Saturday, February 21, 2009

သူနဲ့ ခဲတံ


စာရေးမယ် ကြံခါမှ … ခဲတံက တုံးနေပြီ။
… … … … … … …
… … … … … … …
… … … … … … …
***
တနင်္လာနေ့မှာ အပြီးတင်ရမယ့် ကျူတိုရီယာယ်အတွက် စာကြမ်းအရင်ရေးဖို့ စာကြည့်စားပွဲမှာထိုင် ခဲတံကို ကိုင်လိုက်တော့ ခဲသားက တုံးတိတိ ဖြစ်လို့နေသည်။ စာအကြမ်းရေးတိုင်း ဘောပန် ဖောင်တိန်တို့ကို အသုံးပြုရခြင်းထက် ရေးချင်တိုင်းရေး ဖျက်ချင်တိုင်း ဖျက်၍ရသော ခဲတံကိုသာ သူအမြဲ သုံးနေကျ။ ရေးလိုက် ဖျက်လိုက် စိတ်ကြိုက် ပြုပြင်ပြီးသည်၏ နောက်မှ ထိုစာကို ဘောပန်ဖြင့် ပြန်ကူး၍ အချောရေးကာ အဆုံးသတ်လေ့ရှိသည်။

ထိုသို့ ခဲတံအသုံးပြုတိုင်းလည်း ခဲဆံလေးများ အသင့်ထည့်သုံးနိုင်သော အဆင်ပြေလွယ်ကူလှသည့် ခဲဘောပန်မျိုးကို သူမကြိုက်ပြန်ပါ။ အစွဲအလမ်းကြီးသည်ဟု ဆိုမလား၊ သစ်သားဖြင့် ပြုလုပ်ထားသော ခဲတံအမျိုးအစားများကိုသာ အစဉ်တစိုက် နှစ်ခြိုက်စွာ သုံးမိ၏။ သူစွဲလမ်းသည်က ထိုခဲတံမှ ထွက်သည့် သစ်သားနှင့် ခဲသား ရောပြွမ်းသော ရနံ့ … ။ စာရေးရင်း စဉ်းစားတိုင်း ခဲတံကလေးကို လှည့်ပတ် ဆော့ကစားရင်း ထိုရနံ့လေးကို ရှူရှိုက်မိတတ်သည်။ ထိုရနံ့ကလေးကို ငယ်စဉ်ကတည်းက စွဲလမ်းခဲ့သည်မှာ ယခုထိပင် နှစ်သက် မိနေဆဲ။
***
အမေ့ရင်ခွင်ထဲမှာ ထိုင်ရင်း ၀လုံးလေးတွေ စတင် ရေးခဲ့စဉ်က စလို့ သူ့ဘ၀တွင် ခဲတံပေါင်းများစွာ အသုံးပြုခဲ့ဖူးပါသည်။ ရေးလို့ ကောင်းသော ခဲတံ၊ ရေးလို့ မကောင်းသော ခဲတံ၊ တန်ဖိုးကြီးသော ခဲတံ၊ အလကားရသော ခဲတံ၊ လိုချင်ပါလျက်နဲ့ လက်လွှတ်ခဲ့ရသော ခဲတံ၊ မကြိုက်သော်လည်း အောင့်အည်းကာ အသုံးပြုခဲ့ရသော ခဲတံ … စသည်ဖြင့် ခဲတံပေါင်းများစွာနှင့် သူကြုံတွေ့ခဲ့ရဖူးသည်။

ကျောင်းမှ ထုတ်ပေးသော ခဲတံတွေက များသောအားဖြင့် သိပ်ကောင်းလေ့မရှိ။ ချွန်လိုက်တိုင်း ကျိုးကျိုး သွားတတ်လို့ သူတို့က ချွန်ကျိုးခဲတံဟု ခေါ်ကြသည်။ ခဲသားကလည်း ခပ်ဆတ်ဆတ်၊ သစ်သားကလည်း ပွစိစိ၊ ရေး၍လည်း မကောင်း၊ ချွန်၍လည်း အဆင်မပြေ။ ရေးလိုက်လျှင် စာလုံးတွေက မှုန်တိမှုန်ဝါး၊ ခဲသားက ကြမ်းရှရ၊ှ လက်ရေးလည်း မလှ။ ချွန်လိုက်လျှင်လည်း သစ်သားစတွေက ဖွာရရာနှင့်မို့ ဘုရားတပြီး ဖြည်းဖြည်းချင်း ချွန်ရသည်။ ထိုခဲတံမျိုး ချွန်လို့ တခါနှင့် မကျိုးဘူးဆိုလျှင် ထိုနေ့က ကံကောင်းသော နေ့ပင်။ ထိုခဲတံမျိုးကိုတော့ ကြာရှည် အသုံးမပြုချင်။ မတတ်သာလွန်းမှသာ မရှိသုံး သုံးခဲ့ရလေသည်။

တချို့ခဲတံလေးတွေကျတော့ ခဲသားက ညက်ညက် အရောင်က နက်နက်မို့ ရေးလိုက်လျှင် စာရွက်ပေါ်မှာ စာလုံးတွေက ပြေပြေပြစ်ပြစ် ထင်ထင်ရှားရှား။ အသုံးပြုသည့် သစ်သား၏ အရည်အသွေး ကောင်းမွန်ခြင်းကြောင့် ချွန်လို့လည်း အဆင်ပြေသည်။ တော်ရုံတန်ရုံလည်း ကျိုးမသွား။ ထိုခဲတံမျိုးကိုတော့ တိုပြီး ကုန်ခါနီးသည့်တိုင် မပစ်ရက်။ လက်ဖြင့် ကိုင်၍ မရတော့သည့် အရွယ်မှာတောင် ဘောပန်အဖုံးလေး ဖြစ်ဖြစ် နောက်မြီးမှာ စွပ်ပြီး ရေးလို့ရသလောက် နောက်ဆုံး အချိန်ထိ ဆက်ရေး နေမိတတ်သေးသည်။

ခဲတံပေါင်းများစွာ အသုံးပြုခဲ့သော်ငြား ခဲတံ၏ ကွဲပြားသော တံဆိပ်တွေကိုတော့ဖြင့် သေချာ သတိမထားခဲ့မိပါ။ စိတ်ထဲ စွဲနေသည်က အညိုရောင် ခပ်ရင့်ရင့် ခွေးတံဆိပ်ခဲတံ တမျိုးတည်း။ ငယ်စဉ်တုန်းကတော့ ခွေးတံဆိပ် ခဲတံ တချောင်းဟာ သူ့အတွက် တန်ဖိုးကြီးလွန်းလှသည်။ သူ့ဘာသာ မ၀ယ်နိုင်။ ထိုစဉ်အချိန်က ခွေးတံဆိပ် ခဲတံကို ဆုအဖြစ် သတ်မှတ်ပြီး အဖေက ညီအမ သုံးယောက်ကို ပြိုင်ပွဲကလေး တခု လုပ်ပေးဖူးတာ အမှတ်ရမိသည်။ လယ်တီဆရာတော်၏ လင်္ကာတပုဒ် (ဘာလင်္ကာလည်းတော့ မမှတ်မိတော့ပါ) ကို အလွတ် ကျက်ခိုင်းက အထစ်အငေါ့မရှိ အရင်ပြန်နိုင်သူအား ခွေးတံဆိပ်ခဲတံ ၃-ချောင်း ဆုချမည်ဟု ဆိုခြင်းပင်။ ခဲတံကလေး လိုချင်၍ လင်္ကာကို အမြန် အလွတ်ကျက်ပြီး ပြန်ဆိုတော့ တနေရာ နှစ်နေရာ ထစ်နေသဖြင့် ဆုနှင့် လွဲခဲ့ရဖူးသည်။

ကိုးတန်းရောက်တော့ ဇီဝဗေဒဘာသာမှာ ပုံတွေဆွဲရတာမို့ HB 2, 3, 4 စသည့် graphite အရည်အသွေး အဆင့်ကို သတ်မှတ်ထားသည့် ပုံဆွဲ ခဲတံစိမ်းကလေးတွေ သုံးခဲ့ဖူးသည်။ ထိုခဲတံလေးတွေမှာ ခဲဖျက်မပါ။ ဒါပေမဲ့ ပုံဆွဲ၍ အတော်ကောင်းသော ခဲတံကလေးတွေပင် ဖြစ်၏။ ထိုဘာသာရပ်တွင် သင်ရသော ဖားအကြောင်း၊ ဖား၏ အစာချေစနစ်အကြောင်း တို့ကို ပုံရေးဆွဲလျှင် ထိုခဲတံဖြင့် တခြမ်းကိုသာ ခပ်နက်နက်ဆွဲပြီး စာရွက်ကို ခေါက်ကာ လက်ဖြင့် ခြစ်လိုက်လျှင် တဖက်ခြမ်းက ပေါ်လာပြီး အလိုက်သင့် ထပ်ရေးဆွဲရုံသာမို့ အချိန်ကုန် သက်သာလှသည်။

သို့ဖြင့် … စာလုံးလေးတွေနှင့် စတင်ရင်းနှီးချိန်မှ အစပြုလို့ အသက်အရွယ် ကြီးပြင်းလာသည်ထိ ခဲတံလေးတွေကို မစွန့်လွှတ်နိုင်ဘဲ အစဉ်တစိုက် သုံးစွဲခဲ့သည်မှာ ယခုချိန် တိုင်အောင်ပင်။

ခဲတံကို နှစ်သက်သော်လည်း ခဲသားတုံးနေသော ခဲတံကိုတော့ဖြင့် သိပ်မကြိုက်လှပေ။ ဘယ်လောက် ကောင်းသည့် ခဲတံဖြစ်စေ ခဲသားတုံးနေလျှင် ရေးရသည်မှာ ထုံတုံတုံ မှုန်တုံတုံနှင့် လက်ရေးလက်သား သပ်ရပ်လှပခြင်းမရှိ။ သို့ပေမယ့် ခဲသားချွန်လွန်းလျှင်လည်း ရေး၍ မကောင်းပြန်။ မချွန်လွန်း မတုံးလွန်း အနေအထား သည်သာ ရေး၍ အဆင်ပြေဆုံးဖြစ်သည်။ ငယ်စဉ်ကတော့ ခဲတံချွန်ပြီးလျှင် ပါးတဖက်ကို ဖောင်းလိုက်ပြီး ခဲတံထိပ်ကို ပါးမှာ အသာထိုးကြည့်ကာ စိတ်ကြိုက်အနေအထား ဖြစ်မဖြစ် စမ်းသပ်ခဲ့ကြဖူးသည်။ တအားချွန်နေလျှင် ခဲတံကို စားပွဲခုံပေါ်မှာ ထောက်၍ ဖြည်းဖြည်းချင်း လှည့်ပြီး အနည်းငယ် အချွန်လျော့ သွားအောင် လုပ်ရသေးသည်။ ဒါကြောင့်မို့ နောက်ပိုင်းတော့ ခဲတံချွန်တဲ့ အခါ ချွန်စက်ကို မသုံးတော့ဘဲ ကိုယ်ကြိုက်ရာ အနေအထားအတိုင်း ချွန်နိုင်သော ဓားကိုသာ အသုံးပြုဖြစ်သည်က များ၏။

အခုလည်း စာရေးမယ်ဆိုမှ ခဲသားတုံးနေသော ခဲတံကို ချွန်ရပေဦးမည်။

ခွက်ထဲတွင် စိုက်ထားသော ဓားကလေးကို ယူပြီး ခဲတံကိုယ်ထည် သစ်သားပေါ်ကို ချွန်မည့် ပမာဏ အတိုင်း ၀ိုက်၍ အရာဖော်လိုက်သည်။ ပြီးတော့ ခပ်စောင်းစောင်း အနေအထားအတိုင်း ခဲတံသားကို တဖြည်းဖြည်း လှီးချလိုက်၏။ ဓားက ထက်လွန်း၍ပဲလား မသိ … သစ်သားစတွေက အလွှာလိုက် အလွှာလိုက် ဓားသွားအောက်မှာ ရွှပ်ခနဲ ရွှပ်ခနဲ ကြွေကျ ကြရှာသည်။ သစ်သားပြီးတော့ ခဲသားအလှည့် … ။ ခဲသားချွန်အောင် ဓားဖြင့် တဂျစ်ဂျစ် ခြစ်လှီး ထုတ်တော့ ခဲမှုန်တွေက တဖွားဖွား ကျလာသည်။ တလွှာချင်း ကျလာသော သစ်သားစ အလွှာလေးတွေ … တဖွားဖွားကျလာသည့် ခဲမှုန်တွေကို ကြည့်ရင်း စိတ်ထဲမှာ နှမြောသလို စိတ်မကောင်းသလို ရောပြွမ်းသည့် ခံစားချက်များစွာ ၀င်ရောက်လာလေ၏။

ဒါဟာ နှမြောစရာလား … ။

ခဲတံတချောင်း ချွန်ဖို့အတွက် မလိုအပ်တဲ့ အပိုင်းတွေကို လှီးထုတ်သင့်ရင်လည်း လှီးထုတ်ရမှာပဲ။ ဒါမှ ထက်မြက်ပြီး အသုံးကျတဲ့ ခဲတံတချောင်း ဖြစ်မှာပေါ့ … ။
***
ဘ၀သည်လည်း ထိုနည်းနှင်နှင်ပေပဲလား … ဟု သူစဉ်းစားမိသည်။

ခဲတံဖြင့် စာမျက်နှာတွေပေါ်မှာ စာလုံးများစွာ ရေးခဲ့ကြသလို ကိုယ့်ပြုမူ ပြောဆို လုပ်ဆောင်ချက် များစွာဖြင့် ဘ၀ စာမျက်နှာပေါ်မှာ ကိုယ့်သမိုင်းတွေ ကိုယ် ရေးနေကြသည်ပင် မဟုတ်ပါလား။ မိမိရေးခဲ့သမျှ အတိတ် ဖြစ်ရပ်များသည် ခဲဖျက်ဖြင့် ဖျက်ပစ်လိုက်လျှင် ပျောက်ပျက်သွားသလို မေ့မေ့ပျောက်ပျောက် ဖြစ်သွားသည်လည်း ရှိမည်။ သို့တည်းမဟုတ် ထိုအတိတ် ဖြစ်ရပ်များက ကြာရှည် ထင်ကျန်နေပြီး ပစ္စုပ္ပန်ကို ရိုက်ခတ်ကာ အနာဂတ်ကို လွှမ်းမိုးကောင်းလည်း လွှမ်းမိုးပေလိမ့်မည်။

ထိုသို့ အစဉ်တစိုက် ရေးနေရင်း တခါတရံ ခဲသား တုံးသွားကောင်း တုံးသွားမည်။ ခဲဆံ ကျိုးသွားကောင်း ကျိုးသွားမည်။ တခါတရံ တုံးသွားသော ခဲတံ သို့မဟုတ် ကျိုးသွားသော ခဲဆံကြောင့် ဘာမှ ဆက်မရေးဘဲ ရပ်ထားကောင်း ရပ်ထားမိမည်။ တခါတရံတော့ ခပ်တုံးတုံး ခဲတံလေးကို ချွန်ဖို့ မေ့လျော့၍ ဖြစ်စေ ... ပျင်းရိ၍ ဖြစ်စေ ထိုခဲတံ အတုံးလေးဖြင့်သာ ရေးမိရေးရာတွေ ဆက်လက်ရေးသား နေမိပေဦးမည်။ တခါတရံလည်း တုံးသွားသော ခဲတံကလေး ချွန်ထက်စေဖို့ အချိန်တွေ … ငွေတွေ … မျက်ရည်တွေနှင့် ပြွမ်းတီး ရင်းနှီးကာ ပေးဆပ်ကောင်း ပေးဆပ်ရပေလိမ့်မည်။ ဒါသည်ပင်လျှင် ဘ၀ပဲ မဟုတ်လား … ။

မည်သို့ပင်ဖြစ်စေ … တချိန်ချိန်မှာတော့ ထိုခဲတံလေး အရေးရပ်သွားပေလိမ့်မည်။ ထိုသို့ ရပ်သွားသည့် တနေ့ သူ၏ ဘ၀စာမျက်နှာပေါ်မှာ ညီညာပြေပြစ်သော စာလုံးများစွာ ထင်ကျန်ရစ်စေဖို့ ခဲတံကလေး တုံးမသွားရ လေအောင် နာကျင်မှု များစွာဖြင့် အဖန်ဖန် အထပ်ထပ် ချွန်မြနေရပေဦးမည်သာတည်း။ … ။
***
မေဓာဝီ
၂၁.၂.၂၀၀၉
၁၈း၄၀ နာရီ

21 comments:

ပြည့်စုံ said...

မမ စာတွေပြန်ရေးတဲ့အတွက် ၀မ်းသာတယ်ဗျာ....

သူနဲ့ ခဲတံ.....

တစ်ခုခုကို လွမ်းဆွတ်သတိရသလိုလို အမှတ်တမဲ့တွေကို အမှတ်ရစေသလိုလိုဖြစ်လာတယ်...

အင်းလေ...
ဘ၀ဆိုတာလည်း ဒီအတိုင်းရပ်မနေဘူးဆိုတာနော်....

မမရေ....
မြစ်တစ်စင်းလို ဆက်လက်စီးဆင်းနေရအုံးမှာပေါ့....

ပူပင်သောက တွေပြေပျောက်ပြီး လိုအင်ဆန္ဒတွေအားလုံးပြည့်စုံပါစေဗျာ...

pandora said...

ပန်ဒိုရာလည်း ရိုးရိုးခဲတံနဲ့ ရေးရတာကို ကြိုက်တယ်။ ဒါပေမယ့် ချွန်ဖို့ကို ပျင်းတတ်တယ်။ အင်း ချွန်ဖို့လိုလာတဲ့ အခါကျတော့လည်း တိုသွားမှာတို့ ဘေးကအသားတွေ လှီးထုတ်ရမှာတို့ကို နှမြောနေလို့ မရတာလည်း အမှန်ပဲ မမေရေ။
ငယ်ငယ်တုန်းကတော့ ခဲတံတိုတိုလေးဖြစ်သွားပြီး လက်နဲ့တောင် ကိုင်လို့မရတော့ရင် ဘောပင်အဖုံးလေး စွပ်ပြီး ရေးခဲ့တာကို သတိရတယ်။

အောင်သာငယ် said...

အက်ဆေးကောင်းလေးပါ မမေ...

Ko Paw said...

ကောင်းလိုက်တဲ့ အက်ဆေးပါလားဗျာ။

“တခါတရံတော့ ခပ်တုံးတုံး ခဲတံလေးကို ချွန်ဖို့ မေ့လျော့၍ ဖြစ်စေ ... ပျင်းရိ၍ ဖြစ်စေ ထိုခဲတံ အတုံးလေးဖြင့်သာ ရေးမိရေးရာတွေ ဆက်လက်ရေးသား နေမိပေဦးမည်။ ”

ဒီ စာသားလေးက ကျနော့်ကို ထိသဗျ။ ချွန်ဖို့ ပျင်းရိနေလို့ ခဲတံအတုံးလေးနဲ့ပဲ နှိပ်နေတာ ကြာပြီ။ အခု တုံးလွန်းတော့ ရေးသမျှ သိပ်တောင် မထင်ကျန်ရစ်တော့ဘူး။း-)

မေ့သမီး said...

ခဲတံလေးတွေနဲ့ လူ့ဘ၀ကိုပုံဖော်ရေးသွားတာ ကောင်းလိုက်တာ။

hana san said...

ကောင်းလိုက်တာ မမေ။

Mhu Darye said...

ခံတဲလေးတွေ ပေးတဲ့ သင်ခန်းစာ ပေါ့နော်..။
တစ်ခါမှ အဲလို မတွေးမိဖူးဘူး။
လာဖတ်သွားပါတယ်... မမေဓာဝီ။

Kay said...

မမေဓါဝီရေ-
စာတွေပြန်ဖတ်ရလို့..၀မ်းသာတယ်..
ခဲတံ ကို အမြဲ မဟုတ်တောင်..တပတ်တခါတော့..ချွန်ပါ..
း)

Maydarwii said...

လာရောက်ဖတ်ရှု ကွန်မန့်ရေးပေးသူများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။ အခြေအနေပေးရင် စာတွေရေးပါအုံးမယ်။

Anonymous said...

ခဲတံ ချွန်တဲ့ ဆားဗစ် ပေးတဲ့ သူတွေကို ဆက်သွယ်ကြည့်ပါလား.. ;)

ကဒေါင်းညင်သာ said...

မမေ

ကျနော် မမေမရေးတော့ဘူးလို့ ထင်ထားလို့ မလာမိတာပါ။ ခုမှ မပန်ဆီမှာ ကွန်မန့်တွေ့လို့ ၀င်လာတော့ ကျနော် အရမ်းပျော်သွားတယ်။

တတ်နိုင်သမျှ ဘလော့ဂင်းလုပ်နေတဲ့အတွက် ကျေးဇူးပါ။ ဘလော့ဂင်းဟာ ကျနော်တို့ နိုင်ငံအတွက် ခေတ်ပြောင်းလာလောက်အောင် အကျိုးရှိမယ်လို့ ကျနော် မျှော်လင့်ထားပါတယ်။ ကျနော်တို့ ဆက်ရေးကြရအောင်လားဗျာ။

ဝင်းပေါ်မောင် said...

လာဖတ်သွားပါတယ်။ ခဲတံကလေးများ အမြဲ ချွန်နေပါစေ...

ရေတမာ said...

အမ မေဓါဝီ
အမရဲ့စာဖတ်ပရိသတ်တယောက်ပါ။ စာတွေပြန်တွေ့ရလို့အရမ်းဝမ်းသာပါတယ်။
ကျနော့်ဘ၀ခဲတံလေးလည်း မပျင်းမရိချွှန်လိုက်ပါဦးမယ်။
အမ မေဓါဝီ ကျန်းမာပါစေ။

Co2zenith said...

မမေ
ကျွန်တော် ရောက်တရ်။
မမေရဲ့ စာဖတိ ပရိသတ်လေးတွေ ရဲ့ သူတို့ အရင်ကလာနေကြ လမ်းဟောင်းလေး ခုလို ပြန်စည်ကားလာတာ သိတော့ ကျွန်တော် အရမ်းဝမ်း သာပါတရ်၊၊

တန်ခူး said...

မေရေ… ခုတလော နေမကောင်းလို့  ဘလော့ဂ် အလည်ကျဲနေတာ မေပြန်ရေးနေတာ မသိလိုက်ဘူး… ခဏခဏလာချောင်းတယ်… ခု ပန့် ဆီမှာ တွေ့ လိုက်ရလို့  အပြေးလာတာ ပို့ စ်အသစ်လေးတွေ့ လိုက်တော့ ပျော်သွားတယ်…
တွေးစရာ မှတ်သားစရာလေးတွေပါတဲ့ ပို့ စ်လေးတွေ လွမ်းနေတာ… ခဲတံနဲ့ တူတဲ့ ဘ၀ အကြောင်း ဖတ်လိုက်ရတာ အလွမ်းတွေသက်သာသွားတယ်… မချွန်လွန်း မတုံးလွန်းတဲ့ အလည်အလတ်မှပဲ ဘ၀က ငြိမ်းချမ်းမယ်ထင်ပါရဲ့နော်… မေ့ခဲတံလေး အမြဲရေးလို့ ကောင်းပါစေ….

Thet Oo said...

မေဓာဝီ စာပြန်ရေးလို့ ပရိသတ်တွေက ၀မ်းသာနေကြတယ်။ အရှိန်ကောင်းကောင်းနဲ့ ဆက်ရေးမှာလား၊ နားလိုက် ရေးလိုက် လုပ်မှာလား ဆိုတာတော့ စောင့်ကြည့်ရအုံးမှာပေါ့။

မိုးတိမ် said...

အမမေဒါဝီ
အလည်ရောက်လာပါတယ်ခင်ဗျာ...
အမကို အားကျလို့ ကျွန်တော်ပုံစံတူပိုစ့်တခု ရေးထားသေးတယ် အဟီး...
"http://www.moeoowailwin.co.cc/2009/03/blog-post_06.html">
ကျွန်တော်နှင့်ခဲဖျက်တဲ့...

အမမေ စာရေးရအဆင်ပြေပါစေလို့ပဲ ဆုတောင်းပေးပါတယ်

ခင်တဲ့

yangonthar said...

ကျွန်တော့်အဖေက ငယ်ငယ်က ပြောဖူးတယ် အတွေး မပါတဲ့ စာတွေမဖတ်ချင်တော့ဘူးတဲ့ အဲဒီတုန်းက ကျွန်တော် သာမန်လောက်ပဲ အောက်မေ့တာ သိပ်လဲ အလေးအနက် မစဉ်း စားခဲ့မိဘူး အစ်မမေရ .... ဒီလိုပဲပေါ့လေ ကျွန် တော်လည်း အသက်ကလေးနှစ်ဆယ်ဖြတ်လို့  သုံးဆယ်နား ကပ်လာတော့ အဖေ့စကားက ပိုပိုထင်ရှားလာတယ် .... အတွေးပါတဲ့ စာတွေ ကိုပိုဖတ်ချင်လာတယ် ... ဘာရမလဲလို့  ရှာ တတ်လာတယ် .... ဒါပေမယ့် အချစ်အမုန်း ကနေတော့ မထွက်ချင်သေးပါဘူး အစ်မရယ် ... ဒီတော့ ရောရောပြွန်းပြန်းလေးတွေပေါ့ ချစ်တာ မုန်း တာ အတွေးပါတာလေးတွေ ဖတ်လာရတယ် ခုကျွန်တော်စာရေးဖြစ်တော့ သိလာတာ တစ်ခု ရှိတယ်အစ်မရ ... ကိုယ်ရေးတဲ့ စာမှာ အတွေးထည့်ပေးဖို့ က မလွယ်လှဘူး ... ဒါ့ ကြောင့်ထင်ပါတယ် .... အတွေးပါတဲ့ စာတွေ ရှားပါးပြီးတန်ဖိုး ရှိလာတာ.... ဒီခဲတံဆိုတဲ့ အက်ဆေးလေး ဖတ်ကြည့်တော့ အဲဒါ ကို သွားတွေ့ ရတယ် အဖေပြောတဲ့ အတွေးကို ခဲတံ အက်ဆေးမှာ ကျွန်တော်တွေ့ သွား တယ် ဘဝစာမျက်နှာမှာ ကိုယ်ဘာတွေ လုပ်ခဲ့လုပ်ခဲ့ ထင်ရှားပြတ်သားဖို့ လိုသလို မလိုအပ်တဲ့ အစိတ်အပိုင်းတွေကိုလည်း ခဲတံ ချွန်သလို ဖဲ့ထုတ်ပစ်ရမှာပေါ့လေ အသားလည်း ပါတဲ့အခါပါ မြတ်နိုးတဲ့အရာတွေကိုလည်း စွန့် လွှတ်တဲ့ အခါ စွန့် လွှတ် .... သိပ်ကောင်းတဲ့ စာ တစ်ပုဒ်ပါ အစ်မရယ် .... ကျွန်တော့်စာတွေထဲ အတွေးတွေထည့်ဖို့  အစ်မဆီမှာ စာဖတ်ရင်း သင်ယူရပါဦးမယ်
ကျေးဇူးအစ်မမေ
အဆင်ပြေပါစေဗျာ
ရန်ကုန်သား :)))

Nyi Linn Thit said...

ရေးထားခဲ့တာ ၂ နှစ်ပြည့်ဖို့ ရက်ပိုင်းပဲ လိုတော့တဲ့ အချိန်ကျမှ ဒီအက်ဆေးလေးကို လာဖတ်မိတော့တယ်၊ ဒါတောင် စာရေးဆရာကိုယ်တိုင် လာပြောထားလို့း)

ကျောင်းကပေးတဲ့ ခဲတံတွေအကြောင်းလည်း ပြန်သတိရ သွားတယ်၊ သစ်သားပွပွ၊ ခဲဆံချောင်ချောင် နဲ့..၊ မမေဓာဝီလည်း ခွေးတံဆိပ် ကြိုက်သူပဲကိုး၊ ဟုတ်တယ်နော်..၊ ကျနော်တို့ မြင်ထောင့်ချင်း တူကြတယ်၊ ဒါပေမယ့် မမေရဲ့ ပို့စ်က သရုပ်ဖော်ပုံ လှလှလေးနဲ့မို့ ပိုပြီး ချစ်စရာကောင်းတယ်..။း)

Thurain Phyo said...

မင်္ဂလာပါ
စာ​လေးကအရမ်း​ကောင်​ပါတယ်

Thurain Phyo said...

ကူးယူခွင့်​ပြုပါ