခဲ့ရလေသည်။

တချို့ခဲတံလေးတွေကျတော့ ခဲသားက ညက်ညက် အရောင်က နက်နက်မို့ ရေးလိုက်လျှင် စာရွက်ပေါ်မှာ စာလုံးတွေက ပြေပြေပြစ်ပြစ် ထင်ထင်ရှားရှား။ အသုံးပြုသည့် သစ်သား၏ အရည်အသွေး ကောင်းမွန်ခြင်းကြောင့် ချွန်လို့လည်း အဆင်ပြေသည်။ တော်ရုံတန်ရုံလည်း ကျိုးမသွား။ ထိုခဲတံမျိုးကိုတော့ တိုပြီး ကုန်ခါနီးသည့်တိုင် မပစ်ရက်။ လက်ဖြင့် ကိုင်၍ မရတော့သည့် အရွယ်မှာတောင် ဘောပန်အဖုံးလေး ဖြစ်ဖြစ် နောက်မြီးမှာ စွပ်ပြီး ရေးလို့ရသလောက် နောက်ဆုံး အချိန်ထိ ဆက်ရေး နေမိတတ်သေးသည်။

ခဲတံပေါင်းများစွာ အသုံးပြုခဲ့သော်ငြား ခဲတံ၏ ကွဲပြားသော တံဆိပ်တွေကိုတော့ဖြင့် သေချာ သတိမထားခဲ့မိပါ။ စိတ်ထဲ စွဲနေသည်က အညိုရောင် ခပ်ရင့်ရင့် ခွေးတံဆိပ်ခဲတံ တမျိုးတည်း။ ငယ်စဉ်တုန်းကတော့ ခွေးတံဆိပ် ခဲတံ တချောင်းဟာ သူ့အတွက် တန်ဖိုးကြီးလွန်းလှသည်။ သူ့ဘာသာ မ၀ယ်နိုင်။ ထိုစဉ်အချိန်က ခွေးတံဆိပ် ခဲတံကို ဆုအဖြစ် သတ်မှတ်ပြီး အဖေက ညီအမ သုံးယောက်ကို ပြိုင်ပွဲကလေး တခု လုပ်ပေးဖူးတာ အမှတ်ရမိသည်။ လယ်တီဆရာတော်၏ လင်္ကာတပုဒ် (ဘာလင်္ကာလည်းတော့ မမှတ်မိတော့ပါ) ကို အလွတ် ကျက်ခိုင်းက အထစ်အငေါ့မရှိ အရင်ပြန်နိုင်သူအား ခွေးတံဆိပ်ခဲတံ ၃-ချောင်း ဆုချမည်ဟု ဆိုခြင်းပင်။ ခဲတံကလေး လိုချင်၍ လင်္ကာကို အမြန် အလွတ်ကျက်ပြီး ပြန်ဆိုတော့ တနေရာ နှစ်နေရာ ထစ်နေသဖြင့် ဆုနှင့် လွဲခဲ့ရဖူးသည်။

ကိုးတန်းရောက်တော့ ဇီဝဗေဒဘာသာမှာ ပုံတွေဆွဲရတာမို့ HB 2, 3, 4 စသည့် graphite အရည်အသွေး အဆင့်ကို သတ်မှတ်ထားသည့် ပုံဆွဲ ခဲတံစိမ်းကလေးတွေ သုံးခဲ့ဖူးသည်။ ထိုခဲတံလေးတွေမှာ ခဲဖျက်မပါ။ ဒါပေမဲ့ ပုံဆွဲ၍ အတော်ကောင်းသော ခဲတံကလေးတွေပင် ဖြစ်၏။ ထိုဘာသာရပ်တွင် သင်ရသော ဖားအကြောင်း၊ ဖား၏ အစာချေစနစ်အကြောင်း တို့ကို ပုံရေးဆွဲလျှင် ထိုခဲတံဖြင့် တခြမ်းကိုသာ ခပ်နက်နက်ဆွဲပြီး စာရွက်ကို ခေါက်ကာ လက်ဖြင့် ခြစ်လိုက်လျှင် တဖက်ခြမ်းက ပေါ်လာပြီး အလိုက်သင့် ထပ်ရေးဆွဲရုံသာမို့ အချိန်ကုန် သက်သာလှသည်။

သို့ဖြင့် … စာလုံးလေးတွေနှင့် စတင်ရင်းနှီးချိန်မှ အစပြုလို့ အသက်အရွယ် ကြီးပြင်းလာသည်ထိ ခဲတံလေးတွေကို မစွန့်လွှတ်နိုင်ဘဲ အစဉ်တစိုက် သုံးစွဲခဲ့သည်မှာ ယခုချိန် တိုင်အောင်ပင်။

ခဲတံကို နှစ်သက်သော်လည်း ခဲသားတုံးနေသော ခဲတံကိုတော့ဖြင့် သိပ်မကြိုက်လှပေ။ ဘယ်လောက် ကောင်းသည့် ခဲတံဖြစ်စေ ခဲသားတုံးနေလျှင် ရေးရသည်မှာ ထုံတုံတုံ မှုန်တုံတုံနှင့် လက်ရေးလက်သား သပ်ရပ်လှပခြင်းမရှိ။ သို့ပေမယ့် ခဲသားချွန်လွန်းလျှင်လည်း ရေး၍ မကောင်းပြန်။ မချွန်လွန်း မတုံးလွန်း အနေအထား သည်သာ ရေး၍ အဆင်ပြေဆုံးဖြစ်သည်။ ငယ်စဉ်ကတော့ ခဲတံချွန်ပြီးလျှင် ပါးတဖက်ကို ဖောင်းလိုက်ပြီး ခဲတံထိပ်ကို ပါးမှာ အသာထိုးကြည့်ကာ စိတ်ကြိုက်အနေအထား ဖြစ်မဖြစ် စမ်းသပ်ခဲ့ကြဖူးသည်။ တအားချွန်နေလျှင် ခဲတံကို စားပွဲခုံပေါ်မှာ ထောက်၍ ဖြည်းဖြည်းချင်း လှည့်ပြီး အနည်းငယ် အချွန်လျော့ သွားအောင် လုပ်ရသေးသည်။ ဒါကြောင့်မို့ နောက်ပိုင်းတော့ ခဲတံချွန်တဲ့ အခါ ချွန်စက်ကို မသုံးတော့ဘဲ ကိုယ်ကြိုက်ရာ အနေအထားအတိုင်း ချွန်နိုင်သော ဓားကိုသာ အသုံးပြုဖြစ်သည်က များ၏။

အခုလည်း စာရေးမယ်ဆိုမှ ခဲသားတုံးနေသော ခဲတံကို ချွန်ရပေဦးမည်။

ခွက်ထဲတွင် စိုက်ထားသော ဓားကလေးကို ယူပြီး ခဲတံကိုယ်ထည် သစ်သားပေါ်ကို ချွန်မည့် ပမာဏ အတိုင်း ၀ိုက်၍ အရာဖော်လိုက်သည်။ ပြီးတော့ ခပ်စောင်းစောင်း အနေအထားအတိုင်း ခဲတံသားကို တဖြည်းဖြည်း လှီးချလိုက်၏။ ဓားက ထက်လွန်း၍ပဲလား မသိ … သစ်သားစတွေက အလွှာလိုက် အလွှာလိုက် ဓားသွားအောက်မှာ ရွှပ်ခနဲ ရွှပ်ခနဲ ကြွေကျ ကြရှာသည်။ သစ်သားပြီးတော့ ခဲသားအလှည့် … ။ ခဲသားချွန်အောင် ဓားဖြင့် တဂျစ်ဂျစ် ခြစ်လှီး ထုတ်တော့ ခဲမှုန်တွေက တဖွားဖွား ကျလာသည်။ တလွှာချင်း ကျလာသော သစ်သားစ အလွှာလေးတွေ … တဖွားဖွားကျလာသည့် ခဲမှုန်တွေကို ကြည့်ရင်း စိတ်ထဲမှာ နှမြောသလို စိတ်မကောင်းသလို ရောပြွမ်းသည့် ခံစားချက်များစွာ ၀င်ရောက်လာလေ၏။

ဒါဟာ နှမြောစရာလား … ။

ခဲတံတချောင်း ချွန်ဖို့အတွက် မလိုအပ်တဲ့ အပိုင်းတွေကို လှီးထုတ်သင့်ရင်လည်း လှီးထုတ်ရမှာပဲ။ ဒါမှ ထက်မြက်ပြီး အသုံးကျတဲ့ ခဲတံတချောင်း ဖြစ်မှာပေါ့ … ။
***
ဘ၀သည်လည်း ထိုနည်းနှင်နှင်ပေပဲလား … ဟု သူစဉ်းစားမိသည်။

ခဲတံဖြင့် စာမျက်နှာတွေပေါ်မှာ စာလုံးများစွာ ရေးခဲ့ကြသလို ကိုယ့်ပြုမူ ပြောဆို လုပ်ဆောင်ချက် များစွာဖြင့် ဘ၀ စာမျက်နှာပေါ်မှာ ကိုယ့်သမိုင်းတွေ ကိုယ် ရေးနေကြသည်ပင် မဟုတ်ပါလား။ မိမိရေးခဲ့သမျှ အတိတ် ဖြစ်ရပ်များသည် ခဲဖျက်ဖြင့် ဖျက်ပစ်လိုက်လျှင် ပျောက်ပျက်သွားသလို မေ့မေ့ပျောက်ပျောက် ဖြစ်သွားသည်လည်း ရှိမည်။ သို့တည်းမဟုတ် ထိုအတိတ် ဖြစ်ရပ်များက ကြာရှည် ထင်ကျန်နေပြီး ပစ္စုပ္ပန်ကို ရိုက်ခတ်ကာ အနာဂတ်ကို လွှမ်းမိုးကောင်းလည်း လွှမ်းမိုးပေလိမ့်မည်။

ထိုသို့ အစဉ်တစိုက် ရေးနေရင်း တခါတရံ ခဲသား တုံးသွားကောင်း တုံးသွားမည်။ ခဲဆံ ကျိုးသွားကောင်း ကျိုးသွားမည်။ တခါတရံ တုံးသွားသော ခဲတံ သို့မဟုတ် ကျိုးသွားသော ခဲဆံကြောင့် ဘာမှ ဆက်မရေးဘဲ ရပ်ထားကောင်း ရပ်ထားမိမည်။ တခါတရံတော့ ခပ်တုံးတုံး ခဲတံလေးကို ချွန်ဖို့ မေ့လျော့၍ ဖြစ်စေ ... ပျင်းရိ၍ ဖြစ်စေ ထိုခဲတံ အတုံးလေးဖြင့်သာ ရေးမိရေးရာတွေ ဆက်လက်ရေးသား နေမိပေဦးမည်။ တခါတရံလည်း တုံးသွားသော ခဲတံကလေး ချွန်ထက်စေဖို့ အချိန်တွေ … ငွေတွေ … မျက်ရည်တွေနှင့် ပြွမ်းတီး ရင်းနှီးကာ ပေးဆပ်ကောင်း ပေးဆပ်ရပေလိမ့်မည်။ ဒါသည်ပင်လျှင် ဘ၀ပဲ မဟုတ်လား … ။

မည်သို့ပင်ဖြစ်စေ … တချိန်ချိန်မှာတော့ ထိုခဲတံလေး အရေးရပ်သွားပေလိမ့်မည်။ ထိုသို့ ရပ်သွားသည့် တနေ့ သူ၏ ဘ၀စာမျက်နှာပေါ်မှာ ညီညာပြေပြစ်သော စာလုံးများစွာ ထင်ကျန်ရစ်စေဖို့ ခဲတံကလေး တုံးမသွားရ လေအောင် နာကျင်မှု များစွာဖြင့် အဖန်ဖန် အထပ်ထပ် ချွန်မြနေရပေဦးမည်သာတည်း။ … ။
***
မေဓာဝီ
၂၁.၂.၂၀၀၉
၁၈း၄၀ နာရီ

Read More...

Sunday, February 15, 2009

သစ္စာမရှိသော သစ္စာ

ကျမ ဘလော့မှာ စာမရေးဖြစ်တာကြာပါပြီ။
စာမရေးဖြစ်ပေမဲ့ အချိန်ရရင် ရသလို ကိုယ်နှစ်သက်ရာ ဘလော့လေးတွေ သွားလည်ပြီး စာတွေ ဖတ်ဖြစ်တယ်။ မနေ့က နေ့လည် ညီမလေး ပန်ဒိုရာနဲ့ ဂျီတော့ခ်မှာ ထွေရာလေးပါးပြောဖြစ်ရင်း ဘလော့မှာ စာတွေ ပုံတွေခိုးတဲ့ကိစ္စ ပြောဖြစ်ကြတယ်။ ညကျတော့ ပန်ပန်တင်ထားတဲ့ ပို့စ်လေး ဖတ်ဖြစ်ရာက မအိပ်ခင် ပျင်းပျင်းရှိတာနဲ့ ကျမလည်း ကိုယ့်ကဗျာထဲက စာသားတွေ ရိုက်ထည့်ပြီး ဟိုဟိုဒီဒီ ရှာကြည့်တဲ့အခါ သွားတွေ့ပါလေရော … ။ အင်း … ဘလော့မရေးတာ ကြာပြီဆိုတော့ လူတကာာ အခိုးခံနေရတဲ့ အထဲ ကျမတော့ မပါလောက်ဘူးထင်နေတာ။ ခုတော့ … … …

၂၀၀၈ ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့အတွက် ကျမရေးခဲ့တဲ့ “သစ္စာ ဆုတောင်း” ဆိုတဲ့ ပို့စ်ကို အစအဆုံး ဒီဘလော့က ယူထားတာ။ “ကျမ” လို့ သုံးတဲ့နေရာမှာ “ကျွန်တော်” လို့တော့ သေချာလေး ပြောင်းရေးထားပါတယ်။။ နောက် … ကဗျာကို ကျမက ပါဒလေးတွေ စနစ်တကျ ခွဲရေးပေမဲ့ သူကတော့ ခွဲတဲ့နေရာခွဲ ပူးတဲ့နေရာပူး … ဖြစ်ကတတ်ဆန်း လုပ်ထားတော့ ဖတ်ရတာ တမျိုးကြီးပဲ အဆင်မပြေလှဘူး။ ကိုယ့်ကဗျာမှ ဟုတ်ပါလေစလို့ သေချာအောင် နှစ်ခေါက် သုံးခေါက် ပြန်ဖတ်ခဲ့ရသေးတယ်။ အဆုံးသတ်မှာ ကျမရေးနေကျ နေ့စွဲနဲ့ အချိန်နေရာမှာလည်း နေ့စွဲကို ဖြုတ် အချိန်ကိုပြောင်း၊ မြန်မာပြည်၏ နှစ် ၆၀-ပြည့် လွတ်လပ်ရေးနေ့သို့ ဆိုတဲ့နေရာမှာ ( …. နေ့သို့) တဲ့။ လုပ်ထားပုံ။

ဒါနဲ့ ကျမလည်း အဲဒီပို့စ်ထဲ ကွန်မန့်ရေး၊ စီဘောက်မှာလဲ လင့်ခ်တွေချခဲ့တယ်။ ကွန်မန့်ကတော့ မော်ဒရိတ်လုပ်ထားလို့ ချက်ချင်း မတက်ဘူး။ (ဘယ်တော့မှလဲ တက်တော့မှာ မဟုတ်ပါဘူး။) နောက် … ပန်ပန့်ပို့စ်ထဲလည်း လင့်ခ်တွေနဲ့တကွ ကွန်မန့်သွားရေး လိုက်တယ်။ ပြီးတဲ့အချိန်က နာရီပြန် နှစ်ချက်တီး၊ အားလုံးပိတ်ပြီး အိပ်လိုက်တယ်။

မနက်မိုးလင်းတော့ ကိုယ်ရေးတဲ့ ကွန်မန့်များ တက်နေသလား၊ ဘယ်လို တုန့်ပြန်ထားသလဲ သိချင်တာနဲ့ ၀င်ကြည့်တော့ အဲဒီပို့စ် ရှာမတွေ့တော့ဘူး။ ဖျက်ပစ်လိုက်ပြီ။ တော်တော်လေး အံ့သြသွားတယ်။ ကျမလည်း ဒီလိုလုပ်မယ်မထင်လို့ အထောက်အထား ဘာမှ သိမ်းမထားမိဘူး။ ဂူဂဲလ်မှာ ပြန်ရှာကြည့်တော့ ခုလိုတွေ့နေတုန်းပဲ။ ဒါပေမဲ့ အဲဒီစာမျက်နှာက မရှိတော့ဘူးလေ။

ဒါ မရိုးသားတာပဲ။
အင်းလေ … ရိုးသားမှတော့ စကတည်းက သူများဟာ ယူမလား။
ကျမလိုချင်တာ တခုခု ပြန်ဖြေရှင်းတာမျိုး။ ဒါပေမဲ့ အစဖျောက် ခံလိုက်ရတယ်။
ကျမဘလော့ကို စစ်တော့ ကွန်မန့်တခု ၀င်နေတယ်။ ကြည့်ပါဦး … ။

Co2zenith has left a new comment on your post "သစ္စာ ... ဆုတောင်း":
ကျွန်တော် ရောက်ပါတရ် ခင်ဗျာ...
Posted by Co2zenith to တွေးမိတွေးရာ ..ရေးမိရေးရာ at 2/15/2009 2:35 AM

တကယ်တော့ ခုမှ ရောက်တာမှ မဟုတ်ဘဲ။ ပထမအကြိမ်ထဲက ဒီစာယူဖို့ ရောက်ပြီးသားပဲ။ ခုမှ ရောက်ကြောင်းလာပြောရသလား။ စိတ်ထဲ ကလိကလိ ဖြစ်လာတယ်။ ဒါနဲ့ ပို့စ်တခုတော့ ရေးဦးမှလို့ ထိုင်ရေးနေတုန်း မေးလ်တစောင် ၀င်လာပြန်တယ်။ ကိုအောင်သာငယ် ဆီက မေးလ်ကို ပန်ပန်က ဖော်ဝေါ့လုပ်ပေးလိုက်တာပါ။

မြန်မာ့အရေး သတင်း များကို အချိန်မှီ တိုက်ရိုက်ပေးပို့ လို ပါက co2zenith.malay@blogger.com သို့ အီးမေးလ် ပေးပို့ ပြီး ကူညီးပေးနိုင်ပါသည်။သင်၏ အမည် နဲ့ အီးမေးလ် လိပ်စာများကို ဆန္ဒရှိလျှင် အောက်တွင် ဖော်ပြပေးနိုင်ပါသည်။

အမည်
ပေးပို့ သူ၏ အီးမေးလ် လိပ်စာ
Name
sender@gmail.com
ကျေးဇူးအထူးတင်ရှိပါတယ်။
Co2zenith

အခုလို ကျွန်နော့ကို အသိပေးတဲ့ အတွက် ကိုအောင်သာငယ် နှင့် မမေဓာဝီ တို့ ကို အထူးပဲကျေးဇူး တင်ရှိပါတရ်ခင်ဗျာ။ ပြီးတော့ ကဗျာရေးသား သူ မမေဓာဝီ ကိုလည်း အရမ်း ကို ကျွန်တော် လေစားရမိပါ သည်ဟု ပြောပါရစေ နော်။အထက်တွင် ဖေါ်ပြထားခဲ့သလို ကျွန်နော် ဘလောက်မှာ တင်လိုသော မြန်မာနိုင်ငံနှင့် ပက်သက်ပြီး မြန်မာလူမျိုးများအတွက် အကျိုးပြုစေမဲ့ စာပေဗဟုသုတ များအတွက်...DIRECT POST ADD ကို ဘလောက်ရေးရန် အခက်အခဲဖြစ်နေသော သူငယ်ချင်း မိဆွေ စာဖတ် ၀ါသနာ ရှင်များ အားလုံးအတွက် ရည်ရွယ်ပြီး ဖေါ်ပြထားမိ ပါတရ် ခင်ဗျာ။.အချို့ သောသူများမှာ အမည်များ ဖော်ပြကြချင်း မရှိကြပါ၊၊သို့ ဖြစ်ပါသောကြောင့် ကျွန်နော် ဘလောက်တွင် ထိုကဗျာလေးအား စာရေးသူ အမည်နေရာတွင် မမေဓာဝီ ဟုရေးသားဖေါ်ပြပြီ ဆက်လက် ဖေါ်ပြခွင့်ရှိပါသလား၊ဒါမမဟုတ် မမေဓာဝီ အနေဖြင့် ထိုကဗျာလေးအား ကျွန်တော့ ဘလောက် မှ ဖြုတ်ပေးစေလို ပါသလား ဆိုတာကို
co2zenith@gmail.comco2zenith@yahoo.comများသို့ ပြန်လည်ဖြေကြားပေးစေလို ပါတရ် ဟုလေးစားစွာ ပြောရင်းနဲ့ ကျွန်တော်ရဲ့ ပေါ့ဆမှု့ ကို နာလည် ခွင့် လွှတ်စေလို ပါတရ် ခင်ဗျာ၊၊
Co2zenith

ဘယ်လိုကြီးလဲ။ ကျမ နားမလည်တော့ဘူး။
မြန်မာလိုရေးတာပေမဲ့ ကျမ ဖတ်ပြီး တကယ်ကို နားမလည်တာပါ။
ဒါဟာ ပေါ့ဆမှုလား။ တမင်လုပ်ကြံမှုလား။ အဲဒါလဲ ကျမ မသိပါဘူး။

စာတပုဒ်ကို ရိုးသားစွာ ဖြန့်ဝေချင်ရင် မူရင်းစာကို အမြီးနုတ် ခေါင်းနုတ် ကိုယ့်သဘောနဲ့ကိုယ် လျှောက်ပြင်တာမျိုးတော့ မလုပ်သင့်ပါဘူး။ ပြီးတော့ မူလစာရေးသူကို အကြောင်းမကြားနိုင်တောင် နာမည်တော့ ထည့်သင့်တာပေါ့။

ဘာပဲဖြစ်ဖြစ် … သေချာတာကတော့ ဒီ သစ္စာဟာ သစ္စာမရှိတဲ့ သစ္စာလို့သာ ... ကျမစိတ်ထဲ တွေးနေမိပါတော့တယ်။
***
မေဓာဝီ
၁၅၊ ဖေဖော်ဝါရီ၊ ၂၀၀၉
၁၀း၀၈ နာရီ

Read More...